မြင့်ဆွေ
လက်တွေ့တူးဖေါ်မှု
သုဝဏ္ဏဘူမိတည်ရာဌာနနှင့်ပတ်သက်၍ သမိုင်းသုတေသီများ အယူအဆအမျိုးမျိုးကွဲပြားနေ
ကြောင်းကို ဤမဂ္ဂဇင်း၌ ကျွန်ုပ်တို့ ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။
ယင်းသို့အယူအဆအမျိုးမျိုး ကွဲပြားနေသော်လည်း မွန်လူမျိုးများနှင့်မြန်မာလူမျိုးများအား
လုံးလောက်နီးနီးကမူ ကလျာဏီကျောက်စာ၏အဆိုအမိန့်အတိုင်း ကျိုက်ထိုမြို့နယ် စစ်တောင်းမြစ်ဝ
အရက်သည်မရွာ၊ ကင်းရွာ၊ ဝင်းကရွာတစ်ဝိုက်ကို သုဝဏ္ဏဘူမိတိုင်း၏မြို့တော်ဟောင်းအဖြစ်ဖြင့်
စွဲမြဲယုံကြည်လျက် ရှိကြသည်။
ကလျာဏီကျောက်စာက ယင်းဒေသမှာ သုဝဏ္ဏဘူမိတိုင်း၏မြို့တော်ဟောင်းဖြစ်သည်ဟူ၍
လည်းကောင်း၊ ယင်းမြို့၏မြို့တစ်ဝက်မှာ ကေလာသတောင်ပေါ်၌ရှိ၍ အခြားမြို့တစ်ဝက်မှာ
မြေညီ၌ ရှိသည်ဟူ၍လည်းကောင်း၊ ယင်းမြို့၌ တင်လဲချက်သော ဂေါဠလူမျိုးတို့၏အိမ်ကဲ့သို့
မြေကျည်အိမ်များသောကြောင့် ဂေါဠမတ္တိကမြို့ခေါ်သည်ဟူ၍လည်းကောင်း၊ နောက်လာသောမွန်တို့
က ယင်းမြို့ကို တိုက်ကုလားမြို့ခေါ်ကြသည်ဟူ၍လည်းကောင်း... ရေးထိုးထားသည်။
မြန်မာနိုင်ငံရှေးဟောင်းသုတေသနဦးစီးဌာနက သုဝဏ္ဏဘူမိတိုင်း၏မြို့တော်ဟောင်းကို
ရှာဖွေရန်အတွက် အရက်သည်မရွာမှ ဝင်းကရွာအတွင်း ၁၉၇၅-ခုနှစ်မှ ၁၉၇၇-ခုနှစ်အထိသုံးနှစ်
ဆက်ကာ တူးဖော်လျက်ရှိသည်။
၁၉၇၅ ခုနှစ်
၁၉၇၅-ခုနှစ်တွင် တူးဖော်စဉ်က ဂဝံကျောက်အုတ်များဖြင့် ထိပ်စီးပြုလုပ်ထားသော
၂၇ ပေအမြင့်ရှိသည့်မြေမြို့ရိုးကြီးတစ်ခုကို အရက်သည်မရွာ၌ တူးဖော်တွေ့ရှိခဲ့ရသည်။
ဤ၌ မွန်လူမျိုးများသည် ရှေးအခါမှစ၍ ယခုအချိန်အထိ ဂဝံကျောက်အုတ်များကို အ
သုံးပြုသည့်အစဉ်အလာ ရှိနေကြောင်းကိုလည်း သတိပြုဖို့လိုပေသည်။
၁၉၇၆ ခုနှစ်
၁၉၇၆-ခုနှစ်၌လည်း ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ တစ်လတိတိ
ဝင်းကရွာတွင် တူးဖော်ခဲ့ပြန်သည်။
ယင်းသို့တူးဖော်ရာတွင် ပတ်လည် ၆၉ ပေ၊ အမြင့် ပျမ်းမျှ ၆ ပေကျော်ရှိသောအုတ်တိုက်
ကြီးတစ်ခု ပေါ်၍လာသည်။ ယင်းအဆောက်အဦးကြီးတွင် အလယ်ခန်းမကြီးတစ်ခုကို ရှေ့နောက်
ဝဲယာများမှ အခန်း ၁၃ ခန်း ဝန်းရံထားသည်ဟုဆိုသည်။ အဆိုပါအခန်း ၁၃ ခန်းနှင့်အလယ်ခန်းမ
ကြီးကို တံခါးပေါက်များဖြင့် ဆက်သွယ်ထား၍ ရှေ့ဖက်တွင် အုတ်လှေခါးခုံကြီးတစ်ခုမှာ
မြေပြင်မှ ယင်းအဆောက်အဦး၏အတွင်းပိုင်းသို့ တက်လှမ်းနိုင်အောင် စီမံထားသည်ကိုလည်းတွေ့ရှိ
ရသည်ဟုဆိုသည်။
ဗိသုကာပုံစံအနေအထားအရဆိုလျှင် ယင်းအဆောက်အဦးနှင့်အုတ်အရွယ်အစားတို့မှာ အ
ကြမ်းအားဖြင့် ပုဂံမြို့ဟောင်းရှိ ပုဂံခေတ်လယ်မှ စိုးမင်းကြီးအုတ်ကျောင်းနှင့်အနည်းငယ်ဆင်တူသည်
ဟုဆိုသည်။ ဣန္ဒိယနိုင်ငံ မိဂဒါဝုန်ရှိ ဂုတ္တခေတ်လက်ရာ ရှေးဟောင်းဝိဟာရများနှင့်ဆင်တူသည်ဟု
လည်း အကဲခတ်ကြသည်။
ထို့ပြင် ယင်းရှေးဟောင်းအုတ်အဆောက်အဦးကြီးတွင် ရေဖျဉ်းအိုးလည်တံများ၊ ကရားနှုတ်
သီးများ၊ တစ်ဆစ်ချိုးအိုးအကွဲများကို တွေ့ရှိနေရပြန်သည်။ ယင်းပစ္စည်းများမှာ ဗိဿနိုးမြို့ဟောင်း
တူးဖော်စဉ်က တွေ့ရှိရသော ပစ္စည်းမျိုးများဖြစ်နေသဖြင့် ထိုရှေးဟောင်းအဆောက်အဦးကြီးမှာ
ပုဂံခေတ်ထက် နောက်မကျဘဲ ပျူယဉ်ကျေးမှုများနှင့်အဆက်အသွယ် ရှိရမည်ဟုလည်း ယူဆစရာ
ဖြစ်နေကြသည်။ ယခင်က ကျိုက်ထိုမြို့နယ် ကျိုက္ကသာရွာတွင် ပျူဒင်္ဂါးဟုခေါ်သော အမှတ်တံဆိပ်
ပါရှိသည့်ငွေပြားဝိုင်း အမြောက်အမြား တွေ့ရှိခဲ့ရဖူးသေးခြင်းကိုလည်း ဤ၌ထည့်သွင်းစဉ်းစားဖို့လို
ပေသည်။
၁၉၇၇ ခုနှစ်
၁၉၇၇-ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှစ၍ ဝင်းကရွာ၌ တူးဖော်ကြပြန်ရာ အလျား
၁၈ လက်မ၊ အနံ ၁၀ လက်မရှိ မီးဖုတ်အုတ်များဖြင့် အခန်း ၁၄ ခန်းဖွဲ့ကာ တည်ဆောက်ထား
သော အဆောက်အဦး အုတ်ရိုးပုံစံများကို တွေ့ရှိရပြန်သည်။ ယင်းအဆောက်အဦးများမှာ ဣန္ဒိယ
နိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် တွေ့ရှိရသော ရှေးဟောင်း(ဝိဟာရ)ကျောင်းတော်ရာပုံစံ
များနှင့်တူညီနေသည်ကို အကဲဖြတ်ကြသည်။
ထို့ပြင် အနုပညာကျောက်ဆစ်ရုပ်ထုများ၊ ရှေးဟောင်းပစ္စည်းများ စသည်တို့ကို တွေ့ရှိရ
သဖြင့် ယခုအခါ ရှေးဟောင်းသုတေသနဦးစီးဌာနက ဆက်လက်တူးဖော်လျက် ရှိသည်။
စင်စစ် ပင်လယ်ဒီလှိုင်းများသည် တစ်ခါက ကေလာသတောင်ခြေအထိ ရောက်ရှိခဲ့ဖူးသည်။
ထိုအခါက သုဝဏ္ဏဘူမိ၏မြို့တော်ဟောင်း တိုက်ကုလားသည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ခဲ့သည်။
ယခု ကေလာသတောင်ခြေ၏တောင်ဖက်၊ မြောက်ဖက်နှင့်အနောက်ဖက်တို့တွင် တွေ့မြင်နေ
ရသောလယ်ကွင်းပြင်များအပြင် မြစ်ကြောင်းနေရာဟောင်းများကိုလည်း တွေ့ရှိနေရသေးသည်။
၁၉၃၁-ခုနှစ်က ထုတ်ဝေသော သထုံဂေဇက်တီးယားတွင်လည်း အရက်သည်မရွာနှင့်သထုံ
မြို့နေရာတို့မှ မင်းတုပ်သံချောင်းများ၊ သင်္ဘောကျောက်ဆူးကြိုးများ၊ နိုင်ငံခြားသင်္ဘောမှပစ္စည်းများ
ဟုယူဆရသော ပစ္စည်းအတိုအစများကို တူးဖော်ရရှိခဲ့ဖူးကြောင်း ဖော်ပြထားသည်။
ယင်းသို့ အရက်သည်မရွာ၊ ဝင်းကရွာတစ်ဝိုက်၌ ယခုတူးဖော်တွေ့ရှိရသည်အထိဆိုလျှင်
ကလျာဏီကျောက်စာ၏အဆိုအမိန့်များ မှန်နေပြီဖြစ်ကြောင်း မငြင်းနိုင်ပေ။
သို့ဖြစ်ရာ ဤတူးဖော်တွေ့ရှိပြီး ရှေးဟောင်းပစ္စည်းများအပြင် ဆက်လက်တူးဖော်ရရှိလာမည့်
ရှေးဟောင်းပစ္စည်းများက သမိုင်းခေတ်များကို ပိုင်းခြားသတ်မှတ်ကာ ဆက်လက်ပြောပြနိုင်လိမ့်မည်
ဖြစ်သည်။
ကျိုက်တလင်ဘုရားနှင့်ကျိုက်တဲ့ဘုရားကျောက်စာများ
အကယ်၍ ကလျာဏီကျောက်စာ၏အဆိုအမိန့်အတိုင်း သုဝဏ္ဏဘူမိ၏တည်ရာဌာန မှန်ကန်
နေပါက ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်စဉ် သီရိဓမ္မာသောကမင်းလက်ထက် ဘီစီ ၃
ရာစုမှ နောက်ဆုံး ၁၁ ရာစုအတွင်း သုဝဏ္ဏဘူမိ၏မြို့တော်သည် အကြိမ်ကြိမ်ရွှေ့ပြောင်းလာခဲ့ပြီ
ဖြစ်ရာ ယခုအချိန်အထိ ဘယ်နှစ်ကြိမ် ဘယ်နှစ်ဌာန ရွှေ့ပြောင်းခဲ့ပြီဖြစ်ကြောင်း သမိုင်းဟောင်းကို
လှန်လှောကြည့်ရှုရန် လိုလာပေသည်။
ယင်းသို့ လှန်လှောကြည့်ရှုရန်အတွက် ယင်းဒေသတစ်ဝိုက်ရှိ ကျောက်စာများကို ဖတ်ရှုရပေ
မည်။
အရက်သည်မရွာနှင့်မြသိန်းတန်စေတီခေါ်ကျိုက်တလင်ဘုရားရှိ မွန်ကျောက်စာတွင် ပုဂံခေတ်
ကျန်စစ်သားမင်းကြီးက ဘုရားကို ထပ်မံပြုပြင်ကြောင်း ရေးထိုးထားသည်။
ခရစ်နှစ် ၁၈၈၀ ကျော်လောက်က ဗြိတိသျှအစိုးရသည် ယင်းကျောက်စာကို တူးဖော်ကာ
ရန်ကုန်မြို့သို့ သယ်ယူခဲ့သည်။ ထိုအချိန်က ရေလမ်းခရီးမှာ အရက်သည်မရွာအထိ ပေါက်လျက်ရှိ
သည်။ ရွာသူရွာသားများသည် ယင်းကျောက်စာကို လှေဆိပ်အထိ လိုက်ပို့လိုက်ရသည်ဟုဆိုသည်။
ထို့နောက် ဗြိတိသျှတို့သည် ယင်းကျောက်စာကို ဖယ်ယာပြတိုက်၌ ထားခဲ့သည်။ ဤကျောက်စာကို
ယခုအခါ ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်တွင် ပြောင်းရွှေ့စိုက်ထူထားပြီဖြစ်သည်။
ယင်းကျောက်စာမှာ ၁၁ ရာစုက ရေးထိုးခဲ့သော ရှေးဟောင်းမွန်ကျောက်စာဖြစ်၍ ဓမ္မစေတီ
မင်းကြီးလက်ထက် ထပ်မံပြုပြင်ကြောင်း ရေးထိုးထားသောခေတ်လယ်မွန်ကျောက်စာတစ်ချပ်လည်း
မြသိန်းတန်စေတီရင်ပြင်ပေါ်၌ ရှိသေးသည်။
အလားတူပင် တောင်စွန်းဘူတာ မြောက်ဖက်သုံးမိုင်ကွာ၊ အလူးရွာအနောက်ဖက် နှစ်မိုင်
ကွာ သဲဖြူချောင်းနံဘေး တောင်ကုန်းပေါ်ရှိ ကျိုက်တဲ့ဘုရားတွင်လည်း ကျန်စစ်မင်းကြီးက
ထပ်မံပြုပြင်ကြောင်း မွန်ကျောက်စာ ရှိသည်။
ဤကျောက်စာများအရ ယင်းဘုရားများမှာ ကျန်စစ်မင်းကြီးလက်ထက် မတိုင်မီကပင်
တည်ထားခဲ့ကြောင်း ထင်ရှားသော်လည်း မူလဘုရားဒါယကာမှာ မည်သူမည်ဝါဖြစ်၍ မည်သည့်
ခေတ်၌ တည်ခဲ့ကြောင်းကိုကား မသိရသေးပေ။ သို့သော် ဤကျောက်စာများမှ သမိုင်းခြေရာခြေ
ကြောင်း ဆက်လက်ခံကြည့်ရမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤကျောက်စာများအရ ကေလာသတောင်ခြေတစ်ဝိုက်မှာ ပုဂံခေတ်မတိုင်မီ
က မြို့ပြပြည်ရွာအနေဖြင့် စည်ကားခဲ့ကြောင်းကိုကား မငြင်းနိုင်ပေ။
သထုံမှ ကျောက်စာများ
သထုံမြို့ ရွှေစာရံဘုရား၌ မွန်ကျောက်စာခုနစ်ခုရှိသည်။ ယင်းကျောက်စာများ၏အခြေအနေ
နှင့်ပတ်သက်၍ ၁၉၃၃-၃၄ ခုနှစ် မြန်မာနိုင်ငံကမ္ပည်းကျောက်စာဝန်၏အစီရင်ခံစာတွင်...
၁၉၃၃-၃၄ ခုနှစ်အတွင်း ကျွန်ုပ်သည် ထိုကျောက်စာများကို စောင့်ရှောက်ဖို့နည်းလမ်း
ရှာကြံရန်လည်းကောင်း၊ ပိုမိုထင်ရှားသော မင်ကူးများ ရယူရန်အတွက်လည်းကောင်း သထုံသို့သွား
ရောက်ခဲ့ပါသည်။ ကျွန်ုပ်သည် ရွှေစာရံစေတီတော် ပရဝုဏ်အတွင်းတွင် ကမ္ပည်းကျောက်စာကျောက်
တုံးကျောက်ချပ်ပေါင်း ခုနစ်ခုကို တွေ့ခဲ့ရ၏။ ゞင်းတို့အနက် ရှေးအကျဆုံးကမ္ပည်းကို ကြည့်ခြင်းအား
ဖြင့် ခရစ်သက္ကရာဇ် ရာစုခေတ် ၁၁ နှင့် ၁၂ လောက်လည်းကောင်း၊ နောက်အကျဆုံးမှာ ၁၅
ရာစုခေတ်ကာလဖြစ်၍ ゞင်းတို့မှာ အက္ခရာစာသားများစွာ ပျက်ပြားနေသဖြင့် ရှေးအကျဆုံးသော
ကမ္ပည်းစာများ၏အကြောင်းအရာ ဆက်စပ်၍ကား မသိနိုင်ပေပါ။
စသည်ဖြင့် ရေးသားဖေါ်ပြထားသည်။
ယင်းသို့ အက္ခရာစာသားများ ပျက်ပြားနေသော်လည်း ရနိုင်သလောက် ဆက်စပ်ဖတ်ယူကာ
ပဌမç ဒုတိယç တတိယç စတုတ္ထç ပဉ္စမကျောက်စာများမှာ ၁၁ ရာစုနှင့် ၁၂ ရာစုလောက်ဖြစ်၍ ဆဋ္ဌမကျောက်စာမှာ ၁၅ ရာစုက ဓမ္မစေတီမင်းကြီး ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ကျောက်စာဝန်အစီရင် ခံစာတွင် ဆက်လက်ဖော်ပြထားသည်။
အဆိုပါ ၁၁ ရာစုက ကျောက်စာများတွင် သုဝဏ္ဏဘူမိမင်းဆက်၏နောက်ဆုံးဘုရင်မနုဟာ မင်း၏ကျောက်စာများ ပါဝင်လျက်ရှိသည်။
ယင်းသို့ မနုဟာမင်း ရေးထိုးခဲ့သော ကျောက်စာများအပြင် မနုဟာမင်း၏နန်းတော်ရာ မနုဟာမင်း၏မြို့ရိုးနှစ်ထပ်နှင့်ကျုံးနှစ်ထပ်များကိုလည်း ယခုလက်ရှိ သထုံမြို့၌ တွေ့ရှိနိုင်ပေသည်။ သို့ဖြစ်ရာ ကေလာသတောင် တိုက်ကုလားမြို့တော်ဟောင်းမှ အဆင့်ဆင့်အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့သော သုဝဏ္ဏဘူမိ၏မြို့တော်များအနက် ယခုလက်ရှိ သထုံမြို့ကို မနုဟာမင်းစိုးစံသွား သည့်နောက်ဆုံး သုဝဏ္ဏဘူမိ၏ မြို့တော်ဟောင်းအဖြစ် သမိုင်းသုတေသီများက ယူဆခဲ့ကြခြင်းဖြစ်သည်။
မင့်ဆွေ
မှတ်ချက်။ ။မိုးဝေစာပေမဂ္ဂဇင်း၊ ၁၉၇၈-ခုနှစ်၊ ဇူလိုင်လထုတ်၊ အမှတ် (၁၂၆)၊ စာမျက်နှာ
(၇၃ မှ ၇၅)အထိ လာရှိသော ဆောင်းပါးကို ပြန်လည်၍ စာစီရိုက်ထားပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်