ဘကြီးတော်ဘုရား၏ မဟာဗောဓိ ကျောက်စာ

ဘကြီးတော်ဘုရား၏ မဟာဗောဓိ ကျောက်စာ

(၁)


ဗုဒ္ဓဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိပင်၌ ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူခဲ့သော မြန်မာဘုရင် များတွင် ဘကြီးတော်ဘုရားသည်လည်း တစ်ပါးအပါအဝင် ဖြစ်သည်။
ဘကြီးတော်ဘုရားသည် ၁၁၈၁ ခုနှစ်၌ မင်းအဖြစ်သို့ ရောက်ရှိသော်လည်း ထိုအခါကျမှ မဟာဗောဓိ ကျောက်စာကို ရေးထိုးရန် ရုတ်တရက် အကြံဖြစ်ပေါ်လာခြင်း မဟုတ်။ မင်းအဖြစ်သို့ မရောက်မီ အိမ်ရှေ့ဥပရာ ဇာဘဝကပင် မဟာဗောဓိပင်အား လှူဒါန်းပူဇော်၍ ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူရန် ရည်သန်စိတ်ကူးရှိခဲ့ ဖူးသည်။ ထိုအချိန်ကား ဘိုးတော်ဘုရား၏လက်ထက်အချိန်အခါ ဖြစ်သည်။
သက္ကရာဇ် ၁၁၇၂ ခုနှစ်၊ ဘိုးတော်ဘုရားလက်ထက် မဟာဗောဓိမှ ပြန်လည်ရောက်ရှိလာကြသော ပုရော ဟိတ်ပုဏ္ဏား ဝါသိဋ္ဌဗြဟ္မာç ရမ္မာဝတီမြို့ဝန် ရွှေတောင်သာဂသူç ဇေယကျော်သူç ဇေယကျော်ထင်ç ဇေယကျော်စွာ တို့ထံမှ မဟာဗောဓိပင်မင်း၏သတင်းဥဿုံအားလုံးစုံကို ကြားရသောအခါ ဘကြီးတော်ဘုရားသည် အိမ်ရှေ့ဥပ
ရာဇာဘဝမှာပင် ရှိသေးသည်။ သို့သော် သူ၏စိတ်၌.
]]နောက်-မင်းဖြစ်တော်မူသောအခါ သဗ္ဗညုရှင်တော်ဘုရား သစ္စာလေးပါးကို သိမြင်တော်မူသည့်မဇ္ဈိမ တိုက် မဟာဗောဓိပင်ကို အထူးထူးသောအလှူတော်တို့ဖြင့် ပူဇော်တင်လှူတော်မူမည်။ စေတနာတော် ရည်ကြံ ပြဋ္ဌာန်းတော်မူရင်းအတိုင်း အထွဋ်အမြတ်သို့ ရောက်တော်မူလျှင် တင်လှူတော်မူရန် လုပ်ဆောင်တော်မူစေ သည့်ရွှေပန်းခိုင်ç ငွေပန်းခိုင်ç ပတ္တမြားပန်းခိုင်ç ရွှေတန်ဆောင်ç ငွေတန်ဆောင်ç ပတ္တမြားတန်ဆောင်ç ရွှေပေါက် ပေါက်ç ငွေပေါက်ပေါက်ç ပတ္တမြားပေါက်ပေါက်ç ရွှေထီးç ငွေထီးç ပတ္တမြားထီးç ရွှေတံခွန်ç ငွေတံခွန်ç ပတ္တမြားတံ ခွန်ç ရွှေကုက္ကားç ငွေကုက္ကားç ပတ္တမြားကုက္ကားç ရွှေမုလေးပွားç ငွေမုလေးပွားç ပတ္တမြားမုလေးပွားç ရွှေမြူတာç ငွေမြူတာç ပတ္တမြားမြူတာမှစ၍ အထူးထူးသော အလှူတော်များနှင့်မဟာဗောဓိမြေခုံတွင် စိုက်ထားခဲ့ရန် ကု သိုလ်တော်၏အဘို့ကို ဝေငှတော်မူသည့်ကျောက်အက္ခရာကျောက်တိုင် အလုပ်အဆောင် အလုံးစုံပြီးပြေလျှင် ပွဲ သဘင်ကြီးစွာခံတော်မူ၍ မင်းညီမင်းသား မှူးတော်မတ်တော် ကတော်မယားအပေါင်း ခြံရံလျက် အောင်သူတ ကာတို့၏အဓိပတိ ဖြစ်တော်မူသော မြတ်စွာဘုရား လေးပါးသောသစ္စာတို့ကို သိတော်မူသော မဟာဗောဓိပင်ထိ မတုန်မလှုပ် သက်ဝင်ကြည်ညိုခြင်းတည်းဟူသော စေတနာတော်အဟုန်ဖြင့် အဘန်တလဲလဲ ရိုသေစွာ အရှင်မိဖု
ရားခေါင်ကြီးနှင့်ပူဇော်တော်မူပြီးလျှင် သက္ကရာဇ်(၁၁၈၃) တစ်ထောင့်တစ်ရာ့ရှစ်ဆယ့်သုံးခု၊ နတ်တော်လဆန်း
ကိုးရက်၊ သောကြာနေ့ ရေစက်သွန်းလှူတော်မူ၍ ပုဏ္ဏားပုရောဟိတ် မဟာရာဇိန္ဒ အဂ္ဂမဟာဓမ္မရာဇဂုရုç မြေနန်း
ဝန် မဟာမင်းလှသာဂသူç အဆောင်တော်မြဲ စုရေးစုကိုင်တို့နှင့်သူရဲငါးရာကျော်တို့ကို မဟာဗောဓိပင်သို့ အလှူ တော်ç အတင်တော် စေလွှတ်တော်မူသည်။ သေနာပတိစသော မှူးတော်မတ်တော်အပေါင်းတို့လည်း ပွဲသဘင် ကြီးစွာနှင့်ခြံရံခင်းကျင်း၍ အလှူတော်ကို မြစ်ဆိပ်ရောက် ပို့ဆောင်လိုက်ကြရ၏}}
ဟူ၍ ကုန်းဘောင်ဆက်မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည့်အတိုင်း ဘကြီးတော်ဘုရား၏မဟာဗောဓိ ပင်မင်းအား ကမ္ပည်းကျောက်စာ ရေးထိုးစိုက်ထူပြုတော်မူသည့်အလှူအတင်ဒါနကား အိမ်ရှေ့စံဘဝကပင် ပုဗ္ဗ စေတနာ ပြတ်သားစွာ တည်ဆောက်ပြဋ္ဌာန်းခဲ့သောဒါန ဖြစ်သည်။
ထိုသို့ ပုဗ္ဗစေတနာ အရင်းခံရှေ့သွားရှိထားဖူးသောကြောင့်လည်း ဘကြီးတော်ဘုရားသည် မင်းအဖြစ်သို့ ရောက်တော်မူပြီးနောက် ၂ နှစ်နှင့် ၅ လမြောက်မှာပင် မဟာဗောဓိကျောက်စာကို ရေးထိုးစိုက်ထူကာ မဟာဗော ဓိပင်မင်းအား အတင်အလှူပြုတော်မူခဲ့ခြင်း ဖြစ်သည်။
(၂)


ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာမှာ ပါဠိသက္ကတရောသော ကပြားဘာသာ၊ ယင်းကို ပြန်ဆို ထားသော မြန်မာနိသျအပြင် မြန်မာစကားပြေနှင့်လင်္ကာသံပိုင်းကိုပါ ထည့်သွင်းရေးထိုးထားသောကျောက်စာ ဖြစ်သည်။ အလျားအရှည် နှစ်တောင်၊ တမိုက်သုံးသစ် အနံတတောင့်တမိုက်တသစ်ရှိသောကျောက်ချပ်မျက်နှာ ပြင်ပေါ်တွင် စာကြောင်းရေ ၈၅ ကြောင်းတိတိ ရေးထိုးထားသည်။
]]မဟာဇေယ  သကြမ္မနာမေန  ]မဟာဇေယသင်္ကြန်}အမည်ရသော၊ ပဏ္ဍိတာ  မတျေန-သုခမိန်အမတ် သည်၊ ဗန္ဓိတာ-ဘွဲ့စီရေးအပ်ပြီ}}ဟူ၍ ပါဠိသက္ကတ ကပြားဘာသာနိသျ၏အဆုံး၌ ရေးထိုးထားသည့်အတိုင်း ပါ ဠိသက္ကတ ကပြားဘာသာနှင့်ယင်းနိသျကို ရေးသားစီကုံးသူမှာ အမတ်ကြီး မဟာဇေယသင်္ကြန်ဖြစ်ကြောင်း သိရှိ
ရသည်။
မြန်မာစကားပြေနှင့်လင်္ကာသံပိုင်းကိုကား.
]]မွှန်ကြားမင်္ဂလာ၊ မှော်ကွန်းစာဖြင့်၊ မဟာသင်္ခယာ၊ မဟာသီရိ၊ ပါဠိနက်တွဲ့၊ ရွှေဘွဲ့နှစ်ပွင့်၊ စည်သူဆင့် ၍၊ ရှင်ပင့်မိန်တော်၊ ရွှေခွန်းခေါ်သည်၊ မတ်ကျော်ကဝိ၊ မြတ်ပဏ္ဍိလျှင်၊ နောင်ပြီးသာသနာ၊ ကမ္ဘာရေမြေ၊ တည် ထွန်းစေဟု၊ ကြက်သရေသွင်းနှိုး၊ စာရင်းထိုးသည်။   ။မောက်ဖြိုးရွှေစာ သံပိုင်းတည်း}}
ဟု လင်္ကာသံပိုင်း၏အဆုံး၌ ဖော်ပြထားသည့်အတိုင်း မဟာသင်္ခယာစည်သူ၊ မဟာသီရိစည်သူနှစ်ဘွဲ့ရသော ဝက် မစွတ်မြို့စား ရေးသားစီကုံးသည်ဟုသိရှိနိုင်သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌လည်း လင်္ကာသံပိုင်းစီ ကုံးရေးသားသူကို ဝက်မစွတ်မြို့စားဟုပင် ဖော်ပြထား၍ ယင်းကျောက်စာ၏မြန်မာစကားပြေနှင့်လင်္ကာသံပိုင်း တစ်ခုလုံးကိုပါ အပြည့်အစုံ ထည့်သွင်းရေးသားထားသည်။ သို့သော် ပါဠိသက္ကတ ကပြားဘာသာနှင့်ယင်းနိသျကို ကား ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည်ကို မတွေ့ရပေ။
အမတ်ကြီးမဟာဇေယသင်္ကြန်သည် ပါဠိသက္ကတ ကပြားဘာသာကို အိန္ဒိယနိုင်ငံသုံး နာဂရီအက္ခရာနှင့်ရေး ထုထားသော်လည်း သက္ကတဘာသာသက်သက်ဖြင့် မရေးဘဲ ပါဠိသက္ကတရောသောကပြားဘာသာနှင့်ရေးထု ထားခြင်းအတွက် စဉ်းစားစရာ ဖြစ်လာသည်။ အချို့သုတေသီများကမူ မဟာဇေယသင်္ကြန်သည် သက္ကတဘာ သာသက်သက်ဖြင့် ရေးရန် ဆန္ဒရှိပါလျက် သက္ကတဘာသာကို ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်သောကြောင့် ပါဠိနှင့်သက္ကတရောကာ ဖြစ်သလို ရေးထိုးခဲ့ခြင်း ဖြစ်တန်ရာသည်ဟုအကဲဖြတ်ကြသည်။


ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာတစ်ခုလုံးကို ခြုံကြည့်လျှင်. (က) ဘကြီးတော် ရွှေနန်းရှင်၏နန်းတက်ခုနှစ်။
(ခ) အိမ်ရှေ့စံဘဝကပင် မဟာဗောဓိပင်အား ကမ္ပည်းကျောက်စာ ရေးထိုးလှူဒါန်းရန် ရည်သန်ခဲ့သည့် ပုဗ္ဗစေတနာ။
(ဂ) မဟာဗောဓိပင်မင်းအား ဘကြီးတော်လှူဒါန်းလိုက်သည့်အလှူအတင်တော်စာရင်း။
(ဃ) မဟာဗောဓိသို့ အလှူအတင်တော်များနှင့်ကမ္ပည်းကျောက်စာ သွားရောက်စိုက်ထူရသူတို့၏အမည်
(င) ဘကြီးတော်ဘုရား ဆုတောင်းဆုယူပြုသောဗောဓိဆု။ (စ) မဟာဗောဓိကျောက်စာ စီကုံးရေးသားသူတို့၏အမည်။ (ဆ) မဟာဗောဓိကျောက်စာ ရေးထုထွင်းလုပ်သူတို့၏အမည်။ (ဇ) မဟာဗောဓိကျောက်စာရေးထိုးသည့်ခုနှစ်။
အစရှိသည်တို့ကို ဖော်ပြထားသဖြင့် ယင်းမဟာဗောဓိကျောက်စာမှာ ဘာသာရေးအနေနှင့် နောင်လာ
နောက်သားများ သာဓုအနုမောဒနာ ပြုကြရသည့်အပြင် သမိုင်းအနေနှင့်လည်း အထောက်အထားပြုစရာဖြစ် ၍နေသည်။
ဘကြီးတော်ရွှေနန်းရှင်၏နန်းတက်နေ့စွဲကို ကုန်းဘောင်ဆက်  မဟာရာဇဝင်ကြီး၌  အတိအကျဖော်ပြ ထားခြင်း မရှိခဲ့ပေ။ သို့သော် ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာ၌မူ.
]]သီရိပဝရသုဓမ္မမဟာရာဇဓိရာဇာ မည်တော်ရှိသော တရားမင်းမြတ်သည် ကောဇာသက္ကရာဇ် ၁၁၈၁-ခု နယုန်လဆန်း ၃ ရက်၊ စနေနေ့အခါ စကြာရတနာရောက်ခါ ရှေးရှေးစကြာဝဒေးမင်းဖြစ် နန္ဒရစ်တို့ကဲ့သို့၊ ပြည်ပ ပြည်တွင်း၊ လုံးရင်းဗိုလ်ပြု၊ ပဒုမဗြူဟာ၊ ချာချာပတ်မျှ၊ မိုဃ်းမြေရုတ်ရုတ်၊ အုတ်အုတ်ကျက်ကျက်၊ တပြိုင်နက် ကောင်းချီးမင်္ဂလာ ကြော်ငြာစေလျက်၊ ပြည်လုံးကြက်သရေ၊ မြုတေဝင်းပတ်၊ နန်းလုံးနတ်ဖြစ်သော တောင်မိဖု
ရားခေါင်ကြီးနှင့်တကွ မနောဇမ္ဗူတက်တော်မူသတည်း}}
ဟူ၍ နန်းတက်နေ့စွဲကို တိတိကျကျ ထွင်းထုထားရာ ဤအချက်သည် သမိုင်းအနေနှင့် တန်ဖိုးရှိလှပေသည်။
ဘကြီးတော်ဘုရား၏မဟာဗောဓိပင်အား လှူဒါန်းသည့်အလှူအတင်တော်စာရင်းနှင့်မဟာဗောဓိပင် သို့ ယင်းကမ္ပည်းကျောက်စာ သွားရောက်စိုက်ထူရန် စေလွှတ်ခြင်းခံရသော ပုဏ္ဏား၊ ပုရောဟိတ်၊ မဟာရာဇိန္ဒအဂ္ဂ မဟာဓမ္မရာဇဂုရု မြေနန်းဝန်မဟာမင်းလှသာဂသူ စသည်တို့၏အမည်များကိုမူကား ကုန်းဘောင်ဆက်မဟာရာ ဇဝင်ကြီးအတိုင်းပင် ထွင်းထုဖော်ပြထားသည်။
မဟာဗောဓိကျောက်စာရေးထိုးသည့်ခုနှစ်ကိုမူ-
]]ဘုရားသခင် သာသနာတော် ၂၃၅၆ ခုနှစ် ရောက်ပြီး ကောဇာသက္ကရာဇ် ၁၁၈၃ ခု၊ သရဝဏ်နှစ် ကျတ္တိ ကာလ၊ သရဒအခါ၊ မဟာဗောဓိမဏ္ဍိုင်နှိုက်၊ ပွင့်တော်မူသော ဘုရားမြတ်စွာကို ရည်မှတ်တော်မူ၍ အနုမောဒနာ ကြော်ငြာသံတို့ဖြင့် အဟုန်မစဲ၊ လှူပွဲသဘင်၊ ရင်တော်မူသည်}}
ဟုထွင်းထုရေးသားပြီးနောက် ဘကြီးတော်ဘုရား ဆုတောင်းဆုယူပြုသည့်ဗောဓိဆုကိုလည်း ]]အဆုံးစွန်သော ကိုယ်တော်အဖြစ်နှိုက်-သမ္မာသမ္ဗုဒ္ဓဆုကြီးရ၍ ဝေနေယတို့အား  ဟောကြားကယ်ချွတ်နိုင်သော၊  ဘဝများစွာ သံ သရာလည်း၊ ပါရမီဆယ်ပါး တရားအထွတ်တိုင်လိုသော၊ ဆုတောင်း ပတ္တနာတော်နှင့်တကွ၊ မယ်တော်ခမည်း တော်၊ ဘိုးတော်၊ ဘွားတော်၊ ဘေးတော် မင်းတရားတို့အားလည်း အမျှဝေတော်မူသည်။}} ဟုဆက်လက်ထွင်းထုထားရာ ဘကြီးတော်ဘုရားမှာ သမ္မာသမ္ဗောဓိဘုရားဆု ပန်ဆင်ကြောင်း ဤကျောက်စာ အရ သိရှိရပေသည်။
ထို့ပြင် အထက်က ဖော်ပြခဲ့သည့်အတိုင်း မဟာဗောဓိကျောက်စာ စီကုံးရေးသားသူတို့၏အမည်များကို ဖော်ပြပြီးနောက် ယင်းကျောက်စာကို ကျောက်ထက်၌ ထွင်းထုသူ၏အမည်နှင့်ထွင်းထုသည့်ရက်စွဲ၊ ကျောက်ချပ်
၏အရွယ်ပမာဏနှင့်စာကြောင်းရေတို့ကိုလည်း-
]]မဇ္ဈိမတိုက်၊ မဟာဗောဓိမဏ္ဍိုင် သံပိုင်းတော်ကို လေခကလက္ခဏာ အင်္ဂါ ၆ ပါးနှင့်ပြည့်စုံသူ စောလှမြို့ စား နေမျိုးသီရိရာဇသူအမတ်ကို ခန့်အပ်တော်မူ၍ ဣန္ဒနီလာ မဟူရာကျောက်အပြင်နှိုက် ကောင်းမွန်တင့်တယ် စွာ ကောဇာသက္ကရာဇ် ၁၁၈၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ အင်္ဂါနေ့ ထွင်းမှတ်ရေးသားပြီးပြည့်စုံ သည်၊ သင်္ကဋဘာသာç မြန်မာဘာသာလင်္ကာစကားပြေစာကြောင်းရေ ၈၅၊ ကျောက်မျက်နှာ အလျားအရှည် ၂င်္-
၁ိ-၃ံ၊ အနံ ၁င်္-၁ိ-၁ံ}}
ဟု တိကျသေချာစွာ ထွင်းထုထားရှိခဲ့ပေသည်။
(၃)


ဘကြီးတော်ဘုရား၏မဟာဗောဓိကျောက်စာကို ဗုဒ္ဓဂယာမဟာဗောဓိ၌ ယခုအချိန်အထိ မူလရေးထိုးရင်း
အတိုင်း မပျက်မစီး တွေ့မြင်ဖတ်ရှုနိုင်ကြသေးသည်။ ထိုသို့ မပျက်မစီးဘဲ တည်တံ့နေခြင်းမှာလည်း ကျောက်စာ
ဂူအုတ်တိုက်နှင့်လုံလုံခြုံခြုံ တည်ရှိနေရသောကြောင့် ဖြစ်သည်။ ယင်းကျောက်စာဂူ အုတ်တိုက်ကို ယခုအခါ မဟန့်၏တိုက်ဝင်းအတွင်း ဗာရဒွါရီခေါ် တိုက်ရှေ့၌ တွေ့မြင်ကြရပေသည်။
ယင်းဘကြီးတော်ဘုရား၏ကျောက်စာဂူ အုတ်တိုက်မှာ ဘုံ ၅ ဆင့်နှင့်သံထီးစိုက်ထားသော အုတ်ပြာသာဒ် ဖြစ်ရာ ကင်းဝန်မင်းကြီးက သူ၏]]မဟာဗောဓိသွားမှတ်တမ်း}}တွင်-
]]ဘကြီးတော်ဘုရားလက်ထက် အတင်အလှူတော်များနှင့်စေလွှတ်ရာ လုပ်ဆောင်တည်ထားသည့်စတု
ရမ်း ၆ တောင် အရပ် ၁၅ တောင်ခန့်၊ ဘုံ ၅ ဆင့် သံထီးစိုက်၊ ကျောက်စာဂူအုတ်ပြာသာဒ် ၁}}
ဟု သူရောက်စဉ်က မြင်ခဲ့ရသည့်အတိုင်း ကျောက်စာဂူ၏အရွယ်ပမာဏကို တိုင်းတာပြထားခဲ့ဖူးသည်။
ပုဏ္ဏားပုရောဟိတ် မဟာရာဇိန္ဒအဂ္ဂမဟာဓမ္မရာဇဂုရုနှင့်မြေနန်းတော်ဝန် မဟာမင်းလှသာဂသူတို့ မဟာ ဗောဓိ၌ ကျောက်စာစိုက်ထူပြီး မြန်မာနိုင်ငံသို့ ပြန်လာကြသောအခါ အင်္ဂလိပ်မြန်မာနယ်ခြား၌ နိုင်ငံရေး စစ်ရေး များ မငြိမ်မသက် ဖြစ်၍နေပေပြီ။
ရှင်မဖြူကျွန်းပြဿနာအတွက် မြန်မာနှင့်အင်္ဂလိပ်တို့၏ပထမစစ်ပွဲကြီးသည် ပေါက်ကွဲတော့မည့်အခြေ အနေသို့ ရောက်ရှိနေသဖြင့် မဟာဗောဓိပင်သွားအဖွဲ့မှာ မြန်မာနိုင်ငံအတွင်းသို့ ရုတ်တရက် ပြန်မဝင်နိုင်သေးဘဲ ဘင်္ဂလားမြို့၌ပင် ခေတ္တရပ်နားနေကြရသေးသည်။ ထို့ကြောင့် ဒုတိယမဟာရာဇဝင်တော်ကြီး၌.
]]မဟာဗောဓိပင်သို့လှူရန် ကျောက်စာများနှင့်လှူဒါန်းရန် အလှူတော်များကို ဆောင်ယူ၍ လမ်းခရီး စဉ်အတိုင်း ထွက်သွားရာ မဟာဗောဓိပင်သို့ရောက်ကာလ လှူဒါန်းရန်ပါသည့်ကျောက်စာကို စိုက်ထားခဲ့ပြီးလျှင် မဟာဗောဓိပင်အရပ်က သကျမုနိရုပ်ရှင်တော်ç ဗောဓိပင်ငယ်သုံးပင်များကို မဟာဗောဓိအစောင့် ဇော်ဂျီအကြီး မဟန္တဇိကပေးအပ်၍ ပြန်လာရာ ဘင်္ဂလားမြို့သို့ရောက်လျှင် ရှင်မဖြူကျွန်းမှုနှင့်သတိုးသုဓမ္မမဟာဗန္ဓုလ ဓည
ဝတီမြို့သို့ ချီထွက်သည့်အတွင်း လမ်းခရီးမသာမယာရှိ၍ ဘင်္ဂလားမြို့တွင် ရုပ်ပွားတော် သကျမုနိç ဗောဓိပင် များနှင့်ရပ်ဆိုင်းနေရ၏}}ဟု ထိုစဉ်က တိုင်းပြည်နိုင်ငံအခြေအနေကို ဖော်ပြထားပေသည်။


မြင့်ဆွေ

မှတ်ချက်။      ။၁၉၇၁-ခုနှစ်၊ မေလထုတ် သွေးသောက်မဂ္ဂဇင်း၊ စာမျက်နှာ(၉ မှ ၁၂ ထိ)လာသောဆောင်းပါး
ကို ပြန်လည်၍ စာစီရိုက်ထားပါသည်။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်