ပျူ ဟာ မြန်မာနဲ့ မတူပါလို့ မှားယွင်းစေခဲ့တဲ့ သမိုင်းတရားခံများ




၁။ စီအို ဗလက်ဒင် (ဘာသာဗေဒ ပါမောက္ခ၊ လန်ဒန်)

၂။ ဂျီအိပ်ခ်ျ လုစ် (အင်္ဂလိပ်စာ ပါမောက္ခ၊ ရန်ကုန်ကောလိပ်)

၃။ ချားဒူရွိုင်ဆယ်လ် (ကျောက်စာဝန်)

သူတို့အကြောင်း မပြောခင် ရာဇကုမာရေးထိုးခဲ့တဲ့ မြစေတီကျောက်စာလို့ အမှတ်မှား ခေါ်နေကြတဲ့ ဂူပြောက်ကြီး ကျောက်စာ က စရလိမ့်မယ်။ ၎င်း ကျောက်စာရဲ့ ဗြဟ္မီပွား အက္ခရာတွေနဲ့ ရေးထိုးထားတဲ့ နံပါတ်၎ စာမျက်နှာကို ပျူစာလို့ စိတ်အထင်နဲ့ လေဘယ်တပ်ခဲ့တဲ့ အကြောင်း။ (ခေါ်ရလွယ်အောင်လို့တဲ့။ သုတေသန မရှိပဲ၊ အထောက်အထား မရှိပဲ၊ စိတ်အထင်နဲ့ မှန်းဆ အမည်တပ်တာ)

မြစေတီကျောက်စာလို့ အမည်မှားတပ်ခံရတဲ့ ရာဇကုမာရဲ့ ဂူပြောက်ကြီးဘုရား အတွက် အလှူ မှတ်တမ်း ကျောက်စာ

၁၈၈၀ မှ ၁၈၉၀ အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောက်စာဝန်အဖြစ် အမှုထမ်းသွားတဲ့ ဂျာမန်လူမျိုး အီးဖောသျှမ်းမား (ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) လက်ထက်မှာ ဒေသခံ ပုဂံပြည်သူတွေ ထံက သတင်းရလို့ ရာဇကုမာကျောက်စာကို ကျောက်စာဝန်ဌာန (ယခု ရှေး/သု) က ၁၈၈၆ မှာ စတင် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။ လေးမျက်နှာရှိတဲ့ ကျောက်စာတိုင်မှာ ပါဠိ၊ မြန်မာ၊ မွန် သုံးမျက်နှာကိုတော့ ဖတ်တတ်ပြီး ရှေးအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ ကျန်တစ်မျက်နှာကိုတော့ မဖတ်တတ်ခဲ့ကြဘူး။

အမျိုးအမည်မသိ (unknown)

သုတေသန လုပ်ထုံးမှာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာစကား မှန်းမသိသေးရင် အမျိုးအမည်မသိ (unknown) လို့ပဲ ခေါ်ရပါတယ်။ ကိုယ်ပေးချင်တဲ့ နာမည် ပေးလိုက်လို့ မရပါဘူး။ အဲဒီ သုတေသနလုပ်ထုံးနဲ့ အညီ ဂျာမန်ကြီး အီးဖောသျှမ်းမားက သူမသိလို့ မသိတဲ့အတိုင်း အမျိုးအမည် မသိ ကျောက်စာ (unknown inscription) လို့ ခေါ်ခဲ့ပါတယ်။

အီးဖောသျှမ်းမား နောက် ဒုတိယမြောက် ကျောက်စာဝန် တော်စိန်ခိုကလည်း အမျိုးအမည်မသိ (unknown) လို့သာ ဆက်လက်မှတ်တမ်း တင်ခဲ့တယ်။ ဆရာကြီးတော်စိန်ခို အငြိမ်းစားယူမယ့် (၁၉၁၁-၁၂) ကာလမှာ သရေခေတ္တရာ မြို့ဟောင်း ဘောဘောကြီး စေတီအနီးက အလားတူ စာတွေ ထပ်တွေ့ခဲ့ကြတယ်။ ရှေးဟောင်း ကျောက်အရိုးအိုးကြီး လေးလုံးပေါ်မှာ ထွင်းထားတာ။

ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက် ကျောက်စာဝန်အဖြစ် ဆက်ခံမှာက ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ ချားဒူရွယ်ဆယ်လ်။ အဲ့ဒီတုန်းက ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ပါမောက္ခ (သမိုင်းပါမောက္ခ မဖြစ်သေး) ဂျီအိပ်ခ်ျလုစ်က အကြံပြုလာပါတယ်။ ရာဇကုမာကျောက်စာက မဖတ်တတ်တဲ့ unknown စာမျက်နှာရယ်။ သရေခေတ္တရာ ကျောက်အရိုးအိုးကြီး လေးလုံးပေါ်က စာတွေရဲ့ မင်ကူးဓာတ်ပုံတွေကို လန်ဒန်တက္ကသိုလ်က ဂျီအိတ်ခ်ျလုစ်ရဲ့ ဆရာအရင်း မစ္စတာဗလက်ဒင် (ဘာသာဗေဒ ပါမောက္ခ) ထံ ပေးပို့ ဖတ်ခိုင်းဖို့ပါ။

သုတေသန လုပ်ထုံးကို ချိုးဖောက်ကာ ယာယီပျူလို့ မည်တပ်လို့ မြစေတီပျူစာ ဖြစ်ရပုံ

ဆရာကြီးတော်စိန်ခို၊ ချားဒူရွိုယ်ဆယ်လ် နဲ့ ဂျီအိတ်ခ်ျလုစ် တို့ဟာ ရာဇကုမာကျောက်စာ က unknown စာမျက်နှာရယ်၊ သရေခေတ္တတွေ့ အခြား အမျိုးအမည်မသိ စာ ၄မျိုးတို့ကို ဖတ်ရှု ဖော်ထုတ်ပေးဖို့ မစ္စတာဗလက်ဒင်ထံ အကူညီတောင်းခံရာက မြန်မာဟာ ပျူ မဟုတ် ဆိုတဲ့ ဇာတ်ရှုပ်ကြီး စတင်ပေါ်ပေါက် လာပါတော့တယ်။

မစ္စတာဗလက်ဒင်ဟာ အထက်ပါ unknown စာတွေကို ဖတ်ကြည့်ပြီး အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်နိုင်လို့ သူလည်း ဘာစာမှန်း မသိပါဘူး။ သူ့အနေနဲ့ မသေခြာပေမယ့် ခေါ်ရလွယ်အောင် မှတ်ရလွယ်အောင် စိတ်အထင်မှန်းဆပြီး မြန်မာနဲ့ မတူတဲ့ ပျူစာ၊ ပျူအက္ခရာ လို့ ယာယီ အမည်ပေးပါသတဲ့။ (လေဘယ် တပ်ပါသတဲ့)။ အဲ့သလို ပျူ လို့ ခေါ်တာကိုလည်း အတည်မပြုပါဘူး တဲ့။ နောင် ပြင်နိုင်တဲ့ အခါ အမည်ပြန် ပြင်ကြပါတဲ့။ (ဗလက်ဒင် အတည်မပြုကြောင်း အထက်က ပုံမှာ ပြထားတယ်)

ဗလက်ဒင်ဟာ သုတေသန လုပ်ထုံးကို လက်တစ်လုံးခြားနဲ့ အကြီးအကျယ် ချိုးဖောက်တာပါ။ အမျိုးအမည် မသိရင် unknown လို့ပဲ ထားရမှာကို ပျူ လို့ အမည်ပေးလိုက်တာ သုတေသန စည်းကမ်းကို ချိုးဖောက်တဲ့အပြင် ရာဇဝင်ကို ရိုင်းစေတော့တာပါပဲ။ (ဟိုး အတေအတီ မြန်မာ့သမိုင်းစ ကတည်း က မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်မရှိခဲ့ပဲ ဗလက်ဒင့် ပယောဂကြောင့် ၁၉၁၂ နောက်ပိုင်း မှ မြန်မာဟာ ပျူမဟုတ်ဆိုတဲ့ ဇတ်ရှုပ်ကြီး စတင်ပေါ်ပေါက်လာ တာဖြစ်တယ်)

ဗလက်ဒင် လေဘယ်ထိုးလို့ ပျူဖြစ်ရရှာတဲ့ ရာဇကုမာကျောက်စာက unknown အက္ခရာ၊ unknown စာ။ ဗလက်ဒင် အတည်မပြုခဲ့ နောင်အခါ ပြောင်းသင့်ရင် ပြောင်းခေါ်ရမယ့် unknown ကို ပျူလူမျိုးတို့ရဲ့၊ ပျူစာ၊ ပျူအက္ခရာ၊ မြန်မာမဟုတ်တဲ့ ပျူ တွေပါဟု အမည် တွင်အောင် ခေါ်ဝေါ်ခဲ့ကြသူတွေ ကတော့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ခ်ျလုစ် တို့ပါ။

Unknown အက္ခရာ၊ unknown စာ၊ unknown လူမျိုး၊ unknown ယဉ်ကျေးမှု၊ unknown မြို့တော် စသဖြင့် အန်နုန်း… အန်နုန်း… ခေါ်ရမယ့်နေရာမှာ (ဗလက်ဒင် လေဘယ်တပ်ခဲ့တဲ့၊ အတည်မပြုခဲ့တဲ့) ပျူ အက္ခရာ၊ ပျူစာ၊ ပျူ လူမျိုး၊ ပျူယဉ်ကျေးမှု၊ ပျူ မြို့တော် စသဖြင့် မြန်မာနဲ့ မတူ ပျူ… ပျူ… ပျူ… လို့ ချားဒူရွိုင်ဆယ်လ်နဲ့ ဂျီအိပ်ချိပ်လုစ် တို့က တစ်ပျူ တည်း ပျူ ခဲ့ကြပါတယ်။ ချားဒူရွိုယ်ဆယ်လ်က ကျောက်စာဝန် ဆိုတဲ့ သူ့အရှိန်အဝါနဲ့ မြန်မာဟာ ပျူနဲ့ မတူဘူး လုပ်ခဲ့ပါတယ်။ လုစ် ကလည်း သမိုင်းပါမောက္ခ ဖြစ်လာတော့ သူ့တပည့်တွေကို ပျူ ဟာ သပ်သပ်၊ မြန်မာမဟုတ် လုပ်လာ ပါတော့တယ်။

သရေခေတ္တရာနဲ့ ပုဂံ unknown ကျောက်စာတွေကို ပျူစာလို့ ဗလက်ဒင် အတည်မပြု ခဲ့ကြောင်းကို သူတို့ နှစ်ဦးက လုံးဝ မဖော်ပြကြ ပါဘူး။ ဖုံးကွယ် ထားကြပါတယ်။ ပြီးတော့ ဗလက်ဒင် ပြောလို့ အဲဒီကျောက်စာတွေဟာဟာ ပျူ စာ ဆိုပြီး ရေးသားပြောဆို ကြပါတယ်။ မြန်မာ့ သမိုင်းကို နှပ်ချ ခဲ့ကြတာပါ။ (လုစ်က နောင် ကျောက်ဆည်စာတမ်းကို ရေးပြီး မြန်မာ့သမိုင်းကို အကြီးအကျယ် လိမ်ပါတော့တယ်)

သုတေသန လုပ်ထုံးအရ ပျူဟာ မြန်မာ မဟုတ်လို့ ပြောစရာ အထောက်အထား မရှိသလို၊ ဗလက်ဒင် အတည်မပြုခဲ့တဲ့၊ ယာယီလေဘယ် ထိုးခဲ့တဲ့ ပျူ ဆိုတာကို အတည်တကျ လုစ် တို့ ချားဒူရွိုင်ဆယ်လ် တို့ဟာ သမိုင်းပညာအရ သုံးခွင့် မရှိပါဘူး။ ဒါပေမယ့် ကျောက်စာဝန်၊ သမိုင်းပါမောက္ခ ဆိုတဲ့ အရှိန်အဝါတွေ၊ ရာထူး ပါဝါ လုပ်ပိုင်ခွင့် တွေနဲ့ မြစေတီပျူစာ၊ သရေခေတ္တရာပျူမြို့၊ မြန်မာမဟုတ်ဆို တစ်ဖက်သတ် လုပ်ခဲ့ကြတာပါ။

သရေခေတ္တရာ သမိုင်း မစ်သ်(Myth)ကြီး အရ တကောင်း သတိုးမင်းကြီးရဲ့သား မဟာသမ္ဘာဝ၊ မဟာသမ္ဘာဝ ရဲ့သား ပထမဆုံး (the first) ဒွတ္တဘောင်မင်းကြီးက သရေခေတ္တရာကို စတည်ခဲ့တာ။ သရေခေတ္တရာ မင်းဆက်ပေါင်း ၂၅ဆက်ရှိပြီး နောက်ဆုံးမင်းဆက် သုပညာ လက်ထက်မှာ သရေခေတ္တရာပျက်ပြီး သုပညာမင်းကြီးရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) အရပ်မှာ ပထမဆုံး ပုဂံနိုင်ငံတော် အရိမဒ္ဒနပူရ ကိုတည်ခဲ့တာ တွေကိုကျ စကားထဲတောင် ထည့်ပြော ချင်စရာမရှိတဲ့ အလကား ဒဏ္ဍာရီတွေ တဲ့။ လုစ်တို့က။ အဲ့ဒါတွေဟာ ဒဏ္ဍာရီ မဟုတ်ကြောင်း (၁၉၉၂-၉၃ ဘတ်ဂျက်နှစ်) မှာ တူးဖော်ရရှိခဲ့တဲ့ အတိတျာမင်း (သရေခေတ္တရာ နောက်ဆုံး မင်းဆက် သုပညာရဲ့ အစ်ကို၊ သရေခေတ္တရာ ၂၄ ဆက်မြောက်မင်း) ရဲ့ ကျောက်အရိုးအိုးကြီးမှ ကျောက်စာများက သက်သေ ခံနေပါတယ်။ ၎င်း အတိတျာမင်း ကျောက်အရိုးအိုးကြီးကို လေ့လာ ကြည့်ရှုလိုသူများ ရန်ကုန် အမျိုးသား ပြတိုက်မှာ သွားကြည့် နိုင်ပါတယ်။

နိဂုံးချုပ် ပြောရင်

၁။ unknown လို့ ထားရမှာကို ပျူ လို့ လေဘယ် ထိုးတယ်။

၂။ အဲ့ဒီလေဘယ် ထိုးလိုက်တဲ့ ပျူ ကို မြန်မာမဟုတ် လို့ ထောက်အထားမဲ့ ပြောတယ်။

ဆရာကြီး ဒေါက်တာသန်းထွန်းက ပြောဖူးတယ်။ မင်းမှားရင် မင်းတရားခံ။ ငါမှားရင် ငါတရားခံတဲ့။ ဒီတော့ စီအိုဗလက်ဒင်၊ ဂျီအိပ်ခ်ျ လုစ် ၊ ချားဒူရွိုင်ဆယ်လ် တို့ဟာ ပျူဟာ မြန်မာနဲ့မတူပါလို့ မှားယွင်းစေ ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ တရားခံများ ဖြစ်ကြတယ်။

ကျမ်းကိုး။ ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် (၇)လတိုင်တိုင် ဖော်ပြခဲ့သော “ဆရာဘုန်းတင့်ကျော် ၏ မြန်မာနှင့်ပျူ လူမျိုး မတူဟု ကိုလိုနီခေတ်တွင် အကွက်ဆင်ခံရခြင်းလော” ဆောင်းပါး။ ဘုန်းတင့်ကျော်= နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီ ဖြစ်သော မြန်မာသမိုင်း(၁၊၂)
(ကိုသာဝ)

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်