ဦးကြာစိုးနှင့် သူ၏သူကောင်းမျိုးအနွယ်အဆက်


မောင်သန်းဆွေ (ထားဝယ်)


စာရေးသူသည် ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း အမှတ်(၂၃၆)
(ဇူလိုင် ၂၀၀၉)တွင် ဦးကြာစိုးနှင့် နန်းစဉ် မိဖုရား ဆောင်းပါးကို ရေးသားခဲ့သည်။

ဆောင်းပါး၏ အဆုံးတွင်၊ စာရေးသူနှင့် ငယ်သူငယ်ချင်း ဖြစ်ခဲ့သည့် ပါစီချစ်ဖေ(အငြိမ်းစားသံအမတ်ကြီး ဦးကြာညိုချစ်ဖေ)သည် သူကောင်း ဦးကြာစိုး၏ မြေးဖြစ်ကြောင်း ရေးခဲ့ပါသည်။ သူကောင်းဦးကြာစိုး၏ သမီးမှာ
သူကောင်းဒေါ်ခင်စိန်ဒိုင် (အိုင်စီအက်စ် ဦးချစ်ဖေ၏ဇနီး)သည် ပါစီချစ်ဖေ၏ မိခင်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။ ဩဂုတ်လက စာရေးသူ ရန်ကုန်အိမ်၌ ရှိစဉ် သူငယ်ချင်း ပါစီချစ်ဖေသည် စာရေးသူအား ဖုန်းနှင့် ဆက်သွယ်ပါသည်။ သူ့မိခင် သူကောင်းဒေါ်ခင်စိန်ဒိုင်၏မောင်ဖြစ်သော သူ၏ဦးလေး သူကောင်း ဦးစိန်ရိုးအား ခေါ်၍ စာရေးသူ အိမ်သို့ လာတွေ့မည်ဖြစ်ကြောင်း ပြောသည်။ စာရေးသူကလည်း ဝမ်းမြောက် ဝမ်းသာစွာ တွေ့ချင်လှကြောင်း ဖြေလိုက်ပါသည်။ ချိန်းဆိုသောနေ့တွင် ပါစီချစ်ဖေသည် သူ၏ဦးလေး သူကောင်း ဦးစိန်ရိုးနှင့်အတူ ရောက်လာကြသည်။ သူကောင်း ဦးစိန်ရိုးနှင့် သူကောင်းမ ဒေါ်လေးလေးတို့၏သမီး ဒေါက်တာ ကြော့မှူးအောင်(ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသန ဌာနမှူး ပါမောက္ခ)လည်း ပါလာသည်။ ဒေါက်တာကြော့မှူးအောင်ကို တက္ကသိုလ် အသိုင်းအဝိုင်းမှ စာတမ်း ဖတ်ပွဲများတွင် စာရေးသူ ဆုံဖူးသည်။

သူသည် သူကောင်းမျိုးဖြစ်သည် ဆိုသည်ကိုလည်း ကြားရဖူးပါသည်။ သို့သော် သူကောင်း ဦးစိန်ရိုး၏ သမီး ဖြစ်သည်ကိုကား မသိခဲ့ပါ။
ပါစီ၏ဦးလေး သူကောင်း ဦးစိန်ရိုးမှာ သူကောင်း ဦးကြာစိုး၏ သားဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင် သူကောင်း ဦးစိန်ရိုးသည် စာရေးသူ ပင်တိုင် ဆောင်းပါး ရေးနေသော သူရဇ္ဇမ ဂ္ဂဇင်းတွင် ကိုလိုနီခေတ် မြို့အုပ်ကြီးတစ်ဦး မှတ်တမ်းကို အခန်းဆက် ပင်တိုင် ရေးနေသော စာရေးဆရာ “အနောက်တံခါးမှူး မောင်မှူး” ဆိုသူဖြစ်နေပါသည်။ သူ၏ဖခင် သူကောင်း ဦးကြာစိုး မြို့အုပ်ကြီး ဘဝက မှတ်တမ်းများ အပေါ် အခြေခံ၍ ဆောင်းပါးများ
ရေးနေခြင်းဖြစ်သည်။ စာရေးသူ အမြဲပင် ဖတ်ပါသည်။ သို့သော် စာရေးဆရာ အနောက်တံခါးမှူး မောင်မှူး ဆိုသည်မှာ သူကောင်း ဦးစိန်ရိုးမှန်း မသိပါ။ ယခုမှ ပင် သိရတော့သည်။

ငယ်သူငယ်ချင်း ပါစီချစ်ဖေနှင့် တွေ့ဆုံရသော အခါ စာရေးသူ ရေးသည့် သူကောင်း ဦးကြာစိုးနှင့် နန်းစဉ်မိဖုရား ဆောင်းပါးအကြောင်းကိုပင် ဆွေးနွေး ဖြစ်ကြသည်။ စာရေးသူက ၎င်းင်းဆောင်းပါးတွင်...
“ဦးကြာစိုး အတွက် နန်းစဉ်မိဖုရား အသစ် ရှာပေးရ၊ မပေးရကို စဉ်းစားရန် ချန်ထားခဲ့ပါသည်”
ဟု ရေးသားခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ သူငယ် ချင်းပါစီချစ်ဖေက...

“ဒီကိစ္စနှင့် ပတ်သက်လို့ Version (မူကွဲ)နှစ်မျိုး ဖြစ်နေတယ်။ တစ်မူက အဘိုး ဦးကြာစိုး ရှေ့မှ မြို့ပိုင် ဦးဘတူက သူ့ရဲ့နန်းစဉ် မိဖုရားကို တစ်ပါတည်းခေါ် သွားတဲ့အခါမှာ အဘိုး ဦးကြာစိုး အတွက် နန်းစဉ်မိဖုရား အသစ် ရှာမပေးရတော့ဘူး ဆိုတဲ့ မူနဲ့၊ နောက်တစ်မူက အဖိုးဦးကြာစိုး မမာလို့ နန်းစဉ် မိဖုရားအသစ် ရှာပေးရပေမယ့် ပြုစုဖို့၊ သူနာပြု အဆင့်ပဲ ရှိကြောင်း၊ ကျန်းမာသွားတဲ့ အခါမှာ ဒီအလေ့အထကို ဖျောက်ဖျက်လိုက်တော့လို့ ပြောခဲ့တယ် ဆိုတဲ့ မူကွဲတို့ပဲဖြစ်တယ်”
ဟု ပြောခဲ့ပါသည်။

စာရေးသူက...
“ကြည့်ရတာ သူကောင်းဦးကြာစိုး ရှေ့က မြို့ပိုင် ဦးဘတူဟာ သူ့ရဲ့နန်းစဉ် မိဖုရားကို တစ်ပါတည်း ခေါ်သွားတဲ့ အခါမှာ သူကောင်း ဦးကြာစိုး ရောက်လာတော့ နန်းစဉ်မိဖုရား ရှာမပေးရတော့ဘူး။ ဒါပေမယ့် မမာတော့ ပြုစုတဲ့သူ မရှိလို့ ယာယီ နန်းစဉ်မိဖုရား ရှာပေးရပုံ ရတယ်။ ဒါပေမယ့် သူနာပြုအဆင့်ပဲ ရှိပြီး ကျန်းမာသွားတဲ့ အခါမှာ ဆက်မထားတော့တဲ့ ပုံပဲ။ သူ ကောင်း ဦးကြာစိုးကလည်း သူကစလို့ ဒီနန်းစဉ် မိဖုရားထားတဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်လိုက်ပုံရတယ်”
ဟု ပြောခဲ့ပါသည်။

စာရေးသူကပင် ဆက်၍...
“ဒေါ်အုန်းကြည်ရဲ့ စလင်းသူကောင်း သမိုင်း အကျဉ်းမှာ စလင်းမြို့နယ် သူကောင်းတွေဟာ မြေပိုင်ရှင်ကြီးများ ဖြစ်ကြောင်း၊ သူကောင်းတစ်ဦး ဖြစ်တဲ့ ဦးအန်ထော်နီ ဆိုသူဟာ မြေဧကပေါင်း တစ်သိန်းကျော် (၁၁၅၉၂၉)ပိုင်ဆိုင်ကြောင်း ရေးထားတာ တွေ့ရပါတယ်။ သူကောင်း ဦးအန်ထော်နီဆိုတော့ သူကောင်းတွေထဲမှာ တိုင်းတစ်ပါးသားတွေလည်း ရှိလား”

ဟု သူကောင်းဦးစိန်ရိုးအား မေးခဲ့ပါသည်။ ဦးစိန်ရိုးက ပြုံး၍ -
“ဦးအန်ထော်နီဆိုတာ ကျွန်တော့်အဘိုး ဦးအေးရဲ့အဖေပါ ပဲ။ မြန်မာ စစ်စစ်ပါ။ ဦးအန်ထော်နီရဲ့သားက ဦးအေး၊ ဦးအေး ရဲ့သားက သူကောင်းဦးကြာစိုး။ ကျွန်တော့်အဖေပေါ့”ဟု ပြောပါသည်။

စာရေးသူက...
“ဒါဖြင့်ရင် ဘာဖြစ်လို့ နာမည်က ထူးထူးခြားခြား တိုင်းတစ်ပါးသား နာမည် ဖြစ်နေရတာလဲ”
ဟု မေးခဲ့ပါသည်။

သူကောင်းဦးစိန်ရိုးက...
“ဦးအန်ထော်နီရဲ့ဇနီးဟာလည်း မယ်အန်ထော်နီလို့ပဲ ခေါ်ပါတယ်။ ဦးအန်ထော်နီက မယ်အန်ထော်နီ အဖေရဲ့အစ်မက မွေးတာ၊ ဦးအန်ထော်နီ့ အဖေက “မုံး”နားမှ ကန္နီမြို့သူကြီး သူကောင်းမျိုးပဲ။ မယ်အန်ထော်နီရဲ့အဖေကတော့ လယ်ကိုင်း မြို့သူကြီး သူကောင်း ဦးထွန်းဦးဖြစ်တယ်။ ဦးထွန်းဦးဟာ ချမ်းသာပတိ ဘွဲ့ရတယ်။ မွန်အရေးတော်ပုံမှာ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းလို့ (၁၄)ကျပ်သားရှိတဲ့ ရွှေဖလားကို ဘုရင်က ဆုတော်လာဘ်တော်ချခဲ့ပါတယ်။ ဒီရွှေဖလားဟာ ကျွန်တော်တို့ လက်ထက်ရောက်တဲ့ အထိ ရှိပါသေးတယ်။ ကျွန်တော့်အစ်မ ဒေါ်ခင်စိန်ဒိုင်က သိမ်းထားတယ်။ ကန္နီမြို့သူ ကြီးက သားကလေး မွေးပြီး လယ်ကိုင်းမြို့သူကြီး ဦးထွန်း ဦးက သမီးကလေး မွေးတယ်။ သူတို့ သမီး ယောက်ဖဖြစ်တဲ့ သူကောင်းကန္နီမြို့ သူကြီးနဲ့ သူကောင်းလယ်ကိုင်းမြို့သူကြီးတို့ နှစ်ယောက်ဟာ နေပြည်တော်ကို သွားပြီး သားသမီးမွေးတဲ့ အကြောင်း လျှောက်ထားရတယ်။ သူကောင်းမျိုး ရွှေတိုက်စာ ရင်းမှာ အမည်သွင်းရတယ်။ အဲဒီအခါမှာ မိဖုရားကြီးက ဒီ ကလေး ၂ ယောက် ကြီးလာရင် လက်ဆက်ပေးလိုက်လို့ မိန့်တော်မူတယ်။ မိဖုရားကြီးနားမှာ ခစားနေတဲ့ အကောက်ဝန် အန်ထော်နီဆိုတာရှိတယ်။ ဒါကြောင့် ကလေး ၂ ယောက် အမည်ကိုလည်း မောင်အန်ထော်နီနဲ့ မယ်အန်ထော်နီလို့ မှည့်စေ လိုက်တယ်”
ဟု ပြောပြခဲ့ပါသည်။

မှတ်ချက်။ (ကျက်သရေဆောင် ရွှေစလွယ်ရမင်း ဦးမောင် မောင်တင်(၁)၏ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး (တတိယတွဲ) စာမျက်နှာ(၁၁၁) နောင်တော်က ညီတော်မင်း တုန်းမင်းကို နန်းလွှဲခြင်း စသည်နှင့် အင်္ဂလိပ်က အောက်မြန်မာ ပြည်ကို သိမ်းယူခြင်း အခန်း၌...
“ယင်းသည့်နေ့ အထက် စစ်ကိုင်းမြို့တပ်မတော်က ကျောက်မော် မြို့စားဝန်ကြီး သတိုးမင်းကြီးမဟာမင်းလှသီဟ သူသို့၊ အတွင်းစကား မှာထားရှိသည့် အတိုင်း၊ အလုံမြို့ အတွင်း ကိုယ်ရံတော်၊ အမှုထမ်းတို့နှင့် တိုင်ပင် စည်းကြပ်ပြီးလျှင်၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝန်ထောက်တို့ အစုံအညီ နံနက်ညီ လာခံကွဲ၊ လွှတ်တော်သို့ အစုတွင် ရေနံချောင်းမြို့စား ကျီဝန်၊ ဝန်ကြီးငပွား၊ အတွင်းဝန် ငပို၊ ငပုတ်စည်၊ ဝန်ထောက် ငထော်နီ၊ ငရွဲတို့နှင့် ဝန်စု၊ မှူးမတ်၊ မြို့စီးပြစီးအရာရှိတို့ကို ချည်နှောင် ဖမ်းဆီးရှိနေသည့် အတွင်း”ဟု ပါရှိသည်။


သို့ဖြစ်၍ အန်ထော်နီဆိုသူမှာ ပုဂံမင်း လက်ထက်မှ အကောက် ဝန်ထောက်ဖြစ်ပြီး သူကောင်းဦး စိန်ရိုးပြောသည့် မိဖုရားကြီး ဆိုသူမှာ ပုဂံမင်း၏ မိဖုရားကြီး ဖြစ်ကာ အကောက်ဝန်ထောက် အန်ထော်နီ၏ အမည်ကို ရွှေတိုက် စာရင်းသွင်းကလေး ၂ ယောက်အား မှည့်ခေါ်စေ ခြင်း ဖြစ်ပုံရသည်။)
သူကောင်းဦးစိန်ရိုးက ဆက်၍ပြောပါသည်...
“ ဦးကြာစိုးအမေဘက်ကလည်း စလင်းမြို့သူကြီး သူ ကောင်းမျိုးပါပဲ။ ဦးကြာစိုး အဘွား မယ်အန်ထော်နီ အမေဘက် ကလည်း စလင်းမြို့သူကြီးမျိုးပါပဲ”
သူကောင်းဦးစိန်ရိုး ပြောပြချက်အရ စလင်း မြို့သူကြီးရိုး တို့သည် ရိုးရာ အကြီးအကဲ ဖြစ်သကဲ့သို့ ဘုရင်က သူကောင်း ပြုခံရသူများလည်း ဖြစ်ပါသည်။ စလင်း ဒေသသည် ပုဂံခေတ် ကတည်းက လူနေစည်ကား နေပြီ။ နရပတိစည်သူမင်း လက်ထက်တွင် စလင်း ဒေသ၌ မြို့တည်ထောင်ကာ ကန်၊ ချောင်း၊ ဆည်၊ မြောင်းများ ဖော်ထုတ်၍ ရှေးကထက် ကြီးပွား စည်ပင်အောင် စီမံ ဆောင်ရွက်ခဲ့သည်။

ရှေးအခါက စလင်းမြို့ သူကြီး၏ ဆွေမျိုးများတွင်သာ သူကောင်းနှင့် အမည်ကို တွဲလျက်သုံးခြင်း တွေ့ရသည်။ စလင်း သူကောင်းများ၏ အဓိက “ ရိုး ”သည် မြို့သူကြီးပင် ဖြစ်သည်။ နောင်အခါမြို့သူကြီး ၄ ရိုးဖြစ်လာပြီး ၎င်းင်းအဆက် အနွယ်များမှာ သူကောင်းများပင်ဖြစ်သည်။ တစ်ရိုးနှင့်တစ်ရိုး သားပေး သမီးယူ လက်ဆက်ခြင်း ပြုခဲ့ကြသည်။ စလင်းမြို့ သူကြီးတို့၏ မိသားစု အားလုံးသည် ယေဘုယျအားဖြင့် သူကောင်းရိုး ဖြစ်ကြသော်လည်း မိသားစုဝင် အားလုံးကိုမူ “သူကောင်း” ဟူ၍ သုံးနှုန်း ခေါ်ဆိုခြင်း မရှိကြပါ။ သူကောင်းနှင့် အမည်တွဲ၍ ခေါ်သော ပုဂ္ဂိုလ်ပေါင်းသည် ခရစ်နှစ် ၁၇၇၂ ခုမှ ၁၉၀၁ ခုနှစ်အတွင်း ၃၆ ဦးသာ တွေ့ရပါသည်။ သူကောင်းရိုး ၆ ရိုးအထိ ဖြစ်လာသည်။ စလင်းမြို့သူကြီးရိုး၊ တောင်စဉ်ရိုး၊ ခိုင်စာရိုး၊ မဟာသမန်းရိုး၊ ပြည်စိုးရိုးနှင့် အပြင်ရိုးတို့ဖြစ်သည်။ ပင်ရင်း သူကောင်းရိုးမှာ စလင်းမြို့ သူကြီးရိုးဖြစ်၏။

အထက်က ဖော်ပြခဲ့သော ပြည်စိုးရိုးတွင် ၂ ရိုးရှိခဲ့သည်။ တောင်ပြည်စိုးရိုးနှင့် မြောက်ပြည်စိုးရိုး ဟူ၍ ဖြစ်သည်။ သို့သော် တောင်ပြည်စိုးရိုးကိုသာ သူကောင်းရိုးများတွင် တွေ့ရှိရသည်။ မြောက်ပြည်စိုးရိုးကိုမူ မတွေ့ရတော့ချေ။ သူကောင်း မျိုးများနှင့် သွေးရော ပျောက်ကွယ်သွားခြင်း ဖြစ်ပုံရသည်။ “အပြင်ရိုး ”ဆိုသည်မှာ ရိုးရာ အကြီးအကဲ မဟုတ်သူများ၊ ရိုးရာ အကြီးအကဲဖြစ်သော်လည်း စလင်းနယ် အတွင်းမှ မဟုတ်သော သူကောင်းတို့နှင့် လက်ဆက်ခဲ့သူများကို ခေါ်သည်။

ပခန်း၊ လောင်းရှည်၊ ဖားအိုင်၊ ပတိမ်း၊ စကု၊ စေ တုတ္တရာ စသည့်နယ်များတွင် သူကောင်းမျိုးများ ပျံ့နှံ့နေပါ သည်။ လောင်းရှည်မြို့သည် ဆော၊ ယောနယ်အတွင်း ရှိလင့် ကစား စလင်းမြို့သူကြီးရိုး ဖြစ်သော စလင်း သူကောင်းတို့နှင့် ဆက်စပ်လျက် ရှိပေသည်။ စလင်းမြို့ သူကြီးရိုးထဲမှ လောင်း ရှည်သို့ သွားရောက်၍ မြို့သူကြီးအရာ ထမ်းဆောင်ရသော အစဉ်အလာ ရှိခဲ့သည်။ လောင်းရှည်မြို့သူကြီး အရာ ထမ်းရသော မြို့သူကြီးတို့ထဲမှ အချို့သည် နေပြည်တော်၌ ရွှေဖဝါး တော်အောက်တွင် ဘုရင်မင်းမြတ်ထံ အနီးကပ် တာဝန်ထမ်း ဆောင်ကြရသည်။ သူကောင်း ဦးလူတုတ် ဆိုသူမှာ လောင်းရှည် မြို့သူကြီးဖြစ်သော်လည်း နန်းတော်ထဲတွင်သာနေရသည်။ လက်ဖက်ရည်တော် အဖြစ် ထမ်းဆောင် ရသည်ဟု ဆိုသည်။ နန်းတွင်း၌ အမှုတော် ထမ်းနေစဉ် လောင်းရှည်မြို့ကို ကြပ်မတ် အုပ်ချုပ်မည့်သူ ရှိရန် လိုအပ်လာသော အခါ လောင်းရှည်မြို့၌ “အစီရင်ကြီး” အရာ ထမ်းဆောင်ရသူက မြို့သူကြီး ကိုယ်စား အုပ်ချုပ်ရသည်။ လောင်းရှည်မြို့တွင် ထိုအစီရင်ကြီးက မြို့၏ တာဝန်ကို ယူရသည်။ အုပ်ချုပ်ရေး တာဝန်ကိုလည်း ယူရသည်။ ၎င်းင်းအောက်တွင် “ ကြေးခိုင်ကြီး ”ဆိုသူရှိ၏။ ထိုသူက မင်းမှုရေးရာ ငွေကြေးတို့ကို စိုက်ထုတ် တာဝန်ယူရသည်။

စာရေးသူက ဦးအန်ထော်နီအကြောင်းကို ဆက်မေး သည်။ သူကောင်းဦးစိန်ရိုးက...
“ဦးအန်ထော်နီဟာ ရှမ်းပြည်နယ်မှာ သူပုန်ထလို့ ဘုရင့် တပ်တော်နဲ့ အတူ သွားတိုက်ရပါတယ်။ အောင်မြင်လာတဲ့ အတွက် “သီရိဝဏ္ဏကျော်ခေါင်” ဘွဲ့ရတယ်။ ဘုရင်ကပေးတဲ့ ငွေဓားဆုကိုလည်း ရတယ်။ ကသာမြို့ဝန် အဖြစ် ခန့်အပ်ခြင်း ခံရတယ်။ သူလည်း နေပြည်တော်မှာပဲ နေရတယ်လို့ ဆိုတယ်”

စာရေးသူက၊ သူကောင်းဦးစိန်ရိုးကို...
“မင်းတုန်း မင်းတရားကြီးဟာ တွင်းစားရိုး ဖြစ်တဲ့ ရေနံ ချောင်းဝန်ကြီးဦးစိုရဲ့သမီး၊ မှန်နန်းအပျိုတော် မမခင်ကိုကောက် ပြီး မိဖုရားအရာမြှောက်လို့ ကြေးမြှင် မိဖုရားလို့ ဖြစ်လာတယ်။ သားတော် ပျဉ်းမနား မင်းသားကို မွေးတယ်။ ဒီတော့ မင်းတုန်း မင်းတရားကြီးက သူ့သားတော်ဟာ တွင်းစားရိုး ဖြစ်လာပြီလို့ ထင်နေတယ်။ ဒါပေမယ့် တွင်းစားရိုးမှာ ထဘီစ (မိန်းမမျိုး ရိုး)နဲ့ ပုဆိုးစ (ယောက်ျားမျိုးရိုး)လို့ ရှိတော့၊ ကြေးမြှင်မိဖုရားဟာ ထဘီစဖြစ်လို့ ပျဉ်းမနားမင်းသား တွင်းစားရိုး ဖြစ်မလာ ဘူး။ ဒါ့ကြောင့် မင်းတုန်းမင်းတရားကြီးက ရေနံချောင်းဝန် ကြီးကို သူ့သားတော်အတွက် ရေနံတွင်းတွေ လက်ဖွဲ့ခိုင်း တယ်။ သူကိုယ်တော်တိုင်လည်း “တော်တွင်း” လို့ ခေါ်တဲ့ ရေနံတွင်းအသစ်တွေ ရှာခိုင်းတယ်။ ဒါပေမယ့် ပျဉ်းမနားမင်း သားဟာ “တွင်းရိုး” ဖြစ်မလာဘူး။ “တွင်းစား” ပဲ ဖြစ်လာတယ်”
ဟု ပြောပြပြီး...

“ သူကောင်းရိုးထဲမှာရော ဘုရင်က မိဖုရားမြှောက်တာ ရှိလား”
ဟု မေးခဲ့ပါသည်။

ဦးစိန်ရိုးနှင့်သမီး ဒေါက်တာကြော့ မှူးအောင်တို့က...
“ဆင်ဖြူရှင်မင်းတရားလက်ထက်မှာ တောင်စဉ်ရိုး သူကောင်းဖြစ်တဲ့ တောင်စဉ်မင်းကြီး စက္ကရာဇ် ဦးဖျော်ရဲ့သမီး မဦးလေးကို မိဖုရား မြှောက်တယ်လို့ ကြားရဖူးပါတယ်။ ဒါပေမယ့် ယိုးဒယား(ထိုင်း)ကို သွားတိုက်ပြီး အပြန်မှာ၊ သူကောင်းမ မဦးလေးကို မင်းရာဖူး ဆိုသူနဲ့ ပေးစားပြီး စလင်းကို ပြန်အုပ် ချုပ်ခိုင်းတယ်လို့ ဆိုတယ်။ ရတနာ့ မဥ္စူဘုရားကိုလည်း ကိုးကွယ်ဖို့ ပေးလိုက်သတဲ့”
ဟုပြောပြကြပါသည်။

ပါမောက္ခဒေါက်တာ ကြော့မှူး အောင်က...
“ကျွန်မတို့ ဘေးမ၊ ဘီမကြီးတွေဖြစ်တဲ့ သူကောင်း မကြီးတွေဟာ မိဖုရားနဲ့သမီးတော်တွေသာ ဝတ်ဆင်ရတဲ့ ရွှေချည်ထိုး အစစ် ချိတ်ထဘီတွေကိုတောင် ဘုရင်က ပေးသနားလို့ ဝတ်ခဲ့ရတယ်လို့ ဆိုပါတယ်”
ဟု ဝင်၍ ပြောပြခဲ့ပါသည်။

စာရေးသူ၏သူငယ်ချင်း ပါစီချစ်ဖေ(အငြိမ်းစားသံအမတ်ကြီး ဦးကြာညိုချစ်ဖေ)က လည်း...
“စီးပွားရေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကံဇော်ရဲ့ဘေး သူကောင်းဦးညိုဆိုတာ စလင်းရဲ့ နောက်ဆုံးမြို့သူကြီး လို့ဆိုပါတယ်။ ဗြိတိသျှခေတ်မှာ မြို့သူကြီး အလုပ်က ထွက်ခဲ့ သတဲ့။ ဦးညိုရဲ့ညီ ဦးဖိုးဦးကတော့ ပဲ့နင်းကြီး အဖြစ်နဲ့ မင်းလှခံ တပ်တိုက်ပွဲမှာ ကျသွားတယ်လို့ ကြားဖူးတယ်။ ဦးအန်ထော်နီ နဲ့ မယ်အန်ထော်နီတို့မှာ ဦးအေးနဲ့ဦးပန်ဆိုတဲ့ သား ၂ ယောက်ရှိတယ်။ ဦးအေးက ကိုယ်တို့အဘိုး ဦးကြာစိုးကို မွေးတယ်။ ဦးပန်က၊ သူကောင်းမ ဒေါ်ရေး၊ သူကောင်းမ ဒေါ်ရနဲ့ သူ ကောင်းမ ဒေါ်မဆိုတဲ့ သမီး ၃ ယောက်ကို မွေးတယ်။ ဒေါ်မက၊ ကိုယ့်ရဲ့ဦးလေး ဦးစောမောင်(ပွင့်ဖြူအမတ်)နဲ့ အိမ် ထောင်ကျလို့ ဒေါက်တာကံဇော်ကိုမွေးတာ။ ဒါကြောင့် ဒေါက် တာကံဇော်ဟာ သူ့အမေဘက်က ကိုယ့်ဦးလေးတော်ပြီး သူ့ အဖေဘက်ကတော့ ကိုယ်နဲ့ ဝမ်းကွဲညီအစ်ကိုတော်တယ်”
ဟု ပြောပြပါသည်။

စာရေးသူက ပါတော်မူပြီးတဲ့နောက် နယ်ချဲ့ဗြိတိသျှခေတ်မှာ အင်္ဂလိပ်ကို လက်နက် စွဲကိုင်ပြီး တိုက် ပွဲဝင်ခဲ့သည့် မျိုးချစ်တော်လှန်ရေး သမားတွေထဲမှ ဦးဥတ္တမ ဆိုသူနှင့် ဦးအန်ထော်နီတို့ အကြောင်းကို အနည်းငယ် ကြားဖူးသည်။ ဗြိတိသျှတို့ မန္တလေးမြို့တော်ကို သိမ်းသည့် အခါမှာ ညောင်ပင်ဆိပ် ရွာသား ဦးဥတ္တမ ဆိုသည့် ရဟန်းတော်သည် လူထွက်ပြီး လက်နက် စွဲကိုင်ကာ နယ်ချဲ့အား တော်လှန်ခဲ့သည်။ ဗိုလ်ဥတ္တမဟု ဖြစ်လာ၏။ မျိုးချစ်များစွာတို့လည်း ၎င်းင်း၏ လက်အောက်တွင် စုရုံး ရောက်ရှိလာကြသည်။ ဦးဥတ္တမ တပ်ဖွဲ့များသည် စကုရှိ ဗြိတိသျှ အခြေစိုက် တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စကုကို သိမ်းပိုက်နိုင်ခဲ့သည်။ စလင်းနှင့် ဆင်ဖြူကျွန်းကို တိုက်ခိုက်ပြန်ရာ ဗြိတိသျှ အရာရှိ ကက်ပတိန် ဒန်းစ်ဖို့ဒ်ဆိုသူ ကျဆုံးခဲ့သည်။ ဦးဥတ္တမ၏ အင်အားသည် (၅၀၀၀)ခန့်ပင်ဖြစ်လာရာ ဗြိတိသျှတို့ဘက်မှ စစ်ကူများ ဆင့် ခေါ်ခဲ့ကြရသည်။ ဗြိတိသျှအရာရှိ မေဂျာဒတ်ကင်ဆန် ဆိုသူ လည်း ကျဆုံးခဲ့ရသည်။ စကု၊ စလင်း၊ စေတုတ္တရာ၊ ရွှေပန်း မြိုင်နှင့် မြတ်လေးတောင် တိုက်ပွဲ အားလုံးမှာ သမိုင်းတွင်သော တိုက်ပွဲများဖြစ်၏။

စေတုတ္တရာ တိုက်ပွဲတွင် ကက်ပတိန်ရန် ဒယ်လ်ဆိုသူ ကျဆုံးခဲ့ရပြန်သည်။ ဦးဥတ္တမ၏ နယ်ချဲ့ဆန့်ကျင် ရေးလှုပ်ရှားမှုမှာ ၃ နှစ်ကျော်မျှကြာသည်။ နယ်ချဲ့အား မျက် ဖြူဆိုက်စေခဲ့သော တော်လှန်ရေး အင်အားစုဖြစ်၏။ နောက်ပိုင်း တွင် ဦးဥတ္တမ၏ တပ်ဖွဲ့ဝင်အင်အား နည်းပါးလာသည်။ ထို့ကြောင့် ဗြိတိသျှတို့က ဦးဥတ္တမအားဖိ၍ လိုက်လံ တိုက်ခိုက်သည်။ လယ်ကိုင်း၏ အနောက် တောင်ဘက်ရှိ တောတွင်း၌ ပုန်းအောင်းနေရသည်။

စာရေးသူက ဦးဥတ္တမနှင့် ဦးအန်ထော်နီတို့အကြောင်းကို ဆက်၍မေးသည်။ ဦးစိန်ရိုးက...
“ဒေါက်တာကံဇော်ရဲ့အဘိုး ဦးပန်ဟာ ဦးဥတ္တမရဲ့ဓားကို ရတယ်လို့ဆိုတယ်။ ဦးအန်ထော်နီရဲ့ယောက္ခမ ဦးထွန်းဦးက ဦးဥတ္တမ၊ ပန်းဆေးကန် ဆရာတော်တို့နဲ့ လယ်ကိုင်းမှာ စာသင် ဖက်တဲ့။ ဒါကြောင့် ဦးထွန်းဦးက ဦးဥတ္တမနဲ့ ပန်းဆေးကန် ဆရာတော်တို့ရဲ့ ဆွမ်း၊ ကွမ်းကို ထောက်ပံ့ခဲ့တယ်။ ဦးအန် ထော်နီဟာ နန်းတွင်းကို ရောက်နေပေမယ့် ဦးဥတ္တမနဲ့လည်း အလွန် ခင်တယ်လို့ ဆိုပါတယ်။ ဗြိတိသျှ လက်ထက် ရောက်လာတော့ ဦးထွန်းဦးက ဦးဥတ္တမကို မထောက်ပံ့ရဲတော့ဘူး။ သူ့သားမက် ဦးအန်ထော်နီကိုပဲ ထောက်ပံ့ခိုင်းသတဲ့။ ဦးဥတ္တမ ဟာ ဦးအန်ထော်နီကို ဖမ်းသွားတဲ့ အခါမှာ သတ်ခါနီးကျမှ ဦးအန်ထော်နီက ထွက်ပြေးလာပြီး လယ်ကိုင်းကို ရောက်လာသတဲ့။ အချို့က ဗိုလ်ဥတ္တမကပဲ တစ်ဖက်လှည့်နဲ့ လွှတ်ပေး လိုက်တာလို့လည်း ပြောကြတယ်။

ဗြိတိသျှတပ်တွေရဲ့ လှုပ်ရှားမှုကို ဦးဥတ္တမ ဘက်က အမြဲပဲ ကြိုသိနေပြီး ချုံခိုတိုက်လို့ အင်္ဂလိပ်တွေ အထိနာခဲ့တယ်။ ဒီလို ဦးဥတ္တမတို့ ဘက်က သတင်း ကြိုသိနေတာတွေဟာ ဦးအန်ထော်နီက သတင်းပေး လို့ဆိုပြီး စွပ်စွဲကြတယ်။ ဒါပေမယ့် ဦးဥတ္တမဟာ အခြေအနေ အရ တပ်ပျက်ပြီး မမာတဲ့ အခါမှာ ဦးအန်ထော်နီကပဲ လယ်ကိုင်း အနောက်တောင်ဘက် တောတွင်းမှာ ဝှက်ထားပေးပြီး ဆေးကု ပေးနေတယ်။ ဦးဥတ္တမရဲ့မွေးစားသားကြာညိုဆိုသူကို အင်္ဂလိပ် တွေဖမ်းမိသွားတော့ အဲဒီ မွေးစားသားက သတင်းပေးလို့ ဦးဥတ္တမကိုဖမ်းဖို့ တပ်ချီလာတဲ့အခါမှာ ဦးအန်ထော်နီ ဒုက္ခရောက်တော့မယ်ဆိုတာကို ဦးဥတ္တမကသိလို့ ဦးအန်ထော်နီ ကိုပဲ အဖမ်းခိုင်းပြီး အင်္ဂလိပ် အရေးပိုင်ကို အပ်စေတယ်လို့ ဆိုတယ်။ ဒါပေမယ့် အမျာ းအမြင်မှာတော့ ဦးဥတ္တမကို ဦးအန် ထော်နီက ဖမ်းပေးတယ်လို့ ဖြစ်သွားတာပေါ့။ အင်္ဂလိပ်အရေး ပိုင်ဟာ ဦးဥတ္တမနဲ့ ဦးအန်ထော်နီတို့ဟာ တစ်ဦးချင်း၊ တစ်ယောက်ကို တစ်ယောက် တိုက်ပြီး ဖမ်းပေးတယ်ဆိုတာ ယုံရ ခက်ခက်ပဲလို့ မှတ်ချက်ချသတဲ့။

ဒါပေမယ့် မူလက မြို့သူကြီး ဖြစ်တဲ့ ဦးအန်ထော်နီကို မြို့အုပ်အရာ ပေးပြီး ဆိတ်ဖြူကို ပို့လိုက်ပါတယ်။ စလင်းနယ်မှာ မရှိစေချင်တဲ့ သဘောပေါ့။ ဆိတ်ဖြူ ဆိုတာကလည်း အဲဒီ အချိန်တုန်းက အင်မတန် ငှက်ဖျားစွဲတဲ့ နေရာပါ။ ဦးအန်ထော်နီကို အင်္ဂလိပ်က ဒီလိုလုပ်တာဟာKick Up (ကန်မြှောက်)လုပ်တဲ့ သဘောပေါ့။ ဆိတ်ဖြူမှာ ဦးအန် ထော်နီရော မယ်အန်ထော်နီပါ ၂ ယောက်လုံး ငှက်ဖျားမိလို့ ပြန်လာကြတယ်။ မယ်အန်ထော်နီကတော့ ငှက်ဖျားနဲ့ပဲ ဆုံး သွားရတယ်။ ဦးအန်ထော်နီက ၁၉၁၈ ခုနှစ်ကျမှ ဆုံးတာပါ”
ဟု ရှည်လျားစွာ ပြောပြပါသည်။

ထိုနေ့က သူငယ်ချင်း ပါစီချစ်ဖေနှင့် သူကောင်း ဦးစိန်ရိုး သားအဖနှစ်ယောက်တို့သည် စာရေးသူ၏ အိမ်တွင် အချိန်ကြာ မြင့်စွာ စကားလက်ဆုံ ကျကြပြီးမှ ပြန်သွားကြပါသည်။ သူ ကောင်းဦးစိန်ရိုးနှင့် ဇနီး သူကောင်းမ ဒေါ်လေးလေးတို့၏သမီး ပါမောက္ခ ဒေါက်တာကြော့မှူးအောင်သည်လည်း သူကောင်း မျိုးစစ်စစ်ဖြစ်သည်။ သို့သော် ပါမောက္ခကြီးသည် အပျိုကြီး ဖြစ်၏။ သူငယ်ချင်း ပါစီချစ်ဖေကလည်း အရပ်သူနှင့် အိမ်ထောင်ကျသည်။ ဒေါက်တာကံဇော်ကလည်း အရပ်သူနှင့်ပင် လက်ဆက်ခဲ့သည်။ သူကောင်းမျိုးတို့သည် နှစ်ပရိစ္ဆေဒ ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း မျိုးရိုးတိမ်ကောသွားကြ တော့မည့်အရေး စာရေးသူတွေးလိုက်မိပါသည်။



မောင်သန်းဆွေ၊ထားဝယ်၊

ကိုးကားချက်။ ။
(၁) ဦးမောင်မောင်တင်(၁)- ကုန်းဘောင်ဆက် မြန်မာရာဇဝင် တော်ကြီး”(တတိယတွဲ)၊
(၂) ကြော့မှူးအောင်- ကုန်းဘောင်ခေတ်နောက် စလင်းသူ ကောင်းသမိုင်း (၁၈၁၉-၁၈၈၅)
ရန်ကုန်တက္ကသိုလ်သမိုင်းဌာန၊ မဟာဝိဇ္ဇာဘွဲ့ အတွက် ထက်ဝက်ကျန်ရှိသည့် တာဝန်ကို ဖြည့်စွမ်းရန် ၁၉၉၂၊ မေလ တွင်တင်သွင်းသည့်ကျမ်း။
(၃) မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၈၈၅-၁၈၉၅) အပိုင်း-၁၊ မြန်မာ့ တိုင်းရင်းသားတို့၏ လက်နက်စွဲကိုင်တော် လှန်ရေး
(၄) ဒေါ်အုန်းကြည်(ကထိက၊ သမိုင်းဌာန၊ မကွေးဒီဂရီကော လိပ်)- စလင်းသူကောင်းသမိုင်းအကျဉ်း

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်