သူတော်ကောင်းဦးကြာစိုးနှင့် နန်းစဉ်မိဖုရား


 မောင်သန်းဆွေ (ထားဝယ်)


မြန်မာပြည်တွင် အမျိုးအနွယ်ကို စောင့်ထိန်းကြသော မျိုးနွယ်စုများထဲ၌ မြန်မာစစ်စစ်ဖြစ်ပြီး ရှေးကတည်းက ယနေ့တိုင်ရှိကြသေးသော မျိုးနွယ်စုကြီး ၂ စုမှာ ချောက်၊ ရေနံချောင်းဘက်မှ “တွင်းရိုး၊ တွင်းစား”မျိုးများနှင့် မင်းဘူး၊ စလင်းဘက်မှ “သူကောင်း”မျိုးများ ဖြစ်ပါသည်။

ဤမျိုးနွယ်စုကြီးတို့သည် ၎င်းတို့မျိုးနွယ်အချင်းချင်းသာ ပြန်လက်ဆက်ကြပြီး၊ အမျိုးအနွယ်ကို အလွန်စောင့်ထိန်းခဲ့သောကြောင့် ယခုအခါ ဦးရေအားဖြင့် အလွန်နည်းသွားပြီ ဖြစ်သည်။ တွင်းရိုးတွင်းစားများ ပေါ်ပေါက်လာပုံသမိုင်းကိုကြည့်လျှင် ပုဂံခေတ်မှ စသည်ကိုတွေ့ရသည်။ သက္ကရာဇ် ၂၃၈ ခုနှစ်တွင်ပုဂံ၌ တန်နက်မင်းကြီးကို စလေငခွေးကလုပ်ကြံသည်။

တန်နက်မင်းကြီး၏ဖိဖုရားကြီးသည် ဆွေတော်မျိုးတော် နောက်လိုက်နောက်ပါများနှင့် ပုဂံမှတိမ်းရှောင်ခဲ့ရာ ယခု ကမ္မရွာခေါ် သောအရပ်သို့ရောက်သည်။ ဆွေတော်မျိုးတော်အချို့သည် ထိုအရပ်တွင်ပင် နေထိုင်ခဲ့ကြသည်။ အခြား ၁၂ ဦးသော အိမ်ထောင်စုံ ဆွေတော်မျိုးတော်များမှာ ဆိပ်သာကွန်းထောက် အရပ်သို့ သွားရောက်နေထိုင်ကြသည်။ မိဖုရားကြီးကမူ ကျောင်းဖြူအရပ်တွင် နေသည်ဟုဆိုသည်။ ဆိပ်သာကွန်းထောက်တွင် နေကြသော ၁၂ ဦးသည် တောလည်ထွက်ကြရာ ပျားကြီးတောင်ပို့အရပ်တွင် နံ့သာမြေဆီပေါ်ထွက်နေသည်ကို တွေ့ကြ၏။

မြို့သူကြီးထံတွင် ရေနံ့သာထွက်ရာ ဒေသအတွက် မြေတိုင်းစာခံယူကြ၍ နယ်နိမိတ် ၄ ရပ်သတ်မှတ်ကာအရှေ့ တောင်ခမောက်၊ အနောက် ပျားကြီးတောင်၊ တောင် ယောက်သွားတောင်(နောင်အခါမင်းလင့်တောင်)၊ မြောက်ကျောက်မဆင်ရပ်တို့အတွင်း၌ အခြေချသည်။ ၎င်း၁၂ဦးသော အိမ်ထောင်စုံအနွယ်တော်တို့သည် ထိုစဉ်ကတည်းကစပြီး နံ့သာမြေဆီကိုရောင်းချလျက် အသက်မွေးဝမ်းကျောင်း ပြုလာကြသည်။


အနော်ရထာမင်းလက်ထက် ရောက်သောအခါ ပိဋကတ်တော်ပေစာများ ပိုးမွှားဘေးမှကာကွယ်ရန်၊ အဆောက်အအုံများ ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် နံ့သာဆီ(ရေနံဆီ)များ သုတ်လိမ်းထားလျှင် ကောင်းမည်ဟု အကြံပေါ်၍ မူးမတ်တို့ ဆိပ်သာကွန်းထောက်အရပ်သို့ စုံစမ်းရှာဖွေရာ ထိုဒေသကို နယ်လေးရပ်သတ်မှတ်ပြီး နံ့သာမြေဆီ ရောင်းချစားသောက်နေသော အိမ်ထောင်စုံ ၁၂ ဦး(၎င်းတို့ကို တွင်းရိုး ဟုခေါ်သည်။) နောက်တိုးအိမ် ထောင်စုံ ၁၂ ဦး ပေါင်း ၂၄ ဦးရှိနေကြောင်း တွေ့ရသည်။ ၁၄ ဦးသော တွင်းစားများသည်လည်း ထိုအခါကပင် စတင်ပေါ်ပေါက်လာသည်ဟု မှတ်ယူကြသည်။

မူးမတ်တို့သည် တွင်းရိုးတွင်းစားများ၏ အိမ်ထောင်စုံစစ်တမ်းနှင့်တကွ၊ နံ့သာမြေဆီ (ရေနံဆီ)ကိုပါ ဆက်သွင်းရမည်ဟု အမိန့်ပေးပြီး ပုဂံသို့ ပြန်လာကြသည်။ မူလတွင်းစားရိုး ၁၂ ဦးအနက် အကြီးအကဲဖြစ်သူကို နေမျိုးသမန္တရာဇာဘွဲ့နှင့် တွင်းသူကြီး(ဝါ)တွင်းမင်းကြီးရာထူး အပ်နှင်းသည်။ အခြားအကြီးအကဲ ၂ ဦးအားလည်း တွင်းခေါင်းရိုးနှင့် တွင်းဆော်ရိုးဟုခန့်ထားသည်။ ကျန် ၂၁ ဦးသောအိမ်ထောင်စုံတို့ကို တွင်းစားရိုး ဟုခေါ်တွင်စေပြီး နောက်ဆက်ပွားအိမ်ထောင်စုံ ၁၄ ဦးတို့ကို တွင်းစားဟုခေါ် တွင်စေသည်။ ထိုစဉ်မှစပြီး တွင်းရိုး၊ တွင်းစားများပေါ်ပေါက်ခဲ့သည်ဟု အဆို ရှိသည်။

မူလတွင်းစားရိုး ၂၄ ဦးတွင် ယောက်ျား ၁၈ ဦးနှင့် မိန်းမ ၆ ဦးရှိရာ ယောက်ျား ၁၈ ဦးမှဆင်းသက်သူတွင်း စားရိုးတို့ကို “ပုဆိုးစ”ဟုခေါ်၍ မိန်းမ ၆ ဦးမှဆင်းသက်သူတို့ကို “ထဘီစ” ဟု ခေါ်တွင်လေသည်။ တွင်းရိုး၊ တွင်းစားတို့၏အကြောင်း ကို အကျဉ်းမျှဖော်ပြပြီးနောက် ဤ ဆောင်းပါးနှင့်ဆိုင်သော သူကောင်းဦးကြာစိုး ဆိုသူနှင့်ပတ်သက်၍ သူကောင်းမျိုးများ အကြောင်းကို ဖော်ပြရပေမည်။ မင်းဘူး ခရိုင်မြောက်ပိုင်းရှိစလင်းမြို့ကို လက်မွန် မဆွ တည်ထောင်ခဲ့သူများဖြစ်သည်ဟု ဆိုသည်။ သရေခေတ္တရာ၊ ရာဇဝင်တွင် မဟာသမ္ဘ၀၊ စူဠာသမ္ဘဝတည်းသူသော မျက်မမြင်ညီနောင်တို့အား ဘီလူးမက မျက်စိ စကုပေးသောနေရာကို “စကု”ဟု ခေါ်၍ မျက်စိ စတင်မြင်ရသောနေရာ ကို “စလင်း”ဟု ခေါ်ကြောင်း ပါးစပ် ရာဇဝင်အဖြစ်ဖြင့် ရှိခဲ့သည်။

နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော စလင်းဆရာတော် ဘုရားကြီးက- “သူကောင်းတွေဟာ ပုဂံကပြေး လာပြီး သမင်ကိုစားနေတဲ့ကျားနဲ့ ရင်ဆိုင်တွေ့သတဲ့။ ကျားကလူ တွေကိုတွေ့တော့ သမင်စားနေတာ ဆိုင်းငံ့သွားပြီး ထွက်ပြေး သွားပါ ရော။ ပြေးလာတဲ့ လူတွေဟာ ဒီနေရာကို အတိတ်ကောင်း၊ နိမိတ်ကောင်းကောက်ပြီး ကျား စားနေတာ လင့်သွားတဲ့အတွက် ဒီနေရာကို စားလင့်လို့ခေါ်ရာက စလင်းလို့ဖြစ်ပေါ်လာတာ။ သူတို့ လည်း ဒီမှာပဲ အခြေချလိုက် သတဲ့”
ဟု မိန့်တော်မူဖူးသည်ကို မှတ် သားရဖူးပါသည်။

စာရေးသူ၏ ဖခင်သည် မင်းဘူး၌ ခရိုင်ရဲဝန်အဖြစ် တာဝန်ထမ်းဆောင်ဖူး သည်။ စာရေးသူ ၁၃၊ ၁၄ နှစ်သား အရွယ်က ဖြစ်၏။ မင်းဘူး၌နေစဉ် စလင်းဘက်မှသူကောင်းမျိုးများကို စ၍ တွေ့ဖူးမြင်ဖူးပါသည်။ ရှေးမြန်မာကြီး စစ်စစ်ကြီးများပင်ဖြစ်သည်။ သူတို့၏ သာရေး၊ နာရေးတို့ကိုလည်း မြင်ရ၊ တွေ့ရသည်။ လူကြီးများထံမှ သိရ၊ ကြားရဖူးသည်မှာ သူကောင်းမျိုး ၄ မျိုး ရှိကြောင်း၊ တောင်သူကောင်း၊ မြောက် သူကောင်း၊ အရှေ့သူကောင်းနှင့် အနောက်သူကောင်းတို့ဖြစ်ပြီး တောင်သူ ကောင်းသည် မြောက်သူကောင်းထက် မြင့်သည်။ မြောက်သူကောင်းသည် အရှေ့သူကောင်းထက်မြင့်သည်။ အရှေ့ သူကောင်းသည် အနောက်သူကောင်း ထက်မြင့်သည်။ တောင်သူကောင်းမျိုးရိုး သည် အမြင့်မြတ်ဆုံး၊ အချမ်းသာဆုံးဖြစ် ၍ မြောက်သူကောင်းမျိုးများတွင် ပညာ တတ်ပေါသည်ဟုဆိုပါသည်။ သူ ကောင်း ၄ မျိုးစလုံးပင် ချမ်းသာသူပေါ သည်။ သူတို့အချင်းချင်းသာလက်ဆက် ကြသည်ဟုဆိုပါသည်။ ထိုသို့ကြားရ၍ စာရေးသူသည် သူကောင်းမျိုးများကို အလွန်စိတ်ဝင်စားခဲ့ပါသည်။

သမိုင်းသုတေသနဌာနမှ ဒေါက် တာခင်လှဟန်က စာရေးသူစိတ်ဝင်စား သည့်သူကောင်းမျိုးများအကြောင်းစာ တမ်းကို ရှာလာပေးသည်။ မကွေးဒီဂရီ ကောလိပ်မှ သမိုင်းဌာနကထိက ဒေါ်အုန်းကြည်ရေးသားသော စလင်းသူ ကောင်းသမိုင်း(အကျဉ်း) ၂၈ မျက်နှာခန့် ရှိသည့်စာတမ်းဖြစ်သည်။ ဒေါ်အုန်း ကြည်အလိုအရ စလင်းမြို့ကို မဟာပုံဆို သူက စားလင်းဟူသော အမည်ဖြင့် စတင်တည်ထောင်ကြောင်း၊ အမတ် မဟာပုံ၏ အဆက်အနွယ်များသည် မဟာပုံဘွဲ့ကိုယူ၍ စလင်းမြို့တွင်ဆက်ခံ အုပ်ချုပ်သဖြင့် မဟာပုံဟူသည့် စလင်း သူကြီးရိုး စတင်သည်ဟု အစဉ်အလာ ပြောမြဲရှိကြောင်း၊ အလောင်းစည်သူမင်း (အေဒီ ၁၁၁၂-၆၇) လက်ထက်တွင် ကြွက်တက်မြောက်ရွာ၊ ရေငံရွာ၊ လက် ပွေ့ဆိုင်ရွာတို့မှ သူကြီး ၃ ဦးတို့သည် စလင်းသူကြီးမဟာပုံနှင့်ပူးပေါင်း၍ စလင်းမြို့ကို တိုးချဲ့တည်ထောင်လျက် သူကြီး ၄ ဦး ပူးပေါင်းအုပ်ချုပ်ခဲ့ကြ ကြောင်း၊ နရပတိစည်သူမင်းလက် ထက်တွင် အထက်ပါသူကြီး ၄ ဦးအား “ပြည်စိုး”ဟူသောဘွဲ့ကို ချီးမြှင့်သူ ကောင်းပြုရာမှ သူကောင်းမျိုးအဆက် အနွယ်များ ပေါ်ပေါက်လာလျက် ထို အဆက်အနွယ်များသည် မြို့သူကြီးများ အဖြစ် စလင်းမြို့တွင် သီပေါမင်းပါ တော်မူသည်အထိ အစဉ်အဆက်အုပ်ချုပ် ကြကြောင်း သိရပါသည်။

မှတ်ချက်။ ။“စာရေးဆရာမကြီးဒဂုန် ခင်ခင်လေးက ပုပ္ပားနယ်တစ်ဝိုက်မှာ မြို့သူကြီးများကို “ပြည်စိုး”ဟုခေါ် ကြောင်း၊ ကျောက်ပန်းတောင်းနယ်တစ် ဝိုက်မှာမူ “မြို့ကိုင်”ဟုခေါ်ကြောင်း၊ နောက်မှ မြို့သူကြီးဟုခေါ်ခဲ့ကြောင်း ပြောပြဖူးပါသည်။ ပြည်စိုး ၄ ဦးမှဆင်းသက်သည့် သူကြီးရိုး ၄ ရိုး၏အဆက်အနွယ်များစာ ရင်းကိုလည်း တွေ့ရပါသည်။ စလင်း မြို့သူကြီးမဟာပုံသည် “ပြည်စိုး အောင်သမင်္ဂလာ”ဟူသောဘွဲ့ဖြင့် ချီးမြှင့် ခံရပြီး စလင်းမြို့နယ်ဝန်းကျင်တွင် ဆည်မြောင်းလယ်ပယ်အခွန်တော်ကိစ္စ တို့ကို ဆောင်ရွက်ရသည်။ ပြည်စိုး အောင်သမင်္ဂလာမှမဟာဇေယျဘဒ္ဒရာဇာ ဘွဲ့ခံသူကြီးများ ဆင့်ပွားလာသည်။ ၎င်းတို့မှာ ဦးတော်ဦး၊ ဦးတုတ်ကျော်၊ ဦးပန်းခိုင်၊ ဦးရွှေဆိုင်၊ ဦးတော၊ ဦးသာ ဒွန်းအောင်နှင့် ဦးကြီးတို့ဖြစ်သည်။

နောက်ဆက်ကာဆက်ကာ သမန္တရာဇ်မှ မင်းစက္ကရာဇ်ဘွဲ့ခံပြည်စိုးများ၊ သီဟ ဝဍဏရာဇသူဘွဲ့၊ မဟာသမန်းဘွဲ့၊ သူရဲကောင်းဘယကျော်သူဘွဲ့၊ ဒေဝတ္တ နာဘွဲ့တို့ကို အပ်နှင်းခြင်းခံရသည့် ပြည်စိုး(သူကြီး)များပေါ်ပေါက်လာ သည်။ မူလသူကြီး ၄ ရိုးမှ သူကောင်း မျိုးများ ဆက်လက်ပြီး စလင်းနယ် တစ်ဝိုက်တွင် အခြေစိုက်နေထိုင်ကြ သည်။ သက္ကရာဇ် ၁၄၉၂ တွင်စလင်းမြို့ ကိုအုပ်ချုပ်ရာ၌ တောင်ပြည်စိုး၊ မြောက်ပြည်စိုးဟု တိုးချဲ့ခန့်ထားသည်။ ယင်းတို့မှ ဆင်းသက်သူများကို တောင် လက်၊ မြောက်လက် ဟုခေါ်သည်။ သူကောင်းမျိုးများသည် နိုင်ငံရေးအရ လည်းကောင်း၊ စီးပွားရေးအရလည်း ကောင်း၊ လူမှုရေးအရလည်းကောင်း ထိပ်တန်းမှ ပါဝင်လျက် စလင်းနယ် တစ်ဝိုက်တွင် အရေးပါဆုံး လူတန်းစား တစ်ရပ်ဖြစ်လာသည်။

စလင်းမှသူကောင်းတို့သည် ဓန အင်အားနှင့်ပြည့်စုံရာ လူကိုလည်းကောင်း၊ လယ်မြေကိုလည်းကောင်း အပေါင်ခံ စားကြသည်။ သူကောင်းတစ်ဦးသည် လယ်မြေဧကတစ်သိန်းမျှပင် ပိုင်ဆိုင် ကြောင်းနှင့် လူပေါင်ခံ၍ ဆုံးသဖြင့် ကျွန်ခံရသူကျွန်ပေါင်း ၁၅၀ ခန့်ပင် ပိုင်ဆိုင်ကြောင်း ၎င်းတို့မှတ်တမ်းပုရ ပိုက်များတွင် တွေ့ရသည်။ ဓနအင်အား ကောင်းလာသည်နှင့်အမျှ အခြွေအရံ၊ ကျေးကျွန်လည်း ပေါများလာသည်။ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း စသည့် ကောင်းမှုများကိုလည်း ရက် ရက်ရောရောပြုလာကြသည်။ စလင်း မြို့ရှိ ဆုတောင်းပြည့်ဘုရား၊ ထီးကြီးဘု ရား၊ ရတနာမာရ်အောင်ဘုရား၊ ရန် အောင်ဘုရား စသည်တို့သည် သူ ကောင်းများတည်သော ဘုရားများဖြစ် သည်။

ဘုန်းတော်ကြီးကျောင်းများ လည်းတည်၍လှူဒါန်းကာ ဘုရား ဒကာ၊ ကျောင်းဒကာဘွဲ့ခံကြသည်။ မြို့ သူကြီးအာဏာလည်းရှိကြလေရာ နယ် စား၊ ပယ်စားသဖွယ်ဖြစ်လာကြသည်။ ထို့ကြောင့် သူတို့၏ထိမ်းမြားမင်္ဂလာ အခမ်းအနား၊ အသုဘအခမ်းအနားများ ကို မင်းဆွေမင်းမျိုးများသဖွယ် ကြီးကြီး ကျယ်ကျယ် ကျင်းပကြသည်။ သူ ကောင်းတစ်ဦးကွယ်လွန်လျှင် ပင့်သံဃာ အပါးရာချီ၍ပင့်သည်လည်းရှိ၏။ ငွေ ပဒေသာပင်များအပြင် ပစ္စည်းပဒေသာ ဆန်တစ်အိတ်၊ ကော်ဇော၊ သင်္ကန်း၊ သပိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပဝါ၊ သင်ဖြူးနှင့် သားရေသေတ္တာများကို ဘုန်းတော်ကြီးတစ်ပါးစီ လှူဒါန်းသည် အထိ ကြီးကျယ်ခမ်းနားလာသည်။

စာရေးသူမြင်ဖူးသော စလင်းမှသူ ကောင်းတစ်ဦး၏အသုဘအခမ်းအနား တွင် ဆင်နှစ်ကောင်ပေါ်တွင် ပိဋကတ် သုံးပုံတင်၍ အသုဘရှေ့မှသွားပြီး ရှေ့ ဆိုင်း၊ ရွှေမြူတာ၊ ငွေမြူတာ၊ ရွှေပခြုပ်၊ ငွေပခြုပ်၊ ရွှေထမင်းအိုး၊ ငွေထမင်းအိုး၊ ရွှေညောင်ရေအိုး၊ ငွေညောင်ရေအိုး၊ ရွှေ ဖိတုံး၊ ငွေဖိတုံး၊ ဆင်ပေါက်တစ်ကောင်၊ ဆင်မတစ်ကောင်၊ ပြဒန်၊ ကုဗ္ဘီးစင် (သေသူအတွက် အစားအသောက်များ)၊ ဖိုတစ်၊ ဖိုနှစ်စသည်တို့ဖြင့်လည်းကောင်း၊ မီးသတ်အိုး၊ အရိုးကောက်၊ ကိုရင် တစ်ပါး(စဏ္ဍာလကို သင်္ကန်းဝတ်၍ လိုက်စေသည်။)၊ ပေါင်းစည် ၄ လုံး၊ စွန့်ကြဲရန်အဝတ်အထည်များ၊ စပါး လှည်း ၃ စီး၊ မြင်း(ယောက်ျားဖြစ်က မြင်း၊ မိန်းမဖြစ်က လှည်း)၊ ကန်တော့ပွဲ၊ ထီး၊ ကျိုင်း၊ သိုင်း၊ စာအုပ်၊ ရေ တကောင်း၊ ဆေးလိပ်သေတ္တာ၊ လက် ဖက်အုပ်၊ ကွမ်းအစ်၊ ထွေးခံ၊ အဝတ် အထည်၊ ဖိနပ်၊ ယောက်ျား ၁ (ယောက်ျားတစ်ဦးအား လွတ်လပ်ခွင့် ပေးသည်။)၊ မိန်းမ စဏ္ဍာလ(သီလရှင် ဝတ်၍လိုက်စေသည်။) စသည့်္ အခမ်း အနားနောက်မှ ရွှေထီးများမိုးထားသည့် အလောင်းစင်၊ ၎င်းနောက်မှ ဆိုင်းဖြင့်ချ ဆောင်သွားသည်ကို တွေ့မြင်ခဲ့ရဖူးသည်။

ပြာသာဒ်အလောင်းစင်ကိုထမ်းရန် လူ တစ်ထောင်ခန့်လိုက်ရ၍ နေအိမ်မှ သချုႋင်းသို့ အလှည့်ကျထမ်းကြရသည်။ အသုဘပို့ရာတွင် သူကောင်းများထဲမှ အသက်အကြီးဆုံးက ရှေ့ဆုံးမှလိုက်ပါရ ပြီး၊ နောက်မှ ကြီးစဉ်ငယ်လိုက်ပို့ဆောင် ရသည်။ ဗြိတိသျှအစိုးရလက်ထက်တွင် စစ်သားများက စစ်တီးဝိုင်းဖြင့်လည်း ကောင်း၊ သေနတ်ဖောက်၍လည်းကောင်း ကူညီသည်ဟုဆိုပါသည်။ သချုႋင်းတွင် အဝတ်အထည်များကိုလည်း စွန့်ကြဲ သေးသည်ဟုဆိုသည်။ ယောက်ျား သေဆုံးလျှင် တိုက်ပုံအင်္ကျီ ၁၅ ထည်၊ မိန်းမ သေဆုံးလျင် မိန်းမ အင်္ကျီ ၂၀ ခန့်၊ လုံကွင်းအဖြူ ၁၅ ထည်၊ ကိုက် ၃၀ ခန့်၊ အနီဆိုးထည် ၅၇ ကိုက်မျှ စွန့်ကြဲကြသည်ဟု ဆိုပါသည်။

ပဒေသရာဇ်ခေတ်တွင် လူတန်းစား အလိုက်၊ ရာထူးအဆင့်အတန်း အလိုက် ဘုရင်က သတ်မှတ်ပေးထားပေရာ မည်သူမှ မိမိအား ခွင့်ပြုထားသည် ထက် ကျော်လွန်၍ မလုပ်ရဲပေ။ ဘုရင် မရှိသည့်နောက်ပိုင်းတွင် အင်အား ရှိသမျှ ချဲ့ထွင်လာကြသည်။ သူကောင်း တို့သည် ခမ်းနားထည်ဝါစွာနေထိုင်၍ ကွယ်လွန်သည့်အခါတွင်လည်း မင်းဆွေ မင်းမျိုးများကဲ့သို့သင်္ဂြိုဟ်နိုင်ကြသည် မှာ ဓနအင်အားကောင်း၍လည်းကောင်း၊ မင်းက သူကောင်းပြုထား၍လည်းကောင်း ဖြစ်နိုင်ပါသည်။ သူကောင်းမျိုးများတွင် ဝါစဉ်အလိုက်ကြီးသူကို ငယ်သူက ဘုရားထူးရသည်။ ကျေးကျွန်များက လည်း ဘုရားထူးရ၏။

ဤဆောင်းပါးမှ သူကောင်းဦး ကြာစိုးနှင့်ပတ်သက်၍ သူကောင်းမျိုး နွယ်တို့၏ ကြီးကျယ်ခမ်းနားပုံ အကြောင်းကိုရေးရင်းဖြင့် ဆောင်းပါး ရှည်သွားပြီ။ ယခုမှ သူကောင်းဦးကြာ စိုးနှင့် သူရေးခဲ့သည့် “နန်းစဉ်မိဖုရား” အကြောင်းကို ဖော်ပြရပေမည်။ ဦးကြာ စိုးသည် အထက်၌ရေးခဲ့သည့်အတိုင်း ကြီးကျယ်ခမ်းနားလှသည့်သူကောင်းမျိုး နွယ်မှဆင်းသက်လာသော သူကောင်း တစ်ဦးဖြစ်သည်။

မှတ်ချက်။ ။ [တွင်းရိုး၊ တွင်းစားများ သည် သူတို့၏အမည်ရှေ့၌ တွင်းရိုး၊ တွင်းစားဘွဲ့တပ်၍ခေါ်သကဲ့သို့ သူ ကောင်းမျိုးများသည်လည်း သူကောင်း ဘွဲ့တပ်၍ခေါ်ကြသည်။ ဥပမာ-တွင်း ရိုးဦးကျော်ခေါင်၊ တွင်းစားဦးဘ၊ သူ ကောင်းဦးကြာစိုး]

ဦးကြာစိုးသည် သူကောင်း၊ ခေတ် ပညာတတ်တစ်ယောက်ဖြစ်၏။ နှုတ် ခမ်းမွေးထူထူ၊ မျက်နှာ လေးထောင့် မကျတကျ၊ အရပ်အမောင်း ၅ ပေခွဲမျှ နှင့် တောင့်တင်းကြံ့ခိုင်သောကိုယ်ဟန်ရှိ သည်ဟု ဆိုပါသည်။ သူသည် ၁၉၁၈ ခုနှစ်တွင် မင်းဘူးမြို့၊ အစိုးရအလယ် တန်းကျောင်းမှ အိပ်ခ်ျအက်စ်အက်ဖ် အောင်မြင်ကာ ၁၉၁၉ ခုနှစ်မှစ၍ အကူ စာရေး၊ အမှုတွဲထိန်း၊ တောလိုက်စာရေး၊ စက်ရှင်တရားမတရားသူကြီးရုံး၊ ဒုတိယ စာရေးစသည်ဖြင့် အဆင့်ဆင့်ပြောင်းလွဲ တာဝန်ထမ်းဆောင်ပြီးနောက် မုံရွာ၊ မင်းခင်းတို့တွင် မြို့အုပ်တာဝန်ထမ်း ဆောင်ခဲ့၏။

ထို့နောက်အရာတော်မြို့နယ် တွင် ၄ လမျှ တာဝန်ထမ်းဆောင် ပြီးနောက် တမူးမြို့သို့ မြို့ပိုင်အဖြစ် ပြောင်းရွှေ့ရပြန်သည်။ ထိုခေတ်ထို အချိန်က စစ်ကိုင်းတိုင်းတွင်တာဝန်ကျ သောမြို့အုပ်များအနက် အထက်အရာရှိ များနှစ်သက်သူများအား တမူးသို့ပို့လေ့ ရှိသည်ဆို၏။ ဤဆောင်းပါးတွင်ဖော်ပြ မည့် နန်းစဉ်မိဖုရားမှာ တမူးမြို့နယ်မှ ဖြစ်သည်။ ၁၉၂၄-၂၅ ခုနှစ်ဝန်းကျင် လောက်ကဖြစ်ပုံရသည်။ ဦးကြာစိုး တမူးသို့ပြောင်းရစဉ်က လမ်းပန်းဆက် သွယ်ရေး အလွန်ခက်ခဲပေသည်။

တမူးမြို့သို့ရောက်ရန် လမ်းနှစ် သွယ်ရှိ၏။ ပထမလမ်းမှာ ယူးမြစ်ကို ဆန်တက်သောလမ်းဖြစ်၍ ငမိုးခေါ် ရှင်းကြီးရေတံခွန်ကိုဖြတ်သန်းသွားရ၏။ ဒုတိယလမ်းမှာ စစ်သောင်သင်္ဘောဆိပ် ရွာသို့သွားပြီးမှ အစိုးရဖောက်လုပ်ထား သော ၆ ပေလမ်းဖြင့် ခြေလျင်ခရီးဆက် ရသည်။ စစ်သောင်ရွာသည် သောင်ထွတ်မြို့နှင့်မလှမ်းမကမ်းရှိ တောင် တန်းတောင်စွယ်တို့၏မြစ်ကမ်းနဖူးတွင် တည်ရှိပြီး ကသည်း၊ ဂေါ်ရခါး၊ ချင်း နှင့် ရှမ်း-မြန်မာများနေထိုင်ကြသည်။ တောင်ယာလုပ်သူအနည်းငယ်မျှနှင့် တမူးသွားခရီးသည်များလိုက်လံပို့ ဆောင်ပေးသောအလုပ်၊ လမ်းပြင်သော အလုပ် စသည်တို့ဖြင့်သာ အသက်မွေး ကြ၏။

ဦးကြာစိုးသည် သင်္ဘောဖြင့် ၃ ရက်လာပြီးမှ စစ်သောင်ရွာသို့ဆိုက် ရောက်လာ၏။ကူလီခေါင်းမောင်သာဘ အိမ်တွင်တစ်ညအိပ်ပြီးနောက် ခရီးဆက် ခဲ့သည်။ သင့်ရုံသာယူဆောင်လာသော ပစ္စည်းများကို မြင်းပေါ်တင်၍ကိုရွှေလုံး၊ မောင်သာဒင်နှင့် ဦးဖိုးသာ ကြီးတို့က ခြေလျင်လိုက်ကြသည်။ ဦးကြာစိုးတစ် ယောက်သာ အုန်းခွံရောင်မြင်းပုကလေး ကို စီးရပါသည်။ လမ်းခရီးတွင် ဂန္ဓမာ ချောင်းကိုဖြတ်ရသည်။ ၁၂ မိုင်မျှခရီး ပေါက်ပြီး မွန်းလွဲ ၂ နာရီ ခန့်တွင် ပြင်ပုံ ဗိုလ်တဲ(တည်းခိုရိပ်သာ)ရှိ ရာတောင် ထိပ်သို့ရောက်ကြသည်။ ထိုဗိုလ်တဲတွင် တစ်ညအိပ်ပြီးနောက် မတ်စောက်သော တောင် ကမ်းပါးယံလမ်းအတိုင်း ခရီး ဆက်ကြရာ ထူးဆန်းသော သစ်ပင် ၂ ပင် ကိုမြင်ကြရသည်။ ထို သစ်ပင် ၂ ပင်သည်လေမလာဘဲလျက် တစ်ပင်နှင့် တစ်ပင်တွန်းတိုးဆွဲယမ်း၍ မြွေနှစ် ကောင်လိမ်ယှက်ဘိသို့ လှုပ်ရှားနေ၏။ မြင်ရသူတိုင်း တအံ့တဩဖြစ်ကြရ သည်။ မှတ်တမ်းရှင်ဦးကြာစိုးကမူ “ဂမုန်းကမြင်းပင်များ”ဖြစ်တန်ရာသည်ဟု ထင်မြင်ချက်ပေးထားပါသည်။

ဖြတ်သန်းခဲ့ရသောဂန္ဓမာချောင်း ကြီးကိုပင် ထပ်မံတွေ့ရှိရပြန်ကာ မွန်း တည့်ခါနီးတွင် ကျောက်စေတီဗိုလ်တဲသို့ ရောက်ကြသည်။ ကျောက်စေတီမှာ ဗုဒ္ဓ ဘာသာဝင်အရာရှိတစ်ဦးတည်ထားခဲ့ သောစေတီဖြစ်၏။ ဦးကြာစိုးတို့အဖွဲ့ သည် စေတီတော်ကို ဆွမ်းကပ်ပူဇော် ကြသည်။ ထိုမှခရီးဆက်၍ အနောက် ဘက်သို့လာပြီးလျှင် ၁၂ မိုင်ခန့်အကွာ၌ ယူးမြစ်သို့ရောက်ကြ၏။ မြစ်အနောက် ဘက်ကမ်းတွင် ရေနန်းရွာတည်ရှိသည်။ ရှမ်းနှင့်မြန်မာများနေထိုင်ကြသည်။ တမူးမြစ်နှင့်ကား တစ်မိုင်မျှသာဝေး တော့သည်။ သူတို့အဖွဲ့သည် တမူးမြို့ သို့ နေဝင်ခါနီးတွင်မှဆိုက်ရောက်သည်။ ရုံးတစ်ပိုင်း၊ ဗိုလ်တဲတစ်ပိုင်းပြုလုပ်ထား သောအဆောက်အအုံတွင် အိပ်စက်ကြရ သည်။ တမူးမြို့သည် တောင်များကာရံ ထားသည့်အလယ်တွင်ရှိသည်။

မဏိပူရ ပြည်ခေါ် ကသည်းပြည်နယ်ကြားတွင် တည်ရှိပါသည်။ မြို့၏မြောက်ဘက် ၂ ဖာလုံခန့်တွင် တောင်နှစ်လုံးကြားမှစီး ဆင်းလာသောရေများကို တမံတုတ် ထားသည်။ တောင်ဘေးများတွင်ကား အရေးရှိလျှင် ဖောက်ခွဲပစ်နိုင်ရန် ဒိုင်းန မိုက်များမြှုပ်နှံထားသည်ဆို၏။ ထို ချောင်း၏တစ်ဖက်ကမ်းသို့ကူးနိုင်ရန် လက်ကောက်ဝတ်ခန့်တုတ်သောကောင်း ကင်ကြိုးတပ်ဆင်ထားရှိသည်။ လူ ၂၅ ယောက်ပြည့်တိုင်း တစ်ကြိမ်ကူးပို့ပေး လေ့ရှိသည်။

တမူးမြို့၏အနောက်မှအရှေ့သို့ ဦး တည်ကာ မြို့၏သုံးပုံတစ်ပုံကိုဖြတ်၍ စီးဆင်းသောချောင်းရှိရာ ရေအားသုံး သောရေမောင်းများဖြင့် ချောင်းတစ် လျှောက် စည်ကားလှသည်။ ထိုရေ မောင်းများဖြင့် စပါးထောင်း၊ ဆန်ဖွပ် လုပ်ကြသည်။ မြို့၏မြောက်ဘက်တွင် သီရိဟေမာဟုခေါ်သော ကသည်းရွာ တစ်ရွာရှိသည်။ စိုက်ပျိုးရေးလုပ်ကြ၏။ ရွာအကြီးအကဲများမှာ တွန်မှီနှင့် တွန် စနောတို့ဖြစ်သည်။ တွန်စနောမှာ မဏိ ပူရစော်ဘွား၏အနွယ်တော်ဟုဆိုသည်။ တမူးမြို့တွင် ရှမ်း-မြန်မာအများဆုံးနေ ထိုင်သည်။ မြို့သူကြီးမှာ ဇာတ်မင်းသား မျှချောမောလှ၍ ဆံပင်လည်း ကောင်း ကောင်း၊ အရပ်အမောင်းလည်းပြေပြစ် လှသည်ဆို၏။ ဇနီး ၄ ယောက်ရှိသည်။

ထိုအရပ်တွင် အပေါက်နှိုက်ဓလေ့ ရှိသည်ဟု ဦးကြာစိုးက သူ၏မှတ် တမ်း၌ ဖော်ပြထားပါသည်။
“အပေါက်နှိုက်ဆိုသည်မှာ မိန်းမ ပျိုရှိသောအိမ်တို့၌ မိန်းမပျိုအိပ် သောအိပ်ရာဘေးမှ လက်တစ်ခု ဝင်နိုင်ရုံအပေါက်ဖောက်ထားခဲ့ လေသည်။ အိမ်တို့မှာ ထိုအရပ် ဒေသ၌ အများအားဖြင့် လက်ခုပ် တစ်ဖောင်ခန့်မြင့်၏။ မြေပေါ်တွင် အခုအခံထား၍ အပေါက်ကိုနှိုက် နိုင်သည်။ လက်ဖြင့်နှိုက်ရာ အိမ် ရှင်အပျိုက မည်သူလဲဟု ပထမ မေးလေ့ရှိ၏။ အပေါက်နှိုက်သူက ကိုယ့်အကျိုးအကြောင်းကိုပြောဆို လျက် မေတ္တာသက်ဝင်ရန် လူပျို စကားပြောရသည်။ အိမ်ရှင်မိန်းမ ပျို၌ ချစ်ခင်သူရှိက အတော် အတန်စကားပြောပြီး မိန်းမပျိုက နေရာလွှဲလေသဖြင့် အပေါက် နှိုက်သူမှာ ခြင်ကိုက်ခြင်းသာ ခံရ လေတော့သည်။ မေတ္တာဆက်၍ အပေါက်နှိုက်ခြင်းကို ၄၊ ၅၊ ၆ ရက်ရှိအောင်စံစားရမှ ထိမ်းမြား ရန်ကိစ္စကို လူကြီးတို့အား ဆောင် ရွက်ရန် အသိပေးသည်”
ဟု ဦးကြာစိုးက ဖော်ပြထား သည်။

ဤ အပေါက်နှိုက်ဓလေ့သည် ထိုဒေသတွင်သာမက မြန်မာပြည် အခြားအရပ်ဒေသများတွင်လည်း ရှိခဲ့ဖူး ပါသည်။ အချို့အရပ်ဒေသတို့တွင် ယခု ထိပင်ရှိကြသေးသည်ဟု သိရသည်။ စစ်သောင်ရွာသင်္ဘောဆိပ်နှင့် တမူးမြို့မှာ ၃၆ မိုင်ဝေးသည်။ တောင်ဆင်းတောင် တက်များပြားသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးမကောင်းပါ။ ထိုခေတ် အရာရှိများမျက်စိနှင့်ပင်လျှင် အလွန်ဆိုး သောလမ်းဖြစ်၏။ ထို့ကြောင့် ထိုဒေသ သို့တာဝန်ကျသောမည်သည့်အရာရှိမျှ ဇနီးမယားကို ခေါ်ဆောင်မလာကြချေ။ ထိုအခါ အဖော်မဲ့နေသောအရာရှိအတွက် ဩဇာတိက္ကမရှိသောရွာခံများက ယာယီ ဇနီးရှာဖွေပေးကြသည်။ ၎င်းတို့နယ် အတွင်းမှ အတော်အသင့်လှပယဉ်ကျေး သောမိန်းမပျိုတစ်ယောက်ကိုကောက်ယူ ကာ “နန်းစဉ်မိဖုရား”အမည်ထား၍ မြို့ပိုင်များနှင့်ထိမ်းမြားပေးလေ့ရှိကြသည်။

နန်းစဉ်မိဖုရားသည် သူနှင့်ထိမ်းမြား သောမြို့ပိုင်အတွက် မယားဝတ္တရားကုန် စင်အောင်ဆောင်ရွက်ကြရ၏။ ထမင်း ပင်အတူမစားရဲပါ။ အရာရှိမင်းထမင်း စားစဉ် အပါးတွင် ပုဆစ်တုပ်လျက် ယပ် ခတ်ပေးရသည်။ လိုအပ်သမျှဆောင် ရွက်ပေးရသည်။ အိမ်ထောင်ထိန်းသိမ်း ခြင်း၊ အိမ်မှုကိစ္စဆောင်ရွက်ခြင်းတို့ အပြင် မြို့ပိုင်မင်းရုံးဆင်းချိန်တွင်ကောင်း မွန် စွာဖြီးလိမ်းပြင်ဆင်လျက် ခရီးဦး ကြိုရသည်။ ခြေဆေးပေးရသည်။

လင်ဖြစ်သူမြို့ပိုင်မင်း ထိုမြို့မှ ပြောင်းရွှေ့သွားခဲ့သော် မင်းသည် သူ၏ နန်းစဉ်မိဖုရားကို တွယ်တာစွဲလမ်းပါက ခေါ်ယူသွားနိုင်၏။ ခေါ်မသွားလိုပါ လျှင် လက်ရှိဆင်ထားသောအဝတ်အစား များအပြင် နောက်ထပ်တစ်နှစ်စာ အဝတ် အစားများနှင့် ရွှေလက်ကောက် တစ်ရံ၊ ငွေ ၃၀ဝကျပ်ပေးခဲ့ရသောထုံးစံရှိသည်။ အသစ်ရောက်လာသောမြို့ပိုင်မင်းက ကျန်ခဲ့သည့် နန်းစဉ်မိဖုရားကို ဆက်ခံ ရန်ဖြစ်သည်။ အိမ်တစ်လုံးနှင့် မြင်း တစ်ကောင်အသင့်ရှိသည်။ မြင်းဈေးက မကြီးလှပါ။ အတော်အသင့်ကောင်း သော မြင်းတစ်ကောင်ကို ၅၀ ကျပ်သာ ပေးရ၏။ မြို့ပိုင်အဆင့်ရှိသူနှင့် လျောက် ပတ်သောအိမ်တစ်လုံး၏လခမှာလည်း တစ်လ ၁၀ ကျပ်မျှသာဖြစ်သည်။

ဦးကြာစိုး မြို့ပိုင်တာဝန်ဖြင့် တမူး မြို့သို့ရောက်သွားချိန်က နန်းစဉ်မိဖုရား ကင်းမဲ့နေသည်။ သူ့အလျင်ကအမှုထမ်း သွားသောမြို့ပိုင်ဦးဘတူက သူ၏နန်း စဉ်မိဖုရားကို သူနှင့်တစ်ပါးတည်းခေါ် သွားသောကြောင့်ဖြစ်သည်။ ဦးဘတူ၏ နန်းစဉ်မိဖုရားမှာ မိတုပ်ရွာသူ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ယောက် ဖြစ်ရာ ဦးဘတူမကျန်းမာစဉ်တွင် စေတ နာအရင်းခံထားကာပြုစုခဲ့သည့်အတွက် တွယ်တာသွားကာ သူပြောင်းရွှေ့ရာသို့ ခေါ်သွားခဲ့သည်ဆို၏။ အိမ်သူမပါရှိ သောအရာရှိအတွက် နန်းစဉ်မိဖုရားထား ပေးရသော ထူးဆန်းသည့်အကြောင်း အရာကို ဦးကြာစိုး၏မှတ်တမ်းကြောင့် သာ သိခွင့်ရပါသည်။ ထိုအချိန်က ၁၉၂၄-၂၅ ခုနှစ်လောက်ဖြစ်သည်။ ဦးကြာစိုးအတွက် နန်းစဉ်မိဖုရားအသစ် ရှာပေးရ၊ မပေးရကို စဉ်းစားရန်ချန်ထား ခဲ့ပါသည်။

ထိုခေတ်က အခြား ခေါင်သောမြို့ ရွာများတွင်လည်း ထိုကဲ့သို့ပင်ပြုလုပ် သည့်စနစ်များ ဆင်ဆင်ရှိပါသည်။ သို့ သော် တမူးမြို့ကအခေါ်အဝေါ်ဖြစ်သော “နန်းစဉ်မိဖုရား”ဆိုသည်ကပင် တစ်မျိုး ထူးခြားနေပါ၏။ စာရေးသူ၏ဖခင်ပြော ပြသည်မှာ ထိုနန်းစဉ်မိဖုရားများသည် များသားအားဖြင့် သားသမီးမရကြ ဆို သည့်အချက်ပင်ဖြစ်၏။ ရရှိပါကလည်း တစ်မျိုးတစ်ဖုံဖြစ်သွားနိုင်ပါသည်။

သူကောင်းဦးကြာစိုး၏သမီးမှာ သူကောင်းဒေါ်ခင်စိန်ဒိုင်ဖြစ်သည်။ သူ ကောင်းဒေါ်ခင်စိန်ဒိုင်သည် အိုင်စီအက် ဦးချစ်ဖေနှင့်လက်ဆက်သည်။ ပွားစီး သည့်သားသမီးများအနက် စာရေးသူနှင့် ငယ်စဉ်ကပင် သူငယ်ချင်းဖြစ်ခဲ့သည့် ပါစီချစ်ဖေသည် ယခုအခါ အငြိမ်းစား သံအမတ်ကြီးဦးကြာညိုချစ်ဖေဖြစ်နေ လေပြီ။




မောင်သန်းဆွေ၊ထားဝယ်၊


ကိုးကားချက်
၁။ သူကောင်းဦးကြာစိုး၏ မှတ်တမ်း
၂။ ကထိကဒေါ်အုန်းကြည်၊ သမိုင်း ဌာန၊ မကွေးဒီဂရီကောလိပ်၏ စလင်း သူကောင်းသမိုင်းအကျဉ်း
၃။ အရှင်စိန္တာမဏိထေရ်ပြုစုသော စလင်္ဂသမန္တဝိသောဒနီ သမိုင်း အကျဉ်း
၄။ ၁၁၄၂ ခုနှစ်၊ စလင်းမြို့မစစ်တမ်း ရွှေတိုက်တော်ထက်
၅။ တွင်းစားရိုးသူကောင်းပြု သမာဓိ တရားသူကြီးဦးရိုးဖေ၏ ရေနံ ချောင်းမြို့ ပခ စာတမ်း

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်