မက်တီ (သို့မဟုတ်) ဖဲင်နီ (သို့မဟုတ်) ယွန်းခင်ခင်


မောင်သန်းဆွေ (ထားဝယ်)


စာရေး ဆရာမ တင်နီဆင် ဂျက်စီ (Tennyson Jesse) ရေးသားသော The Lacquer Lady ဝတ္ထုထဲမှ အဓိက ဇာတ်ဆောင် ဖဲင်နီ (Fanny)ဆိုသူမှာ အပြင်ဘက်၌ မက်တီ ကာလိုဂရိုဒီ ဟု ခေါ်သည့် အီတလီ နွယ်ဖွား အမျိုးသမီး ဖြစ်ပါသည်။ သူ့အကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှ၏။

သူ့ဖခင်မှာ အီတလီလူမျိုး ကာလိုဂရိုဒီ ဖြစ်၏။ ရတနာပုံ နေပြည်တော်တွင် ရက်ကန်းရုံ ထောင်၍ စီးပွားရှာသည်။ မင်းတုန်းမင်း တရားကြီး လက်ထက် ကတည်းက၊ မြန်မာမင်း အရိပ် အာဝါသ အောက်တွင် နေထိုင်ခဲ့သည်။ ကာလိုဂရိုဒီ သည် နေပြည်တော် တွင် မြန်မာ အမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျသည်။ မက်တီ ငယ်စဉ် ဘဝကပင် ဖခင်နှင့် အတူ ရွှေနန်းတော် အတွင်းသို့ အခစား ဝင်ထွက်သွား လာခဲ့ရာ မင်းတုန်းမင်း၏ သမီးတော်များနှင့် ရင်းနှီး ခင်မင်သည်။ အထူးသဖြင့် အလယ်နန်း မိဖုရားကြီး၏ သမီးတော် မိုင်းနောင် စုဖုရားကြီး၊ မြတောင် စုဖုရားလတ်၊ ရမည်းသင်း စုဖုရားလေးနှင့် ကစားဖော်၊ ကစားဖက် ဖြစ်သည်ဟု ဆို၏။ မြတောင် စုဖုရားလတ်နှင့် ပို၍ ရင်းနှီး ခင်မင်သည်ဟု သိရသည်။

စုဖုရားလတ်က မက်တီကို အလွန် ခင်မင်၍ မက်တီကလည်း စုဖုရားလတ်ကို သခင်ရင်း တစ်ယောက်ပမာ သစ္စာ စောင့်သိ ရိုသေ လေးစား ခဲ့သည်။
ဖခင်ဖြစ်သူက သမီးမက်တီကို ဘိလပ်သို့ လွှတ်၍ ပညာ သင်ယူစေခဲ့သည်။ မင်းတုန်းမင်း တရား နတ်ရွာ မစံမီတွင်ပင် မက်တီသည် မန္တလေးသို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။ သူ၏ ဖခင် နန်းတွင်းသို့ ဝင်၊ထွက်သွား လာနေသည့် အတွက် မက်တီသည် မြတောင် မြို့စား စုဖုရားလတ်၏ အပျိုတော် ဖြစ်လာသည်ဟု ဆိုသည်။ (ဝဲ အပျိုတော်မျှသာ ဖြစ်ပါသည်။ နိုင်ငံခြားသူ များကို ဝဲ အပျိုတော် အဖြစ် ခန့်ထားသည်။ ဝဲ အပျို တော်ဆိုသည်မှာ အချိန်ပိုင်းသာ လာရောက် ခစားရသည့် နိုင်ငံခြားသူ အပျိုတော်များ ဖြစ်၏။)

ဖခင်ကြီး ကာလိုဂရိုဒီသည် ကွယ် လွန်သွား၏။ မိခင်နှင့်အတူ မက်တီ သည် အားကိုးရာမဲ့ကျန်ရစ်ခဲ့ရှာသည်။ စီးပွားရေးလည်း ပျက်ပြားလာသည်ဟု ဆိုပါသည်။ ထို့ကြောင့် သူ့ထက်အသက် ကြီး၍ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်နှင့် အသား နီစပ်စပ်ရှိသော မီးသင်္ဘော အပေါင်းတို့၏ မာလိန်ကြီး ဘဂ်ရှောဆိုသူနှင့် လက်ထပ် လိုက်ရသည်။ သို့သော် မကြာမတင် မှာပင် ခင်ပွန်းသည် ဘဂ်ရှောမှာ ငှက်ဖျား ရောဂါဖြင့် ကွယ်လွန် သွားခဲ့ပြန်သည်။

ထိုအချိန်၌ သီပေါမင်း ဘုရင်ဖြစ် လာကာ မက်တီ၏ အရှင်သခင် မြတောင် မြို့စား စုဖုရားလတ် ကလည်း ဓားထက်သည့် အရှင် နန်းမတော် ဘုရား ဖြစ် လာသည်။ မက်တီသည် မိဖုရား ခေါင်ကြီး စုဖုရားလတ်ထံ နေ့ညမပြတ် ဝင်ထွက် ခစားခဲ့သူ လက်စွဲ အပျိုတော်ဖြစ် လာသည်ဆို၏။

ထိုသို့ မိဖုရား ခေါင်ကြီးထံ ခစားနေစဉ် ပြင်သစ်ကုန်သည် (အထောက်တော်)တစ်ဦးဖြစ်သူ ဗွန်ဗွိုင်ဆန်ဆိုသူ (၎င်းင်း၏ မူရင်း အမည်မှာ အပြင်ဘက်၌ ဗွန်ဝီလျံ) နှင့် ချစ်ကြိုက် နေကြသည်။ ဗွန်ဗွိုင်ဆန်သည် မြန်မာနှင့် ပြင်သစ် မီးရထား လမ်းဖောက်လုပ်ရန်၊ ကျောက်တွင်း တူးရန်နှင့် ဘဏ်တိုက်များ ဖွင့်ရန် စီစဉ်နေသူ ဖြစ်သည်။ သူ့နောက်တွင် ပြင်သစ် အစိုးရ ရှိနေပြီး အင်ဒိုချိုင်း နားမှတစ်ဆင့် အထက်မြန်မာပြည်ကို ထိုးဖောက်ရန် ပြင်သစ် အစိုးရက စီစဉ် နေသည်။ မန္တလေးတွင် ရှိသည့် ပြင်သစ် ကောင်စစ်ဝန်သည်လည်း အထက်မြန် မာပြည်ကို ပြင်သစ်အင်ပါယာကြီးထဲသို့ သွတ်သွင်းရန် စီမံကိန်း ချလျက်ရှိ၏။ ထိုအတောအတွင်း ဗွန်ဗွိုင်ဆန်သည် ပါရီ သို့ ပြန်သွားကာ ပြင်သစ်သူလေး တစ်ယောက်နဲ့ လက်ထပ်လာခဲ့သည်။ ဤတွင် ဗွန်ဗွိုင်ဆန်နှင့် ချစ်ကြိုက်ရာမှ တိတ်တိတ်ပုန်း မယားဖြစ်ခဲ့ရသော ဖဲင်နီသည် ချစ်သူအပေါ် စိတ်နာသွားကာ လက်စားချေရန် အမျိုးမျိုး ကြံစည်ခဲ့သည်။

ဖဲင်နီသည် ကင်းဝန်မင်းကြီး၏ ဘာသာပြန် စာရေးကလေး တစ်ဦး (အချို့က နောင်အခါ ဒီပဲရင်း ဝန်ထောက် ဦးမြဲဖြစ်လာသူ ဟုဆိုသည်) ကို ချဉ်း ကပ်ကာ ပြင်သစ်နှင့် မြန်မာတို့ လျှို့ဝှက်ချုပ်ဆိုသော စာချုပ် မိတ္တူနှင့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာ အစိုးရတို့ အပြန်အလှန် ပေးပို့ ဆက်သွယ်ကြသော လျှို့ဝှက်စာ မိတ္တူများကို ရအောင် ယူခဲ့သည်။ ထိုအချိန်က မန္တလေး နေပြည်တော်တွင် အင်္ဂလိပ်ကလည်း ခြေရှုပ်ကာ တိုင်းပြည်ပါ သိမ်းဖို့ ကြံစည်နေချိန် ဖြစ်၏။ အင်္ဂလိပ်၏ အားကိုးမှာ ကင်းဝန်မင်းကြီး ဖြစ်သည်။ နောက် ခြေရှုပ်နေသူ တစ်ဦးဖြစ်သော ပြင်သစ်တို့၏ အားကိုးမှာ လှေသင်း အတွင်းဝန် ဖြစ်သည်။ ထိုသို့သော အင်္ဂလိပ်နှင့် ပြင်သစ်ခြေရှုပ် အားပြိုင်နေသည့် အချိန်တွင် ဖဲင်နီက ကြားဝင်လိုက်ခြင်း ဖြစ်သည်။ သူ ရရှိခဲ့သည့် ပြင်သစ်နှင့် လျှို့ဝှက်စာ မိတ္တူများကို ဗြိတိသျှ သူလျှို အထောက်တော် တစ်ဦးဖြစ်သော အီတလီ ကောင်စစ်ဝန် ဆန်ဒရေနို လက်သို့ အပ်လိုက်သည်။ ဆန်ဒရေနိုသည် ထိုစာမိတ္တူများကို အောက်မြန်မာပြည်ရှိ အင်္ဂလိပ်တို့ထံ ပို့လိုက်ရာတွင် အင်္ဂလိပ်တို့က ပြင်သစ်တို့ ထိုးဖောက် ဝင်ရောက်ခြင်း မပြုမီ မြန်မာပြည် အထက်ပိုင်းကို တိုက်ခိုက် သိမ်းပိုက်နိုင် ခဲ့ကြသည်။ ဤသို့ဖြင့် မြန်မာ ဘုရင်နှင့် မြန်မာပြည်သည် အင်္ဂလိပ်တို့ လက်အောက်သို့ ကျရောက်ခဲ့ရလေသည်။

အရှင်နှစ်ပါး သူ၏ မျက်စိရှေ့တွင်ပင် ပါတော်မူသွားသော အခါမှ ဖဲင်နီသည် သူ၏ အမှားကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်တော့သည်။ သူ့စနက်၊ သူ့ လက်ချက်ကြောင့် သူ့အရှင်ကို ဖမ်းသွားသောအခါ ထိတ်လန့် တုန်လှုပ်ခဲ့ရသည်။ ဖဲင်နီလည်း အားကိုးရာမဲ့ ဖြစ်ပြီး ပြန်ခဲ့သည်။ မန္တလေးမြို့ပေါ်ရှိ ခရစ်ယာန် သီလရှင် ကျောင်းတွင် သွားရောက်ခိုကိုး နေခဲ့ရသည်။ ထို့နောက် ဗိုလ်ချုပ်ပရင်ဒါဂါတ်၏ လက်ရေးတို စာရေး အဖြစ် လိုက်ပါလာသည့် အင်္ဂလိပ်ကပြား တစ်ဦးနှင့် အိမ်ထောင်ကျသည်။ သူ့ယောက်ျားက တပ်မှ ထွက်ကာ မန္တလေးတွင်ပင် ကျောက်စိမ်း အရောင်းအဝယ် လုပ်နေခဲ့သည်။ နောက်ပိုင်း ဘိလပ်သို့ ပြန်သွားပြီးနောက် ရှေးဟောင်းပစ္စည်း ရောင်းသည့် ဆိုင်ကလေး တစ်ဆိုင်ကို ဖွင့်သည်။ တစ်နေ့တွင် ဖဲင်နီထံသို့ စာတစ်စောင် ရောက်လာ၍ ဖတ်ကြည့်လိုက်သော အခါ ရန်ကုန်သို့ ပြန်ရောက်နေသော အရှင်နန်း မတော် စုဖုရားလတ်ထံမှ ဖြစ်နေသည်။ မြန်မာနှင့်အီတလီ ကပြားဖြစ်သည့် ဖဲင်နီသည် ဘိလပ်တွင် နေထိုင်ရသည့်တိုင် ပျော်ပိုက်ခြင်း မရှိပါ။ မန္တလေးကိုသာ လွမ်းနေသည်။ နောက်ဆုံးတွင် သူသည်သူ၏အရှင် စုဖုရားလတ် ရှိရာ ရန်ကုန်သို့ ပြန်လာခြင်းဖြင့် ဝတ္ထုကို အဆုံးသတ် ထားပါသည်။

သည်လက်ကားလေဒီ(The Lacquer Lady) ဝတ္ထုသည် ၁၉၂၉ ခုနှစ်က ပထမ အကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ခြင်း ဖြစ်၏။ ထိုဝတ္ထု မရေးသားမီ တင်နီဆင်ဂျက်စီသည် ထိုစဉ်က ဘုရင်ခံဖြစ်သော ဆာဟာကုတ်ဘတ်တလာ၏ ဧည့်သည်တော် အဖြစ် မြန်မာပြည်သို့ ရောက်လာခဲ့ကာ ဝတ္ထုရေးရန် အချက်အလက်များကို ရှာဖွေခဲ့သည်။ တရား လွှတ်တော်တွင် ဝတ်လုံလိုက်ခဲ့ပြီး မန္တလေးရှေ့နေအသင်းကို စတင်တည်ထောင် ခဲ့သည့် “ရောဝေးဆွင်းဟိုး”ဆိုသူနှင့်တွေ့ကာ သူ့ထံမှ ဝတ္ထု ဇာတ်လမ်းကို ရခဲ့သည် ဆို၏။ ပထမတွင် ရောဝေးဆွင်းဟိုးသည် ထိုဇာတ်လမ်းကို သူကိုယ်တိုင် ဝတ္ထုအဖြစ် ရေးရန် စိတ်ကူးထားသော်လည်း ရေးချိန်မရသဖြင့် ထိုဇာတ်လမ်းကို တန်နီဆင် ဂျက်စီအား ပေးလိုက်ခြင်းဖြစ်သည်။

တင်နီဆင်ဂျက်စီသည် ဆွင်းဟိုးထံမှ ထိုဇာတ် လမ်းကို ရပြီးနောက် မန္တလေးတွင် ရှိကြသည့် ကုလားဝန်ဟောင်း သမီး မစ္စက်ဟိုဆန်နာ မာနွတ်၊ ပြင်သစ်ရက်ကန်း ဆရာကြီးသမီး ဒင်နီဂရီးနှင့် စုဖုရားလတ်၏ လက်စွဲ အပျိုတော်ဖြစ်ခဲ့သူ မက်တီကာလိုဂရိုဒီတို့နှင့် တွေ့ဆုံ မေးမြန်းသွားခဲ့သည်။ ဝတ္ထုထဲမှာ ကုလားဝန်သမီး ဆာရာအာရတွန်မှာ အပြင်ဘက်မှ ကုလားဝန်ဟောင်း သမီး မန္နက် ဟိုဆန်နာမာနွတ် ဖြစ်သည်။ ဝတ္ထုထဲမှာ ရက်ကန်းဆရာကြီးသမီး ဂျူလီဆိုသူမှာ အပြင်ဘက်မှ ပြင်သစ်ရက်ကန်း ဆရာကြီးသမီး ဒင်နီဂရီး ဖြစ်သည်။ မက်တီကာလို ဂရိုဒီသည် ဝတ္ထုထဲမှ အဓိကဇာတ်ကောင် ဖဲင်နီ ဖြစ်လာခဲ့သည်။

စာရေးသူသည် ဤဝတ္ထုကို တက္ကသိုလ်တွင် နေစဉ်ကတည်းက ဖတ်ခဲ့ဖူးသည်။ ထိုစဉ်က သမိုင်းလက်ထောက် ကထိက ဒေါ်ခင်ခင်ခက စာအုပ်ပေး၍ ဖတ်စေသဖြင့် ဖတ်ခဲ့ရခြင်းဖြစ်၏။ ဝတ္ထုအနေဖြင့် အလွန်ကြိုက်ခဲ့ပါသည်။ သို့သော် ကုန်းဘောင်နိဂုံး၏ အကြောင်းအရာများကို အချို့နေရာတို့၌ မဟုတ်မမှန် ရေးသားထားမှုများကိုမူ မကြိုက်ပါ။

၁၉၃၆ ခုနှစ်၌ မြန်မာပြည်သို့ လာရောက် လည်ပတ်သော ယိုးဒယား (ထိုင်း) မင်းသားကြီး ဒမ်ရောင်းရာဇာနုပတ်(ယိုးဒယားဘုရင် မောင်းဂွပ်၏သားတော်)သည် ၁၉၃၆ ခုနှစ်၊ မြန်မာနိုင်ငံ အတွင်း ခရီးသွားလာခြင်း အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ထိုစာအုပ် စာမျက်နှာ ၁၂၆ မှ ၁၃၁ အထိတွင် ထိုင်းမင်းသားကြီးနှင့် မန္တလေးမှ ပျဉ်းမနား မင်းသားကြီး၊ ထရံကာ မင်းသမီးကြီးတို့မောင်နှံနှင့် မက္ခရာ ထိပ်တင်ဖြူမင်းသားကြီးတို့ တွေ့ဆုံခန်းကို ဖော်ပြထားပါသည်။ ထိုအခန်း၌ သည် လက်ကားလေဒီ စာအုပ်နှင့်ပတ်သက်၍ ဆွေးနွေးခန်းပါ၏။ ထိုင်းမင်းသားကြီးက ထိုစာအုပ်ကို မဝယ်ဖတ်ရသေးကြောင်းပြောရာ ပျဉ်းမနားမင်းသားကြီးနှင့် မက္ခရာထိပ် တင်ဖြူ မင်းသားကြီးတို့က...
“ဒီစာအုပ်မျိုးကို ဝယ်ဖို့ ငွေမဖြုန်းသင့်။ ဒီစာအုပ်ဟာ သီပေါမင်းလက် ထက်ကို အခြေခံထားတာ ဖြစ်တယ်။ မြန်မာ့နန်းတွင်းအရေးကို မှားမှားယွင်း ယွင်း ရေးထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီစာအုပ်ဝယ်မဖတ်ဖို့ အကြံပြုပါတယ်”
ဟူ၍ ပြောကြားခဲ့ကြောင်း ရေးထားသည်။

ဤသည်ကိုထောက်၍ မြန်မာဘုရင့် အနွယ်တော်များသည် အတိတ်က သူတို့ မည်သို့ပင် ခံစားခဲ့ရစေကာမူ သူတို့၏ ဘုရင်နှင့် မိဖုရားအပေါ် မကောင်းရေးသည်မျိုးကို နှစ်သက်ပုံ မရ။ သူတို့၏ အရှင် သခင်များ၏ ဂုဏ်ကို ထိန်းချင်ပုံ ရသည်ဟု ယိုးဒယား(ထိုင်း)မင်းသားကြီးက မှတ် ချက်ပြု၍ ရေးထားသည်ကို ဖတ်ရဖူးသည်။ အရှင်နှစ်ပါးကြောင့် ကိုယ်တိုင်ကိုင်ကျ ဒုက္ခ ရောက်ခဲ့ဖူးသည့် ပျဉ်းမနား မင်းသားကြီးတို့ပင်လျှင် သည်လက်ကား လေဒီကို မကြိုက်ဟု ဆိုသည်မှာ မဆန်းပါ။ စာရေးသူပင် ဤအချက်များနှင့် ပတ်သက်၍ မကြိုက်ခဲ့ပေ။

နောင်အခါ ဤစာအုပ်နှင့် ပတ်သက်သော ဆောင်းပါးများကိုလည်း ဖတ်ခဲ့ရသည်။ ဆရာမြသန်းတင့်က ချစ်သော ယွန်းခင်ခင် အမည်ဖြင့် ဘာသာပြန်သော အခါ၌လည်း ဆရာက လက်ဆောင် ပေး၍ ဘာသာပြန် စာအုပ်ကို ဖတ်ခဲ့ရသည်။ ယခုအခါ ကုန်းဘောင် အလွန်ကို ရေးနေစဉ် မူရင်း အင်္ဂလိပ်ဝတ္ထုနှင့် ဆရာ မြသန်းတင့်၏ ဘာသာပြန် ယွန်းခင်ခင် တို့ကို ယှဉ်၍ ဖတ်ပြန်သည်။ သမိုင်း အတွေး သမိုင်း အမြင်ဖြင့် ဖတ်ခြင်း ဖြစ်၏။ ယခင် ဖတ်စဉ်က ဇာတ်လမ်းကိုသာ အလေးအနက်ထား ဖတ်သည်။ ယခု ဖတ်သောအခါ သမိုင်းကို ပို၍ တွေ့ရလေသည်။

ကင်းဝန်မင်းကြီးနှင့် တိုင်းတား မင်းကြီးတို့ နှစ်ဦး၏ စရိုက် အားပြိုင်မှုကို မြင်ရသည်။ သူ့ဝတ္ထုထဲတွင် မင်းဆွေမင်းမျိုးတို့၏ အကြောင်းကိုလည်း အကျယ်တဝင့် ရေးထားသည်ကို တွေ့ရ၏။ ပြင်သစ်၊ အင်္ဂလိပ် နှင့် အီတလီတို့ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ခြေပုန်း ခုတ်ကြပုံကိုလည်း သတိပြု မိသည်။ ဤအပိုင်းများနှင့် ပတ်သက်၍ မှန်သင့်သလောက် မှန်သည်ကို တွေ့ရသည်။ သို့ရာတွင် တင်နီဆင်ဂျက်စီ၏ သမိုင်း အမြင်မှာ စဉ်းစားဖွယ် ကောင်းနေသည်။

သူ့ကိုဇာတ်လမ်း ပေးလိုက်သော ဝတ်လုံတော်ရ ရောဝေးဆွင်းဟိုးက-
“ဗြိတိသျှတို့ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းလိုက်ရခြင်း သည် ဘုံဘေဘားမား သစ်ကုမ္ပဏီ ကိစ္စကြောင့် မဟုတ်။ ဖဲင်နီ၏ အချစ် ပြဿနာကြောင့်သာ ဖြစ်သည်”
ဟု တင်နီဆင်ဂျက်စီကို ပြောလိုက်သည် ဆို၏။

စာရေး ဆရာမ တင်နီဆင် ဂျက်စီကလည်း ထိုအတိုင်းပင် လက်ခံပုံ ရသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ဆရာမြသန်းတင့်က သူ၏ “တောင် သမန် ရွှေအင်းက လေညင်း ဆော်တော့” စာအုပ်တွင် သူ့သဘော၊ သူ့အမြင်ကို ရေးပြထားသည်။ ထိုအမြင် ထိုသဘောကို စာရေးသူလည်း သဘောကျ လှပါသည်။ ထို့ကြောင့် ဆရာမြသန်းတင့်၏ သုံးသပ်ချက်အတိုင်း ဖော်ပြလိုက်ပါ သည်။

“ဇာတ်လမ်းအရ ဖဲင်နီသည် ပြင်သစ်လူမျိုး အထောက်တော် ဗွန်ဘွိုင်ဆင်ကို လက်စား ချေလိုသောကြောင့် ပြင်သစ်နှင့် မြန်မာ တို့၏ လျှို့ဝှက်စာနှင့် စာချုပ်များကို ခိုးယူ၍ ဗြိတိသျှ သူလျှိုကို ပေးလိုက်ကြောင်း၊ ဤတွင် ဗြိတိသျှတို့က ပြင်သစ်တို့ ဩဇာ လွမ်းမိုးမည် စိုးသဖြင့် ခြေမြန်၊ လက်မြန် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း ပြောလိုပုံရသည်။

ထိုအဖြစ်အပျက်သည် ဇာတ် လမ်းအဖြစ် ရေးထားခြင်းလော၊ တကယ်လော ဆိုသည်ကိုမူ ကျွန်တော်တို့ မသိနိုင်။ တကယ် ဖြစ်ခဲ့သည် ဆိုလျှင်မူ “အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်ရ ခြင်းမှာ ဘုံဘေဘားမားသစ် ကုမ္ပဏီကိစ္စကြောင့် မဟုတ်၊ ဖဲင်နီ၏ အချစ်ကိစ္စကြောင့် ဖြစ်သည်” ဆိုသည့်စကားသည် သာမန် လွယ်လွယ် ပြောလိုက်ခြင်းလော။ လေးနက်စွာ ပြောလိုက်သည့် သမိုင်းအမြင် တစ်ခုလောဟု ထပ်မံ စဉ်းစားစရာ ဖြစ်လာသည်။ လွယ်လွယ်ပေါ့ပေါ့ ပြောလိုက်သော စကား ဖြစ်သည် ဆိုလျှင်ကား ဘာမျှအကြောင်း မဟုတ်။ သို့ရာတွင် သမိုင်း အမြင်တစ်ခု အနေဖြင့် ပြောလိုက်ခြင်းဖြစ် သည်ဆိုလျှင်မူ ထိုစကားသည် ဘာမျှ အဓိပ္ပာယ်မရှိ၊ မော်စကိုမြို့ တံခါးဝမှ ဘိုရိုဒီနို တိုက်ပွဲရှုံးရ ခြင်းသည် ထိုတိုက်ပွဲ မတိုင်မီညက နပိုလီယံ အအေးမိသောကြောင့် ရှုံးရခြင်းဖြစ်သည် ဆိုသည့် စကားကဲ့သို့လည်းကောင်း၊ စိန့်ဘာသိုလိုမြူး အရပ်တွင် လူအများကို အစုလိုက် အပြုံလိုက် သတ်ခဲ့ခြင်းမှာ ပြင်သစ်ပြည် နဝမမြောက် ချားလ် ဘုရင် လေနာ ထသောကြောင့် ဖြစ်သည်ဟု ပြောခြင်းကဲ့သို့လည်း ကောင်း၊ အဓိပ္ပာယ် ကင်းမဲ့နေ လိမ့်မည်။ သမိုင်း အဖြစ်အပျက် များတွင် လူတစ်ဦး တစ်ယောက်၏ အခန်းကဏ္ဍသည် ဘာမျှ ပြောပလောက်သည် မဟုတ်။

တင်နီဆင်ဂျက်စီ၏ ဝတ္ထု ထဲမှ ဇာတ်လိုက်ဖြစ်သည့် ဖဲင်နီ (အပြင်တွင် စုဖုရားလတ်၏ အပျိုတော်ဖြစ်ခဲ့သည့် ကာလိုဂရို ဒီ)၏ အချစ်ကိစ္စမပေါ်ခဲ့လျှင် လည်း အင်္ဂလိပ်တို့သည် အထက် မြန်မာပြည်ကို သိမ်းပိုက်မည်သာ ဖြစ်လေသည်။ ၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ဆွေတော်မျိုးတော်များ အရေး အခင်းဖြစ်ပြီး မကြာမီ ၁၈၇၉ ခုနှစ်၊ အောက်တိုဘာလတွင် အင်္ဂလိပ်သံ ကိုယ်စားလှယ် အဖွဲ့ သည် မန္တလေးမှ ရုပ်သိမ်းသွားခဲ့ သည်။ ဘုံဘေဘားမား သစ် ကုမ္ပဏီကို မြန်မာအစိုးရက ဒဏ် ရိုက်လိုက်သည့်အခါ၌ ၁၈၈၅ ခု၊ အောက်တိုဘာလထဲတွင် အင်္ဂလိပ် က ရာဇသံ ပေးပို့ခဲ့သည်။ ထိုရာ ဇသံပါ အချက်အလက်များ အားလုံး လိုက်နာရမည် ဖြစ်ကြောင်းဖြင့် ထိုရာဇသံတွင် ပါရှိသည်။ မြန်မာ တို့က ရာဇသံကို ပယ်ချလိုက်ပြီးနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ တွင် အင်္ဂလိပ်တပ်များသည် နယ် စပ်ကို ဖြတ်ကျော်လာခဲ့ကြကာ နှစ်ပတ်အတွင်းတွင် မန္တလေးကို သိမ်းပိုက်ကြသည်။

ထိုအဖြစ်အပျက်သည် သမိုင်းလမ်းကြောင်း ဖြစ်လေသည်။ တင်နီဆင်ဂျက်စီနှင့် ဆွင်းဟိုးတို့ ပြောသလို ဖဲနင်နီက ပြင်သစ်-မြန်မာ လျှို့ဝှက် စာချုပ်ကို ခိုးပေးသည့် အတွက် မန္တလေးကို သိမ်းပိုက်ရသည်ဆိုသည်မှာ သမိုင်းအမြင်ဖြင့်ကြည့်လျှင် သေးဖွဲ လွန်းနေသည်။ ဖဲင်နီသည် ထို လည်ပတ်နေသော သမိုင်း ယန္တ ရားကြီးထဲမှ ဝက်အူ ကလေးတစ်ခု သာဖြစ်သည်။ ထိုနေရာတွင် ဖဲင်နီ မရှိလျှင်လည်း တစ်ဦးဦး ပေါ်လာဦးမည်သာ ဖြစ်ပါသည်။ ထို အကြောင်းပြချက် မရှိလျှင်လည်း အင်္ဂလိပ်သည် အထက် မြန်မာပြည်ကို အကြောင်း တစ်ခုခု ရှိ၍ သိမ်းပိုက်ဦးမည်သာ ဖြစ်သည်။ သမိုင်းအဖြစ်ပျက်ကြီး တစ်ခု ပေါ်ပေါက် လာရခြင်းမှာ တစ်ခုတည်းသော အကြောင်းကြောင့် မဟုတ်နိုင်။ မဖြစ်နိုင်။ ရာပေါင်း များစွာသော အကြောင်းများ ဆုံစည်း တိုက်ဆိုင်ရာမှ ပေါ်ပေါက်လာရ ခြင်းသာ ဖြစ်ပါသည်”

စာရေးသူ စာအုပ်တစ်အုပ်တွင် ၁၉၃၅ ခုနှစ်၌ အင်္ဂလိပ်အရေးပိုင် မစ္စတာဂလပ်စ် မန္တလေးမြို့သို့ရောက်ရှိ စဉ်က မက်တီကာလိုဂရိုဒီ၏ ယောက်ျား ကျောက်စိမ်းကုန်သည်နှင့် တွေ့ဆုံဆွေး နွေးခဲ့ရသေးကြောင်း၊ ထိုအချိန်၌ မက်တီမှာ ကွယ်လွန် အနိစ္စရောက်ပြီး ဖြစ်ကြောင်း ဖတ်လိုက်ရသည်။ သို့ကြောင့် မက်တီကာလိုဂရိုဒီမှာ ၁၉၃၅ ခုနှစ် မတိုင်မီကပင် ကွယ်လွန်သွားခဲ့ပြီဖြစ် ကြောင်း သိလိုက်ရသည်။

အခြား စာအုပ်တစ်အုပ်တွင်လည်း ဘုံဘေဘားမား ကုမ္ပဏီတွင် ကာလိုဂရိုဒီ အမည်ရှိ ညီအစ်ကိုနှစ်ယောက် အမှုထမ်း ခဲ့ကြသည်ဟူ၍ တွေ့ရှိရပါသည်။ မျိုး ရိုးအမည်ချင်း တူနေသဖြင့် ထိုကာလို ဂရိုဒီ ၂ ဦးမှာ မက်တီ၏ဦးလေးများ ပင်လော။ သို့မဟုတ် အစ်ကိုများပင် လောဟူ၍ တွေးမိပါသည်။

အရှင်နှစ်ပါး ပါတော်မူပြီးနောက် လက်ထက်တော်ကလေးမှာ အကျဉ်းခံခဲ့ ရသည့် မိဖုရားများ၊ မင်းသမီးများသည် မက်တီကာလိုဂရိုဒီ၏အိမ်တွင် စုဝေးနေထိုင်ကြခြင်းလည်း စာအုပ်တစ်အုပ်တွင် ဖတ်ရဖူးပါသည်။ နယ်ချဲ့ဘက်မှ ထိုမိဖုရားနှင့် မင်းသမီးများ နေထိုင်စားသောက် ရေးအတွက် ငွေကြေးရိက္ခာထောက်ပံ့ခဲ့သည်ဟု ဆိုပါသည်။ ထိုမိဖုရားနှင့် မင်းသမီး လေးများအား မက်တီကလည်း တတ်အားသမျှ စွန့်စွန့်စားစား ကူညီထောက်ပံ့ခဲ့ သည်။ သူတို့သည် မက်တီနှင့် ငယ်စဉ်ကတည်းကပင် ရင်းနှီးခဲ့သူများဖြစ်၏။ သူတို့ ထောင်အတွင်း အကျဉ်းခံနေရစဉ်ကလည်း မက်တီသည် ငွေကြေးမှအစ၊ စားသောက်ဖွယ်ရာအသုံးအဆောင်များကိုပါ ပို့ပေးခဲ့သည်ဆို၏။

ဤသို့ပြုခြင်းမှာ သူ့အရှင်ရင်း နန်းမတော် စုဖုရားလတ်ကို သစ္စာဖောက်ခြင်း မဟုတ်။ ခင်မင်ရင်း ဖြစ်သည့် ဒုက္ခ ရောက်နေသူများအား ကူညီခြင်း ဖြစ်သည်ဟု မက်တီက ပြောခဲ့ပါသည်။ ထိုမိဖုရားနှင့် မင်းသမီး ကလေးများကို ဗြိတိသျှ အစိုးရက မန္တလေးတွင် မနေစေပါ။ အလောင်းဘုရား သင်္ဘောဖြင့် ရန်ကုန်သို့ ပို့လိုက်ပါသည်။ ထိုသင်္ဘောတွင် အိန္ဒိယပြည် ထုတ် ဘုံဘေဂေဇက်မှ သတင်းစာဆရာ ဂရက်တန်ဂီယာရ(Grattan Geary) ဆိုသူ လိုက်ပါသွားသည်။ ဂရက်တန် ဂီယာရီသည် ကာလိုဂရိုဒီ ဆိုသူကို စကားပြန်ထား၍ သင်္ဘောပေါ်မှ မိဖုရားနှင့် မင်းသမီးများအား စကားပြောခွင့် ရလေသည်ဟု ဆို၏။

ဤအကြောင်းများကို စာရေးသူ ရေးခဲ့သည့် ကုန်းဘောင် အလွန်(ပထမအုပ်)မှ “အလောင်းဘုရား ခရီးသည်များ” အခန်းတွင် ရေးခဲ့ပြီး ဖြစ်ပါသည်။ ထိုမိဖုရားနှင့် မင်းသမီးများ ထောင်မှ လွတ်လာစဉ်က မက်တီ၏ အိမ်တွင် စုဝေး နေခဲ့ကြသည်ဆိုရာ အလောင်းဘုရား သင်္ဘောပေါ်တွင် သူတို့အား စကားပြန် ပြုလုပ်ပေးခဲ့သည့် ကာလိုဂရိုဒီ ဆိုသူမှာ မက်တီ၏ ဦးလေး(သို့မဟုတ်) အစ်ကို တစ်ယောက်ယောက် ဖြစ်မည် ဆိုသည် က ပို၍ယုတ္တိရှိလာပေသည်။

သည်လက်ကားလေဒီ ဝတ္ထုစာအုပ်နှင့် ပတ်သက်၍ ဘာသာပြန်ဆို ရေးသားခဲ့ သူများအနက် ဆရာအောင်ဖြိုးလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။ ဆရာအောင် ဖိုးက သူ၏ဆောင်းပါးများတွင် သည်လက်ကား လေဒီကို ယွန်းဒေဝီ ဟူ၍ ပြန်ဆိုခဲ့ သည်။ မက်တီ၏ဖခင်မှာ ဂရိ လူမျိုးဟူ၍လည်း ရေးခဲ့၏။ သို့သော် ဆရာ၏အခေါ် အဝေါ်များအနက် ထိုဝတ္ထုထဲမှ ဖဲင်နီအား “သုဘဒ္ဒါလို မိန်းကလေး”ဟု အမည်ပေးပုံကို စာရေးသူ အလွန် သဘောကျပါသည်။ အခြား စာရေးဆရာ တစ်ဦးက “ယွန်းရုပ်နတ်မယ်” ဟု အမည် ပေးခဲ့သည်။ ဆရာမြသန်းတင့်ကမူ ဤစာအုပ်ကို ချစ်သော ယွန်းခင်ခင် ဟု အမည်ပေးခဲ့ရာ ဖဲင်နီကို “ယွန်းခင်ခင်”ဟု ခေါ်လိုက်ခြင်းဖြစ်၏။

တစ်ခါက ဆရာကြီး မြကေတုရေးသည့် စာတွင် “သည်လက်ကားလေဒီ” ဆိုသည်မှာ စုဖုရားလတ်ကို ခေါ်ခြင်းဖြစ်ကြောင်း ရေးခဲ့ပါသည်။ မိဖုရားခေါင်ကြီး စုဖုရားလတ်ကို “လေဒီ”ဟု ခေါ်ဆို သုံးနှုန်းမည် မထင်ပါ။ အခေါ်အဝေါ်အားဖြင့် နိမ့်ကျနေပါသည်။ အခြား စာရေးဆရာများ အားလုံးက “သည်လက်ကားလေဒီ”သည် ၎င်းဝတ္ထုထဲမှ ဖဲနင်နီကိုပင် ဆိုလိုသည်ဟု ရေးကြသည်။

“သည်လက်ကားလေဒီ”ကို တိုက်ရိုက် ဘာသာပြန်ရလျှင် “ယွန်းထည် ကဲ့သို့သော အမျိုးသမီးကလေး” ဟူ၍ပင် ဆိုရပေ မည်။ ယွန်းထည်ပြုလုပ်သည့် အခါ အတွင်းမှ ဝါးဖြင့် ရက်လုပ် ပုံဖော်၍ နွားချေးနှင့် သစ်စေးသုတ်ကာ ပြုလုပ် ခြင်းဖြစ်ရာ အပြင်ပန်း အားဖြင့် ယွန်း ထည်ကလေးသည် မည်သို့ပင် လှပစေကာမူ အတွင်း၌ ဝါး၊ နွားချေး၊ သစ်စေး များခံထားခြင်းသာဖြစ်သည်။ ဖဲင်နီကို ဆိုလိုခြင်းဖြစ်သည်။
“အပေါ်ယံ ရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ” ဟူသော မြန်မာဆိုရိုး အတိုင်းပင်ဖြစ်ပါသည်။ ဖဲင်နီသည် မည်သို့ပင် သူ၏ အရှင်သခင်ဖြစ်သော မိဖုရားခေါင်ကြီး စုဖုရားလတ် အပေါ် ရိုသေသည်၊ သစ္စာရှိသည်၊ ခင်မင်သည် ဆိုစေကာမူ တစ်ဖက်၌လည်း စုဖုရား လတ်နှင့် မသင့်သော မိဖုရားများ၊ မင်း သမီးများကို ထောက်ပံ့ကူညီခဲ့ခြင်း၊ မြန် မာနှင့် ပြင်သစ် ဆက်ဆံရေး စာချုပ်၊ စာတမ်းများကို ခိုးယူ၍ နယ်ချဲ့ဘက်အား တိတ်တဆိတ် ပေးကမ်းခြင်းများ ပြု လုပ်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ဤသို့ ဆောင်ရွက်မှုများသည် အရှင်သခင် အပေါ် သစ္စာရှိရာ မရောက်ပေ။ ဤသို့ ပြုလုပ်ခြင်းဖြင့် မည်သို့သော အကျိုးသက် ရောက်မည်ကို သိရပေမည်။

ယွန်းခင်ခင် (သို့မဟုတ်) ဖဲင်နီ(သို့ မဟုတ်) မက်တီ ကဲ့သို့သော သူများသည် မည်သည့်ခေတ်၊ မည်သည့် စနစ်သို့ ရောက်စေကာမူ အစဉ်ရှိနေမည်သာ ဖြစ်သည်ကိုကား သတိပြု အပ်လှပေသည်။


မောင်သန်းဆွေ၊ထားဝယ်၊


ကိုးကားချက်။ ။
(၁) မြသန်းတင့် “ချစ်သောယွန်းခင်ခင်၊
(၂) အောင်ဖြိုး “မင်းပြောင်းမင်းလွှဲ” ဆောင်းပါး၊ မြဝတီမဂ္ဂဇင်း၊ ဖေဖော်ဝါ ရီလ ၁၉၈၈ ခုနှစ်၊
(၃) အောင်ဖြိုး “အနိုင်မခံ၊ အရှုံးမပေး” ဆောင်းပါး၊ ငွေတာရီ၊ ဇန်န၀ါရီလ ၁၉၉၀ ခုနှစ်၊

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်