ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် နိုင်ငံကျော် အဆိုတော်၊ စာရေးဆရာ၊ မဂ္ဂဇင်းတိုက် ပိုင်ရှင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ရုပ်ရှင် ကုမ္ပဏီပိုင်ရှင်၊ အနုပညာ စွယ်စုံရ အကယ်ဒမီ မင်းသားကြီး ဝင်းဦး ကွယ်လွန် သွားသည် မှာ ၂၁ နှစ်ရှိလေပြီ။ ၁၄.၁၂.၁၉၈၈ နံနက် ၁ နာရီခန့်က ကွယ်လွန် သွားခြင်း ဖြစ်သည်။ သူ့ကို သတိတရဖြင့် သူ့အကြောင်း တွေးကြည့် မိသော အခါ သူတစ်ခါမှ မပြုဖူး သေးသည့် အနုပညာ တစ်ရပ် ဖြစ်သော ဘုန်းကြီးပျံ ဧယင်ကျူးခြင်း အမှု ပြုလုပ်ရန် ကြံစည်ခဲ့ ပုံကို သွား၍ သတိရ မိသည်။
မန္တလေးမှ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဦးဇောတိက ၏ အန္တိမ ဈာပနကို ၂၈.၁၁. ၁၉၇၉ နေ့မှစ၍ ၃.၁၂.၁၉၇၉ နေ့အထိ မန္တလေး တောင်ခြေ၊ ရာပြည့်ကွင်း တွင် ကျင်းပမည်။ ဘုန်းကြီးပျံပွဲ ဆင်နွှဲမည့် ပရိသတ်ကို ကြည့်ချင်ဖွယ် စုံစုံလင်လင်ဖြင့် ဖြေဖျော်ရန် စီစဉ်သော အခါ ဆရာတော်များ၏ “ဒကာ မောင်ဝင်းဦး လည်း တတ်နိုင် သမျှ ဖြေဖျော်မှု ကဏ္ဍမှာ ပါဝင် ဆောင်ရွက်ပေးပါ” ဟူသော မေတ္တာ ရပ်ခံချက် အရ ကိုဝင်းဦး သည် အနုပညာ မှု၌ သူတစ်ခါမှ မပြုဖူး သေးသည့် ဧယင်ကျူးခြင်း အမှုကို ပြုပေးမည်ဟု တိတ်တိတ် ကျိတ်၍ ဆုံးဖြတ်ချက် ချထား သည် ဟု ဆိုပါသည်။ စာရေးသူသည် ထိုအချိန်က ရန်ကုန်၌ ရှိသည်။ ရန်ကုန်တွင် အိမ်မရှိသေး၍ စထရင်း ဟိုတယ်တွင် တည်းခိုလေ့ ရှိပါသည်။ နံနက်စာ၊ ညစာကို ဘားလမ်း (ယခု မဟာ ဗန္ဓုလပန်းခြံလမ်း) အထက်ဘလောက်ရှိ ကိုဝင်းဦး၏ စန္ဒာမဂ္ဂဇင်းတိုက်ရှေ့မှ“ကိုကိုကြီးနှင့် ညီများ”ဆိုင်တွင် စားလေ့ ရှိသည်။ ထိုနေ့က ညစာ စားရန်အလာ ဆိုင်ရှေ့ကားပေါ်မှအဆင်း စန္ဒာ မဂ္ဂဇင်း တိုက်ရှေ့တွင် စန္ဒရား အေဝမ်းခင်မောင် ရပ်နေသည်ကို တွေ့ရသည်။ သူက စာရေးသူကို မြင်သည်နှင့် လက်ဝါး တားပြပြီး လှုပ်လှုပ် လှုပ်လှုပ်နှင့် လမ်းတစ်ဖက်သို့ ကူးလာ၏။ ကိုကိုကြီး၏ ဆိုင်အတွင်းသို့ စာရေးသူ နောက်မှ ဝင်လာပြီး ကွပ်ပျစ်ပေါ်တွင် ထိုင်ချလိုက်သည်။
“ကိုထူးရေ၊ မင်းသားကြီးက ဦးဇောတိကဘုန်းကြီးပျံမှာ မလုပ်စဖူး ဧယင် ကျူးမလို့တဲ့။ ဗိုကုက သူ့ကိုကူညီပါပြောတော့ သူလည်း မလွန်ဆန်နိုင်ဘူးလေ။ ဒီတော့ ဧယင်ကျူးသင်ချင်တယ်။ ကျွန်တော်လည်း ဧယင်ကျူးတတ်တဲ့ ဇာတ် မင်းသမီးတွေကို သူ့ကို သင်ပေးဖို့ ရှာနေတာပဲ။ ခင်ဗျားအသိထဲကရှိရင် ပြောပြပါဦး” ဟု ခေါင်းခါခါ လည်ခါခါဖြင့် သူ၏ ဟန်အမူအရာ အတိုင်း ပြောပါသည်။ သူက မင်းသားကြီးဟုဆိုသူမှာ ကိုဝင်းဦးကို ဆိုလိုပြီး ဗိုကုဆိုသူကမူ မန္တလေးမှ ဦးကုသလ ဖြစ်ပါသည်။ အေဝမ်း ကိုခင်မောင်သည် ဘ၀ ဆည်းဆာချိန်တွင် အတော်နွမ်းပါး သွားရှာသည်။ သူ့ကို အများဆုံး ထောက်ပံ့သည်က ကိုဝင်းဦးဖြစ်၏။ ကိုဝင်းဦးကို သီချင်းဟောင်းများက မေ့နေသည့် တီးကွက်၊ ဆိုကွက်များကို ပြန်ဖော်ပေး၊ ပြန်နွှေး ပေးရန် ကိုဝင်းဦး အခန်းသို့ လာနေရသည်။ သည်အတွက် သူ့ကို ထောက်ပံ့ထားသည်။ သူတင် မဟုတ်ပါ။ နွမ်းပါးရှာသည့် ဂီတနှင့် အနုပညာရှင် အတော်များများကို ကိုဝင်းဦးက ထောက်ပံ့ ထားပါသည်။ ကိုဝင်းဦးဆီ လာနေရသော်လည်း မတွေ့လျှင် စောင့်ရင်းဖြင့် ဦးကိုကိုကြီး အခန်းဘက်သို့ ကူးလာလေ့ ရှိသည်။ စာရေးသူနှင့် ယခင် ကတည်းက ပတ်သက်ခဲ့၍ ပြန်ဆုံနေကြရသည်။
“ဧယင်ကျူးဖို့က မန္တလေး ဇာတ်မင်းသား၊ မင်းသမီးတွေဆီမှာ သင်ရင် ပိုမကောင်းဘူးလား”
“ဟုတ်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် သူက ဒီကိစ္စကို လျှို့ဝှက်ထားချင်တယ်လေ။ ပွဲကျတော့မှ သူဧယင်ကျူးမယ်လို့ တအံ့တဩဖြစ်ကြရအောင် လုပ်မှာကိုး။ ဒီတော့ မန္တလေးမှာ ဘယ်သင်လို့ ဖြစ်မလဲ။ ရန်ကုန်မှာ ကျိတ်ပြီး သင်ရမှာ”
“ကျွန်တော် ပန်တျာ ဦးကျော်ညွန့်ကို မေးကြည့်ပါဦးမယ်။ နတ်ပွဲတွေမှာ သီချင်း လိုက်ဆိုနေတဲ့ ဇာတ်မင်းသမီး ကျကြီးတွေ ရှိတယ်။ သူတို့နဲ့ ကျိတ်သင်ရမှာပဲ” ဟု ပြောလိုက်ပါသည်။
“ကိုဝင်းဦးနှယ်၊ ကြံကြံဖန်ဖန် ဧယင်ကျူး ချင်ရတယ်လို့” ဟုစာရေးသူ စိတ်ထဲ၌ အောက်မေ့မိပါသည်။ အနုပညာနှင့် ပတ်သက်လျှင် ကိုဝင်းဦး၌“ငါ့ပြင်မရှိစိတ်” ကြီးကြီးမားမား ထား ရှိသည်။ သို့ကြောင့် သူမတူအောင် ကြိုးစားလေ့ ရှိသည်။ သူ၏လုံ့လ၊ ဝီရိယကိုလည်း ချီးကျူး အံ့ဩရ၏။ ထိုအချိန်က သူလျှမ်းလျှမ်းတောက် ကျော်ကြားနေပြီဖြစ်ရာ ဘုန်းကြီးပျံပွဲတွင် သီချင်းဆို၍ ဖျော်ဖြေပေးလိုက်ရုံသာ ရှိသည်။ ဤသို့ တော်၏ လျော်၏ ဝတ်ကျေတန်းကျေ မလုပ်ဘဲ ဘုန်းကြီးပျံ၏ သမားစဉ် ဖြစ်သော ဧယင်ကျူးခြင်း အလုပ်ကိုမှ သူက ထူးထူးခြားခြား လုပ်ပြချင်ပုံ ရသည်။
“ဧယင်ကျူး”သည်ဆိုသည်ကို ယခုခေတ် မျိုးဆက်သစ် စာဖတ် ပရိသတ်တို့ သိကြမည် မဟုတ်ပါ။ ကြားတော့ ကြားဖူးကြပေမည်။ မြင်ဖူးကြသူ ရှားသွားပြီ။ ဧယင်ကျူးခြင်း အမှုကို ရှေးက အကြီးအကျယ် ကျင်းပသော ဘုန်းကြီးပျံများတွင်သာ ပြုလုပ်ခဲ့ကြ သည်။ ယခုခေတ်တွင် မပြုလုပ်ကြ တော့၍ ဤယဉ်ကျေးမှု တိမ်ကောသွား သည်။ ဧယင်ကျူးတတ်သည့် ဇာတ်မင်းသား၊ မင်းသမီးများ မရှိသလောက် ဖြစ်သွားသည်။ တစ်နှစ်က ထားဝယ်မှ ဘုန်းကြီးပျံပွဲ တစ်ပွဲကို သိန်း ၇၀၀ အကုန်အကျ ခံ၍ အကြီးအကျယ် ကျင်းပရာ ဧယင်ကျူးမည်ဖြစ်သောကြောင့် မန္တလေး၌ ဧယင်ကျူးတတ်သူကို သွားငှားရသည်။ တကယ်တမ်း ဧယင်ကျူး သောအခါ ဧယင်ကျူးခြင်း မဟုတ်ဘဲ ငိုချင်းချနေခြင်းသာ ဖြစ်သည်ကို တွေ့ ရသည်။ မန္တလေးမှ အမျိုးသားဆရာနှင့် တပည့်မ အမျိုးသမီးတစ်ဦး ငှားလာသည်။ သူတို့ဆင်ထားသည့်ခွင်မှာ အမျိုးသားလုပ်သူက သိကြားမင်း၏ ကိုယ်စားလှယ်တော် မာတလိနတ်သား လုပ်ပြီး ဆရာတော်ကို နတ်ပြည်သို့ ပင့်ရန်လာပုံ၊ ဧယင်ကျူးမည့်အမျိုးသမီး က ဆရာတော်ကို မပင့်ဆောင်သွားရန် တောင်းပန် တားမြစ်ပြီး ဧယင်ကျူးမည့် ပုံဖြစ်၏။ ဤခွင်တွင် အဓိကသယ်ရ မည်က အမျိုးသမီးဖြစ်သည်။ ဆရာ တော်ကို မပင့်ဆောင်ရန် အမျိုးမျိုး ဖွဲ့နွဲ့ တောင်းပန်ငိုရမည်။ ငို၍သနားလောက် အောင်ပြောရမည်။ သို့သော် အပြောမပိုင် ဘဲ ငိုချင်းသာ အကြိမ်ကြိမ်ချနေတော့သည်။
ဪ ဧယင်ကျူး သည့် အတတ် ပညာ တိမ်ကော သွားပါပကော ဟု နှမြောတသ အောက်မေ့မိခဲ့ ရသည်။
ဘုန်းကြီးပျံဟု ခေါ်ဆိုကြသော ရဟန်းသံဃာတို့၏ အန္တိမဈာပနသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဘာသာ ရေးနှင့်နွယ်သော ပွဲလမ်းတစ်ခုသာဖြစ် သည်။ ရှေးအခါက ကြီးကြီးကျယ် ကျယ် ကျင်းပ ခဲ့ကြသည်။ “ဘုန်းကြီး သေ၊ ရွာကျေ” ဟူသော ဆိုရိုးပင် ကျန်ခဲ့သည်။ ဘုန်းကြီးပျံ ကျင်းပ ရသည့်ရွာ သည် ဘုန်းကြီး ပျံပြီးသော အခါ ငွေကုန် လူပန်း ကျန်ခဲ့သော ကြောင့် ဖြစ်သည်။ ဘုန်းကြီး ပျံသည် ပျော်ပွဲရွှင်ပွဲ သက်သက်ကား မဟုတ်ချေ။ ဘဝတစ်ခု၏နိဂုံး အဆုံးသို့ ရောက်သွားသည့် ကိုးကွယ်ရာ အရှင်မြတ်အား နောက်ဆုံး အနေဖြင့် ပူဇော် ကန်တော့ ကြရာ၌ တတ်အား သရွေ့ သိုက်မြိုက် စည်ကားရန် စီမံကြ ခြင်းမှ ရလဒ်သာဖြစ်သည်။ ရပ်ဝေး ရပ်နီးမှလာကြကုန်သော ဒကာ၊ ဒကာမ များအား ဘုန်းကြီးပျံ၌ ပင်ပန်း နွမ်းလျမှု ပြေပျောက် စေရန် ပွဲလမ်း သဘင်ဖြင့် ပြန်လည် ဖျော်ဖြေမှု ပေးကြခြင်းမှ အစ ပြုကာ ဘုန်းကြီးပျံပွဲများ ကျင်းပမှု အမြစ်တွယ် လာကြသည်ဟု မှတ်သား ရဖူးသည်။ သို့ဖြစ်ရာ ဘုန်းကြီးပျံ၌ ပါဝင်သော ဖျော်ဖြေမှု အဝ၀ သည် ပျော်ရွှင်ရန်သာမက အပန်းဖြေရန်နှင့် ကုသိုလ်ရ ရေးတို့၌ပါ အလေးကဲကြောင်း သတိပြုမိသည်။
ရှေး အခါက ဘုန်းကြီးပျံပွဲ ၌မပါ မဖြစ်ဟု ယူဆသော အမှုကား ဧယင်ကျူး ခြင်းဖြစ်သည်။ ဧယင်ကျူးခြင်း မည်သို့ ဖြစ်ပေါ်လာ သနည်း။ မည်သည့်ခေတ် က စတင်ခဲ့ သနည်း ဟူသည့် အချက်ကို ဆန်းစစ် ကြည့်လျှင် မြန်မာစာပေ၌ ဘုရင့်သားတော်၊ သမီးတော်တို့ကို ဧယင်တော် ဆက်သည့် မင်္ဂလာအခမ်း အနားတွင် ရှေးဘေးတော်၊ ဘိုးတော်မှ စ၍ ခမည်းတော် တိုင်အောင် ဘုန်းတန်ခိုး အာဏာကြီးမား ထက်မြက်ခဲ့ပုံ တို့ကို စံနမူနာ ယူ၍ အရှင်မင်းသား၊ မင်းသမီး သည်လည်း ဘုန်းတန်းခိုး ကြီးမားမည် ဖြစ်ကြောင်း ကျူးသီဖွဲ့ဆို ဆက်သွင်း သော “ဧချင်း” ဟူ၍ ရှိသည်။ ထိုဧချင်း ကို ရွှေနားတော်သွင်းပြီး“ဧယင်”ခေါ် သည့် ဘုရင့်သားတော်၊ သမီးတော် တို့အတွက် ပုခက် (ခြောက်ထောင့်ရှိ၍ မှန်စီ၊ ကျောက်စီထားသည့် သစ်သား ပုခက်) ကို လွှဲရသည်။
ဤသည်ကို အတုယူ၍ ကိုးကွယ်ရာ အရှင်မြတ်၏ အလောင်းကို ဧယင်ပေါ်တွင်တင်ကာ သူ၏ ဂုဏ်ပုဒ်ကို ဖော်ထုတ်၍ ကြားရသူ အပေါင်း လွမ်းလွမ်းဆွေးဆွေးတမ်းတမ်း တတဖြစ်လေအောင် သီကျူး၊ ရင့်ကျူး ရာမှ“ဧယင်ကျူးခြင်း” ပေါ်ပေါက်လာ သည်ဟု ထင်ပါသည်။ စာရေးသူငယ် စဉ်က ဘုန်းကြီးပျံများ ရောက်လေတိုင်း အသံကောင်း၊ အဆို ကောင်းသော အဆိုတော်များ၊ တစ်ခါတစ်ရံ ဇာတ်သဘင်မှ မင်းသား၊ မင်းသမီးများက ဘုန်းတော် ကြီး၏ရုပ်ကလာပ်ဘေးတွင် ထိုင်လျက် တစ်မျိုး၊ ရပ်၍တစ်လီ အနည်းနည်း အဖုံဖုံ ဆိုင်းဝိုင်းဖြင့် တွဲဖက်ကာ ဧယင်ကျူး သည်များကို မှတ်မိနေသည်။ ရုပ်ကလာပ်တော်ကို လှပစွာ ဆင်ယင်ထားသည့် ဧယင်ပုခက်တွင် တင်ကာကြိုးဖြင့် လွှဲပေးရင်းမှ ဧယင်ကျူး ကြသည်များ လည်းရှိ၏။
စာရေးသူ မှတ်မိနေသော ဇာတ်မင်းသားကြီး ရွှေမန်းတင်မောင် ဧယင် ကျူးသည်ကို သတိရသည်။ ဆဋ္ဌသင်္ဂါ ယနာတင်ပွဲ၏ ဦးစီး ဥက္ကဋ္ဌဖြစ်သော ညောင်ရမ်းဆရာတော် ဘုရားကြီးသည် သင်္ဂါယနာပွဲ ကျင်းပနေစဉ်အတွင်း ရန်ကုန်၌ ပျံတော်မူသည်။ ကမ္ဘာအေး လိုဏ်ဂူကွင်း၌ ကျင်းပသည့် မင်းဆရာ တော်၏ ဘုန်းကြီးပျံပွဲသည် တရားဝင် မဟုတ်သော်လည်း နိုင်ငံတော်ဘုန်းကြီး ပျံပွဲကြီးဟုပင် ခေါ်နိုင်ပါသည်။ ဧည့်ခံ မဏ္ဍပ်ကြီး ၁၅ လုံးခန့်ရှိသည်။ မန္တလေး မဏ္ဍပ်ဟူ၍လည်း ရှိ၏။ အခြားတိုင်းနှင့် ပြည်နယ် မဏ္ဍပ်များလည်း ရှိသည်။ မဏ္ဍပ်တိုင်းတွင် ဧယင်ကျူးစင်များ ထားကာ ဆရာတော်ကြီး၏ ရုပ်ကလာပ် ကို အလှည့်ကျ ဧယင်ကျူးကြရ၏။ မန္တလေးဇာတိ ဝန်ကြီးတစ်ဦးက ပဲခူး၌ ကနေသည့် ရွှေမန်းတင်မောင်ကို ဧယင် ကျူးရန်ခေါ်လိုက်သဖြင့် “အကြောင်းနဲ့ မှာတော့ ခေါင်းနဲ့ လာရသပေါ့” ဆို သကဲ့သို့ ဦးတင်မောင်လည်း လာ၍ ဧယင်ကျူးရတော့သည်။
စာရေးသူတို့ သွားကြည့်သည့်နေ့က ရွှေမန်းတင်မောင် နှင့် မင်းသမီး မိတ်ဆက်မြသန်းတို့ ဧယင်ကျူးနေသည်။ သူဧယင်ကျူး သည်ကား ရိုးရိုးမဟုတ်ပေ။ ဇာတ်ကွက် ဇာတ်လမ်းဖ န်တီးလာလိုက်သေးသည်။ ဦးတင်မောင်က ယခု ပျံတော်မူသည့် ညောင်ရမ်းဆရာတော်ကြီး၏ကျောင်းမှ ဘုန်းကြီးကျောင်းသားကလေး၊ ကျောင်းကို အပြန် အစ်မဖြစ်သူ မိတ်ဆက်မြသန်း က“မောင်လေး၊ ငါ့ဖို့ ပန်းခူးခဲ့စမ်း” ဟု မှာလိုက်၍ တောစပ်ကပန်းများခူး လာသည်။ ပန်းစည်း ၂ စည်းပိုက်၍ လာ၏။ အစ်မ မှာသည်ကို ယူနိုင်ခဲ့သည်မို့ ပျော်ပြီး ဗုံထောက်ကို ကောက်ဆိုလိုက် သည်။ ဦးတင်မောင်က ဗုံထောက်ကို ပစ်အော်ဆိုပြီး ပရိသတ် ခေါ်ခြင်းဖြစ်၏။ ပန်းစည်း ၂ စည်းနှင့် မြူးတူးကခုန် လိုက်သေးသည်။ ဦးတင်မောင်ဆိုလိုက် သည့် ဗုံထောက်သံက ဘုန်းကြီး ပျံကွင်းကြီး တစ်ခုလုံး လွှမ်းသွားလေသည်။ အခြားမဏ္ဍပ်မှ ဖျော်ဖြေမှုများကို လွှမ်းမိုးသွား၏။ ဦးတင်မောင်က ခြောက်ပေါက်ကို သံမှန်လုပ်ဆိုသည်မှာ ပတ်စာပိုး ကျနေတော့သည်။
ဘုန်းကြီး ကျောင်းသား ဦးတင်မောင် ကျောင်း ရောက်သည့်အခါ သူ့အစ်မက ဆီး၍...
“မောင်လေး၊ မင့်ဆရာတော် ဘုရား မရှိတော့ဘူးကွဲ့။ ပျံတော်မူသွား ပြီ” ဟု ပြောသည်။ ဤမှာတွင် ရုတ်တရက် ကြားလိုက်ရသည့်သတင်း ကြောင့် ရွှေတောင်ကြီး ပြိုပြီ ဆိုသည့် သဘောဖြင့် ဦးတင်မောင်က သူ၏အစ်မ ရှေ့မှာ“ဟင်”ဟု ဆိုကာ အပူတပြင်း ငိုတော့သည်။ ငိုပြီး ဆရာတော်၏ အလောင်းရှေ့ ရောက်သောအခါ ပြောလိုက်ငိုလိုက်၊ လွမ်းလိုက်ဆွေးလိုက် ပြုနေသည်မှာ ရေပက်မဝင်ဖြစ်တော့ ၏။ အပြောမင်းသား ဦးတင်မောင်အဖို့ အကွက်ဆိုက်ပြီ။ အစ်မလုပ်သူ မိတ်ဆက်မြသန်းကလည်း ကြားမှ ပို့ပေးပြီး ငိုချင်းဖြင့် ဧယင်ကျူးနေသည်။ နေ့ ၁၂ နာရီမှစပြီး ဦးတင်မောင်တို့ ဧယင်ကျူး နေသည်မှာ စာရေးသူတို့ ပြန်လာသည့် ညနေ ၆ နာရီအထိ မပြီးချင်သေးပေ။
ထားဝယ်မှ ဆင်ဆိပ် ဆရာတော် ဘုရားကြီး ဘဒ္ဒန္ဓသောဘဏ၏ ဘုန်းကြီးပျံတွင် စာရေးဆရာကြီးရွှေဝယ်ဧ ဧယင် ကျူးသည်ကိုလည်း စာရေးသူ မြင်ရဖူး သည်။ လက်ဝဲကျွန်းရှိ ဘုန်းကြီးပျံကုန်း (ယခု လေယာဉ်ပြေးလမ်းဖြစ်သွားပြီ) တွင် ဖြစ်၏။ ရွှေဝယ်ဧ ဧယင်ကျူး မည်ဆို၍ နေ့လယ်ဘက်တွင် မဏ္ဍပ်ထဲ သို့ တမင်သွားပြီးကြည့်ခြင်း ဖြစ်သည်။ ဆိုင်းဝိုင်းလည်းမရှိပါ။ မန်းရာပြည့် ရွှေတံဆိပ်ရ မယ်ဒလင်ဦးတင်ဖေသာ အလောင်းစင် အနားတွင် ထိုင်နေသည်။ ရွှေဝယ်ဧက တစ်ယောက်တည်း ဖြစ် ၏။ ဆိုင်းမပါ၊ ဗုံမပါနှင့် မည်သို့ ဧယင် ကျူးမည်မသိဟု စဉ်းစားရခက်နေ သည်။ ဤတွင်လည်း ရွှေဝယ်ဧက ခွင်ဆင်ထားသည်။ သူက ဆင်ဆိပ် ကျောင်းမှ ကျောင်းသားဟောင်း မော်လမြိုင် သွားနေစဉ် ဆင်ဆိပ်ဆရာတော် ဘုရားကြီး မကျန်းမာဖြစ်သည်ဟု သတင်းကြား၍ အမြန် ပြန်လာခဲ့သည်။ သူ့ဆရာတော်ကြီး ကြိုက်တတ်သည့် ဩဇာသီးကိုပင် ဝယ်ခဲ့၏။ ရန်ကုန်တွင် ရှိသည့် ဩဇာသီးမျိုး ထားဝယ်၌မရှိ ပါ။ မိုးများလွန်း၍ ဩဇာပင် မဖြစ်ထွန်းပါ။ အိမ်တံစက်မြိတ်များတွင်သာ ထို ဩဇာပင်မျိုး စိုက်ရသည်။ အနည်း ငယ်သာ သီး၏။ ရှားပါး၍ လူနာစာနှင့် ရဟန်းသံဃာတော်တို့ အတွက်သာဟု သတ်မှတ်ထားကြသည်။ ထားဝယ် ဩဇာသီးမှာ အပင်ကြီးမျိုးဩဇာချော ဖြစ်သည်။ အလုံးကြီးပြီး အချဉ်ဓာတ် အနည်းငယ်ပါသည်။ ထို့ကြောင့် ရွှေဝယ်ဧက သူ့ဆရာတော်ကြီး ဘုဉ်းပေးရန် ဩဇာသီးနှင့် အပြေးလာခြင်းဟု ဖန်တီး ထားပါသည်။ ရောက်သောအခါ ဆရာ တော်ကြီးက ပျံတော်မူနှင့်ပြီ။ ဧယင် ကျူးမည့် အလောင်း စင်ပေါ်သို့ ရောက်နေပြီ။ ယူကျုံးမရ ဖြစ်ကာ သူ၏ ကြိုး စားပမ်းစားလာခဲ့ရပုံကို အငိုအရှိုက် အဖို အလှိုက်အပြောဖြင့် ပရိသတ်ကို ရှင်းပြလိုက်သည်။ မယ်ဒလင်က တစ်ခါပြော ပြီးတိုင်း အတီးဝင်ပေးသည်။
“ဘုရားကျွန်တော်မျိုးကို ထကြည့် ပါဦးဘုရား။ ဆရာတော် ကြိုက်တတ် သည့် ဩဇာသီးကိုပင် ဘုဉ်းပေးပါဦး ဘုရား” စသည်ဖြင့် တီတီတာတာ အပြောဖြင့် ငိုချင်းဆိုသည်။ ထို့နောက် အလောင်းတင်ထားသည့် ဧယင်ပုခက် ကို တစ်ချက်နှစ်ချက် လွှဲလိုက်၏။ ပရိ သတ်မှာ ရွှေဝယ်ဧ၏ အနုပညာတွင် မျောပါသွားသည်။ ညနေမှောင်သည် အထိ မပြန်နိုင်ကြသေးပါ။ ဆရာကြီး ရွှေဝယ်ဧ ဧယင်ကျူးသည်က အရပ် ဆန်သည်။ ရွှေမန်းတင်မောင် ဧယင် ကျူးသည်က ဇာတ်ဆန်ဆန်ဖြစ်၏။
မင်းသားကြီး ကိုဝင်းဦးက မည်ပုံ ဧယင်ကျူးမည်နည်း။ အရပ်ဆန်ဆန် ဧယင်ကျူးမည်လား။ ဇာတ်ဆန်ဆန် ဧယင်ကျူးမည်လား။ သူ့အနေနှင့်မူ အရပ်ဆန်ဆန် ဧယင်ကျူးမှ သင့်မည်။ သို့ကြောင့် နောက်တစ်နေ့ အေဝမ်းကိုခင်မောင်နှင့် တွေ့သောအခါ ဤအကြောင်း ပြောပြပြီး“မင်းသားကြီး အရပ်ဆန်ဆန် ဧယင်ကျူးမှ သင့်မယ် ထင်တယ်။ သူ့ ကိုလည်း မေးကြည့်ပါဦး”ဟု ပြော လိုက်ရသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုအခေါက် စာရေးသူ ရန်ကုန်၌ ရှိစဉ် ငယ်သူငယ်ချင်း တောင်ကြီးမှ လောရင့်စ် မောင်စိန်နှင့် တွေ့ကြသည်။ သူက ဆရာကြီး ချစ် ဒုက္ခဦးဘညွန့်အိမ်သို့ သွားမည်။ အဖော် လိုက်ခဲ့ပါဟု ခေါ်သည်။“ဘာကိစ္စရှိလို့လဲ” ဟုမေးရာ တောင်ကြီးကောလိပ်မှာ ဆရာကြီး တပည့်ဆရာမတစ်ဦးက လက်ဆောင် ပစ္စည်းများ ပါးလိုက်၍ သွားပေးရန် ဖြစ်သည်ဟု ပြောပါသည်။ ဆရာကြီး နေသည့် လိပ်စာကိုလည်း ပေးလိုက် သည် ဟုပြော၏။ စာရေးသူလည်း ဆရာကြီးနှင့် မတွေ့သည်မှာ အတော်ကြာသွားပြီ။ အဆင်သင့်၍ လိုက်ပါသွားသည်။ လောရင့်စ်မောင်စိန်က ဆရာကြီး အတွက် လက်ဖက်ခြောက်များယူခဲ့ပြီး စာရေးသူက ထားဝယ်ငါးမုန့်များ ယူသွားသည်။ ဆရာကြီးအိမ်သို့ ရောက်၍ တွေ့ကြသောအခါ ဆရာကြီးကပင်“ရှမ်းနဲ့ ထားဝယ် ဘယ်အရေး၊ ဘယ် ကိစ္စနဲ့ လာကြတယ်” ဟု ကာရန်နဘေဖြင့် ရွှတ်ရွှတ်နောက်နောက် စတင် နှုတ်ဆက်လိုက်၍ စာရေးသူတို့ နှစ်ဦးကို ဆရာကြီးက မှတ်မိနေသေးသည်ဟု သိလိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြရပါသည်။ လောရင့်စ် မောင်စိန်က လာရခြင်း အကြောင်းကို ရှင်းပြပြီး စာရေးသူတို့နှစ်ဦးက ဆရာကြီးကို ကန်တော့ကြသည်။ ဆရာကြီးသည် ရှည်ရှည်ဝေးဝေး ဆု ပေးနေပါသည်။ ဆရာကြီးနှင့် မတွေ့ ကြသည်မှာ ၁၀ နှစ်ခန့်ရှိသွားပြီ ဖြစ်၍ ရှေးဟောင်းနှောင်းဖြစ်များကို ပြောနေမိကြသည်။
စာရေးသူက...
“ဒါနဲ့ ဆရာ့ကို ပြောရဦးမယ်။ ဆရာ့သား မင်းသားကြီးက မန္တလေး ဘုန်းကြီးပျံမှာ ဧယင်ကျူးမလို့တဲ့။ ကျွန်တော်နဲ့ အေဝမ်းခင်မောင်တို့က ဧယင်ကျူး သင်ပေးမယ့်သူ ရှာနေကြ တယ်”ဟု ပြောလိုက်သောအခါ ဆရာကြီးက...
“ကြံကြံဖန်ဖန်ကွာ၊ ဧယင်ကျူး မလို့တဲ့လား။ ဧယင်ကျူးတာများ လွယ်မယ် မှတ်သလား။ တော်ကြာ ပရိသတ်ရှေ့မှာ အိုးနင်းခွက်နင်း ဖြစ်နေရင် အရှက် ကွဲတော့မပေါ့” ဟု ပြောလိုက်ပါသည်။ သူ့သားကို အပြစ်တင် သလိုလို ပြောနေသော်လည်း ဆရာကြီး မျက်နှာမှာ သားဖြစ်သူ၏ အနုပညာ အရာ၌ ကြိုးစားမှုကို ကျေနပ်ပုံရပါသည်။
စာရေးသူတို့ ပြန်ခါနီးတွင်...
“မင်း အဆိုတော် ခင်ခင်ညွန့်ကြီးကို သိတယ် မဟုတ်လား။ မသိရင်လည်း မအေဝမ်းကို ပြောလိုက်။ သူနဲ့ သိပါတယ်။ ခင်ခင်ညွန့်က ဧယင်ကျူး တတ်တယ်ကွ။ ကောင်းလည်းကောင်းတယ်။ ငါနားထောင်ဖူးတယ်”ဟု မှာလိုက်ပါသည်။ ဆရာကြီး ပြောသည့် မအေဝမ်းဆိုသူမှာ စန္ဒရားအေဝမ်း ကိုခင်မောင်ပင်ဖြစ်သည်။ ရင်းနှီးသူများက စန္ဒယား အေဝမ်းခင်မောင်ကို“မအေဝမ်း” ဟု ခေါ်ကြသည်။
“ဆရာကြီး၊ ဒါကTop Secret (ထိပ်တန်းလျှို့ဝှက်) နော်” ဟု စာရေး သူက ပြောလိုက်ရာ...
“အံမယ်၊ အံမယ် ငါ့ကိုလာပြော ပြီးတော့မှTop Secret တွေ၊ ဘာတွေ လုပ်နေတယ်။ ငါလျှောက်ပြောလိုက်ရ”
“မလုပ်ပါနဲ့ ဆရာကြီးရယ်။ ပေါက်ကြားသွားရင် ကြားက ကျွန်တော် မကောင်းဖြစ်နေပါ့မယ်”
“ငါ သိပါတယ်ကွ” ဟု ပြောလိုက်ပါသည်။
ဆရာကြီး မှာလိုက်သည့်အတိုင်း အေဝမ်းခင်မောင်ကို အကြောင်း ကြားလိုက်ရ၏။ ကိုခင်မောင်က ခင်ခင်ညွန့်ထံ ချဉ်းကပ်ရသည် ဆိုပါသည်။ သို့နှင့် မင်းသားကြီး ကိုဝင်းဦးသည် အဆိုတော် ခင်ခင်ညွန့်ထံ၌ ဧယင်ကျူးပုံ၊ ဆိုပေါက် အလှည့်အပြောင်းတို့ကို သင်ရသည်။ တိတ်ခွေဖြင့် အသံသွင်းယူ ထားပြီးလည်း လေ့ကျင့်ရသည်။ ရွာစား စိန်လှမြိုင်က ဧယင်ကျူးစာနှင့် စကားများ တတ်နိုင်သမျှ စုဆောင်းပေးသည် ဆိုပါသည်။ သူကိုယ်တိုင်လည်း လိုက်၍ တီးပေးရန် သဘော တူထားသည် ဆို၏။ ထို့နောက် စာရေးသူလည်း ထားဝယ်သို့ ပြန်သွားပါသည်။ မင်းသားကြီး မန္တလေးတွင် ဧယင်ကျူး နေလိမ့်မည်ဟုပင် ထင်ထား သည်။
သို့သော် ဧယင် မကျူးလိုက်ရပါ။ မထင်မှတ်ဘဲ မင်းသားကြီးကိုရောဂါ ဝေဒနာတစ်ခုက ဖိစီးနှိပ်စက်လိုက်လေ သည်။ သည်းခြေအိတ်ရောင်ရမ်းသော ဝေဒနာဖြစ်၏။ မခံသာအောင် နာကျင်သည်။ ယင်းဝေဒနာကို မင်းသားကြီး သည် ယခင်ကတည်းက ခံစားရဖူး သည် ဆိုပါသည်။ အတန်ကြာ ပျောက် ကွယ်နေရာမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပနေစဉ် ဖျော်ဖြေပွဲ တစ်ခု၌ ဖျော်ဖြေနေသည့် စင်ပေါ်တွင်ပင် ဤဝေဒနာ ပြန်ပေါ်လာ၍ ကုသရပြန် သည်။ ယခုလည်း ဘုန်းကြီးပျံပွဲ မဆင်နွှဲ လိုက်ရမီ ဤဝေဒနာက မင်းသားကြီးကို နှိပ်စက်ပြန်လေပြီ။ ဈာပနပွဲ ကျင်းပ နေခိုက်မှာပင် သွားရောက်ရန် ကြိုးစား ကြည့်သေးသည်ဆို၏။ မဖြစ်နိုင်တော့၍ ဦးကုသလကို တယ်လီဖုန်းဖြင့် လျှောက်ထား တောင်းပန် လိုက်ရသည်။ မင်းသားကြီး“ခဲလေသမျှ သဲရေကျ” ရတော့သည်။ ဦးဇောတိက၏ အန္တိမ ဈာပနတွင် အစွမ်း မပြလိုက်ရတော့ပါ။ ကံအလှည့် မသင့်၍ မဆင်နွှဲလိုက်ရသော်လည်း ရန်ကုန်မှ နေပြီး ဈာပနကော်မတီသို့ နဝကမ္မ အဖြစ် ကျပ်ငွေ တစ်သောင်းသာ လှမ်း၍ လှူဒါန်းလိုက်ရသည်။
မင်းသားကြီးအတွက် ကုသိုလ်ကံ အကျိုးဆက်ရလဒ်ကား“ဧယင်ကျူး” ဟူသော ဂီတ အခြေခံ အမွေကောင်းကို ထောင်းထောင်းညက်ညက်ကျေအောင် သင်ထားလိုက်ရပြီးမှ အစွမ်းမပြလိုက် ရခြင်းဖြစ်သည်။ အေဝမ်းကိုခင်မောင် ပြောပြသည့် မင်းသားကြီး သီကျူးရန် ရည်ရွယ်ထားသော ဧယင်ကျူးမည့် ခွင်မှာ နတ်ပြည်မှ သိကြားမင်းက စေခိုင်း၍ နတ်အများ ဆရာတော်၏ ရုပ်ကလာပ်ကို ဆောင်ကြဉ်းရန်အလာ၌ ဧယင်ကျူးမည့် မင်းသားကြီးက ချက်ချင်းလက်ငင်း ယူဆောင်ခြင်း မပြုရန် တောင်းပန်သည့်ပုံ ဖြစ်လေသည်။ သိကြားမင်းနှင့် နတ်များအဖြစ် ဇာတ်ထဲမှ ဇာတ်သားများက ဝတ်စုံအပြည့်ဖြင့် သရုပ်ဆောင် ကြရမည်။
ဤသို့ဖြင့် ဧယင်စင်ပေါ်တွင် မင်းသားကြီးတစ်ဦးတည်း မဟုတ်ဘဲ သိုက်သိုက်ဝန်းဝန်း နတ်ဝတ်စုံများ၏ အရောင်တလက်လက်ဖြင့် မြင်ကြရ မည်။ မျက်စိပသာဒတွင် အုံနှင့်ကျင်းနှင့် ဖြစ်နေမည်။ ဇာတ်ဟန်နှင့် အရပ်ဟန်ပါ ရောသမ မွှေပြီး လုပ်သွားမည်။ အခြား မဏ္ဍပ်များမှ ဧယင်ကျူးပုံများနှင့် လုံး၀ မတူရအောင် ဖန်တီးထားသည်။ သို့သော် မင်းသားကြီးမှာ ကျိတ်၍သင် ထားသောပညာကို ထုတ်မပြလိုက်ရ တော့ပါ။ မြန်မာ့တေးဂီတအဆိုရှင်များ အဖို့ ဘုန်းကြီးပျံတွင် ဧယင်ကျူးပြီးလျှင် ကမ်းကုန်အဆင့် အောင်မြင်လေ ပြီဟု သတ်မှတ်ကြသည် ဆိုပေရာ မင်းသားကြီးအဖို့ရာ၌ ဧယင်ကျူးခြင်း သာလျှင် ဂီတနယ်၌ပြုဖွယ်အမှု ကျန်နိုင်သည်ဟု ဆိုနိုင်ပေသည်။ အခွင့် အခါကြုံခိုက်သူ မလုပ်ဖူးသေးသည့် အရာကို လုပ်ကြည့်လိုက်မည် ဟု စိတ်ကူးပေါက်မိပုံရ၏။ သို့သော် အစကလေးလည်း မညည်းလိုက်ရ၊ အဆုံးကလေးလည်း မသီကျူး လိုက်ရတော့ပေ။
နောက်တစ်ခေါက် စာရေးသူ ရန်ကုန်သို့အလာတွင် အေဝမ်းကိုခင် မောင်က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပါသည်။ သူဖွင့်ပြသော တိတ်ခွေထဲမှ မင်းသားကြီး မဆိုဖြစ်၊ မဆိုလိုက်ရ သည့် ဧယင်ကျူးမှ အပိုဒ်တစ်ပိုဒ်ကို သာ ထပ်ခါတလဲလဲ ကြားယောင်နေမိသည်။
“မရှောင်ငြင်းသော်လည်း ဆောင် ကြဉ်းမည် ဧဝကန်မို့၊ သေတပန်နတ် အများရယ်တို့၊ မှတ်သားပါ အဖော်မဲ့ သူမို့၊ ခေါ်တဲ့သူ ဒီအလှည့်ကိုဖြင့်၊ အမယ်မင်း ထားရက်နိုင်ဘဲ၊ ကျွန်တော့် စိတ်မှာစွဲ”
မောင်သန်းဆွေ (ထားဝယ်)
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်