စမ်းရေအမောဝယ်၊ ပန်းအကြွေစောတယ်
ပန်းအလှကို စမ်းကထောမနာ
ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။
စမ်း၏အေးမြ ထိုရသကို၊
ပန်းကချီးကျူး ငုံဖူးဝတ်လွှာ
ချွေလွှင့်သည်။
စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို
ပန်းကငိုကြွေး မဆုံးနိုင်။
တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့် ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငိုပြန်လေသည်။
နှစ်ပေါင်းများစွာ၊ ကြာသောခါတွင် မြေလွှာတထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန် လောကဓံကို လွန်ဆန်ငြင်းပယ် မရပါတကား။
စမ်းငိုသလို၊ ပန်းလည်းငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။
ဒေါင်းနွယ်ဆွေ
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်