ဒေါင်းနွယ်ဆွေရဲ့ ကဗျာတစ်ပုဒ်

စမ်းရေအမောဝယ်၊ ပန်းအကြွေစောတယ် 
ပန်းအလှကို စမ်းကထောမနာ
ရစ်ဖြာဝိုက်ဝန်း စီးဆင်းသည်။
စမ်း၏အေးမြ ထိုရသကို၊
ပန်းကချီးကျူး ငုံဖူးဝတ်လွှာ
ချွေလွှင့်သည်။

စမ်းချောင်းတိမ်ကော၊ မြက်ရိုင်းတောမှာ ကျစ်စာဖုံးလွှမ်း၊ အိုလွမ်းစရာ
ပန်းခမျာလျှင်၊ နွမ်းကာခြောက်သွေ့
ရေမတွေ့ရ၊ ပူငွေ့လောင်မြိုက်
ရှိုက်ငင်တမ်းတ၊ စမ်းဘဝကို
ပန်းကငိုကြွေး မဆုံးနိုင်။

တစ်နေ့သောအခါ၊ ပြည့်လာစမ်းချောင်း ပြန်ပြောင်းရေစီး၊ သူ့နီးဝန်းကျင်
ပန်းပင်ခမျာ၊ မရှိရှာတော့
မြေလွှာဗျိုက်တော၊ ကြွက်သောသောဖြင့် ရွေ့လျောပန်းပင်၊ မြက်ခင်းပြင်ဝယ်
မမြင်လေရ၊ ထိုခဏတွင်
စမ်းက ရှိုက်ငိုပြန်လေသည်။

နှစ်ပေါင်းများစွာ၊ ကြာသောခါတွင် မြေလွှာတထီးကျန်၊ သဏ္ဌာန်ရွှေ့ပြောင်း စမ်းချောင်းသစ်ပင်၊ မမြင်လေရ
ဘာမျှမမြဲ၊ မလွဲဧကန် လောကဓံကို လွန်ဆန်ငြင်းပယ် မရပါတကား။

စမ်းငိုသလို၊ ပန်းလည်းငိုခဲ့
သို့ပေမယ့်ကွယ်၊ ဆက်သွယ်မှုကင်း
ငိုချင်းနှစ်ပုဒ်၊ လွမ်းဇာတ်ထုပ်ကို
ကျွန်ုပ်စာဆို၊ ထပ်ဆင့်ငိုမိ
ဘယ်လိုမျက်ရည် တန့်ဆည်ရမလဲကွယ်။

ဒေါင်းနွယ်ဆွေ


ဒိုင်းဝန်မှသည် ဒိုင်းဝန်ဆီသို့

ဒိုင်းဝန်မှသည် ဒိုင်းဝန်ဆီသို့
****************

ဟိုတုန်းကအကြောင်း
ဖြစ်ကြောင်းကုန်စင်
ခေတ်ပြောင်းကာလ သမယမှာ
ဒိုင်းဝန်သွေးသား ဤလင်မယား
ဒိုင်းဝန်ဖြစ်လာ ထိုချိန်ခါမှာ
သိပါလေစ သိပါစ

ကိုယ့်ထက် အသက်ကြီးတဲ့ ဂျာနယ်ဆောင်းပါး တွေနဲ့ ပေါင်းဖော် စကားပြောမိရာက ဆရာတွေရေး ဆရာတွေကတဲ့ ဆရာတွေရဲ့ ပြဇာတ် အကြောင်း အသိပညာတွေ လေ့လာသင်ယူခဲ့ရသလို ဘဝ ထိုထို အကြောင်းတွေကိုလည်း သိလာခဲ့ရတယ်

အကုသိုလ် သိခွင့်ရခဲ့တာတွေထဲက မထူးဆန်း ပေမယ့် ထူးခြားတဲ့ အဖြစ်အပျက်လေး တစ်ခုကို
ဖောက်သည်ချ ပြောပေးပါမယ် အဲဒါက တောင် သမန်လယ်စား မောင်ဖေငယ် ပြဇာတ်ထဲက အကြောင်းပါ  ပြဇာတ် ဆိုလို့ ပျင်းစရာကြီး ဆိုပြီး
ဖြစ်မသွားကြပါနဲ့ဦး စိတ်ဝင်စားစရာ လေးတွေ တွေ့ရမှာပါ ဆရာတွေပြောတဲ့ ဆရာတွေ အကြောင်း တွေပေါ့

တောင်သမန်လယ်စား မောင်ဖေငယ် ပြဇာတ် ဆိုလို့ အခုခတ်ပေါ်များရဲ့ ပြဇာတ် မဟုတ်ပါ ဆရာ့ ဆရာများ ကိုယ်တိုင်ရေးသား ကိုယ်တိုင်သရုပ်ပြ
ထားကြတဲ့ စာဆိုတော်များနေ့ အထိမ်းအမှတ်မှာ
ကပြ ခဲ့ကြတဲ့ ထူးခြားတဲ့ ပြဇာတ်ပါ

ဒီပြဇာတ်ရဲ့ အဓိက ဇာတ်ဆောင်များမှာ ဆရာသုခ နှင့် ဆရာရွှေညာမောင် တို့ဖြစ်ပါတယ်၊ သူတို့ နှစ် ဦးသာ အဓိကဇာတ်ဆောင် နေရာမှ တစ်လှည့်စီ ပါဝင်ကပြ ခဲ့တယ်၊ အဲဒီအချိန်က စာရေးဆရာမ ရှား လွန်းလှ သဖြင့် မင်းသမီး မေနွဲ့၊ သီတာခင်ထွေး စသည် တို့ကို အကူအညီ တောင်းပြီး ကပြခဲ့ကြရ တယ် တဲ့လေ

နောက်ထပ် အခြားကဏ္ဍတွေက သရုပ်ဆောင်တွေ ကိုလည်း ရှုကြပါဦး

တောင်သမန်လယ်စား မောင်ဖေငယ် ပြဇာတ်တွင် ဒိုင်းခင်ခင် နေရာ၌ နောင်အခါ ပထမဆုံး မြန်မာ အမျိုးသမီး လေတပ်ဗိုလ် ဖြစ်လာမည့် မလှသန်း (တက္ကသိုလ် သက်နှံ) ကို အကူအညီ တောင်း၍ ကခဲ့ရတယ်တဲ့၊

ယခုခေတ် စာရေးဆရာ များ ပြဇာတ်ကမယ် ဆိုရင် မင်းသမီးတမျှ လှပတဲ့ စာရေးဆရာမများ ပေါလွန်း လို့ အလွန်ကို အဆင်ပြေမှာပါပဲ

အဘ မောင်သန်းဆွေ(ထားဝယ်) ပြောပြတဲ့ သူ တွေးမိတဲ့ အကြောင်းအရာတွေထဲက တစ်ခုက
စာရေးဆရာ စိန်ခင်မောင်ရီရေးထားသည့် “တောင်သမန်လယ် စား မောင်ဖေငယ်ပြ ဇာတ်”  ဆောင်းပါးကို ပြန်ဖတ်ရင်း သူ ကြည့်ဖူးခဲ့တဲ့ တောင်သမန် လယ်စား မောင်ဖေငယ် ပြဇာတ် အကြောင်းကို ပြန်ပြောပါတယ်

၁၉၅၂ - ၅၃ ခုနှစ်က မြန်မာနိုင်ငံ စာရေးဆရာ အသင်းက စာဆိုတော်နေ့ အထိမ်းအမှတ် အဖြစ်
“တောင်သမန်လယ်စား မောင်ဖေငယ်” ပြဇာတ် ကခဲ့ ကြတယ် ပန်းဆိုးတန်း ဝင်းဝင်းရုံမှာ ကတယ်။

အဲဒီပြဇာတ်က စာရေးဆရာမကြီး ဒဂုံခင်ခင်လေးရဲ့
“စာဆိုတော်”  နန်းတွင်း ဝတ္ထုတော်ကြီးကို အဓိက  ကျောရိုး ယူ၍ ကပြပါတယ်။ ဇာတ်လမ်းကတော့ အများသိကြပြီး ဖြစ်တဲ့ မောင်ဖေငယ်နှင့် ဒိုင်းခင်ခင် တို့ရဲ့ ဇာတ် လမ်းပေါ့လေ

မန္တလေးနေပြည်တော်ဝယ် မောင်ဖေငယ်ဟာ ဒိုင်း အတွင်းဝန်နဲ့ ဝန်ကတော်တို့၏ မွေးစားသား အဖြစ် နေထိုင်လျက် ရှိရာ ဒိုင်းဝန် ၏ အိမ်တွင်ပင် ရှိသော အခြား မွေးစားသမီးဖြစ်တဲ့ ခင်ခင်ကြီးခေါ် ဒိုင်းခင် ခင်ကို မေတ္တာသက်ဝင်၍ ချစ်ခင်နေပုံ၊ ခင်ခင်ကြီးမှာ ငယ်လွန်းလှသေးသဖြင့် မောင်ဖေငယ်က မပြော ရက်ဘဲ အလိုလိုက်ကာ အကြိုက်ဆောင်ထားပုံ၊ ထိုအတွင်း မင်းတုန်းမင်းတရား မကျန်းမာဖြစ်ရာမှ ဆင်ဖြူရှင် မိဖုရားက မင်းတရားကြီး၏ သားတော် များကို ဖမ်းဆီးချုပ် နှောင်ထားပုံ၊ သီပေါမင်းသား လေးကို လူပျိုတော် မောင်မောင်တုတ်က ကြေး တိုက်အတွင်းမှ ထမ်းထုတ်ခဲ့ပုံ၊ နောင်မင်းတရားကြီး နတ်ပြည်စံပြီး သီပေါမင်းသား ဘုရင်ဖြစ်လာပုံ၊ မောင်မောင်တုတ် တန်ခိုးထွားလာပုံ၊ မင်းညီမင်း သားများ အသတ်ခံရ၍ နန်းတွင်းရေး ရှုပ်ထွေးလာပုံ များ ပထမပိုင်းတွင် ကပြ၍ ဇာတ်ပျိုးထားတယ်တဲ့

နောက်ထိုအချိန်တွင် အရှင် (၂) ပါး၏ အပျိုတော် ဖြစ်လာသော ဒိုင်းခင်ခင်အား သီပေါမင်း မျက်စိကျ ပုံ၊ မောင်မောင်တုတ်၊ မောင်ဖေငယ်တို့နဲ့ တိုင်ပင်ပုံ၊ မောင်ဖေငယ်က သူ ချစ်နေသူ ဖြစ်သော်လည်း သူကောင်းစားလို၍ တစ်ကြောင်း၊ အရှင်အပေါ်တွင် သစ္စာရှိစွာ အမှုထမ်းလို၍ တစ်ကြောင်း သီပေါမင်း စံရာ ပန်းခုံတော် အတွင်း၌ ဒိုင်းခင်ခင်အား ယောက်ျားလေးလို ဝတ်ဆင်စေကာ သီပေါမင်းထံ မကြာခဏ ပို့ပေးခဲ့ရပုံ။

ထိုအတွင်း မိဖုရားကြီး စုဖုရားလတ်က အကြောင်း စုံ သိ၍ လက်ဦးမှုယူကာ မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့အား အကြောင်းရှာကာ ဖမ်းဆီးခဲ့ ပုံ၊ ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော်ကြီးတို့ပါ သမီး ဒိုင်းခင်ခင်နှင့်အတူ ဖမ်းဆီးခံရပုံ၊ ထောင်ထဲတွင် ရနောင်မောင်မောင်တုတ် သတ်သေသွားသည့် သတင်း ပေါ်လာပုံ၊ မောင်ဖေငယ်အား မိုးကောင်း သို့ ပို့လိုက်ပုံ၊ ဒိုင်းခင်ခင် အားလည်း သန္ဓေ ရှိလေ သဖြင့် မင်းဆက်ပြတ်မည် ဟုဆိုကာ မသတ်သေး ဘဲ ထားကြပုံ၊ နောက်ဆုံးတွင် ဒိုင်းခင်ခင်အား သတ်လိုက်ကြပုံ၊ မောင်ဖေငယ်အားလည်း ဗန်းမော် သို့ ခေါ်သွားပြီး သတ်လိုက်ပုံ၊ မောင်ဖေငယ်သည် ချစ်သူနှမ ဒိုင်းခင် ခင်ကြီး သေသည်ကို မသိရှာဘဲ “ချစ်ရသူ ခင်ခင်ငဲ့” ချီ တေးထပ်ကို ရေးကာ သေပွဲ ဝင်သွားပုံ စသည်ဖြင့် ဇာတ်ကို အဆုံး သတ်ထား ပါတယ်။ အလွမ်းဖြင့် ဇာတ်သိမ်းထားပါတယ်

အဘမောင်သန်းဆွေ(ထားဝယ်)က သူ အမှတ်ရနေ သည်မှာ နောက်ဆုံး ဇာတ်သိမ်း ခန်းဖြစ်ကြောင်း ဗန်းမော်ဝန်၏ တောင်စွယ်နေကွယ်လျှင် သတ်စေ ဟူသော အမိန့်အရ မောင်ဖေငယ်ကို မြို့ပြင် ထုတ် လာကြပုံ၊ တောင်စွယ်နေကွယ်မည့် အချိန်ကို စောင့်နေကြခိုက် မောင်ဖေငယ်အဖြစ် သရုပ်ဆောင် သူ ဆရာသုခက ပြောငို အဖြစ် စကားပြောလိုက်၊ တေးထပ်များကို ဆိုလိုက်ဖြင့် သရုပ်ဆောင်ပုံ၊ တေးထပ်များ တွင် …

“မင်းဆိုသမျှ ကွင်းရှောင်မယ်၊ ထမင်းတောင် စားချင်ဘူး ကွယ့်လေး”

ဟူသည့် သီပေါမင်းအား စိတ်နာပုံ တေးထပ်ကို ပြောလိုက်၊ ဆိုလိုက်ပြီး တောင်စွယ်တွင် နေကွယ် ပြီ ဖြစ်သောကြောင့် သေအံ့ဆဲဆဲ တွင် သီချင်း တစ်ပုဒ်ကို နောက်ဆုံး ဇာတ်သိမ်း အဖြစ် သီဆို ရသေးပုံ၊ ထိုသီချင်းမှာ “သက်လျာခင် ” ဟု ဖြစ်ပြီး ရေးသူမှာ စာရေးဆရာ အောင်လင်း ဖြစ်ကြောင်း နောင်မှာ သိရကြောင်း ပြောပြတယ်

တောင်စွယ် နေကွယ်သည့်အခန်း၌ တောင်စောင်း ဝယ် နေလုံးနီနီရဲရဲကြီး တဖြည်းဖြည်းချင်း ကျလာ ပုံဖြင့် ဆရာသုခ၏ သီချင်းသံကို မှိုင်းမှိုင်းညို့ညို့ လွမ်းဆွတ် ကြေကွဲဖြစ်အောင် ပြုလုပ်ထားသည်။ ယခုတိုင် မှတ်မိနေပါသေးတယ်တဲ့။

ဒိုင်းခင်ခင် မလှသန်း သီဆိုသော အလွမ်းသီချင်း တစ်ပုဒ် လည်း ရှိသေးတယ်။ စာရေးဆရာသန်းဆွေ ရေးသားပြီး စာဆို မောင်မောင်လတ်က အသံသွင်း ပေးတယ်လို့ ဆိုတယ်။ သီချင်းအမည်မှာ “တစ်ည ချမ်းဝယ်” ဖြစ်သည်။

ဒီ ပြဇာတ်က စုဖုရားလတ်အား  တစ်လင်တစ် မယားဝါဒ လက်ကိုင်ပြုသူ အနေဖြင့်ရေးဖူးတယ်တဲ့
အဲဒါ အတွက် “စုဖုရားဝါဒ” ဟူသော အမည်နဲ့ သီချင်းကို စာရေးဆရာ တက္ကသိုလ်ကြည်မာ ရေးပြီး မေနွဲ့က စုဖုရားလတ်အဖြစ် သရုပ်ဆောင်ရင်း သီဆို ရကြောင်း နောင်အခါ ရုပ်ရှင်မင်းသား ဖြစ် လာသည့် ဗိုလ်ဗကိုနှင့် မေနွဲ့တို့ နှစ်ပါးသွားဟန် သီဆိုသော “တစ်လင်တစ်မယားဝါဒ” သီချင်းကိုမူ စာရေးဆရာ သောတမောင် က ရေးသည်ဟု ဆိုပါ တယ်။

ဆရာမကြီး ဒဂုံခင်ခင်လေးက သမိုင်းမှ တကယ့် အဖြစ်အပျက်မှာ မူလပင်ကိုယ်ဇာတ် လမ်းအနေဖြင့် ဇာတ်နာသော ဇာတ်လမ်းဖြစ်ရာ စာရေးဆရာများ က ပြဇာတ်အသွင် တင်ဆက် ကပြကြသောအခါ လူကြိုက်များလှတယ်။ ဆက်တင် အခမ်းအနားကို ဆရာဒဂုံ၊ ဆရာတင်က ဝင်းဝင်းရုံ ဝိုင်းတော်သား များဖြင့် ပြင်ဆင်ပေးတယ်လို့ ဆိုပါတယ်။

သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့ တွေ့ကြတဲ့ ပန်းခုံ တော် အခန်းကို အဘက ယခု တွေးကြည့်မိသော အခါ အလွန် သဘာဝကျသည်ကို မှတ်မိနေ ကြောင်း ပြောပြတယ်။

ဆရာစိန်ခင်မောင်ရီ ရေးထားတဲ့ ဆောင်းပါးတွင် ၁၉၅၂-၅၃ ခုနှစ်ခန့်က စာရေးဆရာအသင်း အမှု ဆောင်အဖွဲ့တွင် နာယကအဖြစ်ဖြင့်
သခင်ကိုယ် တော်မှိုင်း၊ ဆရာလင်း၊ ဦးဖေမောင် တင်၊ ဦးနု (ထိုစဉ်က ဝန်ကြီးချုပ်)၊ ဦးသိန်းဟန် (ဆရာဇော်ဂျီ)နဲ့ ဦးဝန်(မင်းသုဝဏ်) တို့ ဖြစ် ကြောင်း၊ 

ဥက္ကဋ္ဌ - ဇဝန၊
ဒု-ဥက္ကဋ္ဌ
လှသမိန်၊ ရေနံမြေ ဒေါ်ခင်စု၊
အတွင်းရေး မှူး
အောင်လင်း၊
တွဲဘက်
စိန်ခင်မောင်ရီ၊
ငွေထိန်း
လင်းယုန်နီ၊
စာရင်းစစ်
တင်စိုး၊

အမှုဆောင်လူကြီးများမှာ

တက္ကသိုလ်နေဝင်း၊ မင်းအောင်၊ မြင့်ဆွေ၊ ဒေါင်းနွယ် ဆွေ၊ သော်တာဆွေ၊ မြသန်းတင့်၊ ကြည်ကြည်ဝင်း နှင့် ရွှေပိန်သောင်း(ဥက္ကဋ္ဌဟောင်း )

စာဆိုတော် ဗဟိုကောင်စီမှာ လက်မှတ်ရောင်း အဖွဲ့၌

ရေနံမြေ ဒေါ်ခင်စု၊ နတ်နွယ်၊ ခင်နွယ်တင်၊ ယုဝတီ ခင်ဦးတို့ဖြစ်ကြောင်း၊

ဟောပြောပွဲအဖွဲ့တွင်

လှသမိန်၊ မြသန်းတင့်၊ အောင်လင်း၊ လင်းယုန်နီ၊ မျိုးမြင့်၊ ညိုညိုလေး၊ ခေတ္တရာဦးညွန့်ရွှေ တို့ဖြစ် ကြောင်း၊

ပြန်ကြားရေး အဖွဲ့

မြသွင်၊ သာဂဒိုး၊ ဝင်းမြင့်

တို့ ဖြစ်ကြောင်း တွေ့ရပါတယ်။

ပြဇာတ်အဖွဲ့အတွက် ပြဇာတ်တာဝန်ခံ

ဥက္ကဋ္ဌ ဇဝန၊ ဇာတ်ညွှန်း မဟာဆွေ၊ သုခ၊ အောင်ဗလ၊ စိန်ခင်မောင်ရီ၊
ဒါရိုက်တာမှာ-သုခ၊
တွဲဘက် စိန်ခင် မောင်ရီ၊
ဇာတ်ခုံမှူး တက္ကသိုလ်နေဝင်း၊
တူရိယာ တာဝန်ခံ အောင်လင်း၊

အဝတ်အစားတာဝန်ခံ
ဝင်းမြင့်၊ အိုးဝေတင်အောင်၊

သယ်ယူပို့ဆောင်ရေး တာဝန်ခံ
ဣန္ဒာနွယ်၊

ဝိုင်းတော်တီး
စိန်နွဲ့အဖွဲ့၊
ကာလပေါ်တူရိယာအဖွဲ့
အေဝမ်းခင်မောင်အဖွဲ့၊ သန်းဆွေ (တက္ကသိုလ်)၊ သိန်းလွင်နှင့် ဆန်းအဖွဲ့ သားများက ကူညီကြသည် ဟု ဆိုသည်။

ပြင်ပအကူ အညီအတွက် အခမ်းအနားကို ဒဂုံ ဆရာတင်နှင့် ပန်းချီဘိတ်ကြည်၊ တင်လှတို့က ကူညီ၍ အဝတ် အစား အကူအညီအတွက် သက် နှင်းဘရားသား ရုပ်ရှင်ကုမ္ပဏီနှင့် တန်းမြင့်ရုပ်ရှင် ကုမ္ပဏီတို့က အကူအညီ ပေးကြသည်ဟု ဆိုပါ သည်။

တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် ပါဝင်သူများစာရင်း၌
တောင်သမန်လယ်စား မောင်ဖေငယ်အဖြစ် သုခ၊
မောင်မောင်နွဲ့အဖြစ်ဇဝန၊
ရနောင်မောင်မောင်တုတ်အဖြစ် ဝဇီရာ၊
သီပေါ မင်းအဖြစ် ဗိုလ်ဗကို၊
ကင်းဝန်မင်းကြီးအဖြစ် ဒဂုံ ဦးစန်းငွေ၊ ခန်းပတ်မင်းကြီးအဖြစ် စိန်မင်းသား၊ ရွှေပြည်ဝန်ကြီးအဖြစ် ဣန္ဒာနွယ်၊
တိုင်တားမင်းကြီး အဖြစ် ငွေဥဒေါင်း၊ ဗန်းမော်ဝန်အဖြစ် ဦးစံလှထွန်း၊ ဒိုင်းအတွင်းဝန်အဖြစ် ဦးခင်မောင်လတ်၊
ဗိုလ်မှူးများအဖြစ် ဒဂုံငမောက်နှင့် ညိုညိုလေး၊ နန်းတွင်းစစ် သည်တော်များအဖြစ် တက္ကသိုလ်စန်း၊ ပေတိုး၊ တက္ကသိုလ်မြင့်မောင်နှင့် နန်းငွေ၊ အရပ်သားများ အဖြစ် လင်းယုန်နီ၊ အောင်လင်း၊ ကြည်မျိုးလွင်၊ ဝင်းမြင့်၊ နေဝင်း၊ တက္ကသိုလ်ချစ်ဆွေ
တို့က သရုပ် ဆောင်ကြသည်။

ဒိုင်းခင်ခင်အဖြစ် မလှသန်း (တက္ကသိုလ်သက်နှင်း)၊  ဒိုင်းဝန်ကတော်အဖြစ် ဒေါ်ခင်မျိုးချစ်။
ဆင်ဖြူမရှင် အဖြစ် သီတာခင်ထွေး၊
စုဖုရားလတ် အဖြစ် မေနွဲ့၊
စုဖုရားလေးအဖြစ် တက္ကသိုလ်ကြည်မာ

တို့က ပါဝင် သရုပ်ဆောင် ကြသည်။

စာရေးဆရာပြဇာတ်တွင် ပါဝင်ကပြကြသူ စာရေး ဆရာများသည် ဇာတ်ခုံကို စိမ်းမနေဘဲ မိမိတို့ ကျရာ အခန်းကို နိုင်နိုင်နင်းနင်း ကပြကြသူများ ဖြစ်တယ်လို့ ပြောပြပါတယ်။

ပြဇာတ်တိုင်း ဝန်ကြီး နေရာကို ကန်ထရိုက် ယူထား သကဲ့သို့ နှစ်စဉ်ပင် ဝန်ကြီး လုပ်ရသူ ဒဂုံဦးစန်းငွေ၊ ငွေဥဒေါင်းနှင့် ဒဂုံရွှေမျှား၊ စိန်မင်းသား၊ ဣန္ဒာနွယ် တို့သည် ဝန်အထာကျအောင် ကပြနိုင်သူများဖြစ် သည်ဟု အဘ ဦးလေးတင် (ဒဂုံပဦးဘတင်) က ပြောပြခဲ့ဖူးတယ်။

ကပြကြ ရသည်မှာ ရာဇဝင် ဇာတ် ဖြစ်သော်လည်း ပြဇာတ် အဖြစ် ကရခြင်း ဖြစ်၏။ ဇာတ်ဟန်လည်း မပါစေဘဲ သဘာဝထက် အနည်းငယ် သာသာ ကဲကဲကလေး သရုပ်ဆောင်ကြရလေရာ စာရေး ဆရာများသည် တတ်နိုင်ကြပါပေသည်။ စာပေ ဟောပြောနေကျ ဖြစ်သဖြင့် စကားပြောအခန်းများ တွင် စာရေးဆရာများသည် ပီပီသသ၊ ခန့်ခန့်ညား ညား ပြောနိုင်ကြလေသည်။

မောင်ဖေငယ်အဖြစ် သရုပ်ဆောင်သော သုခ အနေ ဖြင့် နဂိုက ရုပ်ရှင်မင်းသားဖြစ်ရာ အထူးပြောဖွယ်ရာ မရှိတော့ချေ။ ရုပ်ရည်အားဖြင့် အားနည်းနေသည် ကိုသာ (မင်းသားရုပ် မပေါက်သည်ကို ဆိုလိုခြင်း ဖြစ်သည်) ပြောစရာ ရှိသည်။

မင်းသား၏ လက်စွဲ လူရွှင်တော်အဖြစ် သရုပ် ဆောင်ရသော ဇဝနသည် မောင်ဖေငယ် ပြဇာတ် တွင် သူငယ်ချင်း မောင်မောင်နွဲ့ အဖြစ် ကပြရလေ ရာ ဆရာ၏ခေတ်နှင့် ယှဉ်သော ဟာသသောလုံး များကြောင့် ပရိသတ်မှာ တဝါးဝါးရယ်နေကြ ရ ကြောင်း ပြောပြသည်။

ရနောင်မောင်မောင်တုတ်အဖြစ် သရုပ်ဆောင်သော ဝဇီရာသည်  အသားဖြူဖြူ၊ အရပ် ထောင်ထောင် မောင်းမောင်း ၊ ရုပ်ရည်ချောမောသူဖြစ်၍ နန်းဝတ် နန်းစားနှင့် အလွန်လိုက်ဖက်၍ ကြည့်ကောင်းလှသူ ဖြစ်သည်။ ရနောင်မောင်မောင်တုတ်၏ စရိုက် အတိုင်း ခပ်ကြမ်းကြမ်း၊ ခပ်ရမ်းရမ်း သရုပ်ဆောင် ရသည်။

ဆရာဇဝနက နိုင်ငံရေးပြက်လုံး၊ ခေတ် ပြက်လုံး၊ ဟိုဆော်သည်ဆော် ပြက်လုံးများဖြင့် ပရိတ်သတ်
ပွဲကျအောင် သရုပ်ဆောင် သွားတယ်။

သီပေါမင်းအဖြစ် သရုပ်ဆောင်သူမှာ ဗိုလ်ဗကို ဖြစ် သည်။ နဂိုက စကားပြော ကောင်းလှသူ ဖြစ်သဖြင့် လူထုအောင်သံ ရုပ်ရှင်မင်းသား ဖြစ်ရာမှ နောက် ပိုင်းတွင် တကယ့် ရုပ်ရှင်မင်းသား ဖြစ်သွားလေ သည်။

အဘမောင်သန်းဆွေ(ထားဝယ်)က ဒီပြဇာတ်နဲ့ ပက်သက်ပြီး အထူးပြောချင်တာလေး တစ်ခု ရှိကြောင်း အဲဒါက ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုး ချစ်တို့ ဇနီးမောင်နှံ ပါဝင် သရုပ်ဆောင် ထားကြ ခြင်း အကြောင်းပါ

သူတို့အနေနဲ့ ပြဇာတ် သရုပ်ဆောင်ခြင်းနှင့် ပြဒါး တလမ်း၊ သံတလမ်း ဖြစ်ကြတယ်တဲ့။ သို့သော် တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း ကူညီ ကြရလေရာ ဒေါ်ခင်မျိုးချစ် တို့မောင်နှံ၏ သရုပ် ဆောင်မှုများကို ယခုအထိ မျက်စိထဲတွင် မြင် ယောင် နေပါသေးတယ်တဲ့။

ဒိုင်းဝန်ကတော်ကြီးမှာ မီးယပ်ကျိုး ကျိုးနေသူဖြစ်ရာ လမ်းလျှောက်လျှင် ထော့နင်းထော့နင်းဖြင့် အတွဲ ဖြင့် လျှောက်ရပါတယ်။ ဒေါ်ခင်မျိုးချစ်ကလည်း ဤ ပုံစံဖြင့် သရုပ်ဆောင်သွားလေရာ လူတိုင်း သဘော ကျကြတယ်။ ဦးခင်မောင်လတ် ကလည်း ဒီ ပြ ဇာတ် တွင် ငိုချင်းတပုဒ်ပင် သီဆို ပြသွားသေးသတဲ့ လေ 
ငိုချင်းဆိုတဲ့ အခန်းက
ဒိုင်းဝန်ကတော်၊ သမီးဒိုင်းခင်ခင်နှင့် မောင်ဖေငယ် တို့ အဖမ်းခံရစဉ် သီဆိုရတာပါ ဆိုတဲ့ ငိုချင်းနဲ့ သရုပ်ဆောင်ပုံက

“ … သက်ရွယ်တော်ကြီး၊ စိတ်ပုတီးနဲ့… စံရိပ်ကြီး
ပျော်မယ်၊ ကြံစည်ရည်မှန်း ကြမ္မာနွယ်ပြီး… ”

စသဖြင့် ရင်ထုပြီး ငိုချင်းကို ပိုင်ပိုင်နိုင်နိုင် ဆိုသွား လေရာ ပရိတ်သတ်အလွန်ပွဲကျသွားတယ် ဆိုပဲ

ဒီနေရာမှာ ဒိုင်းဝန်ကြီးအဖြစ် အခြားသူ သရုပ် ဆောင်က ဒီမျှ သဘောကျမည် မဟုတ်ဟု ထင်ပါ တယ်တဲ့လေ။ ဦးခင်မောင်လတ်လို လူမျိုးက သရုပ် ဆောင် ပြီး ငိုချင်းကို ပိုင်ပိုင်နိုင်နိုင် ချသွားလေသော ကြောင့် သဘောကျကြခြင်း ဖြစ်ပါတယ်တဲ့။

အဘမောင်သန်းဆွေနဲ့ အတူ ပွဲကြည့်နေသော စာရေးဆရာမကြီး ဒဂုံခင်ခင်လေးက အံ့သြစရာ စကား တခွန်းပြောတာကို သူ ဘယ်ခါမှ မမေ့ဘူးတဲ့
ဆရာမကြီး ပြောသွားတာက ဒေါ်ခင်မျိုးချစ် တို့ လင်မယား နဲ့ ပက်သက်တဲ့ စကားပါ

“သူတို့လင်မယား ဒိုင်းဝန်နှင့် ဒိုင်းဝန်ကတော် အဖြစ် ကသွားကြတာ သူတို့ဟာ ဒိုင်းဝန်လင်မယား နှင့် ဆွေမျိုးတော်တယ် ဆိုတာ သိမှသိကြပါရဲ့လား ” တဲ့ လေ

ဒီစကားကို အဘ မမေ့တာလည်း မဆိုပါနဲ့ အကုသိုလ်တောင် အတော် စိတ်ဝင်တစား ဟိုဟို ဒီဒီ စာအုပ်တွေ ကောက်လှန်ပြီး ဆွေမျိုးလိုက် စပ် ဖြစ်သွားတာ ဟီး

အဘက ဆက်ပြောတယ် ဒီစကား ငါကြားရပြီး
နောင် ဆယ်နှစ် ကျော်ကျော်ကြာမှ ဦးဝိစာရလမ်း၊ အင်ဗွိုင်းခန်းမတွင် စိန်မဟာသဘင်က ဤဇာတ် လမ်းကို ပြန်ကကြတဲ့ အခါမှ အန်တီခင် (ဒဂုံခင်ခင် လေး) က စကားဆက်ပြီး ပြန်ပြောပြတယ်တဲ့

“ဘိုးတော်ဘုရား လက်ထက်ကစပြီး ဘကြီးတော် လက်ထက်တိုင်အောင် မင်းခစား ဖြစ်ကြတဲ့ ဦးကျော်ခေါင်နှင့် ဦးကျော်ရွေး ဆိုတဲ့ ညီအစ်ကို ရှိကြတယ်။

ဦးကျော်ခေါင်ဟာ ဘိုးတော်ဘုရား လက်ထက်မှာ သန်လျင်မြို့စား ဝန်ကြီး ဖြစ်တယ်။ ဘကြီးတော် ဘုရား လက်ထက်ကျတော့ သတိုးမင်းကြီး မဟာ မင်းခေါင် ကျီဝန်ကြီး ဖြစ်တယ်။

သူ့ညီ ဦးကျော်ရွေး ကတော့ ဘိုးတော်ဘုရား လက် ထက်မှာ ဟံသာဝတီ (၃၂) မြို့ဝန် ဖြစ်ခဲ့တယ်။

ဘိုးတော်ဘုရားက အထူး သဒ္ဓါတော်မူလို့ ဦးကျော် ရွေးကို တိုက်ဆင်အစီး (၆၀)၊ (၃) ဆက် အိမ်ကြီးနဲ့ တကွ ရန်ကုန်မြို့မှာ တခမ်းတနား နေထိုင်စေ တယ်။ မင်းလှအနော်ရထာ ဘွဲ့လည်း ရတယ်။

ဘကြီးတော်ဘုရား လက်ထက်ကျတော့ ဦးကျော်ရွေး ကို လက်ဝဲတော် စစ်သူကြီး နေရာ ကနေ သတိုးမင်းလှအနော်ရထာ ဘွဲ့အမည်နဲ့ ဝန်ကြီး အရာ ပေးတယ်။

ဦးကျော်ရွေးရဲ့သမီးအကြီးကို တောင်ဆောင်တော် မိဖုရား မြှောက်ပြီး သမီးအငယ်ကို သီရိရတနာဘွဲ့ အမည်နှင့် မိဖုရားအရာမှာ ထားတယ်”
(စကားချပ်-ဟီး…ဘကြီးတော်ဘုရား လုပ်ချက် ကတော့ အဖေကို ရာထူး တိုးပေးပြီး သမီး နှစ်ယောက်ကို သမသွားတယ် ခ်ခ်)

“အမှန်တော့ သူတို့ ညီအစ်ကိုဟာ ဘကြီးတော် ဘုရားနဲ့ သွေးသား မကင်းဘူး။ ဘိုးတော်ဘုရားရဲ့ အလယ်နန်းတော် မိဖုရားကြီး မယ်လွန်းပုမှာ အစ်မ ဝမ်းကွဲ ဒီပဲယင်းမြို့နယ်၊ ဟင်္သာရွာဇာတိ၊ မယ်ဆုံ ကြီး ဆိုတာ ရှိတယ်။ ဘိုးတော်ဘုရား မကောင်းစား ခင်က အတူလာပြီး အေးအတူ ပူအမျှ ဒုက္ခ၊ သုခ မျှဝေ ခံစားပြီး ပြုစုလုပ်ကျွေးခဲ့တာ ကလား။

ဘိုးတော်ဘုရားဟာ မယ် ဆုံကြီးကို သွေးရင်း သား ရင်းပမာ အားကိုးတော်မူရှာတယ်။ မယ်ဆုံကြီးရဲ့ သားနှစ်ယောက်ဟာ ဦးကျော်ခေါင် နှင့် ဦးကျော် ရွေးပဲ။ (ဒီတော့လည်း သူကောင်းပြုတာ ဘယ်ဆန်း
တော့မလည်းနော် ခြံမွေးပေါက်ဖော် တွေပဲကို)

ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့ သားတယောက် ဦးမောင်ကလေး ဆိုတာ မင်းတုန်းမင်းတရားကြီး လက်ထက်မှာ လောင်းရှည်မြို့စား ဝန်ကြီး ဖြစ်လာ တယ်။

ကျီဝန်ကြီး ဦးကျော်ခေါင်ရဲ့သမီး တယောက် ကတော့ မင်းတုန်းမင်းတရားကြီး လက်ထက်တော် က ဗန်းမော်မြို့ဝန် အတွင်းဝန် ဦးဖိုးရဲ့ ဝန်ကတော် ကြီးပဲ။ ဗန်းမော်မြို့ဝန် အတွင်းဝန်ဦးဖိုးကလည်း မင်းတုန်းမင်းရဲ့ ခုနစ်ရွာ မိဖုရားကြီးနဲ့ မောင်နှမ လေ” တဲ့ (သူတို့ အမျိုးတွေချည်းပဲ …ဟီး)

“ဗန်းမော်မြို့ဝန်၊ အတွင်းဝန် ဦးဖိုးနဲ့ ဝန်ကတော်ကြီး တို့မှာ ဗန်းမော်ခင်လေးကြီး ဆိုတဲ့ သမီးတယောက် ရှိတယ်။ ပါတော်မူသွားတော့ သူ့အဒေါ် ခုနစ်ရွာ မိဖုရားကြီးနှင့် ရန်ကုန်ကို ပါလာတယ်။ ရန်ကုန်မှာ ကျောက်စာ စာရေးကြီးဦးဖေနှင့် လက်ဆက်တယ်။

သူတို့ရဲ့သား ရာဇဝတ်ဝန်ထောက် ဦးတော် ဆိုတာ ဒေါ်ခင်မျိုးချစ်ရဲ့ အဖေ။

ကျီဝန်ကြီး ဦးကျော်ခေါင် ကတော်ရဲ့ မောင်မှာ သား တယောက်၊ သမီး တယောက် ရှိတယ်။
သားက ဧနက်ပလာ ဆင်ဝန် ကြီး ဦးဖိုးတင် လို့ ဖြစ်လာတယ်။
သမီးကတော့ ဒိုင်းအတွင်းဝန် ဦးဖိုးကြီးရဲ့ ကတော် ဒိုင်းဝန်ကတော်ကြီးပဲ။

ဒိုင်းဝန် လင်မယားဟာ သားသမီး မရှိတော့ ဝန် ကတော်ကြီးရဲ့ မောင်ဧနက်ပလာ ဆင်ဝန် ဦးဖိုး တင် ရဲ့ သမီးကို ခေါ်မွေးစားလို့ ဒိုင်းခင်ခင်ကြီး လို့ ဖြစ်လာတယ်”

“ဒီတော့ ဒေါ်ခင်မျိုးချစ်ဟာ သူ့အဘွား ဗန်းမော် ခင်လေးကြီးရဲ့ ဒိုင်းဝန်ကတော် အဖြစ်နဲ့ ပြန် သရုပ် ဆောင်ရတာပေါ့” ဟူ၍ ပြောပြခဲ့တယ်တဲ့

အကုသိုလ်တွေးမိတာက အဲဒီအချိန်က ဆရာမကြီး ဒေါ်ခင်မျိုးချစ်က သူ့အဘွားရဲ့နေရာကို သရုပ် ဆောင်ခွင့် ရတယ် ဆိုတာက ထူးခြားတဲ့ ကံစီမံရာပဲ
လား ဆရာမကြီး ဒဂုံခင်ခင်လေး စကားအရ ဆိုရင်
ဒေါ်ခင်မျိုးချစ် ကိုယ်တိုင် သိထားပြီး ဖြစ်ဟန်မရှိပါ
ဘူး သိထားတဲ့ တိုင်အောင် စပ်စပ်နှံ့နှံ့ ဟုတ်မယ် မထင်ပါ ထူးခြားချက်က ဒိုင်းဝန်လင်မယား အဖြစ်
သရုပ်ဆောင်ကြရတဲ့ ဦးမောင်မောင်လတ် နဲ့ ဒေါ်ခင်မျိုး ချစ် တို့ ဇနီးမောင်နှံဟာ ဘိုးဘွားတွေရဲ့
နေရာကို နှစ်ဦးစလုံး ပါဝင် သရုပ်ဆောင် ကပြခဲ့ကြ
ရတဲ့ အချက်ပါပဲ တိုက်ဆိုင်မှုဟာ တခါတခါတော့ လည်း အံ့သြဖွယ်ပါပဲ

ဒါကြောင့်ပဲ ဒီဆောင်းပါးကို ဒိုင်းဝန်မှသည် ဒိုင်းဝန် ဆီသို့လို့ အကုသိုလ် နာမည်ပေးလိုက်တာပါ တခုခု
သော အသိပညာ ဗဟုသုတများရကြပါစေ တိုးပွား ကြပါစေလို့ ဆန္ဒပြုရင်း ဒီဆောင်းပါးကို နိဂုံးချုပ်အပ်
သည်

အရှင် အကုသိုလ်

မှီငြမ်း ကိုးကား
********

မောင်သန်းဆွေ (ထားဝယ်) - စာရေးဆရာပြဇာတ်နှင့် ဒေါ်ခင်မျိုးချစ်တို့ မောင်နှံ
သြဂတ်စ် ၂၁၊ ၂၀၁၅အတွေးအမြင်၊အမှတ် ၂၀၉၊ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် ဖော်ပြခဲ့သည့် ဆောင်းပါး