အဘိဓမ္မာသဘော သက်သက်ဖြစ်တဲ့ ပဋ္ဌဌာန်းပစ္စည်း တရားတွေကို မှန်းဆပြီး အာရုံပြုနိုင်ဖို့ အတွက် အဋ္ဌကထာဆရာ အစရှိတဲ့ ရှေးဆရာ မြတ်များက လောက ဥပမာများနဲ့ ခိုင်းနှိုင်းဖွင့်ပြ ကြတော်မူကြပါတယ်၊ ဒီလိုခိုင်းနှိုင်း တာဟာလည်း အနုမာနသဘောနဲ့ မှန်းဆ ကြည့်နိုင်ရုံလောက် ပါပဲ၊ တကယ်တော့ ပရမတ္ထ သဘောနဲ့ လောကဝေါဟာရ ပညတ်သဘောတို့ဟာ ထပ်တူထပ်မျှ တူညီမှု ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ မှန်းဆပြီး ခိုင်းနှိုင်းတယ် ဆိုရာမှာလဲ ရှုမြင် တဲ့မြင်ထောင့် ကွဲပြားသလို မြင်ကွင်းကလဲ ပြောင်းလဲ သွားတာမို့ ခိုင်းနှိုင်းမှုများလဲ ပြောင်းလဲ သွားပါလိမ့်မယ်။ မြင်ထောင့်နဲ့ မြင်ကွင်း အလိုက် မြင်ရပုံကို ဘယ်လိုပဲ ခိုင်းနှိုင်း ထားထား ဒါဟာ မှန်းဆ ကြည့်နိုင်ရုံ မျှသာ ဖြစ်တယ်ဆို တာကိုတော့ သဘောပေါက် ထားရပါလိမ့် မယ်။ ဒါကို အလေးအနက် ပြောနေ ရတာကတော့ တချို့က ဥပမာကို အသေကိုင်ပြီး ပရမတ္ထ သဘောတွေကို ကိုယ်လိုချင်သလို ဆွဲယူ တာတို့ ကြံစည် သင့်တဲ့အတိုင်း အတာကို ကျော်လွန်ပြီး အတွေးလွန် ကြတာ တို့ ကြုံရတတ်လို့ ပါ။
အခုပြောမယ် ဟေတုပစ္စည်းနဲ့ အာရမ္မဏ ပစ္စည်းတို့ကိုလဲ တစ်ခုချင်း အလိုက် အဋ္ဌဌကထာဆရာ ဥပမာပေးခဲ့တာက ဟေတု ပစ္စည်းက ရေသောက်မြစ်နဲ့ တူတယ်၊ အာရမ္မဏပစ္စည်းက တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်လို့ဆိုပါတယ်။ အာရမ္မဏပစ္စည်းကို တောင်ဝှေး ကြိုးတန်းနဲ့ တူတယ်ဆို တာက သက်ရှိလောကရဲ့ အခြေခံဖြစ်တဲ့ ရုပ်တရားနဲ့ နာမ်တရား နှစ်မျိုးထဲမှာ သိမှတ် ခံစား ကြံစည်မှုဆိုတဲ့ နာမ်တရားတွေဟာ သူတို့ချည်း သက်သက်ဖြစ် ပေါ်နိုင်စွမ်းမရှိဘဲ ဆိုင်ရာ အာရုံ တစ်ခုခုကို အာရုံပြုပြီးတော့မှသာ ဖြစ်နိုင်ကြတဲ့ တရားတွေဖြစ်ပါတယ်။ လောကမှာ ပင်ကိုယ် အစွမ်း သတ္တိနဲ့ ထထိုင်ရပ်သွားဆိုတဲ့ ဣရိယာပုထ် လေးပါးကို ပြုနိုင်စွမ်းမရှိကြသူ (မသန်မစွမ်းသူ) များဟာ တောင်ဝှေး ကြိုးတန်း တစ်ခုခုကို စွဲကိုင်အားပြုပြီးမှ ထခြင်း ထိုင်ခြင်း စသည်ကို ပြုလုပ် နိုင်ကြသလို သိမှုစတဲ့နာမ် တရားတွေဟာလဲ ဆိုင်ရာအာရုံတစ်ခုခုကို စွဲမှီအားပြုပြီးမှသာ ဖြစ်နိုင် ကြတာကို အကြောင်းပြုပြီး အာရမ္မဏ ပစ္စည်းဖြစ်တဲ့ အာရုံခြောက်ပါးတို့ကို တောင်ဝှေး ကြိုးတန်း နဲ့ ဥပမာပေးထားတာပါ။
တခြား မြင်ထောင့် တစ်မျိုးဖြစ်တဲ့ ဟေတုပစ္စည်း ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ ရေသောက် မြစ် ခြောက်သွယ်နဲ့ပမာတူတဲ့ ဟိတ်ခြောက်ပါးဆိုတာ နာမ်တရားများပဲဖြစ်တဲ့အတွက် အာရုံ ခြောက်ပါးထဲက တစ်ပါးပါးကို အာရုံပြုမှီစွဲပြီးမှသာဖြစ်နိုင်တဲ့ တရား မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဟိတ်ခြောက်ပါးဟာ သစ်ပင်တို့ရဲ့ရေသောက်မြစ်နဲ့ ပမာတူတယ်ဆိုရင် အာရုံခြောက်ပါးတို့ဟာ ရေသောက် မြစ်ရဲ့တည်မှီရာ မြေကြီးအထုနဲ့ ပမာတူတယ်လို့ ဆိုရပါလိမ့်မယ်။
အရင်တစ်ပတ်က ပြောခဲ့တဲ့အတိုင်း မြေကြီးဟာ ဘယ်အပင်အတွက် ဘယ်လိုအရသာကို ပေးမယ် ဆိုတဲ့ သီးသန့် ရည်မှန်းပြီးပေးတဲ့ ခွဲတမ်းဆိုတာမရှိဘူး။ အပင်တို့ကို ရေသောက်မြစ်က စုပ်ယူတဲ့ အတိုင်းသာ အရသာကို ရကြတာ ဖြစ်သလို အာရုံခြောက်ပါး တို့ဟာလည်း ဘယ်ပုဂ္ဂိုလ်အတွက်မှ ကုသိုလ်ဖြစ်စေç အကုသိုလ်ဖြစ်စေဆိုတဲ့ ခွဲတမ်းမရှိဘူး။ သတ္တဝါတို့ သန္တာန်မှာ အနုသယသဘော ပါရမီဓာတ်ခံ သဘောနဲ့ ရှိနေတဲ့ ဟိတ်ခြောက်ပါး ရေသောက်မြစ်များက ဦးဆောင်ရယူတဲ့ အတိုင်းသာ ကုသိုလ်တရား အကုသိုလ်တရားများ ဖြစ်ပေါ်ကြရတာပါ။(အကုသိုလ် ရေသောက် မြစ်များကို အနုသယ၊ ကုသိုလ်ရေသောက်မြစ်များကို ပါရမီဓာတ်ခံ လို့ ပြောဆိုသုံးစွဲရပါတယ်)
ဒါကြောင့် အာရုံခြောက်ပါးတို့အပေါ်မှာ အချစ်လဲမစောနဲ့၊ အပြစ်လဲမပြောနဲ့၊ စစ်ကြောသုံးသပ်ပြီး မိမိရည်မှန်း ချက်ပြီး မြောက်အောင်သာ အသုံးချ တတ်ကြပါလို့ သတိပေးချင်ပါတယ်။
မျိုးစေ့နဲ့ ရေသောက်မြစ်
အာရမ္မဏ ပစ္စည်းအကြောင်း အကျယ်တဝင့်မပြောသေးမှီ ဟေတုပစ္စည်းနဲ့ ဆက်စပ်ပြီး စဉ်းစား စရာလေးတွေကို ထပ်ပြော ချင်ပါသေးတယ်။
သစ်ပင်တို့ရဲ့ အခွံအခေါက် ပင်စည် ရွက်ပွင့် အသီးအစေ့စသည်တို့မှာ ဖြစ်ပေါ်လာတဲ့ အရသာ အမျိုးမျိုးတို့ဟာ ရေသောက်မြစ်က တဆင့် မြေထဲကနေ စုပ်ယူပေးတဲ့ မြေဆီ ဓာတ်များ ပဲဖြစ် တယ်ဆိုတာ သဘောပေါက်ပြီးတဲ့အခါ အဲဒီအပင်တို့ရဲ့ ရေသောက်မြစ် တွေကကော အချိုဓာတ် ကို စုပ်ယူတဲ့ ရေသောက်မြစ်၊ အချဉ်ဓာတ်ကို စုပ်ယူတဲ့ ရေသောက်မြစ် စသည် ဘာဖြစ်လို့ ကွဲပြား ကြသလဲ ဆိုတာ စဉ်းစားမိကြမှာပဲ၊ ပြီးတော့ ဒါဟာ မျိုးစေ့ထဲမှာတည်ရှိနေတဲ့ ဗီဇသတ္တိအား လျော် စွာ ကွဲပြားကြ တာပဲလို့လဲ သဘောပေါက် ကြမှာပါ။
ဒီလိုဆိုရင် သတ္တဝါတွေဟာ အာရုံခြောက်ပါးနဲ့ တွေကြတဲ့အခါ တစ်ချို့က လောဘစတဲ့ အကုသိုလ် မြစ်တွေဦးစီးပြီး အကုသိုလ် တရားတွေဖြစ်အောင် သုံးသပ်ကြတာတို့၊ တဟချို့က အလောဘစတဲ့ ရေသောက်မြစ်တွေနဲ့ ကုသိုလ်တွေဖြစ်အောင် သုံးသပ်ကြတာတို့ဟာလည်း သူတို့ရဲ့ ပဋိသန္ဓေစိတ် ဆိုတဲ့ ဗီဇမှာ အနုသယသဘော ပါရမီ ဓာတ်ခံသဘောနဲ့ပါရှိလာတဲ့ သတ္တိ အားလျော်စွာ ဖြစ်ကြ တယ် ဆိုတာကို သဘောပေါက် ကြရမှာဖြစ်ပါတယ်။ဒီနေရာမှာ အထင်ရှားဆုံး သာဓကအဖြစ် သာကီဝင်မင်းသားချင်း အတူတူဖြစ်တဲ့ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ဒေဝဒတ်တို့ရဲ့ ပဋိသန္ဓေ ဗီဇဓာတ်နှစ်ခုကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြတ်စွာဘုရား အလောင်းတော်ဟာ သုမေဓာ သူဌေးသား ဘဝကတည်းက မိမိပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အများအတွက် စွန့်လွှတ်ခဲ့တယ်၊ ရသေ့အဖြစ်နဲ့ ဈာန်အဘိညာဉ် ရရှိပြီးချိန်မှာ ဒီပင်္ကရာဘုရားရှင်နဲ့ နောက်ပါ သံဃာတော်တေ ကြွလာမယ့်လမ်းကို အများ စုပေါင်း ပြင်ဆင် နေချိန်နဲ့ ကြုံတွေ့တဲ့အခါ ရွံ့ညွန် တွေထူထပ်တဲ့ ဗွက်အိုင်ကြီးကို သူတစ်ပါးတွေ မပြင်လိုဘဲ ရှောင်ဖယ်ထားတာ သိလို့ အဲဒီအခက်ခဲ ဆုံးနေရာကို သူက တာဝန်ယူပြုပြင်တယ်၊ ဒီလိုပြုပြင်ရာ မှာလဲ ရရှိထားတဲ့ တန်ခိုး အဘိညာဉ်ကို အသုံးမပြုဘဲ ပင်ကိုယ်ကာယစွမ်း အားနဲ့ပဲ ကြိုးစားပြင်တယ်၊ ဘုရားရှင်နဲ့နောက်ပါ သံဃာတော်တျွေကြလာချိန်မှာ ခန္ဓာကိုယ် တစ်လျားစာလောက် ရွံ့ဗွက်ကို ဖို့လို့မပြီးတဲ့အခါ ကိုယ်ကို အလျားစင်းပြီး တံတားခင်းပေးခဲ့တယ်။ နိယတဗျာဒိတ်ကို မရမီကတည်းက စွန့်လွှတ်စိတ် အနစ်နာခံ စိတ်ထက်သန် ခဲ့တယ်လို့ ဆိုလိုတာပါ။
ဒီပင်္ကရာ ဘုရားရှင်နဲ့တွေ့လို့ နိယတဗျာဒိတ်ကို ရရှိပြီးတဲ့ နောက်မှာတော့ အထူးပြောစရာ မလိုတော့ပါဘူး။ စွန့်လွှတ်တဲ့ အလောဘ စိတ်ဓာတ်၊ ခွင့်လွှတ် သည်းခံနိုင်စွမ်းတဲ့ အဒေါသ စိတ်ဓာတ်၊ မတွေမဝေ စဉ်းစားသုံးသပ်တဲ့ အမောဟစိတ်ဓာတ်တွေ ဘဝစဉ်ဆက် ပွား များထုံမွှမ်းခဲ့တာပါ။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘဝမရောက်မီ တုသိတာ နတ်ဘုံမှာ ဖြစ်တဲ့အခါ စကြဝဠာ တစ်သောင်း မှာ ရှိကြတဲ့ နတ်ဗြဟ္မာတွေက “လူနတ်ဗြဟ္မာသတ္တဝါ အပေါင်းကိုကယ်တင်ဖို့အတွက် လူ့ပြည်မှာပဋိသန္ဓေနေပြီး ဘုရားဖြစ်တော်မူပါ (ဘုရားဖြစ်အောင် ကျင့်တော်မူပါ) သတ္တဝါတွေကို ကယ်တင်တော်မူပါ” လို့ ဝိုင်းပြီး တောင်းပန်ကြတယ်။ အလောင်းတော် နတ်သားက ဘုရားဖြစ်ချိန် သင့်မသင့် အချိန်ကာလ၊ တည်နေရာကျွန်း၊ အရပ်ဒေသ၊ ဖြစ်သင့်တဲ့အမျိုးအနွယ်၊ မယ်တော်ရဲ့သက်တမ်းဆိုတဲ့ ကြည့်ခြင်းကြီး ငါးမျိုးတို့ကို ကြည့်ပြီးအချက်အလက် ပြည့်စုံတာကို သိပြီးတဲ့အခါ “သတ္တဝါတွေ ချမ်းသာစေဖို့ (ဒုက္ခက လွတ်မြောက်ဖို့)အတွက် လူ့ပြည်ကိုဆင်းပြီး ပဋိသန္ဓေနေတော့မယ်၊ ဘုရားဖြစ်အောင် အားထုတ်မယ်၊ သတ္တဝါတွေ ချမ်းသာစေရမယ်”ဆိုတဲ့ မေတ္တာစိတ် အပြည့်နဲ့ နတ်ဗြဟ္မာအပေါင်းတို့ရဲ့ တောင်းပန်စကားကို လက်ခံလိုက်တယ်။ လူ့ပြည်ရွာဆင်းပြီး ပဋိသန္ဓေနေဖို့ ဆုံးဖြတ်လိုက်တယ်၊ လက်ရှိရရှိခံစားနေရတဲ့ နတ်စည်းစိမ်တွေကို ဘာမှထည့် မတွက်ဘူး၊ ကိုယ်ကျိုးအတွက် မစဉ်း စားဘူး၊ စွန့်လွှတ်တဲ့ အလောဘစိတ်၊ ခွင့်လွှတ်တဲ့ အဒေါသစိတ်၊ မေတ္တာစိတ်၊ လောကအကျိုးကို ချင့်ချိန်သုံးသပ်တဲ့ အမောဟစိတ်အပြည့်နဲ့ ဆုံးဖြတ်ပြီး နတ်သက်ကိုစွန့်ချွေကာ လူပြည်မှာ ပဋိသန္ဓေတည်နေခဲ့ပါတယ်၊ အဲဒါ နောက်ဆုံးဘဝ ဘုရားအလောင်း သိဒ္ဓတ္ထ မင်းသားရဲ့ ပဋိသန္ဓေ ဗီဇဓာတ္ဖြစ်ပေါ်လာပုံပါပဲ။
ပဋိသန္ဓေကိုဖြစ်စေတဲ့ ကံတွေအားလုံးဟာ စွန့်လွှတ်တဲ့အလောဘ၊ ခွင့်လွှတ်တတ် မေတ္တာထား တတ်တဲ့ အဒေါသ၊ သုံးသပ် ဆုံးဖြတ်နိုင်စွမ်းတဲ့ အမောဟဆိုတဲ့ အမြတ်စားရေသောက် မြစ်သုံးခု အတွက် ပြည့်စုံ လုံလောက်တဲ့ ပဋိသန္ဓေဗီဇဓာတ် ဖြစ်ပါတယ်၊
ဒါကြောင့်လဲ ဆိုင်ရာဋ္ဌဌာနများကို အမှီပြုပြီး ဆိုင်ရာအာရုံတို့နဲ့ တွေ့ကြုံရတဲ့အခါတိုင်း စွန့်လွှတ် စရာ၊ ခွင့်လွှတ်စရာ ဆင်ခြင်သုံးသပ်စရာအဖြစ်နဲ့သာ စုပ်ယူနိုင်ခဲ့တာဖြစ်လို့ အာရုံကို အချစ်စော ခြင်း ဆိုတဲ့ ကာမသုခလ္လိကာ နုယောဂ အစွန်း၊ အာရုံကို အပြစ်ပြောခြင်းဆိုတဲ့ အတ္တကိလမထာ နုယောဂအစွန်းတို့ကို လွန်မြောက်ပြီး အာရုံတို့ရဲ့ သဘောအမှန်ကို သိမြင်နိုင်စွမ်းရှိတဲ့ မဇ္ဈိမပဋိပဒါ လမ်းမှန်ကိုတွေ့ရှိ ကာ သဗ္ဗညုတ ဘုရားရှင် အဖြစ် ရောက်ရှိတော်မူခဲ့တာပါ။
သဗ္ဗညု ဘုရားရှင်အဖြစ် ရောက်ရှိတဲ့အခါမှာတော့ ပဋိသန္ဓေ ဗီဇဓာတ်မှာ ကတည်းက အလေ့ အထုံရင့်သန်လာခဲ့တဲ့ စွန့်လွှတ်မှု အလောဘရေသောက်မြစ်၊ ခွင့်လွှတ်မှု မေတ္တာဓာတ်အပြည့်ပါတဲ့ အဒေါသ ရေသောက်မြစ်၊ သိသင့်သိထိုက်တဲ့ တရားတို့ကိုသာမက တရားကို သိနိုင်စွမ်းရှိတဲ့ ဝေနေယျတို့ရဲ့ ပါရမီဓာတ်ခံအလို အဇ္ဈာသယ တို့ကိုပါ သုံးသပ် သိမြင်နိုင် စွမ်းရှိတဲ့ အမောဟ ရေသောက်မြစ်တို့ဟာ အတိုင်းထက်အလွန် သန်စွမ်းကြီးမား တော်မူကြလို့ လောကီအာရုံ ကာမဂုဏ်တို့ကို စွန့်လွှတ်နိုင်ဆုံးပုဂ္ဂိုလ်လဲဖြစ်၊ ဒေဝဒတ်နဲ့ သားတော် ရာဟုလာ၊ စိဉ္စမာနနဲ့ ယသော်ဓရာ၊ ဝိသာခါ ကျောင်းအမနဲ့ မာဂဏ္ဍဍီသူဌေးသမီးတို့ အပေါ်မှာပင် နှစ်မျိုးမပြား တစ်သား တည်း သဘောထားနိုင်တဲ့ မဟာကရုဏာသခင်၊ ကျွတ်ထိုက်တဲ့ ဝေနေယျတို့ကို ဆင်ခြင်သိမြင် ရာမှာ ရှင်တော်မြတ်ကိုယ်တိုင် ချေချွတ်မှ တရားအသိရမည့် နောက်ဆုံး မျက် မှောက် ဘဝက သုဘဒ္ဒပရဗိုရ်အထိ အျြကင်းအကျန်မရှိ သိနိုင်စွမ်းတဲ့ ပုဂ္ဂိုလ်မြတ်အဖြစ်နဲ့ အများ နဲ့မဆက်ဆံတဲ့ သီးသန်ဉာဏ်တော်များကို ပိုင်ဆိုင်တဲ့ အသာဓာရဏ ဉာဏ်တော်ရှင်ကြီး ဖြစ်တော် မူရတာပါ။
ပါရမီဖြည့်စဉ် ကာလ တစ်လျှောက်ကစပြီး နောက်ဆုံး ဘုရားဖြစ်မူတဲ့အထိ ဘုရားရှင်ကို အမြဲ တမ်း ရန်လိုဆန့်ကျင်ခဲ့တဲ့ ရှင်ဒေဝဒတ်ရဲ့ ဗီဇဓာတ်ကို ကြည့်မယ်ဆိုရင် ရွဲကုန်သည် ဘဝကတည်း က သူတစ်ပါးပစ္စည်းကို အချောင်ရလိုတဲ့ လောဘတရား ကြီးမားခဲ့သူ၊ အမှန်အကန် လုပ်တဲ့ ဘုရားအလောင်းကြောင့် သူအချောင်ရဖို့ ကြိုးစားခဲ့တဲ့ ရွှေခွက် မရခဲ့တာကို အကြောင်းပြုပြီး ဘုရားအလောင်းကို သံသရာရှည်သရွေ့ ဘယ်ဘဝမှာမဆို ရန်ငြိုးအာဃာတထားခဲ့သူ အမှန်တရား ကို လက်မခံနိုင်သလို အမှန်တရား သိရှိဖို့ ဘယ်တော့မှ စိတ်ဝင်စားခြင်းမရှိအောင် မောဟထူခဲ့သူ ဖြစ်တယ်။
ဒါကြောင့်လည်း ဘုရား အလောင်းတော်နဲ့ တွေ့ဆုံရတဲ့ ဘဝတိုင်းမှာ ဘုရားအလောင်းက သူ့ အပေါ် ဘယ် လောက်ကောင်းကျိုး ပြုထားထား အမြဲကျေးဇူး ကန်းတတ်သူ၊ ရက်စက်ခဲ့သူအဖြစ်နဲ့ ရပ်တည်ခဲ့ပါတယ်၊ ကျေးဇူးကန်းမှု ရက်စက်မှုတို့ကြောင့် အရှင်လတ်လတ် မြေမြိုပြီး အဝီစိငရဲ အထိ ကျရောက်ခဲ့တဲ့ဘဝတွေ အများကြီး ကြုံခဲ့ပေမယ့်လည်း ဘယ်တော့မှနောင်တမရဘဲ လောဘ၊ ဒေါသ၊ မာန်မာန တွေနဲ့သာ ဘဝတိုင်းကျင်လည်ခဲ့ပြီး ဒီကံတွေနဲ့ ထုံးမွှမ်းထားတဲ့ အနုသယ ဓာတ်အပြည့်ရှိတဲ့ ဗီဇပဋိသန္ဓေနဲ့ နောက်ဆုံးဆုံတွေ့ရတဲ့ ဘဝမှာ တစ်မျိုးတစ်နွယ်တည်း ညီအစ်ကိုဝမ်းကွဲအဖြစ် လာရောက်ဆုံတွေ့ကြပါတယ်။
ရှည်လျားလှတဲ့ သံသရာမှာ တစ်အောင့် တစ်ခဏ အားကျ ဆည်းပူးခဲ့ဖူးတဲ့ လောကီ အဘိညာဉ် ဓာတ်ခံလေးနဲ့ အဲဒီလို ဘဝမှာပြုခဲ့ဖူးတဲ့ ကံကောင်း အထောက်အပံ့ကြောင့် ဘုရင့်သားတော်ဖြစ်ခဲ့ တယ်၊ တခြားသာကီဝင်မင်းသား ငါးဦးတို့နဲ့အတူ သာသနာဘောင်လဲ ရောက်ခဲ့တယ်။ ကြိုးစား အားထုတ်မှုကြောင့် လောကီအဘိညာဉ်အထိတောင် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
ခန့်မှန်းကြည့်ရတာကတော့ ဘဝတစ်ခုခုမှာ လောကီ အဘိညာဉ် အစွမ်းပြတဲ့ မထေရ်တစ်ပါးပါးကို တွေ့ဖူးပါလိမ့်မယ်၊ မြင်ရသူတွေက တအံ့တဩငေးမော အားကျကြည်ညို ကြတာကိုလည်း မျက် ဝါး ထင်ထင် တွေ့မြင်ခဲ့ရပါလိမ့်မယ်၊ အများရဲ့ အထင်ကြီးလေးစားမှုကို ခံယူလို တဲ့စိတ်ထားနဲ့ပဲ အဲဒီမထေရ်မြတ်ထံမှာချဉ်းကပ်ပြီး ရဟန်းတရားနဲ့ အဘိညာဉ်အခြေခံ သမထ တရားများ ကို လည်း ပွားများလေ့လာခဲ့ဖူး ပါလိမ့်မယ်၊ အဲဒီလိုကံတွေရဲ့ အကျိုးပေးခွင့်အရ အခုနောက်ဆုံး တွေ့ ရ တဲ့ဘဝမှာ မင်းသားလဲဖြစ် သာသနာ့ဘောင်လဲရောက် လောကီ အဘိညာဉ်အထိလဲ အားထုတ် ရရှိခဲ့တယ်လို့ ခန့်မှန်းကြည့်နိုင်ပါတယ်။
ဒါပေမယ့် သူလေ့လာဆည်းပူးခဲ့တဲ့ ကောင်းမှုများဟာ လူတွေအထင်ကြီး လေးစားခြင်းကိုခံလိုတဲ့ လောကီကျိုး အတွက်သာ ရည်ရွယ်ချက်ခဲ့တာဖြစ်ပြီး ကိလေသာ ကင်းရာဖြစ်တဲ့ နိဗ္ဗာန်ကို ရည် ရွယ်ခဲ့တာ မဟုတ်လို့ အမြင့်ဆုံးကို ရည်မှန်းတဲ့ ပါရမီတော့မဟုတ်ခဲ့ ပါဘူး။ လောဘ ဒေါသစတဲ့ ကိလေသာ ဓာတ်တွေဟာ ပါရမီစစ်စစ်ဆိုတဲ့ ဓာတ်ကောင်းနဲ့ အစားမထိုးနိုင်သေးသမျှ လောကီ ကျိုး အတွက် ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ဆိုတာ ခွေးမြီးကောက်ကို စွပ်တဲ့ ကျီတောက်လောက်ပဲ ရှိတာမျိုးဖြစ်လို့ ဒီကုသိုလ် ကျီတောက်ဖြုတ် လိုက်တာနဲ့ တပြိုင်နက် မူလက အလေ့အလာ သန်ခဲ့ တဲ့ လောဘ ဒေါသ မာန်မာနတွေကလည်း ထောင်ထလာမြဲဖြစ်ပါတယ်။
ဒေဝဒတ်ဟာ သူရဲ့ကုသိုလ်ဓာတ်ခံ ရှိသလောက် အစွမ်းကုန် လောကီအဘိညာဉ်ကို ရပြီးလို့ ကုသိုလ်ကံ ကျည်တောက်ပြုတ် သွားတဲ့အခါမှာတော့ ခွေးမြီးကောက် ပမာဖြစ်တဲ့ ပင်ကိုဓာတ်ခံ လောဘ ဒေါသ မောဟတရားများဟာ ဇာတိရုပ်ပြလာပါတော့တယ်။
ဒါကြောင့်လဲ ဘုရားရှင် သာသနာတော်ကြီးနဲ့ ကြုံတွေ့ပြီး သာသနာတွင်း သားရဟန်း အဖြစ်ကို ရခဲ့ပေမယ့် သာသနာတွင်း သားရဟန်း တော်တို့ရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ကိလေသာ အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာအဖြစ်ကို အားမကျဘဲ ရဟန္တာအရှင်မြတ်ကြီးတွေကို ဒကာ ဒကာမတွေက လေးစားကြည်ညိုပူဇော်ကြတဲ့ လာဘသက္ကာရတွေနဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို အားကျပြီး နည်း မျိုးစုံနဲ့ရဖို့ ကြိုးစား ခဲ့ပါတယ်။
ဒါဟာ သူရဲ့ပဋိသန္ဓေ ဗီဇဓာတ်မှာ ကမ္ဘာနဲ့ချီပြီး ထုံမွှမ်း တည်ဆောက်ထားတဲ့ ဓာတ်ခံများအတိုင်း ဆိုင်ရာ ရေသောက်မြစ်တွေ သန်စွမ်းလာတဲ့သဘောပါပဲ။
အာရုံချင်း တူပါလျှက် ဗီဇဓာတ်ခံအတိုင်းဆိုင်ရာ ရေသောက် မြစ်တွေ သန်စွမ်းပြီး အာရုံတို့ရဲ့ အရသာကို စုပ်ယူကြပုံနဲ့ ပတ်သက်လို့ ရှင်ဒေဝဒတ်နဲ့အတူ ရဟန်းပြုကြတဲ့ သာကီဝင်မင်းသား တို့ကို နှိုင်းယှဉ်ကြည့်ရင် ပိုပြီးသိသာတယ်။
သူတို့ ခြောက်ဦးလုံးသာသနာ့ဘောင်ကို တစ်နေ့တည်း အတူဝင်ရောက်လာကြတယ်၊ ဘုရား၊ တရား၊ သံဃာဆိုတဲ့ အာရုံတွေ၊ ဘုရားရှင်နဲ့ အရိယာ အရှင်သူမြတ်တို့ရဲ့ တရားဓမ္မနဲ့ အေးချမ်း မွေ့လျှော်နေကြပုံတွေ၊ လူနတ်ဗြဟ္မာ သတ္တဝါတို့က လေးမြတ်ကော်ရော် ပူဇော်ကြပုံတွေစတဲ့ အာရုံတွေကို အားလုံးအတူတူ တွေ့ကြမြင်ကြတာပါပဲ။
အဲဒီအထဲမှာ အရှင်ဘဒ္ဒိယ၊ အရှင်အနုရုဒ္ဓ၊ အရှင်အာနန္ဒာ၊ အရှင်ပဂု၊ အရှင်ကိမိလတို့က ကမ္ဘာပေါင်း တစ်သိန်းလောက် စွန့်လွှတ်တဲ့ အလောဘဓာတ်၊ ခွင့်လွှတ်သည်းခံတဲ့ အဒေါသဓာတ်၊ အမှားအမှန် အတုအစစ်ကို ဆန်းစစ်ဝေဖန်နိုင်စွမ်းတဲ့ အမောဟဓာတ်တွေနဲ့ ထုံမွှမ်းလာခဲ့တဲ့ ပါရမီ ရှင်တွေပီပီ သူတို့ရဲ့ဗီဇဓာတ်မှာ အလောဘ အဒေါသ အမောဟ ရေသောက်မြစ်တွေ အားကောင်း တဲ့ သတ္တိအပြည့် ရှိကြတဲ့အတွက် သူတို့မြင်တွေ့ ကြားသိရသမျှ အာရုံတွေထဲက ဘုရားအစရှိတဲ့ အရိယာ အရှင်မြတ်တို့ရဲ့ လောကီအာရုံတို့ကို မငြိမတွယ် စွန့်ပယ်နိုင်ပုံနဲ့ ဖလသမာပတ်တို့နဲ့ ချမ်းချမ်းသာသာ နိဗ္ဗာန်ကို အာရုံပြုတော်မူနိုင်ကြပုံကို စုပ်ယူအားကျ အတုယူ ကြပါတယ်။
ဘာမဆို မိမိအတွက်သာကြည့်ပြီး နှစ်သက်ရာ အာရုံမှန်သမျှကို ရတဲ့နည်းနဲ့အရယူဖို့၊ မကျေနပ်တဲ့ အရာတိုင်းကို ဒေါသ အာဃာတနဲ့ တုံ့ပြန်ဖို့ ဘယ်အရာကိုမှ ရှေ့နောက်တိုင်းထွာ စဉ်းစားလေ့ မရှိဘဲ မဆင်မခြင် စိတ်ထင်တိုင်းပြုမူဖို့ အလေ့သန်ခဲ့တဲ့ အရှင်ဒေဝဒတ် ကတော့ သူ့ရဲ့ ဗီဇဓာတ်မှာ လောဘ ဒေါသ မောဟ ရေသောက်မြစ်တွေ ထက်သန်အားကောင်းဖို့ သတ္တိ အပြည့်ရှိသူပီပီ သူတွေ့မြင်ရတဲ့ အာရုံတွေထဲက မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ အာရုံကို လုံးဝစိတ်မဝင်စားဘဲ အချွေအရံ ပရိသတ်နဲ့ လာဘ်လာဘတွေကိုသာ စိတ်ဝင်စားစုပ်ယူ မိလို့ နောက်ဆုံးမှာ သံဃာကိုသင်းခွဲတဲ့ သံဃဘေဒက ကံ၊ ဘုရားကို သွေးစိမ်း တည်အောင်ပြုတဲ့ လောဟိတုပ္ပါဒက ကံဆိုတဲ့ ပဉ္စာနန္တ ရိယကံကြီးနှစ်ခုကို ကျူးလွန်ပြီး အရှင်လတ်လတ်မြေမြိုကာ အဝီစီအထိ ကျရောက်သွားရပါတယ်။
ဒါကြောင့်လဲ အရှင်ဒေဝဒတ်ဟာ ရဟန်းတော်ဖြစ်ပါလျှက် အသက်ကိုစွန့်ရတဲ့အချိန်မှာ “ရဟန်းပီပီ ပျံလွန်တော်မူတယ်” လို့ သုံးခွင့်မရရှာဘဲ နစ်တော်မူတဲ့ ရဟန်းတော် တစ်ပါးအဖြစ် ပိဋကတ် စာပေမှာ ထင်ထင်ရှားရှား မှတ်တမ်းဝင် သွားရပါ တော့တယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်