“ဘယ်ကျောင်းမှာနေ ဘာစာတွေ သင်ကြမလဲ”


********************************************

 အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်)သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ အဆန်းတွေနဲ့ ခဏခဏ ကြုံရတယ်။ တွေ့တာက အခု လက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာ ဆိုတာ အရိယသစ္စာဆိုတဲ့ ပန်းတိုင်အထိ မဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်း ဆုံးနေတယ်။ လောကကြီး အပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ အမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင် တယ်။ လောကရဲ့ အေးငြိမ်းမှု ဆိုတဲ့ တကယ့် နိဗ္ဗာန်ကို ရည်မှန်း တဲ့ ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ် သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြော ကျင့်ကြံ နေကြတယ်’’ လို့ပြောပါ တယ်။ လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာ မှန်သင့် သလောက် မှန်ပေ မယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြော တာ ကတော့ ဟုတ်နိုင်ပါ့မလား” ဆိုပြီး ပြောလာတာ တွေ့တယ်။

လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင် လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရား ဦးဒေသနာ တော်ကြီးအဖြစ်နဲ့လေးစား ယုံကြည် သတ်မှတ်ထားတဲ့ သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ် ကြီး ပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့ အညီ လည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။

 အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေး ထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေး စားကြတာပါ။ ဒါကို ရပ်ကွက်တိုင်း လိုလိုမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်း သားလေးများတောင် သိပါလိမ့်မယ်။ သူတို့ကျမှ ဘယ်လိုလုပ် ရူးကြောင်
ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး” လို့ သံသယဖြစ်နေ ရ တာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒ လိုက်နေတာ၊ ဒီရောဂါ ကို ပျောက်အောင် မကုနိုင်ရင်တော့ ဓမ္မလမ်းခရီး တစ်လျှောက်လုံး တရွတ် ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ” လို့ ပြောမှဖြစ်တော့မယ်

 ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံ အဘိဓမ္မာလောက်တော့
 လေ့လာဆည်းပူး ထားနိုင်မှ တန်ကာ ကျလိမ့်မယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနက မေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာ ဆိုတဲ့ ပရမတ္ထ တရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါး တို့ဟာလည်း အဲဒီ ပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။ ဆိုလိုတာ ကတော့ အရိယ သစ္စာ ဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ

“ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ် ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထ သစ္စာ မှာသာ လမ်းဆုံးပြီး အရိယသစ္စာ မဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ် သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင် ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်း လုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင် ရတဲ့ “ကြောင်တောင်ကန်း” ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလို ပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်း ဘူး။

 “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်” ဆိုတာက လည်း ပဋိစ္စသမုပ္ပါဒ် နိဂုံးမှာ ပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက် သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့် မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့ အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကား ပိုဒ် ဖြစ် ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။

ဒီစကားရဲ့ အပြည့်အစုံက “အမှန် တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့ စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံ ကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ် တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီး သာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။

 လောကမှာ ရှိရှိသမျှ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေ လို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာ
တွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ အဆုံး အမတော်ရဲ့ ဦးတည်ချက် ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရ မယ်လို့ ညွှန်ပြတာပါ။

“တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြ သူတိုင်း သိပါတယ်။ “အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလို ရမ္မက် ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင် မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်” ဆို တဲ့ အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်
အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီး လို့ တင်စားပြောဆိုတာပါ။

 ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြ တဲ့ ”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာ ဝန်းကျင်ကြီး တစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်း ဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။ အဲဒီလို တစ်လောကလုံး ဒုက္ခပြင် ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့ တရားဟာ လောက ပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလား ဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။

Best Religion in the World Award ဆိုတာ ဘာသာဟာ ဗုဒ္ဓဘာသာပါ ၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ ပုဂ္ဂိုလ် သူက ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရတယ် သူ ရေးသားတင်ပြတဲ့ အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံ တကာစုပေါင်း မဟာမိတ်အဖွဲ့ (ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး” ( Best Religion in the World Award) ကို ပေးခဲ့တယ်။ ဒီဆုကို ဘာသာရေး နယ်ပယ် အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင် အနည်းငယ်သာ ပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေး ချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့

“စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ် ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။

 အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံး ဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြ သူတွေ ဖြစ်ကြပါတယ်”တဲ့။

ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ် ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာ ထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော် အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေ ပါ တယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲ ကို ပေးခဲ့တာပါ”တဲ့။

ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။

 ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်း လင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ ဘာသာ အရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ် ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါ တယ်”လို့ ပြောပါတယ်။

ဒါတွေကို အထောက် သာဓကပြုနေရတာက ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက် သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေ ကတောင် အသိအမှတ်ပြုထားတယ် ဆိုတာ သဘောပေါက်စေဖို့ပါ။

 လောကကြီးကို အဆိုးမြင် ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ် ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေ ဘူးလား”လို့ ဆက်မေးပါသေးတယ်။ “အမှန်တရားတွေ ဆိုတာ မြတ်စွာ ဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန် အတိုင်း သိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ် လို့ ဟောတော်မူတာပါ။

ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော် စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောရရင်

“လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြ တယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်” တဲ့။

 လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင်သမား၊ လေယာဉ် ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။ သရော်တဲ့စကား တစ်ခု အနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခု အဖြစ် နဲ့ ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီး တီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘော အမှန်တကယ် ရှိလို့ လေထီး တီထွင်သူက ရှုမြင် စဉ်း စား မိတာလား ဆိုတဲ့ အချက်ပါ။ အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာ ပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက် တာပါ။ ဒီပျက်တတ်တဲ့ သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်း ရှုမြင်ပြီး ဒီလို အန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင် သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူ တီထွင်လိုက်တဲ့ လေထီးဆိုတာလည်း လေ ယာဉ်မောင်း သူ လေယာဉ်စီးသူ တို့အတွက် အပျက်ကို ဦးတည်ပေးတာ မဟုတ် ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့် လည်း စစ်တိုက်လေယာဉ်များ အပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုး အားထားပြုနေကြတာဖြစ်တယ် ဆိုတာ သဘော
ပေါက်နိုင်ပါတယ်။

ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြ
ဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီး ပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရ တရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိလက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရား ကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေး ချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည် သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။

 မြတ်ဗုဒ္ဓဟောညွှန် တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့်အသိဥာဏ် ကို ပြောတာပါပဲ။ “ဒီလိုဆိုရင် သင်္ခါရတရားတွေ မှန်သမျှ ဘာမှ အသုံးမကျ ဘူး ဆိုတဲ့ အဓိပ္ပာယ် ရောက်မသွားဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျ ဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။

 လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။

 မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက် တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင် တာ မဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့ အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။ ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်း တဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကို သာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့ အစွန်းရောက် သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင် တတ်ကြတဲ့အတွက် သင်္ခါရတရား အားလုံးကို လုံးဝ အသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသ လိုဖြစ် အောင် အားထုတ်မှု အစွန်း ရောက်သွားကြပါတယ်။

ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေ မှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခ နယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။ မြတ်စွာ ဘုရား ရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ အမြင်ပါ

သင်္ခါရအာအရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာ သုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရား မှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။

 မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။

လိုအပ်ချက် အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ” လို့ ခေါ် တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်” လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါ လိမ့် မယ်။

နိဿရဏအမြင်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်း စား၊ မြှား သံလည်း နားထောင်” ဆိုတဲ့ စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။ စနစ်တကျ စဉ်းစားတွေးခေါ် တတ်သူများဖြစ်ဖို့အတွက် အထူး သတိပြုစေချင်တာ ကတော့ -

 လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ် ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်း အတူတူပါ ပဲ။

ဒါနဲ့ ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ - ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူးမရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး” လို့ ပြောပြီး လူနာကို နှစ်သိမ့် စကားပြောတယ်။

ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေ
ရောက်နေပြီ ဆေးကုဆေးစား လုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ ဘူး” လို့ ပြောတယ်။

ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင် သမား။ အမြင်ချင်း ကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာ ချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။

တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင် သမား
တော် စစ်စစ်ဖြစ်ပါတယ်။

ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ - အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထ အစွန်းရောက်တယ်။ အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက် တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်” လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်” လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့” လို့သာ ပြောရပါ လိမ့်မယ်။

 “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိနိုင် “ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာ ကတော့ “ပျက်မယ်” ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်” မထား
တော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။ မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆ ရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ” တရားတွေ ဖြစ်ပါ တယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက် မလာပါဘူး။

 ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိ မျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

 “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင် မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ စကားကို လက်ကိုင် ထားတယ် ဆိုရင်တော့

“ဘယ်ကျောင်းမှာနေ ဘာစာတွေ သင်မလဲ” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။


သင့်ကိုယ်သင် တန်ဖိုးဖြတ်နိုင်ဖို့





**********************************


မြတ်စွာဘုရားရှင်လက်ထပ်တုန်းက သာကေတမြို့ မှာ “အနောပမာ” ဆိုတဲ့ သူဌေးသမီးတစ်ဦး ရှိခဲ့ဖူးပါ တယ်။ လှပတဲ့ ရုပ်အဆင်း၊ ကြော့ရှင်းတဲ့ ခန္ဓာကိုယ် အချိုးအဆစ်တွေက ဘယ်သူမှ နှိုင်းယှဉ်လို့ မရအောင် ချောမောပြေပြစ် ကျက်သရေရှိလွန်းလို့ သူ့ကို “အနောပမာ” လို့ ခေါ်တာပါ။

“ အနောပမာ” ဆိုတာ “နှိုင်းယှဉ်လို့မရ၊ နှိုင်းယှဉ်စရာမရှိ၊ အနှိုင်းယှဉ်မဲ့၊ အနှိုင်းမဲ့” လို့ အဓိပ္ပာယ်ရပါ တယ်။ မြန်မာလိုဆိုရင် သူ့နာမည်က “အနှိုင်းမဲ့” ပေါ့။ အနှိုင်းမဲ့လေး ၁၆ နှစ်အရွယ် အရွယ် ရောက်တယ် ဆိုရင်ပဲ ဘုရင့်သားတော်တွေ၊ သူဌေးသားတွေ၊ ရာထူးရှိသူ၊ ပိုက်ဆံရှိသူတွေက ဖခင်ဖြစ်သူ မဇ္ဈသူဌေးကြီး ဆီကို ကိုယ်စားလှယ်တွေ လွှတ်ပြီး အပြိုင်အဆိုင် သမီးတောင်းကြပါတော့တယ်။ “သူဌေးကြီး…၊ သင့်သမီး အနောပမာလေးကို ကျွန်ုပ်ကိုပေးပါ၊ ကျွန်ုပ်က သင်သူဌေးကြီးကို ရွှေဘယ်နှပိဿာပေးပါ့မယ်။”


 “သင့်သမီး အနှိုင်းမဲ့လေးဟာ ကျွန်ုပ်နဲ့ပဲ ထိုက်တန်ပါတယ်၊ သင့်ကို စိန် ဘယ်နှတင်းပေးမယ်လေ” “အနှိုင်းမဲ့လေးအတွက်ဆိုရင် ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲ၊ သန္တာ၊ နီလာ၊ မြ ကျွန်ုပ်မှာ ရှိသမျှ ကျောက် မျက် ရတနာတွေ အကုန်ပုံပေးပါ့မယ်၊ အနှိုင်းမဲ့လေးကို ပိုင်ဆိုင်ခွင့်ရရင် ကျေနပ်ပါပြီ”

“သင့်သမီး အနှိုင်းမဲ့ကို ရုပ်လက္ခဏာ နားလည်သူ ရာဖြတ်တွေနဲ့ တန်ဖိုးဖြတ်လိုက်ပါ ၊ ရာဖြတ်တွေ ဖြတ်တဲ့ တန်ဖိုးထက် ရှစ်ဆပေးပြီး အနှိုင်းမဲ့ကို ယူပါမယ်” “ဆယ့်ခြောက်ဆ ပေးမယ်” “သုံးဆယ့်နှစ်ဆ ပေးမယ်”

အနှိုင်းမဲ့လေးဟာ ကိုယ့်ကို လိုချင်တပ်မက် သူတွေရဲ့  တန်ဖိုးဖြတ်တောင်း ဆိုသံတွေကို ကြားရတဲ့ အခါ “ငါ တော်တော် တန်ဖိုးကြီးပါလား”လို့ မာနစိတ် လုံးဝမဖြစ်ဘဲ “ ငါတန်ဖိုးဖြတ်ခံနေရပါလား” လို့ သံဝေဂစိတ်တွေပဲ တဖွား ဖွား ဖြစ်လာပါတယ်။ “အို … ကြည့်စမ်း….၊ ငါ့ကို တန်ဖိုးဖြတ်နေလိုက် ကြ တာ…၊ ဘယ်သူက ရွှေဘယ်နှပိဿာပေးမယ်၊ ဘယ်သူက စိတ်ဘယ်နှတင်း ပေးမယ်နဲ့၊ ဘယ်သူက ရှစ်ဆပေးမယ်၊ ဘယ်သူက ဆယ်ခြောက်ဆ ပေးမယ်နဲ့” “သူတို့က ငါ့ရဲ့  ခန္ဓာကို ပစ္စည်းဥစ္စာနဲ့ တန်ဖိုးဖြတ်နေကြတာ …၊ ဟင့်အင်း…၊ ငါ့ရဲ့  ခန္ဓာကို ပစ္စည်းဥစ္စာနဲ့ လုံးဝ တန်ဖိုးဖြတ်မခံနိုင်ဘူး၊ ဘုရားပွင့်လို့ တရားပွင့်နေတဲ့ အခုလိုအချိန်မှာ ငါ့ရဲ့  ခန္ဓာကို တရားဓမ္မနဲ့ပဲ တန်ဖိုးအဖြတ်ခံမယ်” “အိမ်ထောင်ပြုတဲ့အလုပ်ကို ငါလုံးဝ စိတ်မ၀င်စားဘူး၊ ငါလုံးဝ အိမ်ထောင်မပြုချင်ဘူး၊ အိမ်ရာ တည်တောင် လူ့ဘောင်မှာလည်း ငါလုံးဝမနေချင်ဘူး ။

အို ….ငါ ဘုရားဆီသွားပြီး တရားနာတာပဲ ကောင်းတယ်” တရားနားရင်း တရားအားထုတ်လိုက်တာ ပါရမီဉာဏ် ရင့်ကျက်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့ အတွက် အနှိုင်းမဲ့လေး အနာဂါမ်ဖြစ်သွားပါတယ်။

တရားပွဲအပြီးမှာ မြတ်စွာဘုရားထံခွင့်တောင်းပြီး ရဟန်းမ (ဘိက္ခူနီမ) ပြု ၊ဆက်တရားအားထုတ်လိုက်တာ ခုနှစ်ရက်မြောက်နေ့မှာ ရဟန္တာ ဖြစ်သွားခဲ့ ပါ တယ်။

 “ကျွန်ုပ်ကို သင့်ရဲ့  သမီးပေးပါ၊ သင့်ကို ဒါတွေ ဒါတွေ ပေးပါ့မယ်” ကြည့်စမ်းပါဦး…၊ လူကိုများ ကုန်ပစ္စည်းတစ်ခုလို ၀ယ်ယူနေလိုက်ကြတာ..။ “သင့်သမီး ဘယ်လောက်တန်သလဲ၊ ရာဖြတ်တွေနဲ့ တန်ဖိုးဖြတ်လိုက်ပါ၊ တန်ကြေးထက် ရှစ်ဆပေးမယ်” “ဆယ့်ခြောက်ဆပေးမယ်” “သုံးဆယ့်နှစ်ဆပေးမယ်” ကြည့်စမ်းပါဦး…၊ လူကိုများ လေလံဆွဲသလို ဆွဲနေလိုက်ကြတာ။ ကိုယ့်ကို ကုန်ပစ္စည်းတစ်ခုလို သဘောထားပြီး ၀ယ်ယူနေလိုက်ကြတာ၊ လေလံဆွဲသလို ဈေးပြိုင်ပေးနေကြတာ ရှက် တတ်ရင် နေရာမှာတွင် လဲသေလိုက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ အများ စုက တော့ မရှက်တတ်ကြပါဘူး။ ဘယ်သူဈေးပိုပေးနိုင်မလဲ ဆိုတာကိုပဲ စိတ်ဝင်စား နေကြတာများပါတယ်။ စိန်ဘယ်နှဆင်စာ တင်တောင်းတယ်၊ သိန်းဘယ်နှရာတင်တောင်းတယ် ဆိုတာတွေက ကိုယ့်ကို ကုန်ပစ္စည်း တစ်ခုလို သဘောထားပြီး တန်ဖိုးဖြတ် ၀ယ်ယူ လိုက်တာပါ။ ■ မိဘတွေက ဘယ်လောက် တင်တောင်းမှ လက်ခံနိုင်မယ်၊ ဘာနဲ့ တင်တောင်းမှ သဘောတူ နိုင်မယ်လို့ ပြောတာဟာလည်း ကိုယ့်သားသမီးကို ကုန်ပစ္စည်း တစ်ခုလို သဘောထားပြီး တန်ဖိုးဖြတ် ရောင်းချနေတာပါပဲ။

အနှိုင်းမဲ့လေးကတော့ ပါရမီဓာတ်ခံ ရင့်သန်နေသူဖြစ်တဲ့အတွက် ဘယ်လောက် ချမ်းသာကြွယ်ဝတဲ့ သူက တင်တောင်းတောင်း၊ ဘယ်လောက် အရှိန်အ၀ါကြီးမားတဲ့သူက ဈေးခေါ်ခေါ်၊ လုံးဝ မတုန်လှုပ်ပါဘူး။ ကိုယ့်ကို ရောင်းကုန်တစ်ခုအဖြစ် သတ်မှတ်တာကို အရှက်ကြီးရှက်ပါတယ်။ လဲတော့ မသေချင်ပါဘူး။ ရဟန်းပြုပြီး တရားပဲ အားထုတ်ချင်ပါတယ်။ ကိုယ့်ကို လိုချင်သူတွေ ဈေးပြိုင်စနစ်နဲ့ လေလံဆွဲပြီး အဖေ့ဆီ စကားကမ်း လှမ်းကြတာကို ကြားတဲ့အတွက် သံဝေဂရပြီး ရဟန်းပြုဖြစ်သွားတာမို့ အပြိုင် အဆိုင် ဈေးခေါ်ကြတဲ့ မောင်မင်းကြီးသား တွေကို ကျေးဇူးရှင်တွေအဖြစ် ကျေးဇူးတောင် တင်ရပါဦးမယ်။ သူတို့ကသာ အိမ်ထောင်ပြုဖို့ စကားမကမ်း လှမ်းသေးရင်၊ ရဟန်းပြုချင်စိတ် ဖြစ်ချင်မှ ဖြစ်ဦးမှာလေ။

ပါရမီဓာတ်ခံရင့်သန်တဲ့သူများကြတော့ “အိမ်ထောင်ပြုရတော့မှာပါလား” ဆိုတဲ့ အသိဝင်တာနဲ့ တစ်ပြိုင်နက် သံဝေဂတွေရပြီး ရဟန်းပြုချင်တဲ့စိတ်၊ တရားကိုပဲ ဇောက်ချအားထုတ်ချင်တဲ့ စိတ်တွေ ဖြစ်သွားပါတယ်။ “ကာမဂုဏ် ခံစားရတော့မှာပါလား” လို့ ၀မ်းမသာဘဲ “အိမ်ထောင်ကျ” - ဆိုတဲ့အတိုင်း “ အိမ်” ဆိုတဲ့ လွတ်ရက်မရှိတဲ့ “ ထောင်” ထဲ “ကျ” တော့မှာပါလား လို့ ၀မ်း နည်းသွားပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးဖြတ်တဲ့နေရာမှာ “တန်ဖိုးဖြတ် ရတဲ့ အရာနဲ့ တန်ဖိုးဖြတ်တာရယ်” ၊ “တန်ဖိုး ဖြတ်မရတဲ့အရာနဲ့ တန်ဖိုးဖြတ် တာရယ်” လို့ နှစ်မျိုးရှိပါတယ်။

ကာမဂုဏ်ချမ်းသာနဲ့ တန်ဖိုး ဖြတ်တာဟာ တန်ဖိုးဖြတ်ရတဲ့အရာနဲ့ တန်ဖိုးဖြတ်တာပါ။ တရားဓမ္မချမ်းသာနဲ့ တန်ဖိုးဖြတ်တာဟာ တန်ဖိုးဖြတ်မရတဲ့အရာနဲ့ တန်ဖိုးဖြတ်တာပါ။ ကာမဂုဏ်ချမ်းသာဆိုတာ လူတကာခံစားနေတဲ့ ချမ်းသာမို့ တန်ဖိုးဖြတ်မရတဲ့အရာ မဟုတ်ပါဘူး။ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်တာနဲ့ အိမ်ထောင်ပြုပြီး ကာမဂုဏ် ချမ်းသာခံစားကြတာပါပဲ။ ဒါ လောကသဘာဝ၊ ဒါ လောကဓမ္မတာလို့လည်း အမြဲပြောနေကြတာပဲလေ။ သူသူကိုယ်ကိုယ် လူတိုင်းလုပ်နေကြတဲ့ အစဉ်အလာ လုပ်ရိုးလုပ်စဉ်အလုပ်မို့ ကာမဂုဏ်ချမ်းသာ ခံစားတဲ့အလုပ်ဟာ တန်ဖိုးဖြတ်မရတဲ့ အလုပ်မဟုတ်ပါဘူး။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာ လူ့အဆင့်မျိုးစုံ၊ လူ့အတန်းအစားမျိုးစုံ ခံစားနေတဲ့ချမ်းသာပါ။

♦ မကောင်းမှုဒုစရိုက်ကျူးလွန်နေကြသူတွေလည်း ကာမဂုဏ် ခံစားကြတာပါပဲ။
♦ တစ်ကိုယ်ကောင်းဆန်တဲ့သူ၊
♦ အတ္တကြီးတဲ့သူ၊
♦ သူတစ်ပါးကို ဒုက္ခပေးနေတဲ့သူတွေလည်း ကာမဂုဏ် ခံစားကြတာပါပဲ။ ကိုယ်ရည်ကိုယ်သွေး အဆင့်နိမ့်တဲ့သူတွေလည်း ခံစားနေကြတဲ့ ချမ်းသာမို့ ကာမဂုဏ်ချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့ အရာ မဟုတ်ပါဘူး။
♦ လူတကာတွင်လားဆိုတော့ မဟုတ်ပါဘူး၊ တိရစ္ဆာန်တကာလည်း ကာမဂုဏ်ချမ်းသာ ခံစားကြတာ ပါပဲ။ ခွေးတွေလည်း ကာမဂုဏ်ခံစား ကြ၊ လောက်တွေလည်း ကာမဂုဏ်ခံစားကြ၊ ခွေးအစ လောက်အဆုံး တစ်လောကလုံး ရှိရှိသမျှ တိရစ္ဆာန်တွေ ခံစားနေကြတဲ့ ကာမဂုဏ်ချမ်းသာမျိုး ကိုပဲ လူတွေ ခံစားနေကြတာဆိုတော့ ကာမဂုဏ်ချမ်းသာကို တန်ဖိုးဖြတ်မရ တဲ့အရာတွေ ဘယ်လိုမှ ပြောလို့မရပါဘူး။ အမွမ်းအမံ အဆောင် အယောင်တွေ ဘယ်လောက်ပဲ ခမ်းနားခမ်းနား အခြေခံသဘောကတော့ ဒါ-ဒါပါပဲ။ တိရစ္ဆာန်လည်း ဒါပါပဲ။ လူလည်း ဒါပါပဲ။ အဓိက ကာမဂုဏ် ခံစားနေတဲ့နေရာမှာ တိရစ္ဆာန်နဲ့လူ ဘာများ ထူးတာမှတ်လို့။ အတူတူပါ ပဲ။ ပြီးတော့ ကာမဂုဏ်ချမ်းသာဆိုတာ တစ်သံသရာလုံး အကြိမ်ကြိမ် ခံစားဖူးတဲ့ချမ်းသာပါ။ ♦ လူ့ပြည်၊ နတ်ပြည်၊ သုဂတိဘ၀တွေမှာလည်း ခံစားခဲ့ဖူးပါတယ်။ ♦ တိရစ္ဆာန်၊ ပြိတ္တာ၊ ဒုဂ္ဂတိဘ၀တွေမှာလည်း ခံစားခဲ့ ဖူးပါတယ်။ အစမထင် သံသရာမှာ အကြိမ်ပေါင်း များစွာတောင် မဟုတ် ပါဘူး……. ဘ၀ပေါင်းများစွာ ဖန်တစ်ရာတေအောင် ခံစားခဲ့ဖူးတဲ့ ချမ်းသာမို့ ……အထူးအဆန်းမဟုတ်တော့တဲ့၊ ရိုးနေပြီဖြစ်တဲ့ ကာမဂုဏ်ချမ်းသာဟာ တန်ဖိုးဖြတ် မရတဲ့အရာမဟုတ်ပါဘူး။

တရားဓမ္မချမ်းသာကတော့ လူတကာခံစားနိုင်တဲ့ ချမ်းသာမဟုတ်ပါဘူး။

♦ ပါရမီဓာတ်ခံ ရင့်သန်တဲ့သူတွေ၊
♦ စိတ်ထားမြင့်မြတ်တဲ့ သူတော်ကောင်းတွေသာ ခံစားနိုင်တဲ့ချမ်းသာပါ။ လူ့အဆင့်အတန်း မျိုးစုံလည်း ခံစားလို့ မရပါဘူး။
♦ မကောင်းမှုဒုစရိုက် ရှောင်ကြဉ်တဲ့သူတွေ၊
♦ တစ်ကိုယ်ကောင်းမဆန်၊
♦ အတ္တမကြီး၊
♦ သူတစ်ပါးကို ဒုက္ခမပေးချင်တဲ့သူတွေပဲ ခံစားလို့ ရပါတယ်။ ကိုယ်ရည်ကိုယ်သွေး အဆင့်မြင့်တဲ့ လူတွေမှ ခံစားနိုင်တဲ့ ချမ်းသာမို့ တရားဓမ္မချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့အရာပါ။ ပြီးတော့ တရားဓမ္မ ချမ်းသာက တိရစ္ဆာန်တွေလည်း ခံစားလို့မရပါဘူး။ ရှားရှားပါးပါး တိရစ္ဆာန် တချို့  တရားအသံမှာ စိတ်ကြည်နူးရုံလောက်ပဲ ရှိပါတယ်။ ဒါလည်း မရှိသလောက်ပါပဲ။ အသိဉာဏ်မြင့်မားတဲ့လူတွေ၊ နတ်တွေပဲ ခံစားခွင့်ရှိတဲ့ ချမ်းသာမို့ တရားဓမ္မချမ်းသာဟာ တန်ဖိုးဖြတ်မရတဲ့အရာပါ။ (ကာမဂုဏ်ချမ်းသာနဲ့ ယှဉ်ပြောတာမို့ ဗြဟ္မာကို ချန်ခဲ့ပါတယ်။ ဗြဟ္မာက ကာမနယ်က မဟုတ်လို့ပါ။) ပြီးတော့ တရားဓမ္မချမ်းသာက တစ်သံသရာလုံး အကြိမ်ကြိမ်အခါခါ ခံစားခဲ့ဖူးတဲ့ချမ်းသာ မဟုတ်ပါဘူး။ ပညာရှိသူတော်ကောင်းတွေ၊ ရသေ့ရဟန်း၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေနဲ့ ဆုံတွေ့ခွင့်ရတဲ့ ဘ၀မျိုးမှာပဲ ခံစားခွင့်ရတာပါ။

♦ ဒါတောင် ကိုယ်ကလည်းကျင့်ဦးမှ။ အခုလို “သာသနာတွင်း တရားဓမ္မချမ်းသာ” ဆိုတာကတော့ ဘုရားသာသနာနဲ့တွေ့မှပဲ ခံစားခွင့်ရပါတယ်။ ဘုရားသာသနာနဲ့ တွေ့ဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာကတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။

တရားဓမ္မချမ်းသာတွေထဲက….အထူးသဖြင့်…. နိဗ္ဗာန်ချမ်းသာဆိုတာ တစ်သံသရာလုံး လုံးဝကို မခံစားခဲ့ဖူးတဲ့ ချမ်းသာပါ။ ဘုရားအလောင်းတော်တွေတောင် ပါရမီဖြည့်စဉ် သံသရာမှာ နိဗ္ဗာန်ချမ်းသာ ကို လုံးဝမခံစားဖူးပါဘူး။ ဘုရားဖြစ်တဲ့ဘ၀ကျမှ ခံစားခွင့်ရတာပါ။ အောက် ထစ်ဆုံး သောတာပန်အရိယာဖြစ်မှ နိဗ္ဗာန်ချမ်းသာကို ခံစားခွင့်ရှိပါတယ်။ ပါရမီဆိုတာ ပုထုဇဉ်ဘ၀နဲ့ပဲ ဖြည့်ရတာပါ။ အနှိုင်းမဲ့လေးက ကိုယ့်ဘ၀ကိုယ် ကာမဂုဏ်ချမ်းသာနဲ့ တန်ဖိုးမဖြတ်ပါဘူး။ တရားဓမ္မချမ်းသာနဲ့ပဲ တန်ဖိုးဖြတ် ပါတယ်။ ကာမဂုဏ်ချမ်းသာက သူလိုကိုယ်လို စီးပွားရှာနိုင်ရုံနဲ့ ခံစားလို့ ရပါတယ်။ တချို့ စီးပွားမရှာဘဲတောင် ခံစားနေတာပါ။ တရားဓမ္မချမ်းသာက စီးပွားရှာနိုင်ရုံနဲ့ ခံစားလို့ မရပါဘူး။ ကာမဂုဏ်ချမ်းသာက မြင့်မြတ်တဲ့ အကျင့်နဲ့ တည်ဆောက်ယူစရာမလိုပါဘူး။ တရားဓမ္မချမ်းသာက မြင့်မြတ်တဲ့ အကျင့်နဲ့မှ တည်ဆောက်ယူလို့ ရပါတယ်။

တရားဓမ္မချမ်းသာကို မြင့်မြတ်တဲ့အကျင့်နဲ့ တည်ဆောက်ယူဖို့အတွက် အနှိုင်းမဲ့လေး အိမ်ထောင် ပြုတဲ့အလုပ်ကို စွန့်လွှတ်ပြီး ရဟန်းပြုတဲ့အလုပ် ကို ရွေးချယ်လိုက်တာပါ။ ရုပ်ရည်၊ ဥစ္စာ ပြည့်စုံပါလျက် လူတကာမက်တဲ့ ကာမဂုဏ်ချမ်းသာကို စွန့်လွှတ်နိုင်တာ ကြည်ညိုစရာ ကောင်းလှပါတယ်။ ရခဲတဲ့ လူ့ဘ၀ကိုရခိုက်၊ တွေ့ခဲတဲ့ တရားဓမ္မကိုတွေ့ခိုက်၊ ကိုယ့်ဘ၀ကိုယ် ဘာနဲ့ တန်ဖိုးဖြတ်မလဲ ဆိုတာကတော့ ကိုယ်ကိုယ်တိုင် စဉ်းစားဆုံးဖြတ်ရမှာ ပါပဲ။ ကျောက်မျက်ရတနာနဲ့ တန်ဖိုးဖြတ်တာရယ်၊ ဓမ္မရတနာနဲ့ တန်ဖိုးဖြတ်တာရယ်လို့ တန်ဖိုးဖြတ်ခြင်းကတော့ နှစ်မျိုးရှိပါတယ်။

(၃) “သင့်ရဲ့  သမီး ကျွန်ုပ်ကိုပေးပါ။ သင့်ကို ကျွန်ုပ် ဒီလောက် ပေးပ့ါမယ်” ဆိုတဲ့ တောင်းရမ်းစကားနဲ့ ပတ်သက်ပြီး ပြောချင်တာက …..

♦ အိမ်ထောင်ရေးကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်ပါနဲ့။
♦ အချစ်နဲ့ပဲ တန်ဖိုးဖြတ်ပါ။
♦ အိမ်ထောင်ကျခါစ မချမ်းသာပေမယ့် မောင်တစ်ထမ်းမယ်တစ်ရွက်နဲ့ ကြိုးစားလိုက်ရင် ချမ်းသာလာနိုင်ပါတယ်။
♦ ငွေကြေးမချမ်းသာလည်း အရေးမကြီးပါဘူး။ စိတ်ချမ်းသာဖို့က အဓိကပါပဲ။ ♦ အချစ်မပါတဲ့ အိမ်ထောင်ရေးက ဘယ်လိုနည်းနဲ့မှ စိတ်မချမ်းသာနိုင်ပါဘူး။ သားသမီးတွေရဲ့  အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မိဘတွေရဲ့  ငွေမက်မှု၊ အဆင့်အတန်းခွဲမှုကြောင့် သားသမီးတွေ စိတ်ဆင်းရဲရ၊ ဘ၀ပျက်ရတာတွေ အများကြီးပါ။

■ “သားသမီးကို ဆင်စီးပြီး မြင်းရံတာပဲ မြင်ချင်တယ်” ဆိုတဲ့ လက်သုံးစကား နဲ့ ကိုင်ပေါက်ပြီး ချမ်းသာကြွယ်ဝသူ၊ အရှိန်အ၀ါရှိသူနဲ့ ပေးစားလိုက်ကာမှ သားသမီးမှာ “ဆင်နင်းပြီး မြင်းကန်ခံလိုက်ရတာ” တွေ မရေမတွက်နိုင်အောင်ပါပဲ။ ပကာသနမက်မောက်မှုကို မိဘမေတ္တာလို့ နာမည်တပ်ပြီး အတ္တကြီးလိုက်တာ သားသမီးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်သွားပါတယ်။ ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်သူတွေအနေနဲ့ ကာမဂုဏ်ချမ်းသာရဲ့  တန်ဖိုးဖြတ်မရတဲ့အရာ မဟုတ်ပုံတွေကို တွေးပြီး စိတ်ညစ်နေစရာ မလိုပါဘူး။ ကိုယ်က ရဟန်းမပြုနိုင်ဘူးဆိုရင် အိမ်ထောင်ပြုပေါ့။ ရဟန်းပြုနဲ့ အိမ်ထောင်ပြုလို့ “ပြုနှစ်ပြု” ရှိတာဆိုတော့ တစ်ပြုပြုကိုတော့ ရွေးချယ်ရမှာပါပဲ။ ကာမဂုဏ်ချမ်းသာ မစွန့်နိုင်လို့ အိမ်ထောင်ပြုလိုက်ရတဲ့သူတွေအနေနဲ့

■ “အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်” ဆိုတဲ့ မူကို လက်ကိုင်ထားပြီး ကုသိုလ်ပါရမီတွေ ဖြည့်ကျင့်သွားမယ်ဆိုရင် တန်ဖိုးဖြတ်ရတဲ့ ကာမဂုဏ်ချမ်းသာကို ခံစားနေရင်းနဲ့ တန်ဖိုးဖြတ်မရတဲ့ တရားဓမ္မချမ်းသာကိုလည်း ခံစားခွင့် ရမှာပါပဲ။ ပါရမီဖြည့်ဖို့ဆိုတာ တွန်းအားလိုပါတယ်။ အလိုပြည့်လို့ကျေနပ်နေတဲ့ စိတ်ဓာတ်အင်အားဟာ ပါရမီဖြည့်ဖို့ တွန်းအားပါပဲ။ တွန်းအားမရှိလို့ ပါရမီ မဖြည့်ဖြစ်တာထက်စာရင် တွန်းအားရှိလို့ ပါရမီဖြည့်ဖြစ်တာက ပိုကောင်းပါတယ်။ ပါရမီပြည့်သွားရင် တန်ဖိုးဖြတ်မရတဲ့ နိဗ္ဗာန်ချမ်းသာကို ရနိုင်သလို ပါရမီဖြည့်စဉ်မှုာလည်း တန်ဖိုးဖြတ်မရတဲ့ တရားဓမ္မနဲ့ ယှဉ်တဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရနေတာပါပဲ။ သူ့အချိန်နဲ့သူ စိတ်ကို ဖြတ်ထားခဲ့ပါ။ ကိလေသာဖြစ်ချိန် နည်းပါစေ။ မလွှဲမရှောင်သာ ဖြစ်လိုက်ရတဲ့ ကိလေသာဟာ ပါရမီအတွက် တွန်းအားဖြစ်ပါစေ။ နောက်ဆုံးတော့ အိမ်ထောင်ပြုသူကိုရော၊ အိမ်ထောင်မပြုသူကိုပါ “ ပရဟိတ” နဲ့ တန်ဖိုးဖြတ်ရမှာပါပဲ။ အိမ်ထောင်ပြုသူပဲဖြစ်ဖြစ်၊ အိမ်ထောင်မပြုသူပဲဖြစ်ဖြစ် အများကောင်းကျိုးပြု ပရဟိတ အလုပ်တွေကို စွမ်းနိုင်သမျှ လုပ်ရပါမယ်။ ပရဟိတ လုပ်နေတာဟာ ကုသိုလ်ပြုနေတာပါ၊ ပါရမီဖြည့်နေတာပါ။ ပရဟိတ၊ ကုသိုလ်နဲ့ ပါရမီဆိုတာ စကားလုံးကွဲပြားပေမယ့် အနှစ်သာရကတော့ အတူတူပါပဲ။ ဒါကြောင့် လက်တွေ့ကျတဲ့ စကားလုံး၊ လောလောဆယ် ရေပန်းစားနေတဲ့ စကားလုံးနဲ့ပြောရရင် “ပရဟိတ”နဲ့ တန်ဖိုးဖြတ်တာဟာ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မရတဲ့ အရာနဲ့ တန်ဖိုးဖြတ်တာပါပဲ။ ပရဟိတ များများလုပ်လေ ကိုယ်ဟာ တန်ဖိုးဖြတ်မရအောင် တန်ဖိုြးုကီးမားလေ ဖြစ်သွားပါလိမ့်မယ်။

ကမ္ဘာကြီးကိုခိုးမယ့်လူ


****************************

သူခိုးအားလုံးက သူ့ကို ကြောက်ကြသည်။ သူကိုယ်တိုင် သူခိုးတစ်ယောက် ဖြစ်သော်လည်း သူခိုးချင်း ပြန်ခိုးနိုင်သောကြောင့် သူခိုးများက သူ့ကို လန့် သည်။ စောရနက္ခတ် မိထားသောသူ့ မျက်လုံးများမှာ ငြိမ်သက်မှုမရှိ။ တစ်နေရာတည်းကိုသာ စိုက်ကြည့်နေသည်မဟုတ်။ မျက်လုံးများ က ဝေ့၀ဲ လျက် လည်နေသည်။

“မြွေမြွေချင်းတော့ ခြေမြင်ပါတယ်” ဆိုသည့်အတိုင်း သူခိုးအချင်းချင်း ကတော့ သူ့အကြောင်းကို ကောင်းကောင်းကြီး သိနေကြသည်။ သူခိုးလော က တွင် သူ့ကိုမသိသော သူခိုးရယ်လို့မရှိ။ သူခိုးဈေးထဲကို သူရောက်လာ တိုင်း အားလုံးက သူ့ကို ၀ိုင်းကြည့်တတ်သည်။ ခိုးရာပါပစ္စည်း ၀ယ်သောဆိုင် များကလည်း သူ့ကို ထိတ်လန့်လေးစားစွာ ဆက်ဆံကြသည်။ သူရောင်းသည့် ပစ္စည်းများကို ဈေးမနှိမ်ရဲ။ တန်ရာတန်ကြေးကို ကျေကျေနပ်နပ်ပေးပြီး ၀ယ် ကြ သည်။

သူ့လက်တွေက လျှပ်စစ်ထက်မြန်သည်။ တစ်ချက်ကလေး လစ်လိုက် သည်နှင့် ဖျတ်ခနဲ့….ဖျတ်ခနဲ့ ပါသွားတတ်သည်။

တစ်ခါတစ်ရံ သူရောင်းလိုက်သည့် ပစ္စည်းကို မိနစ်ပိုင်းအတွင်း ပြန်ရအောင်ပင် ပြန်ခိုးနိုင်သည်။ သူတောင်းသည့်ဈေးကို မပေးလို့ကတော့ ခံရပြီသာ မှတ်ပေတော့။

သူခိုးအချင်းချင်း တွေ့ကြပြန်တော့လည်း ရယ်လိုက်၊ မောလိုက်၊ စကားပြော လိုက်၊ လက်ဆွဲနှုတ်ဆက်လိုက်နှင့် တစ်ခုမဟုတ် တစ်ခုတော့ ပါသွားတတ် သည်။ ထို့ကြောင့်လည်း သူခိုးများက သူ့ကိုတွေ့လျှင် ရှောင်ကြသည်။

‘ဟိုနေ့က သူနဲ့ဈေးထဲမှာတွေ့လို့ ခဏလေးရပ်ပြီး စကားပြောလိုက်တာဗျာ။ အိမ်ပြန်ရောက်မှကျုပ်ခိုးထားတဲ့ ပတ်ကားဖောင်တိန်လေး ပါသွားမှန်း သိရတယ်။ နှမြောလိုက်တာဗျာ၊ ဒီဖောင်တိန်လေးကို မရမကခိုးပြီး ကြိုက်လွန်းလို့ ပြန်မရောင်းဘဲ ထားတာ။ ဒီလူနဲ့တွေ့မှပဲ ခံရတော့တယ်။” ဆိုသည့် သူခိုးလောကမှ သူနှင့်ပတ်သက်သော သတင်းစကားများကို မကြာ မကြာ ကြားနေရသည်။ သူကတော့ “ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ်”လို့ ကြွေးကြော်ထားသည်။

ပြီးတော့ သူကခေသူမဟုတ်။ ခေတ်ပညာကိုလည်း မတောက်တခေါက် တတ်သည်။ ခေတ်အမြင်လည်းရှိသည်။ စကားပြောလည်း ညက်သည်။ အာဝဇ္ဖန်းလည်းရွှင်သည်။သူနှင့်စကားပြောရသည်မှာ ပျော်စရာကောင်းသလို ထိတ်လန့်စရာလည်း ကောင်းသည်။ ဘာပဲဖြစ်ဖြစ် သူခိုး တော်တော်များများ ကတော့ သူ့ကို မပစ်ပယ်ရဲ။ စိတ်ပေါင်းကိုယ်(အနည်းငယ်) ခွာပြီး လေးလေး စားစား ဆက်ဆံကြသည်။

လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေမှာ သူနှင့်တွေ့တိုင်း သူခိုး များက သူကိုကျွေးမွေးဧည့်ခံပြီး သူပြောသည့်စကားများကို စိတ်ဝင်စားစွာ နားထောင်ကြသည်။ သူကလည်း သူခိုးတရား ဟောလေ့ရှိသည်။

“ကျုပ်တို့သူခိုးလောကမှာ အဆင့်နိမ့်ဆုံး သူခိုးကို ထဘီသူခိုးလို့ ထင်နေ ကြတယ်။ ဘုန်းနိမ့်ခံပြီး ထဘီကအစ အလစ်သုတ်တဲ့ သူခိုးအများစုဟာ ဖိုးသမားတွေ ဘိန်းစားတွေပဲ။ ဒါပေမယ့်အဲဒီ ထဘီသူခိုးတွေကို အဆင့် နိမ့်တဲ့ သူခိုးတွေလို့ ပြောလို့ မရသေးဘူး။ တကယ်တမ်း အဆင့်နိမ့်တာက မယားခိုးတွေ (မယခိုးတွေ)…။ ထဘီတင်မကဘဲ သူများမယားပါခိုးတဲ့ မယားခိုးတွေဟာ အဆင့်နိမ့်တဲ့ သူခိုးတွေပဲ။

“ဘာပဲခိုးခိုး သူခိုးဆိုတဲ့ သတ်မှတ်ချက်နဲ့တော့ မလွတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သူခိုးဆိုပြီးတော့လည်း အားမငယ်ကြပါနဲ့။ လူတစ်ရာမှာ ကိုးဆယ်ကျော် တစ်ရာနီးပါးလောက်ဟာ သူခိုးတွေပါလို့ ကျုပ်ရဲရဲကြီး စွပ်စွဲရဲတယ်။

ဒါပေမဲ့ လူတွေက တော်တော်ခက်တယ်။ သူခိုးဆိုတဲ့ သတ်မှတ်ချက်ဟာ သူတို့နဲ့ မဆိုင်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် မဆန်းစစ်ဘဲ “သူခိုး…သူခိုး” လို့ အော်နေကြတယ်။ တကယ်တော့ သူတို့ကိုယ်တိုင်လည်း သူခိုးဖြစ်တယ် ဆိုတာကိုတော့ နည်းနည်းလေးမှ မတွေးမိကြဘူး။ ‘သေချာစဉ်းစားကြည့်ရင် လူတစ်ယောက်ဟာ မွေးစကစပြီး အရွယ်ရောက်တဲ့အထိ တစ်ခုခုတော့ ခိုးမိတာပါပဲ။ တန်ဖိုးနည်းတာ များတာ၊ ထိခိုက်တာ မထိခိုက်တာပဲကွာမယ်။ သူများမသိအောင်ကတော့ ယူမိ ခိုးမိတာပါပဲ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားပါတယ်ဆိုတဲ့ ဈေးသည်တွေ၊ ကုန်သည်တွေလည်း အလေးခိုး တာတွေ၊ အချိန်အတွယ် ခိုးတာတွေရှိတယ်။ စာတတ်ပေတတ် ပညာ တတ်တွေ ထဲမှာတောင် စာကူးချတဲ့ စာသူခိုးဖြစ်ခဲ့ဖူးတဲ့ လူတွေရှိ တယ်။ ပြီးတော့ ကမ္ဘာနဲ့ချီပြီး ကြည့်မယ်ဆိုရင်လည်း ဒီကမ္ဘာပေါ်မှာ သူခိုး နိုင်ငံတွေ အများကြီးပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ ခိုးဖို့ဝှက်ဖို့ပဲ ချောင်းနေကြ တယ်။ အခုခေတ်မှာ ဆော့ဖ်ဝဲ ခိုးတာတွေ၊ နည်းပညာ ခိုးတာတွေ၊ ဖော်မြူလာ ခိုးတာတွေ ၊သယံဇာတ ခိုးတာတွေ၊ ရေအရင်းအမြစ် ခိုးတာတွေ အများကြီးပဲ။ ဘယ်လောက်ထိ ခိုးလဲဆိုရင် ရာသီဥတုကအစ၊ မိုးကအစ ခိုးနေကြတယ်။ သိပံပညာ ထွန်းကားတဲ့ ဒီခေတ်ကြီးမှာ သူများနိုင်ငံမှာ ရွာမယ့်မိုးကို ကိုယ့်ကိုယ့်နိုင်ငံမှာ ရွာအောင် မိုးလွှဲပြီး မိုးခိုးနေကြတယ်။ တကယ်တော့ ဒီလောကကြီးဟာ သူခိုးနဲ့ မကင်းပါဘူး။ ဒါကြောင့် ခိုးရမှာကို မကြောက်ကြပါနဲ့၊ မရှက်ကြပါနဲ့။ သူခိုးဆိုတာ နေရာတိုင်းမှာ လက်ညိုးထိုး မလွဲပါပဲ။ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ လက်ညိုးထိုးမှာ မဟုတ်ဘူး။ ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ် ရဲရဲကြီး လက်ညိုးထိုးတယ်။ ’

‘ကျုပ်ဟာသူခိုး၊ သူခိုးဟာ ကျုပ်ပဲ။’ ‘ ဖြစ်နိုင်မယ် ဆိုရင် ကျုပ်က ဟော့ဒီ ကမ္ဘာကြီးကိုတောင် ရအောင် ခိုးလိုက်ချင်တယ်။’

သူ့စကားများကို ကြားရလေတိုင်း သူခိုးများမှာ စိတ်ဓာတ်တက်ကြွကာ ခိုးချင် စိတ်များ တဖွားဖွား ပေါ်ပေါက် လာကြသည်။ သူကလည်း သူခိုးများ ကို တွေ့ တိုင်း ဆက်ပြီးများများခိုးဖို့ အားပေးလေ့ရှိသည်။ ခိုးပုံခိုးနည်း ဖောက် ထွင်း ပုံ ဖောက်ထွင်းနည်းများနှင့် သူ့အတွေ့အကြုံများကို တတ်နိုင်သမျ ပြောပြ သည်။

နေ့တွင် ခိုးသောအခါ တွေ့ရမည့်အခက်အခဲ၊ ညတွင်ခိုးသောအခါ တွေ့ရမည့် အခက်အခဲများကို မည်သို့ ရင်ဆိုင် ဖြေရှင်းရမည်။ မည်သို့ရအောင်ခိုးရမည် စသည်တို့ကို သင်တန်းပို့ချသလို အသေးစိတ် ရှင်းပြတတ်သည်။

တကယ်လို့သာ လူ့အသိုင်းအ၀ိုင်းက သူခိုးတက္ကသိုလ် တစ်ခုလောက် ဖွင့်ခွင့်ပြုလိုက်လျင် သူခိုးများက သူ့ကို ပါမောက္ခချုပ် ခန့်ဖို့ ရာနှုန်း ပြည့် ထောက်ခံကြလိမ့်မည်။

တစ်နေ့…

သူ သူခိုးဈေးမှအပြန် လမ်းတွင် လူတစ်ယောက် နောက်က လိုက်လာ သည် ကို သတိထားမိသည်။ မျက်စိလျင်သောသူသည် လမ်းဘေးတွင် ရပ် ထားသော ကား၏ဘက်မှန်ကို ဖျတ်ခနဲ့ လှမ်းကြည့်လိုက်ခြင်း ဖြင့် နောက် က လိုက်လာသူမှာ မုတ်ဆိတ်မွေးရှည်ရှည်နှင့် လူတစ်ယောက်ဖြစ်ကြောင်းကို သိလိုက်သည်။ သူက ထိုလူကို မျက်ခြေဖြတ်ဖို့ စိတ်ကူးပြီး လမ်းဆုံတစ်ခု အရောက်တွင် တည့်တည့်လျောက်နေရာမှ ညာဖက် ကွေ့တော့မလိုလိုနှင့် ဘယ်ဘက်ကို ချိုးကွေ့လိုက်ပြီး နောက်ပြန်လှည့်ကာ တည့်တည့်  လျောက် ပစ်လိုက်သည်။ သို့သော်လည်း မုတ်ဆိတ်ကြီးက သူ့နောက်မှ တကောက်ကောက်။ လျောက်နေသော သူ့ခြေလှမ်းများကို တုံ့ခနဲ့ ရပ်ပစ် လိုက်တော့ မုတ်ဆိတ်ကြီး သူ့ကို မီလာသည်။

“ရှာလိုက်ရတာဗျာ။ ခင်ဗျားကို တွေ့အောင် မနည်းရှာရတယ်”

သူနောက်လှည့်ပြီး မုတ်ဆိတ်ကြီးကို တည့်တည့်ကြည့်လျက် မေးလိုက်သည်။

“ခင်ဗျားဘယ်သူလဲ၊ ဘာဖြစ်လို့ ကျုပ်ကို ရှာတာလဲ”

မုတ်ဆိတ်ကြီးက သူ့မုတ်ဆိတ်များကို လက်နှင့် သပ်ရင်း… “လာဗျာ.. စားသောက်ဆိုင်မှာ တစ်ခုခု စားရင်း သောက်ရင်း ပြောကြတာပေါ့” တဲ့။

သူလည်း အချိန်အနည်းငယ်ကြာအောင် ရပ်စဉ်းစားပြီးမှ မုတ်ဆိတ်ကြီး၏ အလိုကို သဘောတူလိုက်သည်။ သဘောကောင်းသော မုတ်ဆိတ်ကြီးက စားသောက်ဆိုင်ထဲကိုရောက်တော့ ကြိုက်တာမှာဖို့ပြောသည်။ သူလည်း မုတ်ဆိတ်ကြီး၏ လက်ထဲမှ သားရေအိတ်ကို အကဲခတ်ပြီး ငွေစက္ကူတစ်ထပ်ကိုတွေ့မှ ၀က်စတူးတစ်ပွဲနှင့် ဘီယာတစ်လုံး မှာလိုက်သည်။ မုတ်ဆိတ်ကြီးကမူ ‘ကျုပ်က သက်သတ်လွတ် စားတာဗျလို့ ပြောရင်း အစိမ်းကြော်တစ်ပွဲ၊ အာလူးကြော်တစ်ပွဲနှင့် ဘီယာတစ်လုံးမှာလိုက်သည်။ သူက မုတ်ဆိတ်ကြီးကို အလိုမကျစွာကြည့်ရင်း ခင်ဗျားကလည်း သက်သတ်လွတ်စားတယ်ဆိုပြီး ဘီယာသောက်ရတယ်လို့ ဆိုတော့ မုတ်ဆိတ်ကြီးက တဟားဟားရယ်၍ ဘီယာလည်း သတ်သတ်လွတ်ပဲလေဗျာ တဲ့။”

သူစကားလမ်းကြောင်း ချက်ချင်းပြောင်းပြီး “ကဲ ဆိုစမ်းပါဦး၊ ခင်ဗျားဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ” ဆိုတော့ မုတ်ဆိတ်ကြီးက ချက်ချင်းပြန်မဖြေ။ စားပွဲပေါ်ကို ဘီယာရောက်လာတော့မှ အမြုပ်တစီစီ တက်နေသော ဘီယာကို တဂွတ်ဂွတ် မော့ချလိုက်ပြီး ဂေ့ ဟု လေတစ်ချက်ကြို့ရင်း ပြောသည်။

ဒီလိုပါ ကျုပ်က ဂမ္ဘီရပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားနေတဲ့ လူတစ်ယောက်ပါ။ ဂမ္ဘီရပညာရဲ့ လျို့ဝှက်နက်ရှိုင်းမှုတွေကို တော်တော်လေး တွေ့ခဲ့ပါပြီ။ အခု ကျုပ်လိုချင်တာကတော့ အလွန်အဖိုးတန်တဲ့ ရှေးဟောင်း တိုင်ကပ်နာရီ တစ်လုံးပါ။ ဒီနာရီက တော်တော်လေး ရှေးကျတယ်။ ဂယ်လီလီယိုခေတ်ရဲ့ နောက်ပိုင်းလေးလောက်မှာ လုပ်ခဲ့တယ်လို့ ခန့်မှန်းရတယ်။ ဒီနာရီမှာပါတဲ့ ချိန်သီးက ရိုးရိုးချိန်သီး မဟုတ်ဘူး။ အင်မတန် အစွမ်းထက်တဲ့ ဂမ္ဘီရချိန်သီး။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ ဂမ္ဘီရပညာသည်တွေဟာ ကိုယ်တွင်းပိုင်းမှာဖြစ်တဲ့ ရောဂါတွေကို ဂမ္ဘီရချိန်သီးနဲ့ ရှာလေ့ရှိကြတယ်။ လူနာရဲ့ ၀မ်းဗိုက်ပေါ်မှာ ချိန်သီးကို တန်းလန်းချပြီး နှလုံးမှာလား၊ အဆုတ်မှာလား၊ အသည်းမှာလား၊ ကျောက်ကပ်မှာလားဆိုတာ အတိအကျ သိအောင်ရှာတယ်။ အဲဒီဂမ္ဘီရချိန်သီးကိုလည်း ပုံစံအမျိုးမျိုးနဲ့ လုပ်ကြတယ်။ ဂမ္ဘီရ သမိုင်းမှတ်တမ်းတွေအရ ကြည့်မယ်ဆိုရင် ဟစ်တလာဟာ မူဆိုလီနီရှိတဲ့နေရာကို အတိအကျသိရဖို့ ဂမ္ဘီရပညာရှင်တွေခေါ်ပြီး မြေပုံပေါ်မှာ ချိန်သီးချပြီး ရှာခဲ့တယ်လို့ သိရတယ်။ အနောက်တိုင်း ဂမ္ဘီရလောကမှာတော့ ဂမ္ဘီရချိန်သီးက နာမည်ကြီးပဲ။ အခုကျုပ်တွေ့ထားတဲ့ တိုင်ကပ်နာရီက ချိန်သီးဟာ ဂမ္ဘီရချိန်သီးပဲ။ ဒီနာရီကို မြို့အစွန်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တွေ့ထားတယ်။ အဲ့ဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးအိုကြီးတစ်ပါးပဲ သီတင်းသုံးတယ်။ ဘုန်းကြီးအိုကြီးက အဲဒီ ရှေးဟောင်းနာရီကြီးကို ဘယ်လောက်ပေးပေး မရောင်းဘူး ဘုရားကို လှူထားတာ၊ ဘုရားပစ္စည်းလို့ပဲ ပြောတယ်။ ပြီးတော့ ဒီနာရီကို တော်တော်လေး မျက်စိလျင်မှ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အစွမ်းအစကို ကျုပ်သိပါတယ်။ ခင်ဗျားရဲ့ပညာကိုလည်း လေးစားတယ်။ ဒီနာရီကို ခင်ဗျားကလွဲပြီး ဘယ်သူမှ မခိုးနိုင်ဘူးဆိုတာ ကျုပ်သိပါတယ်။ ဒီတော့ ကျုပ်ကို ကူညီပါ။ ဒီနာရီကို ရအောင် ခိုးပေးပါ။ ရရင် ခင်ဗျားကို သိန်းနဲ့ချီပြီး ပေးမယ်။ ပြီးတော့ တခြားအဖိုးတန်တာတွေလည်း ပေးဦးမယ်။

မုတ်ဆိတ်ကြီး၏ စကားကို သူတော်တော်လေး စိတ်ဝင်စားသွားသည်။

သူရော မုတ်ဆိတ်ကြီးရော ဘီယာတွေ တစ်ခွက်ပြီး တစ်ခွက် သောက်နေကြသော်လည်း အရှိန်မတက်။ တစ်ဖက်က အနည်းငယ် ကျဉ်းပြီး တစ်ဖက်က အနည်းငယ်ကျယ်သော မုတ်ဆိတ်ကြီး၏ လျို့ဝှက်နက်ရှိုင်းသည့် မျက်လုံးများကို စိုက်ကြည့်ရင်း ခိုးပေးမယ်လို့ သူကတိပေးလိုက်သည်။

ညသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အချိန်က သန်းခေါင်အလွန်။ တစ်ခြမ်းပဲ့ လ၏ ၀ိုးတ၀ါး အလင်းရောင်ထဲတွင် သူ့ခြေလှမ်းများ ပေါ့ပါး သွက်လက်နေသည်။

သို့သော်လည်း သူ့ခြေထောက်တွင် ဖိနပ်မပါ။ ဘုန်းကြီးကျောင်းအိုကြီးသည် လရောင်အောက်တွင် မည်းမည်းရှည်ရှည်ကြီး အထီးကျန်လျက်ရှိ သည်။ ခြေတံရှည် တိုင်လုံးကြီးများနှင့် တည်ဆောက် ထားသော ကျောင်းအိုကြီးအနားကို ရောက်အောင် သူချဉ်းကပ်လိုက်သည်။ မျက်စိကိုဖွင့်၊ နားကိုစွင့်၊ စိတ်ကို အတည်ငြိမ်ဆုံးထား၍ တိုင်တစ်တိုင်ကို ဖက်တွယ်ပြီး အပေါ်ကို တက်လိုက်သည်။ ပြတင်းဝကိုေ ရာက်တော့ သုံးနေကြ သံချိတ်တစ်ခုနှင့် ကလော်၍ ဖွင့်လိုက်သည်။

အထဲတွင် ဘုရားစင်တစ်ခု၊ စာအုပ်ဗီရိုများနှင့် အခန်းကန့်ထားသော အိပ်ခန်းငယ်တစ်ခု။

ဘုရားစင်ပေါ်တွင် ၀ါဆိုဖယောင်းတိုင်ကြီး တစ်တိုင်ကို ထွန်းညိထားသောကြောင့် ဘုန်းကြီးအိုကြီး မကျိန်းသေးဟု ခန့်မှန်းရသည်။ ဘာပဲဖြစ်ဖြစ် အထဲကိုဝင်ပြီး နာရီရှာဖို့ ဆုံးဖြတ်ကာ ကြမ်းပြင်ပေါ်ကို ဖွဖွလေး ခုန်ချလိုက်သည်။ မျက်စိကိုပြူး ပြဲပြီး နာရီကို အသေအချာ လိုက်ရှာသည်။ သို့သော်လည်း မတွေ့။

သူ မကျေမနပ်ဖြစ်ကာ အသက်အောင့်၍ မျက်စိမှိတ်ပြီး နားစွင့်လိုက်တော့ တဂျက်ဂျက် မြည်သံကို သဲ့သဲ့လေး ကြားရသည်။ အသံကြားရာကို တိုးသွားတော့ နာရီကို သစ်သားတိုင်တစ်တိုင်တွင် ချိတ်ကပ်မထားဘဲ ထွင်းထည့်ထားသည်ကို တွေ့ရသည်။ တိုင်ကလည်း အမည်းရောင်၊ နာရီကလည်း အမည်းရောင်ဖြစ်သော်လည်း ဘယ်ညာ လှုပ်ရမ်းနေသော ချိန်သီးမှာ သတ္တုတစ်ခုဖြစ်ပြီး တ၀င်းဝင်း လက်နေသည်။ အိပ်ခန်းဆီကို အချိန်အတော်ကြာအောင် အကဲခတ်ပြီးမှ နာရီကို နှိုက်ယူလိုက်သည်။ လွယ်လွယ်ကူကူပင် သူ့လက်ထဲတွင် နာရီပါလာပြီး တဂျက်ဂျက်မြည်သံမှာ ပိုမိုကျယ်လောင်လာသည်။ နာရီလက်တံတွေက တစ်နာရီထိုးဖို့ တရွေ့ရွေ့။ နာရီကို အခုချက်ချင်း သယ်သွားလျင် နာရီထိုးသံ ဒေါင်ဒေါင်ဒင်ဒင်မြည်သံသည် နေရာရွေ့ကာ ထွက်ပေါ်လာပြီး ဘုန်းကြီးအိုကြီး သိသွားမည်စိုးသောကြောင့် နဂိုနေရာမှာပင် ရပ်လျက် နာရီကို ကိုင်ထားမိသည်။ နာရီမြည်ပြီးမှ အမြန်ပြေးဖို့ စိတ်ကူးထားသည်။

တစ်နာရီအတိကို ရောက်တော့ နာရီထိုးသံကို မကြားရဘဲ ‘ဟိတ်’ ဆိုသည့် အော်သံတစ်ခု အပေါ်မှ ထွက်ပေါ်လာ၍ မော့ကြည့်လိုက်ရာ ခေါင်မိုးထုပ်တန်းပေါ်တွင် ကိုရင်လေးတစ်ပါး ငုတ်တုတ် ထိုင်နေသည်ကို ၀ိုးတ၀ါး မြင်လိုက်ရသည်။

မုတ်ဆိတ်ကြီးပြောတော့ ဘုန်းကြီးအိုကြီး တစ်ပါးပဲရှိတယ်တဲ့။ အခုတော့ ကိုရင်လေး တစ်ပါးပါလား။ ဘုန်းကြီးအိုကြီးရော ရှိလေမလားလို့ တွေးတောရင်း အိပ်ခန်းဆီကို လှည့်ကြည့်လိုက်စဉ်မှာပင် သူ့ရှေ့တည့်တည့်ကို ထုပ်တန်းပေါ်မှ ဘုန်းခနဲ့ ပြုတ်ကျလာသောကြောင့် ပြန်လှည့်ကြည့်မိသည်။

ထုတ်တန်းပေါ်တွင် စောစောကမြင်ရသော ကိုရင်လေးမှာ အခုတော့ သူ့ရှေ့တည့်တည့်တွင် ဘုန်းကြီးအိုကြီးတစ်ပါး ဖြစ်နေသည်။ ခါးကိုင်းကိုင်း ကုန်းကုန်းနှင့်။ မျက်နှာပေါ်တွင် ပါးရေများ တွန့်လိမ် ရွတ်တွနေသည်။ ဖယောင်းတိုင်မီးရောင် တလှပ်လှပ် ဟပ်နေသော ဘုန်းကြီးအိုကြီး၏ အသွင်သဏ္ဍန်မှာ အလွန်အမင်း အိုမင်း ရင့်ရော်နေသည်။

သူ ကြည့်ရင်းကြည့်ရင်း ကျောစိမ့်ကာ ကြက်သီးများ တဖြန်းဖြန်း ထလာသောကြောင့် နာရီကို ကြမ်းပြင်ပေါ်ချ၍ ချက်ချင်း ထိုင်ကန်တော့လိုက်သည်။

“ကမ္ဘာကြီးကိုတောင် ရအောင်ခိုးမယ့် ဒကာကြီး သူခိုးပါလား”

ဘုန်းကြီးအိုကြီးက သူ့စိတ် သူ့အတွေးတွေကို ဖောက်မြင်နေသည်။

“ဒကာကြီးက ကမ္ဘာကြီးကို ခိုးချင်ပေမယ့် ကမ္ဘာကြီးက ဒကာကြီးကို ခိုးထားလိုက်ပြီ ဒကာကြီး။ သံသရာမှာ ကျင်လည်နေကြတဲ့ သတ္တ၀ါတွေဟာ ကမ္ဘာကြီး ခိုးထားတဲ့ အရာတွေပဲ။ ကမ္ဘာကြီး ခိုးတာကို ခံရလို့ ဟောဒီ ကမ္ဘာကြီးထဲမှာပဲ ဘ၀ အဆက်ဆက် ကျင်လည်ကြရတယ်။ ဒါဟာ ငါးပါးသီလ မလုံလို့၊ အကုသိုလ်တွေ ရှိနေလို့၊ ဒကာကြီးတို့လို ခိုးချင်ဝှက်ချင်စိတ်တွေ ရှိနေလို့၊ စိတ်မသန့်ရှင်းလို့ ကမ္ဘာကြီးခိုးတာ ခံရတာပဲ။ သံသရာမှာ ဒုက္ခတရားတွေနဲ့ ဆက်ပြီး ကျင်လည်နေရတာပဲ။ ဘုန်းကြီးကတော့ နောင်ဘ၀မှာ ကမ္ဘာကြီးခိုးတာ မခံရဖို့၊ သံသရာက လွတ်မြောက်ဖို့ ကျင့်ကြံနေတယ် ဒကာကြီး”

“ဒကာကြီးလည်း ကမ္ဘာကြီးခိုးတာ မခံရဖို့ ခိုးချင်စိတ်တွေ ရပ်လိုက်ပါတော့”

လက်အုပ်ချီထားသော သူ့လက်များ တဆတ်ဆတ် တုန်နေသည်။

“မှန်…မှန်လှပါအရှင်ဘုရား”

စကားတွေက အထစ်ထစ် အငေါ့ငေါ့။

“တ..တပည့်တော် မနေနိုင်လို့ ခိုးမိတာပါ။ ဒါနောက်ဆုံး ခိုးခြင်းပါပဲ။ နောက်….နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူး။”

“ ကောင်းလေစွ… ကောင်းလေစွ။ သာဓု..သာ…”

ဘုန်းကြီးအိုကြီး၏ စကားသံ မဆုံးသေး။ သူ ထပ်၍ လျောက်ပြန်သည်။

“ဒါ… ဒါပေမယ့် ဒီနာရီလေးကိုတော့ ဒီအတိုင်း မထားခဲ့ချင်ပါဘူး အရှင်ဘုရား။ ဒီနာရီလေးကိုတော့ နောက်ဆုံး အမှတ်တရအနေနဲ့ အပြီးတိုင် ခိုးသွားချင်ပါတယ် အရှင်ဘုရား ”တပည့်တော်က ပစ္စည်းတစ်ခုကို ခိုးပြီဆိုရင် မရရအောင် ခိုးတတ်ပါတယ်။ တပည့်တော်ရဲ့ သူခိုးရာဇ၀င်မှာ မရလို့ ထားခဲ့ရတဲ့ ပစ္စည်းရယ်လို့ မရှိပါဘူး။ ဒီနာရီလေးကိုတော့ ရအောင် ခိုးသွားချင်ပါတယ် အရှင်ဘုရား။”

ဘုန်းကြီးအိုကြီး ငြိမ်သက် တွေဝေသွားသည်။ ကံကြမ္မာကို တရိပ်ရိပ် ရှုငေးရင်း အတွင်းစိတ်၏ အသိတရားကို ရင့်ကျူးလိုက်သည်။

“ဘ၀ဆိုတာ တိုတောင်းလွန်းပါတယ် ဒကာကြီး”

“အချိန်လည်း သိပ်မရှိတော့ဘူး အရှင်ဘုရား၊ မိုးမလင်းခင် အရခိုးထားမှ..”

ပြောပြောဆိုဆိုနှင့် သူနာရီကို ကြမ်းပြင်ပေါ်မှ ကောက်ယူ၍ ပွေ့ပိုက် ပြေးထွက်လာပြီး ပြတင်းဝမှ လွှားခနဲ့ ခုန်ချလိုက်သည်။ သူ့ရင်ထဲတွင် အေးခနဲ့၊ ဟာခနဲ့ဖြစ်သွားပြီး ပွေ့ပိုက်ထားသော နာရီမှာ မြေပြင်ပေါ်ကို အရင် လွတ်ကျသွားသည်။

ဘယ်အချိန်က စောင့်နေမှန်း မသိသော လူတစ်စု၏ လှံတံသည် သူ့ရင်ဝတည့်တည့်ကိုစူးခနဲ့ စိုက်ဝင်သွားသည်။ ‘အား’ ဆိုသည့် အော်သံနှင့် အတူ သူ့ရင်တစ်ခုလုံး ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ်တွင် လဲကျသွားသည်။

လရောင်အောက်တွင် တစိမ့်စိမ့်ထွက်ကျလာသော သွေးစက်များနှင့်အတူ သူ့ဝိညဉ်သည် သူ့ခန္စာမှ အပြီးအပိုင် ထွက်ခွာသွားသည်။ တစ်ချိန်တည်းမှာပင် နာနာဘာဝ ၀ိနာဘာဝ လောကထဲတွင် တစ္တေသရဲတို့၏ အော်ဟစ်သံများ ဆူညံသွားသည်။

“သူခိုးဗျို့…. သူခိုး… သူခိုး”