ရေ၀တီ

ရေ၀တီ

ရေ၀တီဆိုတဲ့နာမည်လေးက တော်တော်လေးလှတာပါ။ နာမည်ကြားရုံနဲ့တင် သူ့အကြောင်း သိချင်နေတာပါ။ ပြီးတော့နာမည်လေးက လှသလို သူ့ရဲ့ဘဝသမိုင်းလေကလည်း လှမှာပဲဆိုပြီး တကူးတကကို ရှာဖတ်ကြည် ဖြစ်ပါတယ်။
 
ဖတ်ကြည့်မှအထင်နဲ့အမြင် တက်တက်စင်အောင် လွဲတော့တာပါ။ ရေဝတီရဲ့ဇာတ်လမ်းလေးကဒီလိုပါ။
 
တစ်ခါတုန်းက နန္ဒိယဆိုတဲ့ အမျိုးသားကောင်းလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ထုးခြားချက်ကတော့ ဒါနပြုတာသိပ်ဝါသနာပါတာပါ။ အိမ်ရှေ့မှာ ဆွမ်းစားဇရပ်ဆောက်ပြီး ရဟန်းသံဃာတော်တွေကိုဆွမ်းလောင်း ဆွမ်းကပ်ရုံတင်မကပဲ မရှိဆင်းရဲသားတွေကိုလည်း နေ့စဉ် ထမင်းပေးလှူတာပါ။ ဒါနကို စေတနာပါပါနဲ့ နေ့စဉ်ပြုနေတော့ စီးပွားရေးကလည်းဆထက်ထမ်းပိုး ပိုပိုအဆင်ပြေလာပါတယ်။ ဒါနရဲ့အကျိုးကို လက်တွေ့ခံစားနေရတော့ နန္ဒိယက သူ့ရဲ့အလှူဒါနကို လျော့မသွားစေဘဲ တိုးတိုးပဲ လှူနေပါတော့တယ်။
နန္ဒိယရဲ့အိမ်ရှေ့မှာ ရေဝတီဆိုတဲ့အမျိုးသမီးလေးရှိပါတယ်။ နန္ဒိယနဲ့ မောင်နှမတစ်ဝမ်းကွဲ တော်ပါတယ်။ နန္ဒိယအမေနဲ့ ရေဝတီအဖေက မောင်နှမအရင်းပါ။
 
နန္ဒိယအမေက သူ့သားနန္ဒိယကို တူမရေဝတီနဲ့ နေရာချပေးချင်ပါတယ်။ ဒါပေမယ့် နန္ဒိယက ငြင်းပါတယ်။ နန္ဒိယငြင်းရတဲ့အကြောင်းရင်းကတော့ ရေဝတီဟာ ဘာသာရေး စိတ်ဝင်စားမှုနည်းလို့ပါတဲ့။
 
ဒီတော့ နန္ဒိယရဲ့အမေက သူ့တူမကို အကြံသွားပေးရပါတယ်။
 
“တူမလေးရယ် နန္ဒိယက ဒါနပြုတာ သိပ်ဝါသနာပါတာ။ နန္ဒိယဆွမ်းလောင်းတဲ့အခါ လာကူရတယ်။ ရဟန်းသံဃာတော်တွေ ကြွလာတဲ့အခါမှာ သပိတ်ကို လှမ်းယူရတယ်။ ဆွမ်းစားပြီးတဲ့အခါလည်း သပိတ်တွေကို ဆေးပေးရတယ်။ ငါ့တူမကလည်း ညံ့လိုက်ပါဘိ”
 
ရေဝတီက အဒေါ်ပြောတဲ့အတိုင်း လာကူပါတယ်။ ရက်ကလေးကြာလာတော့ အမေလုပ်သူက နန္ဒိယကို”သားရယ် ဟိုမှာတွေ့လား၊ ရေဝတီက သိပ်လိမ္မာတာပဲ။ သပိတ်တွေကို ကိုယ်တိုင်ဆေးပေးနေတာ” လို့ တူမ ကောင်းကွက်ကလေးကို ပြပါတယ်။
 
နောက်ဆုံးတော့ နန္ဒိယနဲ့ ရေဝတီ ညားရောပဲ ဆိုပါတော့။
 
ညားခါစမှာတော့ ရေဝတီက ဟန်ဆောင်ပန်ဆောင် နန္ဒိယနဲ့အတူတူ လိုက်လုပ်ပါသေးတယ်။ ဒါပေမယ့် စိတ်ထဲကတော့ လုံးဝကို မပါပါဘူး။
 
နောက် နန္ဒိယက ဣသိပတနကျောင်းတိုက်ကြီးထဲမှာ ကျောင်းဆောင်ကြီးတစ်ဆောင် ဆောက်လုပ်လှူဒါန်းပါတယ်။
 
နန္ဒိယက လှူတာတောင် ရိုးရိုးရေစက်ချ မလှူပါဘူး။ မြတ်စွာဘုရားရှင်ရဲ့ လက်တော်ကို ရေလောင်းပြီးရေစက်ချ လှူတာပါ။ မြတ်စွာဘုရားရင်ကိုယ်တိုင်ကလည်း နန္ဒိယရဲ့အပြုအမူကို ကျေကျေနပ်နပ်နဲ့ခွင့်ပြုပါတယ်။
 
နန္ဒိယရဲ့ သဒ္ဓါတရားက သိပ်ထက်သန်နေတော့ ထူးထူးခြားခြားဘာထဖြစ်သလဲဆိုတော့ တာဝတိံသာနတ်ပြည်မှာ ကြိုဗိမာန်ပေါက်တော့တာပါပဲ။ ဗိမာန်တင် မကပါဘူး။ ပြုစုမယ့် နတ်သမီးတွေ ကလည်းအသင့်ကြိုစောင့်နေကြပါတယ်။
 
နန္ဒိယကသာ ဒါနတွေပြုပြီး နတ်ပြည်မှာ ကြိုဗိမာန်ပေါက်နေတာ၊ ရေဝတီကတော့ နန္ဒိယပြုလုပ်နေတာ တစ်စက်မှကို သဘောမကျပါဘူး။ သူ့စိတ်ထဲ လှူရင်ကုတ်တယ်လို့ပဲ ထင်နေတာပါ။ မပြောရဲလို့သာ အသာကြည့်နေရတာပါ။ စိတ်ထဲကတော့ လုံးဝမကြည်ဖြူပါဘူး။
 
ဒီလိုနဲ့ တစ်နေ့တော့ နန္ဒိယဟာ ကုန်ရောင်းကုန်ဝယ်ကိစ္စနဲ့ ခရီးထွက်ဖို့ ကြုံလာပါတယ်။ ခရီးမထွက်ခင် ရေဝတီကို”ရေဝတီရေ၊ ခရီးထွက်နေတုန်းမှာ ရဟန်းသံဃာတွေလောင်းတဲ့ ဆွမ်းဝတ်ကို ဂရုစိုက်လောင်းနော်၊ မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ဝတ်ကိုလည်း မလျော့စေနဲ့၊ ဂရုစိုက်လုပ်ပါ” လို့မှာခဲ့ပါတယ်။
 
ဒါပေမယ့် ရေဝတီက နန္ဒိယ ခရီးထွက်သွားတာနဲ့ ရဟန်းသံဃာတော်တွေကို ဆန်ကွဲထမင်းနဲ့ ပုန်းရည်ဟင်းပဲ လောင်းပါတော့တယ်။ မရှိဆင်းရဲသားတွေကိုတော့ လုံးဝ မပေးလှူတော့ပါဘူး။
 
နန္ဒိယ ကုန်ရောင်းကုန်ဝယ်ကိစ္စပြီးလို့ သူ့မြို့ကိုပြန်လာတဲ့အခါ အိမ်မရောက်ခင် သတင်းဆိုးကို အရင်ကြားလိုက်ရပါတယ်။ ဒါကြောင့် သူ့အိမ်ကို မဝင်သေးဘဲ “ရေဝတီ အိမ်ပေါ်ကအခုဆင်း” လို့ လူတစ်ယောက်ကို လွှတ်ပြီး ဆင်းခိုင်းလိုက်ပါတယ်။ နန္ဒိယပြောတဲ့အတိုင်း ရေဝတီလည်း အိမ်ပေါ်က ဆင်းသွားရရှာပါတယ်။
 
နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက “နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။
 
နောက်တော့ သူငယ်ချင်းမိတ်ဆွေတွေက”နန္ဒိယရယ် ကျောင်းဒကာဖြစ်ပြီး ကိုယ့်ဇနီးကို အိမ်ပေါ်ကနှင်ချတာ မကောင်းပါဘူး။ ပြန်ခေါ်လိုက်ပါ” လို့ ဝိုင်းတိုက်တွန်းလို့ ပြန်ခေါ်ဖြစ်ပါတယ်။
ရေဝတီ အိမ်ပေါ်ရောက်ပြီး မကြာခင်ကာလမှာဘဲ နန္ဒိယလည်း ကွယ်လွန်သွားပါတယ်။ ကွယ်လွန်တော့ သူ့အတွက် ကြိုပေါက်နေတဲ့ တာဝတိံသာနတ်ဗိမာန်မှာ နတ်သားသွားဖြစ်ပါတယ်။
 
နန္ဒိယကွယ်လွန်တော့ ရေဝတီက သိပ်ဝမ်းသာသွားပါတယ်။ သူ့အထက်မှာ ဘယ်သူမှ မရှိတော့ပါ။
 
ရေဝတီ ပထမဆုံး ဖျက်ဆီးပစ်လိုက်တဲ့ဝတ်က မရှိဆင်းရဲသားတွေကို ပေးလှူတဲ့ ဒါနဝတ်ပါ။ နောက်ထပ်ပြီး ဖျက်ဆီးတာက ရဟန်းသံဃာတော်တွေကို နေ့စဉ် ဆွမ်းလောင်းလှူတဲ့ဝတ်ပါ။
 
ဝတ်ဖျက်ရုံတင်မကဘဲ ရဟန်းသံဃာတွေ ဆွမ်းလာခံတဲ့အခါ ရေဝတီက “ဒီကိုယ်တော်တွေကြောင့် ငါ့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာ” လို့ဆိုပြီး ရေရွတ်ဆဲရေးပါသတဲ့။ သူရေရွတ်ဆဲရေးအထဲမှာ ရဟန္တာတွေလည်း ပါပါတယ်။ ရဟန္တာတွေကို ရေရွတ်ဆဲရေးလိုက်တဲ့ အကုသိုလ်ကံဟာ ရေဝတီအတွက် အကြီးမားဆုံး ဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ အသေးစားအကုသိုလ် အခြံအရံတွေကလည်း ဝိုင်းဝိုင်းလည်နေတာဆိုတော့ နောက်ဆုံး အရှင်လတ်လတ် ငရဲကျသွားရပါတော့တယ်။
 
ရေဝတီရဲ့ဇာတ်သိမ်းပိုင်းလေးကိုဖတ်ပြီး “သြော်…. ရေဝတီရယ်” လို့စုပ်သပ်ရင်း ခေါင်းထဲကို တစ်ခြားဝတ္ထုလေးတွေလည်းဆင့်ကာဆင့်ကာ ဝင်လာပါတယ်။
ပထမဆုံးဝင်လာတာက ဗောဓိမင်းသားဝတ္ထုပါ။
 
ဗောဓိမင်းသားတို့ လင်မယားဟာ သားသမီး သိပ်လိုချင်ကြပါတယ်။ ဒါပေမယ့် မရကြပါဘူး။ နောက်ဆုံး ဘယ်လိုအကြံထုတ်သလဲဆိုတော့ မြတ်စွာဘုရားကို အိမ်ပင့်မယ်။ မြတ်စွာဘုရားကြွလာတဲ့အခါ နင်းသွားဖို့အခင်း ဖြန့်ခင်းထားမယ်။ မြတ်စွာဘုရား အခင်းပေါ်နင်းသွားတဲ့အခါ “သားသမီးရရပါလို၏“ လို့ဆိုတောင်းမယ်ပေါ့လေ။ သူ့အဓိဋ္ဌာန်နဲ့သူပါ။
 
မြတ်စွာဘုရားရှင်က ဗောဓိမင်းသားအိမ်ကို ကြွတော့လာပါတယ်။ ဒါပေမယ့် သူတို့တောင်းမယ့်ဆု မပြည့်နိုင်ဘူးဆိုတာသိလို့ အခင်းကိုမနင်းပါဘူး။ ဗောဓိမင်းသားကတော့ ဇွတ်နင်းခိုင်းနေပါတယ်။
 
နောက်ဆုံးတော့ မြတ်စွာဘုရားက သူတို့သားသမီးမရနိုင်တဲ့ အကြောင်းကိုပြောပြရပါတယ်။ သင်္ဘောပျက်တော့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတယ်။
 
အဲ့ဒီကျွန်းမှာ စားစရာမရှိတာနဲ့ ငှက်ဥလေးတွေကို ဖောက်စားကြပါသတဲ့။ နောက် ငှက်ဥကလေးတွေကုန်တော့ ငှက်ကလေးတွေကို သတ်စားကြပါသတဲ့။ အဲ့ဒီ အကုသိုလ်ကံကြောင့် သားသမီး မရတာပါတဲ့။ တကယ်လို့သာ ဇနီးမောင်နှံနှစ်ယောက်ထဲက တစ်ယောက်ယောက်ကသာ မစားခဲ့ရင် သားသမီးရမှာပါတဲ့။
 
နောက်ဝတ္ထုတစ်ခုက အားလုံးသိကြတဲ့ သူဆင်းရဲ မောင်ပုဏ္ဏဝတ္ထုလေးပါ။ အရှင်သာရိပုတ္တရာကို ခင်ပွန်းက ရေဒပူကပ်တယ်။ ဇနီးကခင်ပွင်းအတွက် ယူလာတဲ့ ထမင်းကို အရှင်သာရိပုတ္တရာကို ကပ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မမြင်ကွယ်ရာမှာ ကပ်လှူကြပေမယ့် တစ်ယောက်ကုသိုလ်ကို တစ်ယောက်က ကျေနပ်သဘောတူခဲ့ကြပါတယ်။
 
အတွေးထဲမှာ ဝတ္ထုလေးတွေက ဆင့်ကာဆင့်ကာ ဝင်လာခဲ့ပါတယ်။
ထားပါတော့လေ၊ မျက်မှောက်လောကမှာ ခင်ပွန်းလုပ်သူကအပြင်မှာ စီးပွားထွက်ရှာနေရတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးလုပ်သူက ခင်ပွန်းရဲ့မမြင်ကွယ်ရာမှာ ဆွမ်းလောင်းတာတို့၊ တခြားပန်းကပ်တာတို့ လုပ်နေမယ်။ ဒါကို ခင်ပွန်းလုပ်သူက မမြင်တွေ့ရပေမယ့် ကျေနပ်သဘောတူနေရင် ကုသိုလ်က ဇနီးမောင်နှံနှစ်ယောက်လုံး အတူတူဖြစ်နေတာပါ။ ကျေနပ်သဘောတူနေဖို့ပဲ အရေးကြီးပါတယ်။
 
တကယ်လို့ ခင်ပွန်းလုပ်သူက ကျေနပ်သဘောတူမှုမရှိခဲ့ရင်တော့ ဇနီးပြုတဲ့ ကောင်းမှုကိုသိုလ်တွေဟဟာ ဇနီးအတွက်ပဲ ဖြစ်နေမှာပါ။
 
ဒါက ကောင်းတဲ့ကုသိုလ်ဘက်က ပြောတာပါ။ မကောင်းတဲ့အကုသိုလ်ဘက်က ပြောမယ်ဆိုရင်လည်း ဥပမာပေါ့လေ ခင်ပွန်းလုပ်သူက မသမာတဲ့နည်းနဲ့ စီးပွားရှာနေမယ်။ ဒါမှမဟုတ် လာဘ်စားနေမယ်။ ဒီကိစ္စကို ဇနီးလုပ်သူကကျေကျေနပ်နပ်နဲ့ သဘာတူနေမယ်။ လာဘ်စားလို့ရလာတဲ့ ပစ္စည်းကို ကျေကျေနပ်နပ်နဲ့ သုံးဆောင်နေမယ်ဆိုရင် အကုသိုလ်က ဇနီးမောင်နှံ အတူတူ ဖြစ်နေမှာပါ။
 
တကယ်လို့ ဇနီးလုပ်သူက သဘောမတူခဲ့ရင်တော့ အကုသိုလ်က ခင်ပွန်းအတွက်ပဲဖြစ်နေမှာပါ။
 
အပြစ်ဆိုတာ ပြုပြီးရင် အပြစ်ရဲ့ အကျိုးကို ကာလတစ်ခုမှာတော့ခံရမှာ ဧကန်ပါ။
တကယ်စဉ်းစားကြည့်ရင် လူတစ်ယောက်ရဲ့ဘဝမှာ ငွေကအဓိကမပြဋ္ဌာန်းပါဘူး။ ငွေထက်ပြဋ္ဌာန်းတဲ့ အရာတွေအများကြီးရှိပါတယ်။
ငွေတွေ၊ တိုက်တွေ၊ ကားတွေ၊ ရာထူးဂုဏ်သိန်တွေ မရှိပေမယ့် ကိုယ်ကျင့်သီလလေး ဖြူဖြူစင်စင်ရှိမယ်။ ဂုဏ်တော်မေတ္တာပွားတဲ့ သမထကိုယ်ကျင့်သီလလေးရှိမယ်။ အချိန်ရသမျှ ဝိပဿနာတရားလေး အားထုတ်နေမယ်ဆိုရင် ဘဝကတော်တော်လေးအဓိပ္ပါယ်ရှိနေတာပါ။ ကိုယ်ကျင့်သီလမဲ့ပြီး ပစ္စည်းဥစ္စာတွေနဲ့ အသက်တစ်ရာရှည်ရတာထက် ကိုယ်ကျင့်သီလရှိပြီး တစ်ရက်ပဲအသက်ရှည်ရတာ ပိုမြတ်ပါတယ်။
 
ကိုယ်ကျင့်သီလကော၊ ပစ္စည်းဥစ္စာကော ပြည်စုံနေတယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။ ဂွတ်ရှယ်ပါပဲ။
 
ဇနီးမောင်နှံဆိုတာ အတိတ်ရေစက်ကြောင့် တွေ့ကြရတာပါ။ သဘောတူသင့်တာကို သဘောတူပြီး၊ သဘောမတူသင့်တာကို လုံးဝသဘောမတူ ရပါဘူး။ တားသင့်တာကို တားရပါမယ်။
 
ရေဝတီဟာ ခင်ပွန်းရဲ့အပြုအမူတွေကို ငြိမ်ငြိမ်လေးသာလိုက်ပြီး သဘောတူနေရင် တာဝတိံသာနတ်ပြည်မှာ နန္ဒိယနဲ့အတူစံစားနေရမှာပါ။ လူတစ်ယောက်ရဲ့ဘဝမှာ ပစ္စည်းဝတ္ထုတွေဟာ အဓိကမပြဋ္ဌာန်းဘူးဆိုတာ ရေဝတီ လူ့ပြည်မှာရှိနေတုန်း သိမသွားရှာပါဘူး။ ငရဲရောက်မှပဲ ဒီပစ္စည်းဝတ္ထုတွေကတစ်ဆင့် သူ့ကိုငရဲချလိုက်တယ်ဆိုတာ သိရတာပါ။ သိချိန်မှာ နောက်ကျသွားပါပြီ။ နောက်ကျမှ ရတဲ့အသိက အသုံးမဝင်တော့ပါဘူး။ ဒါပေမယ့် ရေဝတီက လူ့ပြည်မှာ ကျန်ခဲ့တဲ့လူသားအားလုံးကို တရားပြသွားခဲ့ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ ကိုယ့်စိတ်ကလေးကို သတိထားစောင့်ရှောက်လိုက်ဖို့ပါပဲ။
 
ဒိဆောင်းပါးလေးကို မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေဝလင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ရအောင်းပါ။
အကုသိုလ်နှင့်၊ ကိုသိုလ်နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာမရ၊ လင်ပြုကလည်း၊ မယားအိမ်သူ၊ စိတ်မတူသော်၊ မှန်ယူ မှန်စွာ၊ မရရာဘူး၊
 
ကျမ်းကိုး-
 
၁။ဝိမာနအဋ္ဌကထာ၊စာမျက်နှာ ၂၀၄
 
၂။ဟောစဉ်တရားတော်များ(စတုတ္ထတွဲ) မင်းကွန်းဆရာတော်ဘုရားကြီး
 
Future Light မဂ္ဂဇင်း
 
မေ၊ ၂၀၀၅။

မြန်မာ ဟွန်းတယော


မြန်မာ ဟွန်းတယော
မြန်မာ ဟွန်းတယော က ခရစ် ၁၈၉၉ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ အနောက်တိုင်းဇာတိ စထြော-ဟွန်းတယော (Stroh Horn- Violin Variants) တွေထဲက မူကွဲတမျိုးဖြစ်ပါတယ်။
Stroh Horn- Violin
စထြော-ဟွန်းတယော
ခရစ်နှစ် ၁၈၉၉ ခုနှစ်မှာ မှတ်ပုံတင်ထားခဲ့တဲ့ မူလ ပုံစံထုတ်ခဲ့သူ ဂျာမန်လူမျိုး Johannes Matthias Augustus Stroh ရဲ့ နာမည်ကိုအစွဲပြုပြီး ဟွန်းတယောတွေကို Stroh Horn- Violin စထြော ဟွန်း-ဗိုင်အိုလင် လို့ပဲ ခြုံပြီးတော့ ခေါ်ပေမယ့် ကမ္ဘာ အရပ်ရပ်မှာ မူကွဲတွေ အများအပြား ရှိကြပါတယ်။
မူရင်း ဗိုင်အိုလင် နဲ့ ရှေးဦးပိုင်းခေတ် စထြော-ဗိုင်အိုလင်
မူရင်း ဗိုင်အိုလင် နဲ့ စထြော-ဗိုင်အိုလင် ဆွဲပုံများ
Cello Horn- Violin
ထပ်ဆင့် တီထွင်ထားတဲ့ ဟွန်း-ချယ်လို
Stroh Horn- Violin Variants
စထြော-ဗိုင်အိုလင် ဟွန်းတယော မူကွဲများ
၁၈၉၉-၁၉၄၉
Conductor Rosario Bourdon & Victor Salon Orchestra (1910-1920)
စထြော-ဗိုင်အိုလင် ဟွန်းတယော ပညာရှင်တွေ
မြန်မာနိုင်ငံထဲကို ဟွန်းတယောတွေ ရောက်မလာခင် ဗိုင်အိုလင် တယောပြားတွေက အရင်ဆုံး ရောက်ရှိလာခဲ့တယ်လို့ မှန်းဆရပါတယ်။ တိုင်းတပါးသားတွေနဲ့ အတွေ့အထိ ဆက်ဆံရေးတွေ အထူးများပြားလာတဲ့ ကုန်းဘောင်ခေတ် ဒုတိယပိုင်းအချိန်မှာတော့ ကမ္ဘာသုံး ဗိုင်အိုလင် တယောကို မြန်မာတွေနဲ့ မိတ်ဆက်ထားပြီး ဖြစ်ပေလိမ့်မယ်။ 
မြန်မာ စာပေကျမ်းဂန်တွေထဲမှာ ‘တယော’ ဆိုတဲ့ ဝေါဟာရကို တွေ့ရတာက ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်၊ မုံရွေးဆရာတော် (မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) ရေးခဲ့တဲ့ နာရဒပျို့ ထဲမှာ ဖြစ်ပါတယ်။ မုံရွေးဆရာတော် က မြဝတီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆိုလည်း ဖြစ်ပါတယ်။ စောင်း၊ ညင်း၊ မိကျောင်း၊ အောင်းကလေး၊ ပတ္တလား၊ တယော အငြိမ့် တူရိယာ ၆ မျိုးထဲမှာ တယောတူရိယာကို တမျိုးအဖြစ် မုံရွေးဆရာတော် က ထည့်သွင်း ရေးစပ်ထားပါတယ်။
မြန်မာတယော က ကမ္ဘာသုံး ကြိုး ၄ ချောင်းတပ် ဗိုင်အိုလင်၊ ဗီယိုလာ တယောတွေကို မွေးစားပြီး မြန်မာမှု ပြုထားတဲ့ တူရိယာဖြစ်လေရော့သလားလို့ စဉ်းစားယူဆနိုင်စရာ အကြောင်းရှိပါတယ်။ ဒါပေမယ့် လုံးဝဥဿုံ ပုံတူကူးထားတာမျိုးတော့လည်း မဟုတ်ပြန်ပါ။ အနောက်တိုင်း ဗိုင်အိုလင်၊ ဗီယိုလာ တယောတွေနဲ့ အကြမ်းအားဖြင့် ပုံစံချင်း ဆင်တူပေမယ့် မြန်မာတယောမှာက ကြိုး ၃ ချောင်းပဲ ပါပါတယ်။ တယောလက်တံကလည်း ဗိုင်အိုလင်၊ ဗီယိုလာ တို့ထက် ပိုပြီးတိုပါတယ်။
ဒီကနေ့ မွန်ရိုးရာ တီးဝိုင်းတွေမှာ ‘လခြမ်း ကြေးနောင်’၊ ‘မိကျောင်း’ တူရိယာတွေနဲ့အတူ ‘ထောင်တယော’ (Graw) ဆိုတဲ့ ကြိုး ၃ ချောင်းတပ် တယောကို သုံးစွဲနေပါသေးတယ်။ အဲဒီ မွန် ထောင်တယော က မြန်မာတယောနဲ့ ပုံစံချင်းတူပါတယ်။
မြန်မာ တယော/မွန် ထောင်တယော (၁၉ ရာစု)
ဒီကနေ့ မြန်မာတီးဝိုင်းတွေမှာ မတွေ့ရတော့တာကြောင့် မြန်မာတယောက ကြိုး ၃ ချောင်းရဲ့ အသံညှိပုံစနစ်ကို တပ်အပ် မပြောနိုင်ပေမယ့် မွန်ရိုးရာ ထောင်တယော နဲ့ တူညီနိုင်စရာ အကြောင်းရှိပါတယ်။ မွန် ထောင်တယောမှာပါတဲ့ ဘယ်သံကနေ ညာသံ ကြိုးသုံးချောင်းကို အက်ဖ်၊ စီ နဲ့ ဂျီ သံတွေ ညှိထားပါတယ်။ မြန်မာ့သံစဉ်ရဲ့ ၅ ပေါက်၊ ၁ ပေါက် သံမှန် နဲ့ ၄ ပေါက်သံတွေ ဖြစ်ပါတယ်။
ခရစ်နှစ် ၁၈၉၈ က အမည်မသိ မြန်မာ တယောပညာရှင်များ
မန္တလေးမြို့သူ မြို့သားတွေက ဘုရားကြီး လို့ခေါ်ကြတဲ့ မဟာမြတ်မုနိဘုရားကြီးရဲ့ အရှေ့မုခ် မြောက်ဘက်မှာ လိပ်ကန် ဆိုတဲ့ အုတ် အင်္ဂတေကန်ကြီးတခု ရှိပါတယ်။ ဘုရားကြီးလိပ်ကန် လို့ ခေါ်ကြတယ်။ ဘုရားဖူးတွေက အဲဒီ လိပ်ကန်ထဲက လိပ်ကြီးတွေကို ပေါက်ပေါက်ဆုပ်၊ ပေါင်မုန့်ခြောက်၊ ကန်စွန်းရွက် စတဲ့ အစာတွေကျွေးကြရင်းနဲ့ ကန်ဘေးမှာ အပန်းဖြေ ထိုင်နေလေ့ရှိကြတယ်။
မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး အရှေ့မုခ် မြောက်ဘက်က လိပ်ကန်
၁၉ဝ၈ ခုနှစ်က မြင်ကွင်း
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင် အချိန်လောက်တုန်းက အဲဒီ ဘုရားကြီးလိပ်ကန်ရဲ့ဘေးမှာ ယောက်ျားက မြန်မာတယောကြီးကိုထိုးပြီး ဇနီးသည်က သီချင်းဆိုလို့ နားထောင်သူပရိသတ် သဒ္ဓါကြေး ပေးကမ်းစွန့်ကျဲကြတာကို စားကြရရှာတဲ့ သက်ကြီးရွယ်အို စုံတွဲ ရှိခဲ့ဖူးတယ်။ အဲဒီ စုံတွဲက မြန်မာ့ရိုးရာ တယောပညာရှင်ကြီး တယောဘိုးကျန် တို့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့မှာ ဝါးပတ္တလား တလက်၊ မြန်မာတယောကြီး တလက်၊ စည်း နဲ့ ဝါးတို့ ရှိကြတယ်။ တယောဘိုးကျန်က မျက်စိမမြင်ရှာတော့ ဒုက္ခိတ ဘဝမှာ တယောတလှည့် ပတ္တလားတလှည့် တီးပြီး တတ်တဲ့ပညာနဲ့ ဝမ်းစာရှာဖွေ အသက်မွေးကြရတဲ့ပုံပါပဲ။ 
အဲဒီအချိန်မှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားနေပြီဖြစ်တဲ့ နေမျိုးဗလကျော်သူဘွဲ့ရ ရွာစားကြီး စိန်ဗေဒါ က တယောဘိုးကျန်ကို ငွေကြေးကန်တော့လို့ သီချင်းတွေ အတီးခိုင်းပြီး ရိုရိုသေသေ နားထောင် မှတ်သား ပညာယူတတ်ပါသတဲ့။
ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ ၁၉၄၆-၁၉၅၄ ခုနှစ်လောက်အထိ တယောဘိုးကျန် က သီချင်းဆိုရင်း သူ့မြန်မာတယောကြီးကို ထိုးပြီး တကိုယ်တည်းပဲ မန္တလေးလမ်းဘေးတွေမှာ ဖျော်ဖြေနေခဲ့တယ်။ ဂီတပါရမီဖြည့်ဖက် ဇနီးသည် ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်းကတော့ တယောဘိုးကျန်ရဲ့ ဘဝနေဝင်ချိန် ကာလပါပဲ။ 
တယောဘိုးကျန် က အဲဒီမြန်မာတယောကြီးမျိုးကို နောက်ဆုံး ထိုးခဲ့တဲ့သူပဲ ဖြစ်ပေလိမ့်မယ်။ ၁၉၅၆-၅၇ လောက်မှာ တယောဘိုးကျန် ကွယ်လွန်သွားခဲ့တယ်လို့ ဘိုးကျန် ကို ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရဖူးတဲ့ ပန်းချီ၊ ဒါရိုက်တာ ဦးဝင်းဖေ က ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်၊ ဝင်းဖေလွယ်အိတ် ကဏ္ဍမှာ ပြောပါတယ်။ ဘိုးကျန် ကွယ်လွန်ပြီးချိန်ကတော့ ကမ္ဘာသုံး တယော ဗိုင်အိုလင်လောက်တောင်မှ အသံထွက် မမြည်တဲ့ မြန်မာတယောတွေရဲ့ ဇာတ်သိမ်းခန်းလို့ပဲ ဆိုရပါမယ်။
အဲဒီအချိန်မှာ ကမ္ဘာသုံးတယော ဗိုင်အိုလင်တွေထက် ပိုပြီးအသံကျယ်ကျယ်မြည်တဲ့ ဟွန်းတယောတွေက မြန်မာ့ကာလပေါ်တီးဝိုင်းတွေထဲကို ဝင်ရောက်နေနှင့်ပါပြီ။
မြန်မာနိုင်ငံကို ရောက်လာတာကတော့ ဟွန်းအကြီးတလုံး နဲ့ ဟွန်းအသေးတလုံးပါတဲ့ ပုံစံပါ။ တယောထိုးတဲ့သူရဲ့ နားဘက်ကိုလှည့်ထားတဲ့ ဟွန်း အသေးတခုနဲ့ ရှေ့ဘက်ကို လှည့်ထားတဲ့ ဟွန်း အကြီးတလုံး ပါလေ့ရှိပါတယ်။
ဟွန်းနှစ်လုံးပါတဲ့ စထြော-ဗိုင်အိုလင် ဟွန်းတယော
မြန်မာ ဂီတ၊ တူရိယာ ပညာရှင်တွေရဲ့ ထူးခြား ပြောင်မြောက်တဲ့ စွမ်းရည်တခုက မြန်မာ့ ဇာတိဖွား မဟုတ်တဲ့ နိုင်ငံခြား တူရိယာ အမျိုးမျိုးကို မြန်မာမှုပြုပြီး မွေးစားတဲ့အခါမှာ မူရင်းတူရိယာတွေအတိုင်း ပုံတူကူးယူတာမျိုးမဟုတ်ဘဲ မြန်မာ့ဂီတကို တီးမှုတ်နိုင်တဲ့ မြန်မာကြိုက် မြန်မာ့တူရိယာတွေအဖြစ် ဖန်တီးယူကြလေ့ရှိပါတယ်။
မြန်မာ ဟွန်းတယောကလည်း ဒီသဘောမျိုးပါပဲ။ မူရင်း စထြော ဟွန်းတယော ကြိုးညှိစနစ်က ဒီကနေ့ ကမ္ဘာသုံး ဗိုင်အိုလင်အတိုင်းပဲ ကြိုးလေးချောင်းမှာ G D A E ဖြစ်ပါတယ်။ မြန်မာမှုပြုထားတဲ့ ဟွန်းတယောမှာတော့ မြန်မာသီချင်းတွေတီးဖို့ အဆင်ပြေတဲ့ G C G C အတိုင်း ညှိထားတယ်လို့ မှတ်သားဖူးပါတယ်။ မြန်မာကြိုက် တယောကြိုးညှိစနစ်မှာတော့ တီးတဲ့ပညာရှင်စိတ်ကြိုက်အတိုင်း ညှိထားတဲ့ တခြားမူကွဲတွေလည်း ရှိနိုင်ပါတယ်။
စထြော-ဗိုင်အိုလင် ဟွန်းတယော
ကြိုး ၄ ချောင်း နဲ့ ကြိုးညှိ ဒလက်တွေ
ဟွန်းတယော ကြိုး ၄ ချောင်း က မူရင်းအသံစဉ်
ဟွန်းတယော က အသံအိုး (resonator) နဲ့ ကြိုးတင်ခုံ (bridge)
ဟွန်းတယော က မေးတင်ခုံ နဲ့ ဟွန်း ၂ လုံး
မြန်မာဟွန်းတယောတချို့က မြန်မာပြည်ထဲမှာ ကိုယ်ထူကိုယ်ထ ဆင်ယူထားကြတွေပါ။ တယောလက်တံကို သစ်မာ တမျိုးမျိုးနဲ့ လုပ်ပါတယ်။ ဒန်အိုး ဒန်ခွက်လုပ်တဲ့ ဒန်သတ္တုကို ပုံလောင်းပြီး အချောကိုင်ထားတဲ့ အသံအိုး နဲ့ ကြိုးတင်ခုံ ကို တယောလက်တံမှာ တပ်ထားပါတယ်။ အဲဒီအသံအိုးမှာ တယောထိုးတဲ့သူရဲ့ နားဘက်ကိုလှည့်ထားတဲ့ ဟွန်း အသေးတခုနဲ့ ရှေ့ဘက်ကိုလှည့်ထားတဲ့ ဟွန်းအကြီးတလုံး ပါလေ့ရှိပါတယ်။
မြန်မာသက္ကရာဇ် ၁၂၈၈ မှာ မြန်မာညွန့် ဦးချစ်မောင် တည်ထောင်တဲ့ မြန်မာ အငြိမ့်အဖွဲ့
မြန်မာ သက္ကရာဇ် ၁၂၈၈ မှာ မြန်မာညွန့် ဦးချစ်မောင်တည်ထောင်တဲ့ မြန်မာ အငြိမ့်အဖွဲ့က တူရိယာတွေထဲမှာ ဟွန်းတယော နှစ်လက်နဲ့ ဘင်ဂျို တလက် ပါဝင်နေတာကို တွေ့ရပါတယ်။
ရှေးခေတ် မြန်မာ့ကာလပေါ် တီးဝိုင်းတွေမှာ ဟွန်းတယော ကို အတီးများကြတယ်လို့ မှတ်သားရပါတယ်။ ခရစ်နှစ် ၁၉၂ဝ ဝန်းကျင် မြန်မာပြည်ထဲကို အသံတိတ် ဓာတ်ရှင် (ရုပ်ရှင်) တွေရောက်လာကြတဲ့ခေတ်က ရုပ်ရှင်ပြချိန်မှာ သရုပ်ဖော်တီးကြတဲ့ တီးဝိုင်းတွေမှာလည်း ဟွန်းတယောကိုပဲ သုံးကြပါတယ်။ အပျော်တမ်း တီးကြသူတွေကလည်း ဟွန်းတယောကိုပဲ တီးတတ်ကြတာ အဲဒီအချိန်ကာလရဲ့ အလေ့အထပဲ ဖြစ်ပေလိမ့်မယ်။ ကျနော့်အဖေ လူပျိုတုန်းက တီးခဲ့တဲ့ ဟွန်းတယောကြီး နံရံမှာချိတ်ထားတာကို ကျနော် မူလတန်းကျောင်းရောက်ချိန်လောက်အထိ ရှိနေသေးတာ မှတ်မိနေပါတယ်။ 
တယောပြားတွေရဲ့ အသံထွက်က ညင်သာပါတယ်။ တီးဝိုင်းထဲမှာ အတူတူတီးကြတဲ့အခါ တယောသံကို တခြားတူရိယာသံတွေက လွှမ်းမိုးသွားတတ်ပါတယ်။ ဒါကြောင့်ပဲ အသံကျယ်ကျယ်ထွက်စေဖို့ တီထွင်ထားတဲ့ ဟွန်းတယောကို ကမ္ဘာအရပ်ရပ်မှာ သုံးခဲ့ကြတာပါပဲ။ အသံကျယ်ပေမယ့် ဟွန်းတယောရဲ့ အသံထွက်ကတော့ ကြမ်းပါတယ်။ အသံချဲ့စက်တွေ တိုးတက်ထွန်းကားလာတဲ့အခါမှာတော့ ဟွန်းတယောတွေ တဖြည်းဖြည်းနဲ့ ခေတ်ကုန်သွားပြီး တယောပြားတွေ ပြန်ပြီး ခေတ်စားလာတာ ဒီကနေ့အထိပါပဲ။
မြန်မာတယောပညာရှင် တယော ဦးတင်ရီ
တယောပြားတွေ ပြန်ပြီး ခေတ်စားလာပြန်တော့ ထပ်ဆင့် တီထွင်မှုတွေပါ တပြိုင်နက်တည်း ထွန်းကားလာပြန်တယ်။ ခရစ်နှစ် ၁၆၈ဝ ကနေ ၁၇၂၅ အတွင်းမှာလုပ်ခဲ့တဲ့ အန်တိုနီယို စထရာဒီဗာရီ Antonio Stradivari ရဲ့လက်ရာ ကမ္ဘာကျော် စထရာဒီဗာရီယပ်စ် Stradivarius တယောရဲ့ အသံထွက်ကို ဘယ်သူမှ မတုပနိုင်ဘူးလို့ ဆိုရိုးစကား ရှိပါတယ်။
Stradivarius တယော (၁၇ဝ၃) 
Antonio Stradivari by Edgar Bundy, 1893
A romanticized image of a craftsman-hero
ဒီကနေ့ အီလက်ထရစ် တယောတွေ ပုံစံအမျိုးစုံနဲ့ တီထွင်လာကြပြီး မိရိုးဖလာ တယော ဗိုင်အိုလင်တွေကို ယှဉ်ပြိုင်ဖို့ ကြံစည်နေကြတယ်။ ကမ္ဘာအရပ်ရပ်က ကျော်ကြားတဲ့ တယောပညာရှင်တွေကြားမှာလည်း အီလက်ထရစ် တယောတွေကို သုံးတဲ့သူတွေ ရှိလာတယ်။
Electric-violin
အနောက်တိုင်းက စထြော ဟွန်းတယော ပညာရှင်တဦး (၁၉ ရာစု)
အမည်မသိ ရှေးခေတ် မြန်မာတယောပညာရှင် (၁၉ ရာစု)
(တယောဘိုးကျန် ငယ်ရွယ်စဉ်တုန်းက ပုံများလေလား)
ချစ်ပန်းပွင့်ဦး ဖူးစအရွယ် ဂီတနက်သန် ကိုစောညိန်း
(၁၉၂၅-၁၉၅၂)
တယောဆရာကြီး မြို့မ ဦးတင်ဝင်း (၁၉၄၆-၂ဝ၁၁)
မြို့မ အပျော်တမ်းတူရိယာအသင်း၊ မန္တလေးမြို့
တခေတ် တချိန်တုန်းက အသုံးတွင်ကျယ်ခဲ့တဲ့ ဟွန်းတယောတွေကို ဒီကနေ့ မြန်မာ့ကာလပေါ်တီးဝိုင်းတွေမှာ မသုံးကြတာ ကြာပြီဆိုတော့ ဟွန်းတယောသံကို ကြားဖူးဖို့ မဆိုထားနဲ့ မြင်ဖူးတဲ့သူတောင်မှ တော်တော်ပဲ နည်းပါးလာပါတယ်။ 
ရှေးခေတ်က မြန်မာတယောကြီးတွေ၊ ဟွန်းတယော တယောကြီးတွေ၊ ဗိုင်အိုလင်တွေ၊ နောက်ဆုံးပေါ် အီလက်ထရစ် တယောတွေနဲ့ မြန်မာသီချင်း၊ မြန်မာဂီတကို တီးကြတယ်ဆိုရင်ဖြင့် လက်ဖျားသံနှောတဲ့ မြန်မာတယော ဂီတလို့ပဲ ခေါ်ကြရပါလိမ့်မယ်။
“စောင်း ညင်း မိကျောင်း
အောင်းကလေး တခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး ”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆ )
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
(၁) မြန်မာရိုးရာ ဆိုင်းဝိုင်း တူရိယာများ၊ တက္ကသိုလ် မောင်သုလှိုင်၊ ဒီဇင်ဘာလ၊ ၁၉၉၃
(၂) မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉ 
(၃) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
(၆) တယော ဘိုးကျန် (ဝင်းဖေလွယ်အိတ်၊ ပန်းချီ၊ ဒါရိုက်တာ-ဦးဝင်းဖေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန)
ထပ်ဆင့်တင်ပြသူ
ရဲလတ်

ဆင်ဖြူတော်


ရှေးမြန်မာမင်းများသည် ဆင်ဖြူတော်များကို အလွန်ပင် အရေးထားခဲ့ကြကြောင်း တွေ့ရှိရသည်။ အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်(သီရိလင်္ကာ)၊ မလေးဆူးမတြား၊ ယိုးဒယား စသော အာရှတိုက်သားတို့သည် ရှေးအခါက ဆင်များကို အများအပြား သုံးစွဲခဲ့ကြ၏။

ဆင်နှင့်ဆိုင်သော (တိရစ္ဆာန်ဗေဒ) ပညာရပ်များကို သိရှိနားလည်ကြသည့် ဂဇင်ကိစ္ဆ(ဆင်ကုထုံး) ကျမ်းအမျိုးမျိုးတို့ကိုလည်း ရေးသားခဲ့ကြသည်။ ဆင်ကြန်ကျမ်းများတွင် ဆင်ဇာတ်အမျိုးမျိုး၊ ဆင်ဖြစ်ရာဒေသ အမျိုးမျိုး၊ ဆင်ကြန်အင် လက္ခဏာအမျိုးမျိုး၊ အကျိုးအပြစ် အမျိုးမျိုး၊ အသုံးပြုနည်း အမျိုးမျိုးတို့ကို အကျယ်တ၀င့် ရေးသားဖော်ပြခဲ့ကြ၏။

ပိဋကတ်ကျမ်းထွက် ဆင်ဖြူတော်များ---
ပိဋကတ်တော် အဖွင့်များဖြစ်သော ၀ိဘင်း အဋ္ဌကထာ၊ မူလပဏ္ဏာသ မဟာသီဟနာဒသုတ်၊ အဋ္ဌကထာ စသည်တို့၌
(၁) ကာဠာဝကဆင်
(၂) ဂင်္ဂေယျဆင်
(၃) ပဏ္ဍရဆင်
(၄) တမ္ဗဆင်
(၅) မိင်္ဂလဆင်
(၆) ဂန္ဓဆင်
(၇) မင်္ဂလဆင်
(၈) ဘေမဆင်
(၉) ဥပေါသထဆင်
(၁၀) ဆဒ္ဒန္တဆင် ဟူသော ဆင် ၁၀-မျိုးတို့ကို ပြဆိုထား၏။

တဖန် ကာဠာဝကဆင်ကလည်း ဂီရိစရ(တောင်နေဆင်)၊ နဒီစရ (မြစ်နေဆင်)၊ ၀နစရ (တောနေဆင်)၊ စသည်ဖြင့် အမျိုးများစွာ ရှိပြန်သေးသည်ဟု သီဟနာဒသုတ်ဋီကာ စသည်တို့တွင် ပြဆိုထား၏။

ဗေဒင်ကျမ်းထွက် ဆင်ဖြူတော်များ---
(၁) ဘဒြဆင်
(၂) မန္တဆင်
(၃) မိဂဆင်
(၄) သံကိဏ္ဏဆင်
(၅) မိဿရဆင်
(၆) ကေဒန္တဆင်
(၇) ဒန္တဘင်္ဂဆင်
(၈) ကုဉ္စရဆင်
(၉) ပါသတ္တိဆင် ဟူသော ဗေဒင်ကျမ်းထွက်ဆင် (၉)စီးတွင် ဘဒြဆင်မှာ ဆင်ဖြူတော်မျိုး ဖြစ်သည်။
အရပ် (၇)တောင်ရှိသည်။ အလျား (၉)တောင် ရှိသည်။ လုံးပတ် ၃၀-တောင်ရှိသည်။ တောဝက်ထီးနှင့် တူသော ခြေလေးဖက်ရှိသည်။ ပျားရည်အဆင်းနှင့်တူသော အစွယ်ရှိသည်။ လောက်လေးကိုင်းနှင့်တူသော ကျောကုန်ရိုး ရှိသည်ဟုလည်း ဆို၏။

အခြားတနည်းမှာ
(၁) မဟာကဏ္ဏဆင်
(၂) ၀ီသနဆင်
(၃) သီဟဇင်္ဂဆင်
(၄) ဂေါပုစ္ဆဆင်
(၅) ဒန္တိဥက္ခဆင်
(၆) ဧကဒန္တဆင်
(၇) နာဂဌိတဆင်
(၈) သေတဆင်-ဟူသော ဗေဒင်ကျမ်းထွက်ဆင် ၈-စီးပြဆိုထားသည်။ ထိုအထဲတွင် သေတဆင်သည် ဆင်ဖြူတော်ပင် ဖြစ်၏။

ဆင်ဖြူ ၁၂-မျိုး
ရိုးရာအစဉ်အလာအရ ဆင်ဖြူ ၁၂-မျိုးဟူ၍ ရှိသေးသည်။ ယင်းတို့မှာ-
၁။ ရတနာသရဖူ ဆင်ဖြူတော် (ငွေသားရောင်ကဲ့သို့ ဦးကင်းဖြူသည်)
၂။ ရတနာပလ္လင် ဆင်ဖြူတော် (ဘုရင်မင်းမြတ်တို့ ထိုင်သည့်နေရာ၌ ဖြစ်သည်)
၃။ ရတနာက တင် ဆင်ဖြူတော် (ဆင်ကတင်သည့် နေရာတွင် ဖြူသည်)
၎။ ရတနာ ကျည်း ဆင်ဖြူတော် (ကိုယ်ပြင်၏ လက်ဝဲလက်ယာ၌ ဖြူသည်)
၅။ ရတနာ ထောက်ရှည် ဆင်ဖြူတော် 
(လှည်းဘီးခန့်နံ၏ အပြင်ဘက်၌ ဖြူသည့်ပြင် ခြေထောက်လေးဖက်လည်း ဖြူသည်)
၆။ ရတနာပြာသာဒ် ဆင်ဖြူတော် ( ကုန်းဖြူသည်)
၇။ ရတနာသိမ်း ၁-ဆင်ဖြူတော် (သရက်စေ့မှ ခါးအထိ တံရောက်အရေပါဖြူသည်)
၈။ ရတနာပုံ ဆင်ဖြူတော် (မေးအဆုံး မေးစေ့ဖြူသည်)
၉။ ရတနာဆုပ်ဆင်ဖြူတော် ( နှာရုံ နှာဖျားလှထွားဖြူသည်)
၁၀။ ရတနာကြန့် ဆင်ဖြူတော် (၀မ်းတွင်းကျော်တလျှောက် ဖြူသည်)
၁၁။ ရတနာယပ် ဆင်ဖြူတော် (နားရွက်နှစ်ဖက် ငွေစင်ကဲ့သို့ ဖြူသည်)
၁၂။ ရတနာ ကြန်စုံဆင်ဖြူတော် (တကိုယ်လုံးဖြူသော ဆင်ဖြူတော်)


ထို ဆင်ဖြူတော် ၁၂-မျိုးတို့တွင် ရတနာကြန်စုံ ဆင်ဖြူတော်သာလျှင် ဆင်ဖြူတော်အစစ် ဖြစ်သည်။ ကျန် ၁၁-မျိုးမှာ သာမည အဖြူရောင်ပါရှိ၏။ ဆင်ဖြူဟု ခေါ်ဆိုရခြင်းဖြစ်သည်။ တကိုယ်လုံးဖြူသော ဆင်ပင်ဖြစ်စေကာမူ အမျိုးနိမ့်မြင့် ကွဲပြားလေသည်။ ကြန်အင်လက္ခဏာလည်း ကွဲပြားသေးကြောင်း သတိရမှတ်သားသင့်၏။


ဆင်ဖြူတော်ဆိုင်ရာ စာတမ်းများ
ဆင်ဖြူတော်များ အကြောင်းဆိုင်ရာ စာတမ်းများမှာ---
၁။ စစ်လျှင် ထောင်မှူးရှင်ထွေးညို စပ်ဆိုသော ရွှေစာတိုင် ဆင်ဖြူတော်မော်ကွန်း။
၂။ တွင်းသင်းမင်းကြီး စပ်ဆိုသော ပုဏ္ဍရိက ဆင်တော်မော်ကွန်းနှင့် ၀ရသေတဂိရိ ဆင်တော်မော်ကွန်း။
၃။ လက်ဆောင်ယူမှူးရှင် သံကိုယ် စပ်ဆိုသော ရတနာ ပြောင်မွန် ဆင်တော်မော်ကွန်း။
၎။ အတွင်းဝန်ထောက် မောင်ညို စပ်ဆိုသော ရွှေမင်းတုန်း ဆင်တော်မော်ကွန်း။
၅။ ပိဋကတ်တိုက်ဝါး ရမ္မသီရိကျော်ထင် စပ်ဆိုသော ဆဒ္ဒန်ပြောင်ကျော် ဆင်တော်မော်ကွန်း စသည်တို့ 
ဖြစ်ကြ၏။


မြန်မာဘုရင်များနှင့် ဆင်ဖြူတော်များ---
ဆင်ဖြူတော်များကို ရှေးမြန်မာမင်းများသည် အလွန်ပင် အရေးထားခဲ့ကြ၏။ 
ဆင်ဖြူတော် တစီးရလျှင် တစ်စီးရှင်-ဟူ၍၄င်း၊ 
လေးစီးရလျှင် လေးစီးရှင်-ဟူ၍၄င်း၊ 
ငါးစီးရလျှင် ငါးစီးရှင်-ဟူ၍၄င်း၊ 
အများရလျှင် ဆင်များရှင်-ဟူ၍၄င်း 
ဆင်ဖြူဆင်နီများရှင်-ဟူ၍၄င်း အမျိုးမျိုးပင် ဂုဏ်ယူကာ အမည်ခံတတ်ကြ၏။


ပင်းယခေတ် တစီးရှင် သီဟသူ (၆၇၄-၆၈၄)သည် တစ်စီးရှင်-ဟူသော အမည်ကို ခံယူလိုသည်။ ထို့ကြောင့် စမုံမြစ်တွင် မျောပါလာသော ဆင်ဖြူမ (အသေကောင်)ကိုပင် ဆယ်ယူရန် ညှပ်လုပ်ကာ စက်ဖြင့် ထူပြီး ရတနာကတင်၍ စီးတော်မူသည်-ဟု ရာဇ၀င်တွင် အထင်အရှား ဆိုထား၏။


ဆင်ဖြူရသော မင်းများကိုလည်း ဆင်ဖြူမရသော မင်းများက ခံ့ညားရိုသေတတ်ကြသည်။ ဥဇနာမင်း (၆၈၄-၇၀၄) သည် ကျော်စွာမင်း (၇၀၄-၇၁၂) အား ဆင်ဖြူငါးစီးရသည်ဟု ကြားသောကြောင့် ညီ,မခေါ်ဖူးဘဲ ညီခေါ်သည်ဟု ဆို၏။


ဟံသာဝတီ မင်းတရားကြီးသည် ယိုးဒယားသို့ စစ်နှစ်ကြိမ် ချီတက်သည်။ ပထမအကြိမ် တက်ခြင်းမှာ ယိုးဒယားတွင် ဆင်ဖြူလေးစီး ရှိသည့်အနက် တစီးတောင်းသည်ကို မရသောကြောင့် ချီတက်ခြင်းဖြစ်သည် ဟု ရာဇ၀င်များတွင် ပြဆိုထား၏။


အမြင့်မြတ် အကြီးကျယ်ဆုံး---
မြန်မာမင်းများ လက်ထက်တော်အခါက ဆင်များကို ထူးဆင်၊ ထူးဆင်မတော်၊ စီးစုဆင်မတော်၊ စီးတော်ကြီး၊ ရွေးဆင်၊ ၀င်းဆင်၊ ထမ်းဆင်တော်၊ ၀န်ရည်ဆင်တော်၊ မှိန်သစ်ဆင်တော်၊ ကျင်းဆင်၊ ဆင်မင်း စသည်ဖြင့် ခွဲခြားထားသည်။ ထိုအထဲတွင် ဆင်မင်းမှာ အမြင့်မြတ် အကြီးကျယ်ဆုံးဖြစ်၏။


ဆင်အမှုထမ်း---
မြန်မာမင်းများလက်ထက်တော်အခါက ဆင်ဝန်၊ အောက်မားဝန်၊ ဆင်မှူး၊ ဆင်စာချီ၊ ဆင်ကဲ၊ ဆင်တိုင်အမှုထမ်း၊ ရွေလွန်အမှုထမ်း၊ ကျုံးမှူး၊ ယရည်း၊ ဆင်အစီရင်၊ ဆင်ဆေးသမား၊ ဆင်ဆော်၊ ဆင်အမှုထမ်း စသည်ဖြင့် အရာထမ်း၊ အမှုထမ်းများကို စေ့ငအောင်ခန့်ထား စီမံခဲ့ကြောင်း သိရှိရ၏။


ဆင်ဝန်ဖြစ်ထိုက်သူတွင်
(၁) တိရစ္ဆာန်တို့အား သားသမီးကဲ့သို့ သနားချစ်ခင်ခြင်း။
(၂) သင့်တော်သော အစားကို သိခြင်း။
(၃) တိရစ္ဆာန်ဆေးဝါး ကုသရေး၌ လိမ္မာခြင်း။
(၄) ယဉ်ကျေးအောင် ဆုံးမတတ်ခြင်း။
(၅) ဇာတ်အင်္ဂါလက္ခဏာတို့ကို သိတတ်ခြင်း စသော လက္ခဏာ ၅-ချက် ရှိရမည်ဟုဆို၏။


ထို့ပြင်လည်း ဆဒ္ဒန်ဆင်မင်းဝန်-ဟူ၍လည်းကောင်း၊ ဆင်မင်းဝန်ထောက်-ဟူ၍လည်းကောင်း၊ ဆင်မင်း နာခံ၊ ဆင်မင်းစာရေးကြီး၊ ဆင်မင်းနောက်ထိုင်၊ ဆင်မင်းမြတ်ပို့ စသည်ဖြင့် သီးသန့်ခန့်ထား စီမံကြောင်း ကိုလည်း သိရှိရ၏။


မင်းတုန်းမင်းတရားကြီး လက်ထက်---
မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မောရိယ ပစ္စယနာဂရာဇာ-ဆင်မင်းအတွက် ဆင်မင်းဝန်အပြင် လခ-၁၂၀-စား၊ ဆင်မင်းနာခံ လေးဦးခ ၁၂၀-စား၊ စာရေးကြီး လေးဦး၊ လခ-၃၀၀-စား ဆင်မင်း နောက်တော်ထိုင် ဆယ်ဦး။ ဆင်မင်းနှင့် (ဆင်ဖြူတော်များ) မြတ်ပို့ လခ ၇၅-ကျပ်စား အမှုထမ်း ၇-ဦး စသည်ဖြင့် ရှိခဲ့ကြောင်း သိရ၏။


ဆင်ဖြူတော်အကြောင်း သိကောင်းစရာ---
ရှေးမြန်မာမင်းများ လက်ထက်တော်အခါက ဆင်ဖြူတော်ကို ကြိုဆိုသည့် အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို သိမ်းယူသည့် အခမ်းအနားများနှင့် အကြောင်းအရာများ၊
ဆင်မင်းနန်းတော် ဆောက်လုပ်၍ ပုံအကြောင်းအရာများ၊
ဆင်ဖြူတော်များ ကံကုန်လျှင် သင်္ဂြိုဟ်သည့် အခမ်းအနားများ၊
ဆင်ဖြူတော်ကို ခေါင်းဆေးသင်္ကြန်တော် ခေါ်ပုံ အခမ်းအနားနှင့် အကြောင်းအရာများ၊
ဆင်ဖြူတော်ကို တန်ဆာဆင်သပုံ အကြောင်းအရာများကို ရာဇ၀င်တော်ကြီးနှင့် ဆိုင်ရာစာတမ်းများတွင် အကျယ်တ၀င့် ပါရှိ၏။


ကုန်းဘောင်ခေတ် ဘိုးတော်ဗဒုံမင်းတရားကြီး လက်ထက်တွင် အလွန်ထင်ရှား ကျော်စောသော နိဗ္ဗနပစ္စယနနာဂရာဇာ-ဆင်မင်းအကြောင်းနှင့် ဆင်ဖြူတော်မ သီရိမလ္လာမဟာသုဘတ္တာ-အကြောင်းများကို ရာဇ၀င် ခန်းများနှင့်ဆိုင်ရာ စာတမ်းများတွင် အကျယ်တ၀င့် ရေးသားဖော်ပြထား၏။


သုတေသနပြုသင့်---
အထက်ထော်ပြပါ ဆင်ဖြူတော် အကြောင်းအရာများမှာ မပြည့်စုံသေးပေ။ ဆင်ဖြူတော်အကြောင်း နိဒါန်း မျှသာဖြစ်၏။
ကမ္ဘာပေါ်ရှိတောတောင်တိုင်း၌ ဆင်များရှိသည် မဟုတ်ပေ။ အာရှနှင့် အာဖရိက တောတောင်များ၌သာ ဆင်များကို တွေ့ကြရသည်။ ယင်းသို့ ဆင်များကို တွေ့ရှိသည့်တိုင်အောင် ဆင်ဖြူတော်မှာ အလွန်ရရှိခဲသော ရတနာတပါးဖြစ်၏။


ဆင်နှင့်ပတ်သက်၍ ဗေဒင်လာ ဆင် ၃၈၊ ဟေမ၀န်နေ ဆင် ၄၄၊ ကျွမ်းဆင် ၈၁-မှစ၍ ဆင်အမျိုးအစားပေါင်း များစွာရှိသည်။ ထို့အပြင်လည်း ရုပ်ပုံနှင့်တကွ ဆင်ကျမ်းများနှင့် ဆင်ဖြူတော်အကြောင်း မူကွဲများစွာလည်း ရှိသေးသည်ဆို၏။


ဆင်ဖြူတော်များအကြောင်းကို ရာဇ၀င်များ၌၄င်း၊ ဆိုင်ရာစာတမ်းများ၌၄င်း၊ ရှေးစာဟောင်း ပေဟောင်းများ၌၄င်း ပါရှိသည်များကို စုစည်း၍ ပညာရှင်များက သုတေသနပြုပြီး စာတအုပ် ကျမ်းတစောင်အဖြစ် ပြုစုထားသင့်ပေသတည်း။
ကျမ်းကိုးစာရင်း။ ။ 
(၁) ဆရာကြီး ဦးဘိုးမြစ်၏ လောကဟိတရာသီကျမ်း၊(၁၂၆၅-ခုနှစ် တော်သလင်းလတွင် ပုံနှိပ်)
(၂) ဆရာကြီး ဦးသာဂရ စီစဉ်ရေးသားသည့် သုတသန္နိစယမူကျယ်ကျမ်း။
(၃) ၀ဏ္ဏကျော်ထင် ဦးသာတင်၏ ဆင်ဖြူတော်ရတနာ (ဆောင်းပါး) ယဉ်ကျေးမှုစာစောင် 
အတွဲ ၃၊ အမှတ် ၅၊ ၁၉၅၉-ခုနှစ် အောက်တိုဘာလ။


အားလုံးသတ္တ၀ါ ချမ်းသာပါစေ။
သုတေသီ မြင့်ထွန်း
(ငွေတာရီမဂ္ဂဇင်း ၂၀၀၃-ခု ဖေဖော်ဝါရီလ)
ဆင်ဖြူတော်