အကောင်းဆုံးလူနဲ့ကုသိုလ်

မေး။ ။ အရှင်ဘုရား တပည့်တော်ရဲ့သူငယ်ချင်းကမေးပါတယ်။ လူတစ်ယောက်ဟာ ပရိတ်တို့ ပဋ္ဌာန်းတို့ရွတ်တာ ဘာအကျိုးရပါသလဲတဲ့။ ပြီးတော့ ရွတ်နေပြီးမဟုတ်တာလုပ်တဲ့သူနဲ့ ဘာမှမရွတ်တဲ့သူ ဘယ်သူကပိုကုသိုလ်ရလဲပေါ့။ သူဆိုလိုတဲ့သဘောက လူတစ်ယောက်က အကောင်းဆုံးနေတယ်။ အမှန်ဆုံးနေတယ်။ ဒါပေမယ့် အဲဒီတရားတော်တွေ ဂါထာတွေမရွတ်ရင် သူဘယ်လိုဖြစ်နိုင်လဲပေါ့။ တပည့်တော်ဗဟုသုတနဲ့ဆိုရင် ဖြေလိုက်တဲ့အခါမှာ မှားမှာစိုးလို့ အရှင်ဘုရားက ဖြေကြားပေးစေ ချင်ပါတယ်။နုဝါစန်း၊ ရန်ကုန်။


ဖြေ။ ။ မြတ်ဗုဒ္ဓတရားတော်များကို ရွတ်ဖတ်ပူဇော်ပေးခြင်းဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှ ဓမ္မဒေသနာလို့ခေါ်တဲ့ ကောင်းမှုကုသိုလ်ဖြစ်ပါတယ်။ ဒီကောင်းမှုဟာ နှုတ်နဲ့ပြောဆိုပေးခြင်း၊ ရွတ်ဆိုပေးခြင်းဝစီကံကုသိုလ်ပါ။ ကောင်းမှုကုသိုလ်မှာလည်း ကာယကံ၊ ၀စီကံ၊ မနောကံကောင်းမှုများရှိသလို မကောင်းမှုအကုသိုလ်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံမကောင်းမှုများ ရှိပါတယ်။ မိမိကိုယ်ကို လူကောင်းတစ်ယောက်ဖြစ်ဖို့က ကံသုံးပါးလုံးပြည့်စုံမှ ဖြစ်ပါလိမ့်မယ်။ ကံသုံးပါးလုံး ကောင်းအောင်နေလို့ လူကောင်းတစ်ယောက်ဖြစ်တဲ့သူဟာ သူ့အတွက် ကောင်းခြင်းတွေ များနေမှာတော့ သေချာပါတယ်။ အဲဒီလို ကောင်းမှုတွေများနေတဲ့သူဟာ ပိုပြီးကောင်းမှုများ ထပ်မံများအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများ၊ မေတ္တာပို့ခြင်း၊ သာဓုခေါ်ဆိုခြင်း များ ပြုလုပ်ပေးမယ်ဆိုရင် အတိုင်းအဆမရှိ ကောင်းမှုများရမှာဖြစ်လို့ အကောင်းတကာ အကောင်းဆုံးလူ လို့ ပြောရပါလိမ့်မယ်။
မကောင်းမှုတွေပဲ လုပ်နေတဲ့သူဟာ မကောင်းမှုလုပ်တာများနေပေမဲ့ ဘုရားဟောတရားတော်များကို ရွတ်ဖတ်ပေးရင် ရွတ်ဖတ်တဲ့ကုသိုလ်ရရှိတာမို့ အကျိုးမယုတ်ပါဘူး။ အနည်းဆုံး မကောင်းမှုအကျိုးကို ဖာထေးပေးနိုင်တဲ့သတ္တိအနည်းငယ်တော့ ရပါတယ်။ မကောင်းမှုလုပ်တဲ့ချိန်လုပ်တယ်။ ဒါပေမဲ့ အဲဒီလူဟာ သူ့စိတ်လေး သန့်ရှင်းနေတဲ့အချိန်မှာ ကောင်းမှုရအောင် ဘုရားတရားတော်များ ရွတ်ခြင်းကြောင့် ကောင်းမှုကတော့ ရရှိမှာပါ။

အဲဒီတော့ အမှန်ဆုံးဖြစ်အောင်၊ အကောင်းဆုံးဖြစ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်အောင် နေတဲ့လူက လည်း ထပ်မံကုသိုလ်များရရှိအောင် ဘုရားတရားတော်များ ရွတ်ဖတ်ပေးခြင်းတို့ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ မရွတ်နိုင်ရင်တော့ ရွတ်ဖတ်ပူဇော်ခြင်း ကုသိုလ်မရရုံသာဖြစ်ပြီး ရှိပြီးသားကောင်းမှုများတော့ လျှော့မသွားပါ။ မိမိတို့ဟာ မဟုတ်တဲ့အရာတွေကိုပဲ လောဘကြီး ပြီး ကောင်းမှုကုသိုလ်ကျတော့ လောဘမကြီးတတ်သေးရင် သဘာဝမကျလှတဲ့အတွက် ကောင်းမှု ကုသိုလ်နဲ့ပတ်သတ်ပြီးလည်း တတ်နိုင်သမျှ အသေးစားကုသိုလ်လေးကအစရရှိအောင် ပြုလုပ်ပေး သင့်ပါတယ်။

ကုသိုလ်ပဲဖြစ်စေ၊ အကုသိုလ်ပဲဖြစ်စေ ပြုလုပ်လျှင်ပြုလုပ်သလောက် အကျိုးပေးကြတာမို့ မိမိတို့ပြုလုပ်သလောက် ခံစားရပါတယ်။ ဒါကြောင့် ကုသိုလ်ကို ပုညကြိယာဝတ္ထု(၁၀)ပါးလုံးပြည့်စုံအောင် မလုပ်နိုင်တောင်မှ တက်နိုင်သလောက် ဘက်စုံကနေ ရရှိအောင်ပြုလုပ်ကြဖို့လိုသလို မကောင်းမှုအကုသိုလ်ကိုလည်း တက်နိုင်သမျှ ကင်းရှင်းနိုင်အောင် ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဦးဇင်းသိသမျှဖြေကြားပေးလိုက်ပါတယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်…..။
 
ဆန်နီနေမင်း

လူသုံးမျိုး


လူသုံးမျိုး

လူဆိုတာ အသိဥာဏ်ကို အကြောင်းပြုပြီး သုံးမျိုးရှိပါတယ်။
(၁) ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံး မရှိတဲ့အတွက် ကုသိုလ်မရ ၀မ်းမ၀တဲ့ လူ
(၂) ပစ္စည်းရှာနိုင်တဲ့ ပညာသာရှိပြီး တရားရှာတတ်တဲ့ ပညာမရှိတဲ့အတွက်ကြောင့် ကုသို်လ်မရ ၀မ်းသာဝတဲ့ လူ။
(၃) ပညာနှစ်မျိုးလုံးရှိတဲ့အတွက်ကြောင့် နှစ်မျိုးလုံးရအောင် ရှာနိုင်တဲ့အတွက် ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ

ဘုရားလက်ထက်က ဗာရာဏသီမြို့မှာ မဟာဓန သူဌေးဇနီးမောင်နှံ နှစ်ယောက်ရှိပါတယ်။ နှစ်ဖက်သော မိဘထံက ကုဋေ (၁၆၀)တောင် အမွေရထားတယ်။ ပစ္စည်းကြွယ်ဝလွန်းတော့ မြန်မာလို ကိုကြွယ်ပေါနဲ့ မကြွယ်ဌေးလို့ ခေါ်ရမှာပေါ့။ အတိတ်ကံက ပေးလိုက်တဲ့ အမွေကလဲ အံ့သြစရာပဲ။ လူ့ဘောင်မှာ ဥာဏ်ဝီရိယမှန်မှန် ထိန်းသိမ်းကြိုးစားနိုင်ရင် မြို့ရဲ့ မျက်နှာဖုံး ပထမတန်းစား သူဌေးဖြစ်နိုင်လောက်ပါသတဲ့။ တကယ်လို့ အချိန်မီ ဥာဏ်ဝီရိယစိုက်ပြီး တရားအလုပ် အားထုတ်နိုင်ရင် ကိုကြွယ်ပေါက ရဟန္တာဖြစ်နိုင်သတဲ့။ မကြွယ်ဋ္ဌေးက အနာဂါမ်ဖြစ်နိုင်သတဲ့။ တောက်မယ့်မီးခဲ ရဲရဲတွေလို့ ဆိုရမှာပေါ့။

ဒါပေမယ့် အထင်မကြီးလိုက်ပါနဲ့။ ရှိတိုင်းချမ်းသာတာ မဟုတ်ဘူး။ တောက်မဲ့မီးခဲဟာ အချိန်မီ မှုတ်မပေးရင် မီးငြိမ်းသွားတတ်သလို ပြာကျသွားတတ် သလိုပဲ လူဟာလဲ ကံအမွေ ပစ္စည်းအမွေတွေ ရထားပေမယ့် ဥာဏ်ဝီရိယနဲ့ အချိန်မီ မှုတ်မပေးနိုင်ရင် မီးငြိမ်းပြာကျပြီး အလကားလူ ဖြစ်သွားတတ်ပါတယ်။ သူတို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လွဲပြီး မခွဲနိုင်လို့ ပညာအမွေမပေးခဲ့ကြဘူး။ သူတို့နှစ်ယောက် ငယ်ငယ်က ပညာ မသင်ခဲ့ကြရဘူး။ ပစ္စည်းကို ထိန်းနိုင်တဲ့ ပညာလဲမရှိ ဘ၀ကိုထိန်းနိုင်တဲ့ အသိလဲ ကင်းနေကြတော့ အကန်းဇနီးမောင်နှံလို့ ဆိုစရာ ဖြစ်တာပေါ့။

သူတို့မိဘတွေ မရှိကြတဲ့အခါ သူတို့ရဲ့ အခြေအနေကို ပတ်ဝန်းကျင်က အားလုံးသိကြတော့ အရက်သမားတွေ လူလိမ် လူညာတွေရဲ့ လှည့်ဖြားလိမ်ညာမှုကြောင့် ပစ္စည်း ကုဋေ(၁၆၀)ရော အိမ်ကြီး နှစ်လုံးရော အားလုံးကုန်ဆုံးသွားပါတယ်။ နောက်ဆုံးတော့ တစ်ယောက်လျှင်ခွက်တစ်လုံးစီ ကိုင်ပီး တောင်းစားရတဲ့ သူတောင်းစား ဇနီးမောင်နှံ ဖြစ်သွားပါတယ်။ ကုသိုလ်မရ ၀မ်းမ၀တဲ့ ဗလာ သုညဘ၀နဲ့ ပူလောင်စွာ နိဂုံးချုပ်ကြရရှာတယ်။ ပထမတန်းစား သူဋ္ဌေးဖြစ်ဖို့ အနာဂါမ် ရဟန္တာဖြစ်ဖို့ မပြောနဲ့ လူနဲ့တူအောင် တောင် နေမသွားရဘူး။ အမွေတွေ နှမြောစရာ ကောင်းလိုက်တာ၊ ပညာမရှိ တရားမသိရင် ဘ၀ဟာ သိပ်နစ်နာလွန်းပါတယ်။

ဒါကြောင့် မိဘများဟာ ကိုယ့်သားသမီး တကယ်ချစ်တဲ့ တယ်ဆိုရင်၊ ပစ္စည်းအမွေပေးရုံနဲ့ မပြီးသေးဘူး ပစ္စည်းနဲ့ ဘ၀ ကို ထိန်သိမ်း အသုံးချနိုင်မယ့် အတတ်ပညာနဲ့ တရားအသိအမွေပါ ပေးနိုင်မှ မိဘ ၀တ္တရားကျေမှာဖြစ်ပါတယ်။

ပညာဆိုတာ ကောင်းမှုစွမ်းအား ထုတ်လုပ်တဲ့ အခါ လိုအပ်တဲ့ အဆင့်ရောက်အောင် လမ်းညွန်ပေးတယ်။ မလိုအပ်ပဲ အပိုဖြုန်းတီးမှုမျိုးကိုလည်း တားဆီးပေးတယ်။ ပညာအလင်းရောင် ရှိသူဟာ ဘ၀အမြင်ကို ရှင်းနေအောင် ရှုမြင်သုံးသတ်တတ်ပါတယ်။့ ဒါကြောင့် ပစ္စည်းရှာနိုင်တဲ့ ပညာ၊ တရားရှာတတ်တဲ့ ပညာနှစ်မျိုးလုံးရှိပြီး ကုသိုလ်လဲရ ၀မ်းလဲဝတဲ့လူ အဖြစ် နေထိုင်ကြပါစို့လို့ တိုက်တွန်းရင်းး ညခင်း မှတ်သားထားရသမျှ မျှဝေလိုက်ပါတယ်။

ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီများ







ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တော်မူသော အနော်ရထာမင်းကြီးသည် စွယ်တော်စေတီ (၄)ဆူကို သစ္စာ အဓိဌာန်ပြုကာ တည်ထားခဲ့သည်။


ထိုစွယ်တော်မြတ် လေးဆူမှာ-
 
(၁) ရွှေစည်းခုံစေတီတော်
(၂) တန့်ကြည်တောင်စေတီတော်
(၃) တုရင်တောင်စေတီတော်
(၄) လောကနန္ဒာစေတီတော် တို့ဖြစ်သည်။

အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ကား " ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ် လေးဆူကို အကြင်သူသည် နောက်နေ့ မကူးနေ့ချင်း ဖူး၏။ လှူသည့်ကုသိုလ် မပိုတူ၏။ တောင်းဆိုစကား၊ မမှားတူ၏။ သီလငါးချက် မပျက်လုံ၏။ ထိုသည့်သူအား မကြာချက်ချင်း၊ လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း " ဟူ၍ ဖြစ်ပါသည်။ ဖော်ပြပါ အနော်ရထာမင်းကြီး၏ သစ္စာအဓိဌာန်ပြုခဲ့သည့် ဆိုရိုးစကားအတိုင်း ယခုအခါ ပုဂံဘုရားဖူး ခရီးသည်တို့သည် ပုဂံတစ်ဝိုက်ရှိ စွယ်တော်စေတီ (၄)ဆူကို ကြိုးစား၍ နေ့ချင်းဖူးမျှော်လေ့ ရှိကြပါသည်။

ရွှေစည်းခုံစေတီတော်

အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄ နှစ်မြောက်၊ သက္ကရာဇ် ၃၉၃ ခုနှစ်တွင် သီဟိုဠ်ကျွန်းသို့ တမန် စေလွှတ်၍ စွယ်တော်ပွားတစ်ဆူကို ပင့်ဆောင်စေသည်။ သီဟိုဠ်ဘုရင် ဓာတုသေန မင်းကြီးသည် မြတ်စွာဘုရားရှင်၏ စွယ်တော်ပွားတစ်ဆူ ကိုပေးအပ်ခဲ့ရာ အနော်ရထာဘုရင် ကြီးမှာ များစွာ နှစ်ထောင်းအားရ ရှိတော်မူလေသည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံနေပြည်တော်၌၏ အရှေ့မြောက် အရပ်တွင် ထိုဗုဒ္ဓစွယ်တော်ပွားကို ဌာပနာ၍ ရွှေစည်းခုံ စေတီတော်ကို တည်တော်မူသည်။ စေတီတော်မပြီးမီ အနော်ရထာမင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆ ခုနှစ်တွင် နန်းတက်သော သားတော် ကျန်စစ်သားမင်းကြီးက ဆက်လက်၍ တည်တော်မူခဲ့ရာ သက္ကရာဇ် ၄၅၂ ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

တန့်ကြည်တောင်စေတီတော်

ပုဂံမြို့ တစ်ဘက်ကမ်း တန့်ကြည်တောင်ထိပ် ပေါ်တွင် တည်ရှိသည်။ ဗုဒ္ဓမြတ်စွာဘုရား သက်တော်(၇၀) ၀ါတော်(၃၅)၀ါတွင် ဒေသစာရီ ကြွချီတော်မူ ခဲ့သော တောင်ထူး တောင်မြတ်ဖြစ်သည်။ မြတ်စွာဘုရား ဒေသစာရီကြွချီ တော်မူစဉ် ရပ်တန့်၍ ကြည့်ရှုတော်မူရာ တောင်ထိပ်ဖြစ်သော ကြောင့် တန့်ကြည်တော် ဟု အမည်တွင်ခဲ့သည်။ အသောကမင်း တရားကြီးက စေတီပေါင်း ရှစ်သောင်း လေးထောင် တည်ခဲ့ရာတွင် တန့်ကြည်တော်ထိပ်၌ စေတီတော် တစ်ဆူတည်ခဲ့သည်ဟု အဆိုရှိသည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည်လည်း ရှင်အရဟံ မထေရ်မြတ်၏ တိုက်တွန်း နိုးဆော်ချက်အရ သီဟိုဠ်မင်းထံမှ ရရှိသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၆ ခုနှစ်တွင် ထိုစေတီတော်ကြီး၌ပင် ထည့်သွင်းဌာပနာ၍ ပြုပြင်တည်ထား တော်မူသည်။ သက္ကရာဇ် ၃၉၇ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် ရွှေထီးတော် အသစ် တင်လှူ ပူဇော်ခဲ့ပါသည်။

လောကနန္ဒာစေတီတော်

သီရိပစ္စယာမြို့၏ အနောက်ဘက် ဧရာဝတီ မြစ်ကမ်းနဖူးတွင် တည်ရှိသည်။ လောကနန္ဒာ စေတီတော်မှာ အနော်ရထာမင်းကြီး၏ ကောင်းမှုတော်များတွင် အထူးခြားဆုံး စေတီတော် ဖြစ်ပါသည်။ သီဟိုဠ်ကျွန်း မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘောဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တစ်ဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက သက္ကရာဇ် ၃၉၄ ခုနှစ်တွင် တည်ထား ခဲ့ခြင်းဖြစ်သည်။ ထို လောကနန္ဒာစေတီတော်ကြီး၏ အာရုံခံ တန်ဆောင်း အနောက်ဘက်တွင် သမိုင်းအတွက် အရေးပါသော ကျောက်စာနှစ်ချပ် ရှိသည်။ တစ်ချပ်မှာ သက္ကရာဇ် ၅၆၉ ခုနှစ်တွင် ရေးထိုး၍ နောက်တစ်ချပ်မှာ သက္ကရာဇ် ၅၉၂ ခုနှစ် တွင် ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

တုရင်တောင်စေတီတော်

ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။ ပုဂံမြို့နယ်နိမိတ် အ၀င်ကတည်းက ထင်ရှားစွာ မြင်တွေ့ရပါသည်။ သီဟိုဠ်ကျွန်းမှ ပင့်ဆောင်လာသော စွယ်တော်ပွားတစ်ဆူကို သက္ကရာဇ် ၃၉၃ ခုနှစ်တွင် အနော်ရထာမင်းက တည်ထားခဲ့ခြင်း ဖြစ်သည်။ တုရင်တောင် စေတီတော်ကို ဖူးမြော်ရန် လမ်းနှစ်သွယ်ရှိရာ ပထမလမ်းမှာ တောင်ပရွာဇရပ်မှ ယာခင်းများကို ဖြတ်၍ တောင်ပေါ် ကျောင်းကိုပတ်ပြီး တက်သွားသော လမ်းဖြစ်သည်။ ဒုတိယလမ်းမှာ တောင်ပရွာဇရပ်မှ အလွန်လမ်းညွှန် ဆိုင်းဘုတ်အတိုင်း လိုက်သွားရသော ကားလမ်းအတိုင်း မောင်း၍ သွားရောက် ဖူးမြော်နိုင်ပါသည်။

မြန်မာကို တစ်ကမ္ဘာလုံးက လေးစားနေတာ ဘာကြောင့်လဲ



I am now getting one point , a why that is the whole world pays respect to India because of the Buddha's birth place and now a day the whole world pays respect to the Myanmar because of the teaching of Buddha lives there. 

မစ်စတာ ဆန်ဂျေး ပြောတဲ့ စကားပါ။ ဒီကနေ့ မနက် သင်တန်းပြီးတော့ သူ ပြောလာတဲ့ စကား။ ဒီ ပုဂ္ဂိုလ် က လူအေး စိတ်အေးသမား၊ စကားကြီး စကားကျယ်တော့ ပြောတတ်တဲ့ လူတော့ မဟုတ်ဘူး။ အခုတစ်လော သူပြောလာတဲ့ စကားတွေက နားထဲမှာ ဆန်းသလို ဖြစ်ဖြစ်နေလို့ စာလေး ဘာလေး ရေးဖြစ်တာပါ။ 

 တစ်ကမ္ဘာ လုံးက အိန္ဒိယကို လေးစားနေတာ မြတ်ဗုဒ္ဓ ပွင့်တော်မူခဲ့ တဲ့ နေရာဖြစ်လို့။ အခု မြန်မာကို တကမ္ဘာလုံး က လေး စားနေကြတာကလည်း မြတ်ဗုဒ္ဓ (တရားတော်) သီတင်းသုံးတော်မူနေလို့တဲ့။ 

ဆိုလိုတာက မြန်မာနိုင်ငံ ကမြတ်စွာဘုရား သာသနာတော် ကို ကောင်းကောင်းကြီး ထိန်းသိမ်းနိုင်ကြတယ်။မြတ်စွာဘုရား စကားတော် တွေကို ကောင်းကောင်းကြီး သိနားလည်ကြတဲ့ သူတွေ နေထိုင်ကြတယ်။ ဒါကြောင့် မြန်မာနိုင် ငံဟာ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူသလို ဖြစ်နေတာမို့ လူတိုင်းက လေး စားနေကြတာပါတဲ့။ အင်း မြန်မာဆိုတာ ဘာလဲဆိုတာ အချို့ နားမလည်ကြသေးတဲ့ အချိန်မှာ ဒီကုလား က အတော် လေး နားလည်နေတာပဲ။

ဒီလူက ဗုဒ္ဓဘာသာပဲ။ ဒါပေမယ့် အိန္ဒိယ ဗုဒ္ဓဘာသာ။ အိန္ဒိယနှင့် အခြား (မြန်မာ၊ ထိုင်း) ဗုဒ္ဓဘာသာ ဘာများ ထူးလို့လဲ မေးစရာရှိတယ်။ ထူးတာမှ သိပ်ထူးသပ။ သူတို့က စစ်ကြီးပြီး ခါမှ ဒေါက်တာ အမ်ဘေဒကာရဲ့ လှုံ့ဆော်မှုအောက်မှာ ဗုဒ္ဓဘာသာဖြစ်လာကြတဲ့သူတွေ ဖြစ်တယ်။ အခြေအနေရ ဖြစ်လာတဲ့ အခြေအနေ ဗုဒ္ဓဘာသာတွေပဲ ဆိုကြပါစို့။ အိန္ဒိယမှာ သိတဲ့အတိုင်း ဇာတ်စနစ် ခွဲခြားမှုက သိပ်အားကြီးတယ်။ ဇာတ်မြင့်တွေက ဇာတ်နိမ့်တွေကို မတရား ဖိနှိပ်ကြတယ်။ အဲဒီ ဒါဏ်ချက်တွေ မခံနိုင်လို့ ဒေါက်တာ အမ်ဘေဒကာ ဦးဆောင်တဲ့ ဇာတ်နိမ့်တွေက ဇာတ်စနစ်မရှိတဲ့ ဗုဒ္ဓဘာသာကို ကူးပြောင်းလာခဲ့ကြတာပဲ။ (ဇာတ်မြင့်တွေကို ပြန်တွယ်ချင် လို့တော့ မဟုတ်ပေမယ့် တစ်ချို့ လူအားနဲ့ ပြန်တွယ်ကြတာတွေလည်း ရှိတယ်။) တကယ် တော့ ဗုဒ္ဓကို ယုံကြည်လို့ ဗုဒ္ဓဘာသာကို သိနားလည်လို့ ဗုဒ္ဓဘာသာဖြစ်လာကြတာမှ မဟုတ်ကြတာပဲ။ အဲဒီတော့ နာမည်ခံ ဗုဒ္ဓဘာသာဖြစ်နေကြတာပေါ့။ အခုတော့ တဖြည်းဖြည်း နဲ့ ဗုဒ္ဓဘာသာ ပီသလာတဲ့ အနေအထားမျိုးကို ရောက်လာနေကြပါပြီ။ ကာလကြာလာ သည်နှင့်အမျှ ဗုဒ္ဓဘာသာ အသိဥာဏ်တွေ ရရှိလာကြလို့ပေါ့။ ဂုရုကြီး ဂိုအင်ဂါ ရဲ့ ၀ိပဿနာ ကျေးဇူးတွေလည်း ပါ ပါတယ်။
ထားပါတော့ ဒီမှာ ပြောစရာရှိတာက အိန္ဒိယ ဗုဒ္ဓဘာသာဝင် ဆိုသူ အများစုက ကံ ကံရဲ့ အကျိုးကို မယုံကြ ဘူး။ ရှေးဘ၀ နောက်ဘ၀ ရှိတာကိုလည်း မယုံကြဘူး။ ဘယ်လောက် ခက်ထားလဲ။ သေရင် ဘ၀ပြီး တယ် ဆိုတဲ့ လူတွေ။ ဒါတွေကို ဗုဒ္ဓဘာသာဝင်တွေလို့ ပြောလို့ရ ပါ့မလား။ အမည်ခံ ဗုဒ္ဓဘာ သာဝင်တွေလို့ (စောစောက) ပြောလိုက်တာ မလွန်ပါဘူးနော်။ ဘာဖြစ်လို့ ဒီလို ဖြစ်နေကြတာလဲ။ အကြောင်းရှိတယ်။ ဇာတ်နိမ့်အများစုက ပညာတတ်လူ တန်းစားတွေ မဟုတ်ကြဘူး။ ပြီးတော့ စီးပွားရေး။ လူမှုရေး စတဲ့ နေရာတွေမှာ လည်း အခွင့်အရေး မရကြဘူး။ ဒီနိုင်ငံမှာ ပညာရေး၊ စီးပွားရေး၊ တိုင်းရေးပြည်ရေး အရာရာကို ဇာတ်မြင့်တွေကသာ ကြီးစိုးချုပ်ကိုင်ထားကြတယ်။ ဇာတ်နိမ့်တွေကတော့ နောက်လိုက် နင်းပြား ဘ၀မှာပဲ ရှိသေးတယ်။ ဒီတော့ ခေါင်းဆောင်ကြီး ဒေါက်တာ အမ်ဘေဒကာရဲ့ ဦးဆောင်မှုအောက်မှာ ဗုဒ္ဓဘာသာ ဖြစ်လာကြတာဆိုတော့ ဒေါက်တာကြီး ပြောတဲ့ ရေးတဲ့ စာတွေ စကားတွေက သူတို့ အတွက် အဓိက အားကိုးရာများဖြစ်တယ်။ ဒေါက်တာကြီးက တော်ပါတယ်။ အတော်လေးကို တော်ပါတယ်။ ဘယ်လောက်အထိ တော်လည်း ဆိုရင် အိန္ဒိယနိုင်ငံကြီးရဲ့ နိုင်ငံတော် ဥပဒေ တွေကို ဦးဆောင် ရေးဆွဲခဲ့တယ်။ နိုင်ငံတော်ရဲ့ အလံကို ဗုဒ္ဓရဲ့ ဓမ္မစကြာတံဆိပ်အဖြစ် ရွေးချယ် သတ်မှတ်ပေးခဲ့တယ်။ ဇာတ်နိမ့် များရဲ့ လွတ်မြောက်ရာလမ်းကို ရှာကြံပေးနိုင် ခဲ့တယ် ခေတ် တစ်ခေတ် ကို ပြောင်းသွားအောင် လုပ်နိုင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ကံမကောင်းတာက ဗုဒ္ဓဘာသာအဖြစ် ကြေငြာပြီး မကြာခင်မှာပဲ ဒေါက်တာကြီး ဘ၀တစ်ပါးဆုံးသွားခဲ့တယ်။ သူလုပ်ချင်တာတွေ အကုန်လုပ်မသွားနိုင်ရှာဘူး။ ဒီမှာ နောက်လူတွေ အတွက် ပြဿနာက တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကျန် ရစ်ခဲ့ခြင်း ပဲ။ ကံကို မယုံ၊ သီလမယုံ၊ သမာဓိ မယုံ၊ ပြီးတော့ နောက်ဘုံဘ၀ ကို မယုံ စတဲ့ တစ်ပိုင်းတစ်စ ဗုဒ္ဓဘာသာတွေဖြစ် ကျန် ရစ်ခဲ့တယ်။ သူတို့ဖြစ်ပုံက ဗုဒ္ဓကိုသော်မှာ ဒေါက်တာကြီးလောက် အလေးမထားဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗုဒ္ဓက သူတို့ ကို ဒေါက်တာကြီးလို အဖိနှိပ်ခံဘ၀တွေက လွတ်အောင် မလုပ်နိုင်ခဲ့လို့တဲ့လေ။ 

ဒီတော့ စဉ်းစားကြည့်ပေါ့။ ဒီမှာ ဗုဒ္ဓဘာသာ ပြန်လည် ထွန်းကားတယ်လို့ ပြောနိုင်ပါ့မလား။ အရင်းလဲ အဖျားထင်းဖြစ် ဆိုတာလို အခြေခံက အစ ယုံကြည်မှု နည်းနေတော့ ကျင့်သုံးမှု လိုက်နာမှုဆို တာတွေလည်း ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ။ ပတ်ဝန်းကျင်ကလည်း ဟိန္ဒူတွေ ကြီးစိုးတဲ့ ၀န်းကျင်မှာစိုတော့ ဒီမှာ ဗုဒ္ဓဘာသာ အမြစ်ခိုင်ဘို့ဆိုတာ အတော်မလွယ် တဲ့ ကိစ္စပဲ။
ဒီနေရာမှာ ပြောစရာ ရှိတာက ဘုန်းကြီးရဟန်းတွေကကော အဲဒီအတွက် ဘာလုပ်နေကြတာ လဲ။ သာသနာ စည်ပင်ရေးအတွက် အဓိက ပဓာန အလုပ်သမား ဘုန်းကြီး ရဟန်းများ ဘယ် နေရာ ရောက်နေတာလဲ။ ဟုတ်တယ်။ အိန္ဒိယမှာ (ကုလား) ဘုန်းကြီးတွေ မနည်း (တစ်ထောင်လောက်) ရှိတယ်။ ဒါပေမယ့် သူတို့ နေရာ ကောင်းကောင်း မရကြဘူး။ ဗုဒ္ဓဘာသာ ဆင်းရဲသား ရပ်ကွက်လေးတွေမှာ ဘုရားဝတ် တက်ဘို့ ဘုရားကျောင်းလေး တွေ ရှိတယ်။ အဲဒီကျောင်းလေးတွေမှာ ဖြစ်သလို နေကြရ တာပဲ။ ကိုယ်ပိုင် ကျောင်းရယ်လို့ မရှိကြဘူး။ အဖွဲ့အစည်း (ဒကာ ဒကာမတွေ)က မကြိုက်ရင် ဂျောင်းပေတော့။ ဒီတော့ ကုလားဘုန်းကြီးတွေအနေအထားကလည်း အားရစရာ မရှိဘူး။ နေစရာ၊ စားစရာ၊ ၀တ်စရာမှ အနိုင်နိုင်ဆိုတော့ သူတို့ခမျာ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းစေသော် မလုပ်နိုင်ကြ တာ မဆန်းဘူးပေါ့။ ဒီက ဗုဒ္ဓဘာသာဝင်ဆို သူတွေက ဘုန်းကြီး ရဟန်းတွေကို မင်္ဂလာ ဆောင်၊ အိမ်သစ်တက် လုပ်တဲ့ အခါတွေ လောက်သာ ပင့်ဖိတ်ချဉ်းကပ်သမှု ပြုကြတာပဲ။ ကျန်တဲ့အချိန်ကတော့ တာ့တာပဲ။ တရားနာဘို့ တရားကျင့်ဘို့ ကျောင်းကို လာတာ ရှားပါ တယ်။ ခက်တာက ကုလားဘုန်းကြီး တွေ ကိုယ်တိုင်ကလည်း စာသင်၊ စာချ မရှိ။ ပါဠိပိဋကတ် နားမလည် ဆိုတော့ လူတွေကို ဗုဒ္ဓဘာသာ အသိဥာဏ်နဲ့ ဦးမဆောင်နိုင်ကြဘူး။ အဲဒီတော့ သူတို့ လူတွေက သူတို့ကို အားမကိုးတာ သိပ်တော့မဆန်းသလိုပဲ။ ပညာတတ်ဆိုတဲ့ လူဝတ် ကြောင်တွေ က ဆိုင်ရာ ဆိုင်ရာတွေမှာ ခေါင်းဆောင်လုပ်နေကြတော့ အိန္ဒိယ ဗုဒ္ဓဘာသာဟာ အကွပ်မဲ့ ကြမ်းလို ပရမ်းပတာ ဖြစ်နေတော့တာပေါ့။ ဆရာမရှိတဲ့ ရောဂါက အတော်ဆိုး တယ်ဆိုတာ အိန္ဒိယကို ကြည့်မှ သိသာတယ်။ 

အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ်အသီး အသီးက ဗုဒ္ဓဘာသာဌာနတွေမှာ ဆရာတွေ ၀င်လုပ် နေတာ ဘယ်သူတွေ ဖြစ်မယ်ထင်သတုန်း။ ဗုဒ္ဓဘာသာကို မုန်းပါတယ်ဆိုတဲ့ ဇာတ်မြင့်ဆိုသူများပေါ့။ ဒီတော့ အိန္ဒိယဗုဒ္ဓ ဘာသာ ခေါင်းဆောင်တွေဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ လူတွေဖြစ်တယ်လို့ ပြောလို့ရတယ်။ ဇာတ်နိမ့် ဗုဒ္ဓဘာသာတွေကတော့ သူတို့ကို အမှီသဟဲ ပြုနေကြတဲ့ နောက်လိုက်များပေါ့။ စဉ်းစားကြည့်လေ ဗုဒ္ဓဘာသာ ကို မယုံတဲ့ သူတွေက ဗုဒ္ဓဘာသာကို ဦးဆောင် ဦးရွက်ပြုနေတာ မှန်ကန်တဲ့ ဦးဆောင်မှုမျိုး ပေးကြပါ့မလားလို့။ ဗုဒ္ဓက အနတ္တ သူတို့က အတ္တ။ 

အားလုံးကို ချုပ်ကြည့်လိုက်ရင် အိန္ဒိယ ဗုဒ္ဓဘာသာဝင်များအခြေအနေက အမိမဲ့သား ရေနဲငါး လို မျက်စိသူငယ် နားသူငယ်နဲ့ လျှောက်သော လမ်းမှာ စမ်းတ၀ါး ဖြစ်နေကြတာပါ။ ဇာတ်စနစ် ခွဲခြားမှု၊ စီးပွားရေး အားနည်းမှု၊ လူမှုရေးဖိနှိပ်မှု။ (ဗုဒ္ဓဘာသာ) အသိဥာဏ် အားနည်းမှုတွေ အောက်က ရုန်းထွက်နိုင်ဘို့ ဒေါက်တာ အမ်ဘေဒကာ ကဲ့သို့ ကယ်တင်ရှင် ခေါင်းဆောင် ကောင်းတွေ အများအပြား လိုအပ်နေတာ အမှန်ပါ။ 
 
အချုပ်ဆိုရရင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဘာသာ အစစ်အမှန် ပြန်လည် ထွန်းကားရေးအတွက် လိုအပ်ချက် ၂ ခုရှိတာ ကို တွေ့ရတယ်။ တစ်ခုက ပျောက်ဆုံးသွားတဲ့ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး စနစ်ကို ပြန် လည် ဖော်ထုတ်ခြင်းနှင့် တက္ကသိုလ် အသီးသီး က ဗုဒ္ဓဇင်ဌာန တွေမှာ ဗုဒ္ဓဘာသာ ရဟန်းတော်များ သို့မဟုတ် ဗုဒ္ဓဘာသာဝင်လူဝတ်ကြောင် ဆရာ ဆရာမ များသာ သင်ကြား လုပ်ပိုင်ခွင့် ရခြင်းတို့ဖြစ်ကြတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

'' အရှင်နဲ့ တွေ့တာ ငါ သိပ်ကံကောင်းတာပဲ။ အရှင်က ဒီမှာ ဆက်နေဦးမှာ ဆိုတော့ ငါ့အတွက် အခွင့် အရေးတွေ ပိုရတာပေါ့။ ငါ့ကို ဗုဒ္ဓကျမ်းစာတွေကို ဆက်လက် သင်ကြား ပေးပါနော်။ ''
'' ငါ လုပ်နိုင်သလောက်ပေါ့ ကွာ။ ''
၇-၈-၂၀၁၁

စိတ်ဆိုတာအကြောင်းရှိမှ ဖြစ်တာ





                  နောက်ပိုင်းကျတော့ ဗုဒ္ဓအဘိဓမ္မာအရ စိတ်ဆိုတာဟာ ရှိနေတာ မဟုတ်ဘူး၊ မီးခြစ်ဘူးထဲမှာမီးရှိမနေဘူး၊ သို့သော် အကြောင်းဆုံတဲ့အခါ မီးလေး ပေါ်လာသလိုပဲ၊ ဂီတာထဲမှာ အသံတွေရှိနေတာ မဟုတ်ဘူး၊ တီးခတ်လိုက်တယ် ဆိုတဲ့ အကြောင်းဆုံတဲ့အခါ အသံလေး ပေါ်လာတာလို့၊အဲဒီ ဥပမာလေးတွေနဲ့ ရှင်းပြီး ပြောတဲ့အခါကျတော့ နောက်ပိုင်းမှာတော့ အဲဒီPsychology  ပါမောက္ခကြီး သူတို့ Psychology အယူအဆနဲ့ ဗုဒ္ဓအယူအဆ မတူညီဘူးဆိုတာလေးကို သူ သဘောပေါက်သွားတယ်၊ ဘုန်းကြီးက သူ့ကို အထူးအားဖြင့် ၀မ်းပန်းတသာနှုတ်ဆက်ပြီးတော့ ပြောတယ်၊ သူကလည်း ၀မ်းပန်းတသာ ဖြစ်သွားတယ်။
                  ပထမတော့ ဒီလိုအသိုင်းအ၀ိုင်းမှာ မေးလိုက်တော့ သူအံ့အားသင့်သွားတယ်၊ကြောင်သွားတယ်ပေါ့၊ အသံ မရှိဘူးဆိုရင် ဦးနှောက်ထဲမှာလည်း စိတ်မရှိဘူးဆိုတဲ့အဖြေဖြစ်သွားတာကိုး၊ တကယ်တော့ မရှိဘူး၊ ဒါပေမယ့် လူတွေက ထင်နေတယ်၊ စိတ်ဟာ အမြဲတမ်းကိုယ်ထဲမှာရှိနေတယ်၊ ဦးနှောက်ထဲမှာ ရှိနေတယ်၊ သို့မဟုတ် နှလံးသားထဲမှာရှိနေတယ်လို့ ထင်နေကြတယ်။


                                                                             
နာမ်တရားဖြစ်ပေါ်ပုံ
                  သို့သော် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ စိတ်ဆိုတာ ရှိနေတဲ့ အရာ မဟုတ်ဘူး၊ ဖြစ်လာတဲ့အရာသာဖြစ်တယ်လို့ ဒီလိုပြောရတယ်၊ “အသိစိတ်ဆိုတဲ့ နာမ်တရားလေးဟာ ဒီ ရုပ်ထဲမှာ ရှိနေတာလား”လို့ ဆိုရင် ရှိနေတာ မဟုတ်ဘူးလို့ သိရမယ်၊ ဒါဖြင့် နာမ်တရားဟာ ဘယ်ပုံဘယ်နည်းနဲ့ဒီလူတွေရဲ့ သန္တာန်မှာ ဖြစ်လာတာတုန်းလို့မေးရင် မြတ်စွာဘုရားက နာမ်တရားတွေဖြစ်ပေါ်ဖို့ ဆိုင်ရာ ဆိုင်ရာ အကြောင်းတွေ ရှိတယ်လို့ ဟောထားတယ်။
                  ဒါကြောင့် နာမ်တရား ဖြစ်ပေါ်ပုံ လေ့လာကြည့်ရအောင်၊ သူက ရှိနေတဲ့အရာ မဟုတ်ဘူး၊ဖြစ်လာတဲ့အရာသာ ဖြစ်တယ်၊ ၀ိသုဒ္မိမဂ်မှာ စည်ကိုတီးလိုက်တဲ့အခါသံထွက်သလာသလိုပဲ၊  စည်ဆိုတဲ့ ရုပ်တရားနဲ့ လက်ဆိုတဲ့ ရုပ်တရားချင်းထိတွေ့မှုကို အကြောင်းပြုပြီးတော့ နာမ်ဆိုတာ ပေါ်လာတာပါတဲ့။
                  နာမ်ဆိုတာ ပေးလာတဲ့တရား ဖြစ်လာတဲ့တရား၊ ရှိနေတဲ့ တရား မဟုတ်ဘူးလို့ ဒီလိုပြောတာ၊ရှိနေတယ်ဆိုတာ အထဲထဲမှာ သိုလှောင်ထားတာမျိုး၊ ဘယ်လိုနည်းနဲ့ ရှိရှိ၊ ရှိနေတာမဟုတ်ဘူး၊ ‘substance’ အနေနဲ့ မရှိဘူးလို့ ပြောတာ။
                  သို့သော် နာမ်ဖြစ်ဖို့ အနေအထား potentiality possibility တော့ ရှိတာပေါ့၊အသံဖြစ်စေနိုင်တဲ့ အနေအထားရှိမှ အသံထွက်တယ်၊ အသံထွက်နိုင်တဲ့ အနေအထားမရှိရင် အသံမထွက်နိုင်ဘူး၊ လက်နဲ့စည်နဲ့ တီးခတ်မှဆိုတဲ့ အကြောင်းတရားတွေ ပေါင်းဆုံလိုက်တဲ့အခါမှ စည်သံလေး ပေါ်ထွက်လာတယ်။

                                                                               
စောင်းသံဥပမာ

                  စောင်းတီးရင်လည်း ထို့အတူပဲ၊ လက်နဲ့ စောင်းကြိုးနဲ့ ထိတာဟာ အကြောင်းတရား၊အကြောင်းတရား မဟုတ်ဘူးဆိုရင် စောင်းထဲမှာ အသံသွင်းထားရမယ်၊ ဥပမာ- ကက်ဆက်နဲ့ အသံသွင်းထားတာမျိုးဆိုရင်တစ်သံတည်းပဲ တစ်မျိုးတည်ပဲ ထွက်မှာ ဖြစ်တယ်၊ ပထမလုပ်ထားတဲ့ အသံအတိုင်းပဲ၊ နောက်ထပ်အသံစုံအောင် တီးလို့ရမှာ မဟုတ်ဘူး၊ အဲဒီလို မဟုတ်ဘဲ ကြိုက်သလို အသံတွေမျိုးစုံရအောင် တီးနေကြတာလေ၊ ဒီသီချင်းသွားလေး တီးရင် ဒီအသံထွက်တယ်၊ဟိုသီချင်းသွားလေး အလိုက် တီးရင် ဟိုအသံ ထွက်တယ်၊ အကယ်၍ သံတွေကို inatallလုပ်ထားတယ်ဆိုရင် ရှိနေတဲ့ အသံပဲ ထွက်မှာဖြစ်တယ်၊ အမျိုးစုံ ထွက်ဖို့မဖြစ်နိုင်ဘူး။

                                                                             
မီးခြစ်ထဲကမီးဥပမာ

                  ဒီလိုပဲ ဂက်(စ်)မီးခြစ်မှာလည်း မီးခြစ်ထဲမှာ ဂက်(စ်)ရှိဖို့ လိုတယ်၊ ဘီးလေးနဲ့အောက် မှကျောက်နဲ့ ဖိပွတ်လို့ရှိရင် မီးထွက်နိုင်တဲ့ အခြေအနေမျိုး ရှိရမယ်၊ ဒီလိုကိရိယာ စုံစုံလင်လင်ရှိနေခြင်းကို potentiality possibility ဖြစ်နိုင်တဲ့အနေအထားလို့ ပြောတာ၊ အဲဒီလိဖြစ်နိုင်တဲ့ အနေအထားမှာ နောက်ထပ် အကြောင်းတစ်ခုပေါင်းစပ်ပေးလိုက်တယ်၊ ဖိပြီးတော့ ပွတ်ခြစ်ခြင်းဆိုတဲ့ အကြောင်းတခု၊ ဖိပြီးခြစfလိုက်တာနဲ့ တစ်ပြိုင်နက် မီးလေးပွင့်လာတယ်။

                                                                              
မျိုးစေ့သတ္တိဥပမာ

                  အဲဒီတော့ လူရဲ့ သန္တာန်မှာ စိတ်တွေ ဘာကြော့် ဖြစ်နေတုန်းဆိုရင် ပင်ကိုယ်ကနေစိတ်ဖြစ်နိုင်တဲ့ အကြောင်းတရား တွေရှိတယ်၊ ဥပမာ-မျိုးစေ့လေးကို ကြည့်ရောအင်။
                  မျိုးစေ့လေးထဲမှာ အပင်ပေါက်နိုင်တဲ့ သတ္တိတွေ ရှိမနေဘူးလား၊ သို့သော် အပင်ရှိနေသလား၊ မရှိဘူး၊ မရှိဘူးဆိုတာ သေချာတယ်၊ မယုံရင် ခွဲကြည့်လေ၊ ဘယ် မျိုးစေ့ထဲမှာမှ အပင်တို့ အမြစ်တို့ အရွက်တို့ အသီးတို့ဆိုတာ ရှိနေတာမှ မဟုတ်တာ၊ သို့သော်ကျောက်တုံးထဲမှာတော့ potentiality မရှိဘူး၊ ‘condition’ မစုံဘူး၊ အကြောင်းတရားမစုံဘူး၊ အပင်ပေါက်နိုင်တဲ့ energy စွမ်းရည်သတ္တိ အခြေအနေကို က မရှိဘူး၊ မျိုးစေ့လေးကတော့ ကျောက်တုံးနဲ့ မတူဘူး၊ ခုနက အမြစ်ထွက်နိုင်တဲ့ အခြေအနေတွေ၊အသီးထွက်နိုင်တဲ့ အခြေအနေတွေ၊ အပွင့် ဖြစ်နိုင်တဲ့ အခြေအနေတွေ စွမ်းရည်တွေသူ့ထဲမှာ ရှိနေတယ်၊ ကျောက်တုံးထဲမှာတော့ မရှိဘူး။
                  အဲဒါမျိုးလိုပဲ၊ လူရဲ့ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ ရုပ်တွေ၊ အဲဒီရုပ်တွေဟာ အကောင်းတစ်ခုခုနဲ့ပေါင်းစပ်လိုက်လို့ ရှိရင် နာမ်တရားဖြစ်ပေါ်လာဖို့ အခြေအနေတွေ ရှိနေတယ်လို့ပြောလို့ ရမယ်ပေါ့၊ သို့သော် နာမ်တရားတွေ အထဲထဲမှာ သိုမှီး ထားပြီးတော့ ရှိနေတာမဟုတ်ဘူးဆိုတာကို သဘောပေါက်ရမယ်။

                                                                        
ကိုယ်တိုင်သိမြင်နိုင်


                  ဗုဒ္ဓရဲ့ တရားတော်တွေကို သန္ဒိဋ္ဌိကော ကိုယ်တိုင်မြင်လို့ ရတယ်၊ ဒါ ယုံရမယ်လို့မြတ်စွာဘုရားဟောတာ မဟုတ်ဘူး၊ ဗုဒ္ဓတရားတ်ေမှာ သဒ္ဓါ ဆိုတာ မလိုအပ်ဘူးလား၊ လိုအပ်တယ်၊ဘာအတွက် လိုအပ်တာလဲဆိုလို့ရှိရင် သဒ္ဓါ ဆိုတဲ့ ယုံကြည်ချက် ရှိမှ ဗုဒ္ဓမြတ်စွာနဲ့တွေ့မယ်၊ တွေ့တဲ့အခါကျတော့ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်က ဒီလောက် အဆုံးအဖြတ်မပေးဘူး၊ပညာ ဆိုတာက အဆုံးအဖြတ် ပေးသွားတယ်၊ understanding ဆိုတဲ့ အမှန်သိသွားဖို့ကပိုအရေးကြီးတယ်၊ သဒ္ဓါ ဆုံမိအောင် ဖန်တီးပေးတဲ့ အကြောင်းတရားလောက်ပဲ ဖြစ်တယ်၊ ဒီယုံကြည်မှုကိုအခြေခံတယ်၊ ယုံကြည်မှုက ဆုံးဖြတ်တာလား မေးရင် ယုံကြည်မှုက ဆုံးဖြတ်တာ မဟုတ်ဘူး၊ဆုံးဖဖြတ်နိုင်တာက ပညာပဲ၊ သူ့ဟာနဲ့ သူနော်။
                  ဒါကြောင့်မို့ ဗုဒ္ဓရဲ့ တရားတော်က အမှန်သိဖို့ပဲ အဓိကထားတယ်၊ ယုံဖို့ အဓိကထားတာမဟုတ်ဘူး၊ ယုံဖို့က ဒီနေရာရောက်အောင် ပို့ဆောင်ပေးတာမျှသာ ဖြစ်တယ်၊ အမှန်သိဖို့ဆိုတာ ပညာနဲ့သာ သွားရတယ်။


ကောက်နုတ်ချက်
~~~~~~~~
 အဂ္ဂမဟာပဏ္ဍိတအရှင်နန္ဒမာလာဘိဝံသ(Ph.D) ဆရာတော်ကြီး ဟောကြားတော်မူသော
အဘိဓမ္မာ မြတ်ဒေသနာ(ပထမတွဲ - စာမျက်နှာ ၁၅၅ - ၁၆၀)