တလိုင်း မွန် ရာမည
မာမကသုတေသီ၏ မွန်တို့ဌာနေရာမည စာအုပ်တွင် ဖော်ပြထားသည့်မှာ ယနေ့ကာလ၌ မြန်မာ့သမိုင်းဖြစ်ရပ်မှန် အချို့ကို အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးကို အလေးထား သောအားဖြင့် ထုတ်ဖော်ပြောကြား သင့်ပါလျက် မပြောဘဲ
ထိန်ချန်ပြောဆိုလျက် ရှိသည်ကို တွေ့ရှိနေသည် ဟု ကနဦး စစချင်းမှာ မှာပဲ စတင် ပြောဆိုထားတာကို တွေ့ ရပါတယ်။
မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓသာသနာ အစသည် သုဝဏ္ဏဘူမိ ဖြစ်သည်ကို သာသနာသမိုင်း မြန်မာသမိုင်း နိုင်ငံတကာ သမိုင်းများအရ ထင်ရှားခိုင်လုံနေပြီးဖြစ်သည်။
ကာလအားဖြင့် သာသနာသက္ကရာဇ် ၂၃၅/၃၆ (ဘီ-၃၀၀)
ဝန်းကျင်ကာလ ဖြစ်သည်။ အလွန်ပင် ရှေးကျလျက် ရှိ သည်။ သို့ရာတွင် ယနေ့ကာလ မြန်မာနိုင်ငံ၏ ထေရဝါဒ သာသနာသမိုင်းအစကို ပြောလျှင် ပုဂံကစသည် ဟူ၍သာ အများအားဖြင့် ပြောဆိုလျက် ရှိနေသည်ကြသည်။ သုဝဏ္ဏဘူမိသာသနာနှင့် ပုဂံသာသနာ နှစ်ပေါင်းထောင် ကျော် ကွာခြားနေပါသဖြင့် မြန်မာနိုင်ငံ၏ သာသနာ အစသည် ပုဂံကဟု ပြောလျှင် နိုင်ငံဂုဏ်သေးသိမ်ရုံသာ ရှိပါတော့သည်။ ထိုကြောင့် ဤသို့သော အကြောင်းအရာ များကို ပြောဆိုရာ၌ မျိုးရိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးကို ရှေးကျသောအားဖြင့် လူမျိုးစုကို ပမာဏ မပြုဘဲ ပြောဆို သင့်သည်များကို ပြောဆိုကြရန် လိုအပ်သည်။
အဲဒီလို ပြောထားပါတယ်။ ဘီစီ-၃၀၀ ကာလဝန်းကျင် ကာလသည် ထေရဝါဒ သာသနာ မဆိုနှင့် ဗုဒ္ဓပင် မပေါ် ထွန်းသေးပါ။ သာသနာ သက္ကရာဇ်နှင့် ချိန်ဆ၍ ဘီစီ ၃ ဖြစ်မည်ဟု ကိုယ့်ဟာကိုယ် အမှားပြင်ဖတ်လိုက်ပါသည်။
မွန်လူမျိုးကို မွန်ဟု ခေါ်ရခြင်း
မွန်လူမျိုးကို မွန်ဟု ခေါ်ရခြင်းမှာ
(၁) မွန်ဂိုလွိုက် အနွယ်ကို အစွဲပြု၍ ခေါ်ခြင်း ဖြစ်သည်ဟု
ယူဆရသည်။ ပြည်တော်သာ ဦးထွန်းရီက မွန်ဂိုမှ ဂိုကို ဖြုတ်ပြီး မွန်ဟု ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ပါဒ နိုင်ငံ သမိုင်းမှာ ဖော်ပြထားတယ်။
(၂) ဦးမာဃက မဏ္ဍလမှ မန် မန်မှ မွန် ဖြစ်လာသည်ဟု ပုသိမ်ရာဇဝင်မှာ ရေးပါတယ်
(၃) ခေတ်ဟောင်းရာဇဝင် မွန်ဟူသည် မနု ဝေါဟာရမှ ဆင်းသက်လာသော အခေါ်ကြောင်း ဖော်ပြထားတယ်။
(၄) မြန်မာစွယ်စုံကျမ်း မြန်မာ့အဘိဓါန်ကျမ်းတို့တွင် မွန်ကို ရမဉ် ဟု ရှေးဦးစွာ ရေးသားထားသည်ကို တွေ့ရကြောင်း
ဟံသာဝတီခေတ် မွန်ကျောက်စာနှင့် ကြေးပြားစာများတွင် မွန်ကို ရမန် ဟု ရေးသားထားသည်ကို တွေ့ရပြီး ထိုင်းတွင် ယနေ့အထိ ရမန် ဟု ခေါ်လျက်ပင် ရှိကြောင်း ရာမည
ဒေသတွင် မွန်လူမျိုးများသည် မိမိကိုယ်ကို မွန်ဟူ၍သာ ခေါ် ဆိုကြောင်း ရေးသား ဖော်ပြထားသည်။
မောင်းဂွတ်အနွယ်ဝင်များကို ကမ္ဘာ့သမိုင်းများတွင် သြစတြစ် ဟု နာမည်ပေးထားကြတယ်။ သြစတြစ် အနွယ်မှာ နှစ်မျိုးထပ်ကွဲတယ်။ သြစတိုနီရှ နဲ့ သြစတိုအေရှ
ဆိုပြီး ဖြစ်လာတယ်။ မလေး အင်ဒိုနီးရှား အုပ်စုဝင်များကို သြစတိုနီရှ မွန်ခမာ အုပ်စုဝင်များကို သြစတိုအေရှလို့ နာမည် ပေးထားကြတယ်။ မွန်နဲ့ ကမ္ဘောခမာ တို့ စကား တူလို့ တမျိုးတည်း စုစည်းဖြစ်အောင် မွန်ခမာလို့ ခေါ်ကြ တယ်။ ဘာသာဗေဒပညာရှင် ဒေါက်တာလိုဂန်က မွန်နဲ့ တူတဲ့ ဘာသာစကားတွေကို စုပေါင်းပြီး မွန်အာနန် လို့ နာမည်ပေးခဲ့တယ်။ နောက်ပိုင်း ဘာသာဗေဒပညာရှင် များက မွန်အာနန်လို့ မခေါ်တော့ဘဲ မွန်ခမာ လို့ နာမည် သစ် ပြောင်းလဲခေါ်ခဲ့ကြတယ်။
၁၉၀၁ ခုနှစ်မှာ ဗီယင်နာမြို့က ပါမောက္ခ ဒေါက်တာ ရှားမစ်က မွန်နဲ့အနွယ်တူ ဘာသာစကားများကို အနှိုင်း ဘာသာ သိပ္ပံနည်းနဲ့ လေ့လာခဲ့တယ် ။
၁၉၀၆ ခုနှစ်မှာ အာရှတောင်ပိုင်းနဲ့ ကျွန်းပိုင်းရှိ ဘာသာ စကားစုကို သြစတြစ်အနွယ်ကြီးဟု နာမည်သစ် ပေးခဲ့ တယ်။ သြစတစ် ဆိုတာက တောင်းပိုင်းလို့ အဓိပ္ပါယ် ရတယ်။ ကုန်းပိုင်းဘက်က ဘာသာစကားအစုကို သြစတို အေရှတစ် လို့ခေါ်တယ်။ ကျွန်းဆွယ်နဲ့ ကျွန်းစုပေါ်ရှိ ဘာသာစကား အစုကို သြစတိုနေရှင်း လို့ ခေါ်ခဲ့တယ်။
သြစတိုအေရှတစ် ဆိုတာ မွန်ခမာအနွယ်ကို ခေါ်တယ်။
အနွယ်တူအားလုံးကို စုပြီးခေါ်တာပါ။ ဘာသာစကား အများကြီးပါဝင်တယ်။ မွန်စကားကိုလည်း သြစတိုအေရှတစ် အနွယ်ဝင် လို့ Languistic Survey Burma စာအုပ်မှာ ဖော်ပြထားတယ်။
လေ့လာတွေ့ရှိရသမျှ သြစတိုအေရှတစ် မျိုးနွယ်စုများမှာ
ဗီယက်နမ်တောင်ပိုင်း တောင်ရိုးဒေသနေ စကိုင်နှင့် မွိုင်လူမျိုးစုများ တရုတ်ပြည်မှာ ယာအိုနဲ့ လာဟိုဇီ လူမျိုးများ ကမ္ဘောဒီးယားမှာ ခမာလူမျိုး ထိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် မွန် တလိုင်းလူမျိုး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ ပလောင် ပလေးလူမျိုး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ယင်းကြား ယင်းနက် လဝ ဝ ရိယန် နဲ့ ဒနော လူမျိုးများ အိန္ဒိယ ဒိက္ခိဏကုန်းမြင့်ဒေသတွင် မဏ္ဍ နဲ့ ဗီလူမျိုးများ အာသံဒေသတွင် ခါစီလူမျိုး တို့ တွေ့ရတယ်။
သြစတိုအေရှတစ် စကားပြောအုပ်စုဟာ ဘီစီ ၄၀၀၀ ခန့်မှ စ၍ တရုတ်ပြည်တောင်ပိုင်း ယန်စီကျန် မြစ်ဝှမ်းဒေသက ဆင်းသက်လာပြီး အရှေ့တောင် အာရှ ဒေသအနှံ့အပြား ကို ရောက်ရှိခဲ့တယ်။လို့မာမကသုတေသီက ဖော်ပြထား တယ်။
ယန်စီကျန်ဟာ သြစတိုအေရှတစ်တို့ ရဲ့ မူရင်းဒေသ ဖြစ်တယ်လို့ ကင်းဘရစ် တက္ကသိုလ်က ပါမောက္ခ ပူလီဘလန့်က ယန်စီကျန် အမည်တွင် ပါတဲ့ ကျန်ဆိုတဲ့ ဝေါဟာရဟာ မြစ်ချောင်း ဖြစ်တယ် မွန်စကားဖြစ်တယ် တရုတ်စကားမှာ မြစ်ကို ဟိုလို့ ခေါ်တယ် လို့ ၁၉၆၆ ခုနှစ်ထုတ် JARS ဂျာနယ်မှာ ဖော်ပြတယ် ဆိုပါတယ်။
ဒေါက်တာ ဒဗလှူအယ်ဘာဟတ်က မွန်ခမာများဟာ ကျောက်ခေတ်သစ်မှာ တရုတ်ပြည်တောင်ပိုင်းမှ အနယ်နယ် အရပ်ရပ်ကို ပြန့်နှံ့ရောက်ရှိ တန်ရာကြောင်း တရုတ်ရာဇဝင်မှာ ဖော်ပြထားတယ် ဆိုထားတယ်။
ဒေါက်တာ ကေအေ ရှန်ထရီက သြစတိုအေရှတစ်အနွယ် များသည် အိန္ဒိယသို့ မဏ္ဍ ဆိုတဲ့ နာမည်နဲ့ ဗွေဆော်ဦး ရောက်ရှိလာကြသူတွေဖြစ်ပြီး နောက်မှ ဒြာဗီးဒီးယန်း တို့ ရောက်ရှိလာကြောင်း အိန္ဒယတောင်ပိုင်း သမိုင်းစာအုပ်မှာ ဖော်ပြတယ်။
မြန်မာ့ရာဇဝင်ကျမ်းနဲ့ စွယ်စုံကျမ်းတို့မှာ မွန်တို့ရဲ့ ဆင်းသက်လာရာ ဒေသကို အတိအကျ ဖော်ပြရန် ခက်ခဲကြောင်း အချို့က မွန်ဂိုလီးယားက ဆင်းသက်လာ တယ် ဆိုကြောင်း။ ဒေါက်တာလုစ်က မွန်တွေဟာ တရုတ်နိုင်ငံ တုံကင်လွင်ပြင်က ဆင်းသက်လာတယ် ထင်ကြောင်း ဖော်ပြထားတယ်။
သမိုင်း သုတေသီတို့က မွန်ခမာများသည် တုန်ကင်ပြည် (မြောက်ဗီယက်နမ်) မြစ်နီမြစ်ဝှမ်းက ဆင်းသာလာကြောင်း ဆိုတယ်။
ကာလကတ္တား တက္ကသိုလ်မှ ဘာသာစကားနဲ့ အသံထွက် ပါမောက္ခ ဒေါက်တာ အက်စ်ကေချက်တာဂျီက တောင်ဖက် လူမျိုး ပင်ရင်းအုပ်စု အခြေခံဒေသမှာ အရှေ့မြေထဲ ပင်လယ် (ပါလက်စတိုင်း) ဖြစ်၍ အိန္ဒိယသို့ ရောက်ရှိပြီး အချို့အုပ်စုများသည် အိန္ဒယကို ကျော်လွန်၍ သြစတျေးယ တိုင် ပေါက်ရောက်သွားတယ် ဆိုတယ်။ ဒီရေးသားချက်ကို အထောက်အထားပြုပြီး မြန်မာ့သမိုင်းပညာရှင်အချို့က တောင်ဘက်လူမျိုးများကို မွန်လူမျိုးအဖြစ် ကောက်ယူပြီး မွန်လူမျိုးများသည် အိန္ဒိယမှ ဆင်းသက်လာတယ် လို့ အဆိုပြုကြတယ်။
ပါမောက္ခလုစ်က မွန်ခမာတွေဟာ အိန္ဒိယသို့ ဘီစီ ၂၀၀၀ ကျော်ကပင် စပါးစိုက်ပျိုးရေး ယဉ်ကျေးမှုကို ယူဆောင် သွားခဲ့ကြောင်း ၁၉၆၄ ခုနှစ်ထုတ် ယိုးဒယားအသင်း ဂျာနယ်တွင် စပါးနဲ့ ဘုရား ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ် စောင် ရေးသားဖော်ပြခဲ့တယ်။
ဒေါက်တာသန်းထွန်းက အာရိယာန်တို့သည် ဘီစီ ၃၀၀ အရောက်ကျမှ စပါးစိုက်ပျိုးသည်ကို တွေ့ရကြောင်း ဘီစီ တစ်ထောင် ၌ ဆန်စားသည်ဟု အမှတ်အသား မတွေ့ ရကြောင်း မွန်ခမာများသည် ဆန်စပါးကို ဘီစီ ၂၀၀၀ အထက်ကပင် စိုက်ပျိုးခဲ့သည်ဟု ယူဆရကြောင်း ခေတ်ဟောင်းမြန်မာ ရာဇဝင်မှာ ရေးသားခဲ့တယ်။
ဒီအယူအဆတွေကြောင့် ဒေါက်တာ ချက်တာဂျီ ဆိုသော တောင်ဘက်လူမျိုးများကို မွန်ခမာ အဖြစ် ယူဆဖေါ်ပြနေ ကြာတာ ဖြစ်ပါတယ်။
မွန်ခမာတို့ရဲ့ အသားအရောင် ရုပ်ဆင်းအင်္ဂါများအရ ပါလက်စတိုင်းမှ လာသော တောင်ဖက်လူမျိုး မဖြစ်နိုင် ကြောင်း ထင်ရှားတယ်။
နောက်တခါ တောင်ဖက်လူမျိုးကို မွန်လူမျိုး အဖြစ် ယူဆနိုင်ရန် မွန်သားချော့သီချင်း ၃ ပုဒ်ကို အထောက် အထား ပြုကြပြီး ဆိုကြပြန်တယ်။ သေချာမှု မရှိ။
မြန်မာနိုင်ငံထဲ ဝင်လာကြတဲ့ မွန်ဆိုတဲ့ လူမျိုးတွေဟာ တရုတ်ပြည်က လာသလိုလို အိန္ဒိယက လာသလိုလို မရေမရာ မသေမချာ ဖြစ်နေပါတယ်။
သြစတိုအေရှတစ်အနွယ်တွေ ဝင်လာတယ် ဆိုတာနဲ့ပဲ မွန်လူမျိုး ဟူ၍ ယူဆ၍ မဖြစ်နိုင်ပါ။ ဘယ်လူမျိုး ဆိုတာ မသိနိုင်ပါ။ ထင်ရာမြင်ရာ ရမ်းသမ်းကောက်ယူချက် တစ်ခု မျှသာ ဖြစ်နေပါသေးတယ်။ အမှန်သမိုင်း မဖြစ်သေးပေ။
ဗန်းမော်တင်အောင်က မွန်လူမျိုးများသည် ခရစ်မပေါ်မီ သမိုင်းကာလ များစွာကတည်းက မဲခေါင် မဲနန်မြစ် များအတိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် ဒေသသို့ ရောက် ရှိ နေထိုင်ကြောင်း အထူးသဖြင့် မဲနမ်မြစ်ဝှမ်း မြေညီများ တဝိုက် အခြေချ နေထိုင်ဟန် ရှိပါကြောင်း ပြောပါတယ်။
ဒေါက်တာကျော်သက်က သြစတိုအေရှတစ် ဘာသာ စကားပြောသူများသည် နောက်ပိုင်းမှာ ထိုင်းအနွယ်များ သည် သံလွင်နှင့် မဲခေါင်ဒေသများတွင် ဝင်ရောက် အခြေချ နေထိုင်လာကြောင်း ပြောပါတယ်။
ဗိုလ်မှူးဘရှင်က လယ်ယာစိုက်ပျိုးသည့်စနစ်သည် အာရှ အရှေ့တောင်ပိုင်း မြောက်ဗီယက်နမ် တုံကင်မြစ်ဝကျွန်း ပေါ်ဒေသတွင် စတင်ခဲ့သည်ဟု ယူဆရကြောင်း ယင်းမှ တဆင့် မဲခေါင်မြစ်ဝှမ်းဒေသ (တောင်ဗီယက်နမ်နဲ့ ကမ္ဘောဒီးယား) အဲဒီကနေ တဆင့် ချောင်ဗျ မဲနန် မြစ်ဝှမ်း တောင်ပိုင်းဒေသ(ထိုင်းနိုင်ငံတောင်ပိုင်း) ယင်းမှတဆင့် ဂျိုင်း အတ္တရံ မြစ်ဝှမ်းတောင်ပိုင်း နဲ့ ဧရာဝတီ မြစ်ဝှမ်း တောင်ပိုင်းသို့ တခေတ်ပြီး တစ်ခေတ် အဆင့်ဆင့် ပြောင်းရွှေ့ခဲ့ဟန် တူကြောင်း အနော်ရထာအရင်က မြန်မာ နိုင်ငံစာအုပ်မှာ ပြောပါတယ်။
ပါမောက္ခလုစ်က တရုတ်ပြည်အရှေ့ပိုင်း တုံကင်လွင်ပြင် ဖြစ်သည်ဟု ယူဆကြောင်း မွန်တို့သည် မြန်မာနိုင်ငံ သထုံ နယ်သို့ မရောက်မီ ထိုင်းတောင်ပိုင်းတွင် ဒွါယဝတီ နိုင်ငံ တည်ထောင်ခဲ့ကြောင်း မြန်မာအက္ခရာဗေဒ သမိုင်း စာအုပ် မှာ ဖော်ပြထားတယ်။
မြန်မာနိုင်ငံအတွင်း မွန်များဝင်ရောက်နေထိုင်ခြင်း အဆို များ
မြန်မာနိုင်ငံသို့ မွန်များ မဝင်ရောက်လာမီ ဦးစွာဝင်ရောက် နေထိုင်သူများ ရှိသကဲ့သို့ တေလဂူများလည်း ဝင်ရောက် နေထိုင်ခဲ့သည်ကို နိုင်ငံတကာသမိုင်းတို့မှာ ဖော်ပြထားတာ ကို တွေ့ရပါတယ်။
တေလဂူတို့နဲ့ စပ်ပြီး ထိုင်းမှ ထုကျောက်စိမ်းထမ်း ဆိုသူ ရေးတဲ့ ဒုံရာမည စာအုပ်မှာ အိန္ဒိယတောင်ပိုင်း မဒရပ်နယ် မှ ဗြဟ္မာဏဘာသာဝင် တေလဂူလူမျိုးများသည် ရွက်သင်္ဘောများနှင့် ပုသိမ် ဒဂုံ သထုံ မဒမ စသော မြို့ရွာ များကို ဝင်ရောက်ဖြန့်ကျော်၍ ဂျားဗားနှင့် စူးမားတြား ကျွန်း အထိ ကုန်စည်ကူးသန်းရောင်းဝယ်မှု ရောက်ရှိကြောင်း ဆိုတယ်။
ဒီတေလဂူတွေကို မစ္စတာ ချက်တာဂျီက ပါလက်စတိုင်းမှ လာသော တောင်ဖက်လူမျိုးအဖြစ် ကောက်ယူထားတယ်။
အာရိယန်တွေက တေလဂူတွေကို နိရှာဒ ခေါ်ကြောင်း လည်း ဆိုတယ်။ (ပလ္လဝများလို့ ယူဆကြသူတွေလည်း ရှိတယ်။ ဒီဟာက နောက်ကျလွန်းတယ်)
နောက်တစ်ခါ ကရဏ္ဏကတိုင်း ဆိုသော အဆိုကို မာမက သုတေသီက မော်လမြိုင်မြို့ကနေ တနင်္သာရီ တတိုင်းလုံး ကို ယူနိုင်တယ် ဆိုပါတယ်။ အချုပ်အားဖြင့် တလိုင်း ၃ ရပ်
တို့နေထိုင်ရာနယ်မြေ ၃ ရပ်တွင် မုတ္တမ မဏ္ဍလ တနင်္သာရီ တိုင်းနယ်မြေ အားလုံးကို ရှေးက သုဓမ္မာပူရ ဟုလည်းကောင်း ကရဏ္ဏကတိုင်း လို့ လည်းကောင်း ခေါ်ခဲ့ခြင်း ဖြစ်တယ်လို့ ယူဆရတယ်လို့ ပြောတယ်။
ဒူရကတိုင်း ဆိုတာ မကြားဖူး လေသလားလို့ မေးရန် ရှိပါတယ်။
မွန်နဲ့ တလိုင်း
မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေထိုင်ကြသော လူမျိုးစုများ တွင် မွန်နှင့် တလိုင်း ဟူ၍လည်းပါသည်။ ယခုအခါ မွန်များကို တလိုင်းဟု မှားယွင်းစွာ ခေါ်ဝေါ်ရေးသားလျှက် ရှိသည်။
တလိုင်း ဆိုတာကို တေလင်္ဂန အရပ်မှ လာတဲ့ လူမျိုးတွေ ကို ခေါ်တာပါ လို့ ယူဆခဲ့ကြတဲ့ ဆရာတွေ ရှိပါတယ်။
ပါမောက္ခ ကောသမ္ဘီကလည်း တလိုင်းဝေါဟာရများဆိုတာ တေလဂူများကို အကြောင်းပြု၍ ပေါ်လာကြောင်း ရေးသား ဖော်ပြခဲ့သည်။
မွန်များသည် တလိုင်းမဟုတ်ပါ။ မွန်လူမျိုးနှင့် တလိုင်း လူမျိုး မတူပါ။ လူမျိုး တစ်ခုစီသာ ဖြစ်သည်။ ဘာသာ စကား ယဉ်ကျေးမှု တူညီမှု ရှိသည်ဟု ယူဆနိုင်သည်။ ထိုအကြောင်းကြောင့်သာ နှောင်းဆရာများ မွန်နှင့် တလိုင်း ကို တမျိုးတည်း ပေါင်းပြီး မွန်တလိုင်းဟု ရေးသားခဲ့ခြင်း ဖြစ်တန်ရာသည်။ ထိုသို့ ပေါင်း၍ ခေါ်ဝေါ်ခဲ့ကြရာ တလိုင်း မဟုတ်သော မွန်လူမျိုးတို့သည် အကြောက်အကန် ငြင်း ဆန်သည်။ ဆွေ့ဆွေခုန် နာကြည်းကြသည်။
ပြဿနာများ အဓိကရုန်းများ ဖြစ်လာသည်အထိ ကြီးကျယ် ခဲ့သည်။ ထိုကြောင့် မွန်လူမျိုးများကို တလိုင်းဟု မခေါ်ကြ ရန် ကျွန်တော် မေတ္တာရပ်ခံ တောင်းပန်ပါသည်။ မွန်သည် တလိုင်းမဟုတ် တလိုင်းသည် မွန်မဟုတ်။ လူမျိုးတစ်မျိုးစီ သာ ဖြစ်သည်။
မွန်ကို တလိုင်းဟု ခေါ်ခဲ့သောကြောင့် ပြဿနာများ ဖြစ်ပွား လာခဲ့ရသည်။ အစိုးရအဆက်ဆက် မင်းအာဏာနဲ့ တားမြစ်ခဲ့ရသည်အထိ ကြီးကျယ်ခဲ့သည်။ သာမာန် ပြဿနာလေး တရပ်မဟုတ်သဖြင့် အရေးအသား အခေါ် အဝေါ် တို့ကို ဆင်ခြင်ရေးသား ပြောဆိုသင့်သည်။ မွန်လူမျိုးတို့ မနှစ်သက်သော မွန်လူမျိုး အမည် မဟုတ် သော တလိုင်းဟူသော အခေါ်ကို စာရေးသားရာတွင် ဖြစ်စေ စကားပြောဆိုရာတွင် ဖြစ်စေ လုံးဝ မသုံးမိဖို့ လိုပါ သည်။
မွန်ကို တလိုင်းဟု ခေါ်ခဲ့ရာမှ ပြဿနာ ဖြစ်ပွားခဲ့ကြရာ အစိုးရ အမိန့်နှင့် တားမြစ်အမိန့်စာများ အစိုးရ အဆက် ဆက် သုံးကြိမ်တိတိ တရားဝင် တားမြစ်ပေးခဲ့ရသည်။
(၁) ၉-၃-၃၁ ရက်စွဲဖြင့် ဗြိတိသျှအစိုးရလက်ထက် ဆာဂျေအေ မောင်ကြီး ခေတ္တဘုရင်ခံ ဖြစ်စဉ် တကြိမ်။ တလိုင်း ဟု ခေါ်လျှင် ဒဏ်ငွေ ၅၀ ကျပ် ပေးဆောင်စေ ဟူ၍ပင် သတ်မှတ်ခဲ့သည်။
(၂) ၁၅-၇-၄၇ ရက်စွဲဖြင့် ဗိုလ်ချုပ်အောင်ဆန်းလက်ထက် တွင် တစ်ကြိမ်။
(၃) ၇-၁-၅၈ ရက်စွဲဖြင့် ဖစပလ အစိုးရလက်ထက်တွင် တစ်ကြိမ်။
(၄) ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမှုကို အကြောင်းပြု၍ ၁၃-၈-၇၅ ရက်စွဲဖြင့် တစ်ကြိမ်။
တားမြစ်မိန့်များ ထုတ်ပြန်ခဲ့သဖြင့် စုစုပေါင်း ၄ ကြိမ်တိတိ တားမြစ်မိန့် ထုတ်ပြန်ပြီး ဖြစ်သည်။
တလိုင်းမဟုတ်သော မွန်လူမျိုးများကို တလိုင်းဟု ခေါ်ဆို ခြင်းသည် ဥပဒေဖြင့် ငြိစွန်းလျှက် ရှိသည်ကို သတိပြုရာ၏။
တလိုင်းဟူသည် တေလဂူများကို အကြောင်းပြု၍ ပေါ်လာသော ဝေါဟာရ ဖြစ်သည်။ မွန် ဟူသည် မွန်များပင် ဖြစ်၍ တေလဂူများ မဟုတ်ပါ။ ဆင်းသက်ရာလာ လမ်း ကြောင်းလည်း တစ်ခုစီ ဖြစ်သည်။ တေလဂူများသည် အိန္ဒိယတောင်ပိုင်းမှ ဆင်းသက်လာသည်။ မြန်မာပြည်တွင် ပျူမြန်မာတို့က တန်လိုင်း(တလိုင်း) ဟုခေါ်ကြသည်။ တရုတ်တို့ကလည်း တန်လိုင်းဟု ခေါ်သည်။ ကမ္ဘောဒီးယား သမိုင်းအလိုအရ AD-3 ဖူနန်အင်ပါယာ ချဲ့ထွင်စဉ်အခါက မြန်မာပြည်တွင်းအထိ ထိုးစစ်ဆင်လာရာ တေလဂူများနှင့် တိုက်ပွဲ ဖြစ်ရသည့် အကြောင်း အနည်းငယ်မျှ ပါရှိသည်။
ပျူမြန်မာများနှင့် စစ်ဖြစ်ခဲ့သည် မဖြစ်ခဲ့သည် မသိပါ။ မဖော် ပြထားပါ။
မွန်လူမျိုးများမှာမူ မည်သည့်နေရာမှ ဝင်လာကြသည်ဟု တိတိကျကျ မသိရသေးပါ။ အဆိုများစွာ ကွဲလွဲနေသည်ကို သဘောမျှ ဖော်ပြပြီး ဖြစ်သည်။ ဟိုကလာသလိုလို ဒီက လာသလိုလို စိတ်ကူးတည့်ရာ သန်ရာသန်ရာ ပြောထား သည်များကို တွေ့မြင်နိုင်သည်။ တွေ့ရသည်။ မွန်လူမျိုး များ အနေဖြင့်လည်း မိမိတို့၏ မူလဒေသမှာ မည်သည့် နေ
ရာဖြစ်သည်ကို အတိအကျ အဆိုတင်နိုင်ရန် ရှာဖွေသင့် လှပါသည်။ ဟိုယောင်ယောင် ဒီယောင်ယောင်နေဖြင့် အစစ်ဆေး မခံနိုင်သော သမိုင်းစာမျက်နှာဟူသည် နောင် နှစ်များစွာ မကြာမှီအတွင်း အမှိုက်ပုံထဲ ရောက်သွားကြ ပါတော့မည်။ စစ်ဆေးခံနိုင်သော အမှန်သမိုင်း စာမျက်နှာ များ ဖြစ်လာစေရန် ကြိုးပမ်းသင့်လှသည်။ ရာဇဝင်ကို မယုံသဖြင့် သမိုင်းပညာ ပေါ်လာခြင်းဖြစ်ရာ ရာဇဝင်ထဲ မွေ့ပျော်နေလျှင် လုံးပါးပါး ပါလိမ့်မည်။
တလိုင်း ဟူသော စကားလုံးကို ပျူမြန်မာများ ခေါ်သကဲ့သို့ AD-9 ရာစုရေး တရုတ် ထန်မင်းဆက် သမိုင်းတွင်လည်း ပါသည်။ ရခိုင်များကလည်း ထိုသို့ခေါ်သည်။ ထားဝယ်တို့မှ လည်း တလိုင်းဟု ခေါ်သည်။ ထိုတလိုင်းဟူသော လူမျိုး သည် တေလဂူများကို ရည်ညွှန်းခြင်း ဖြစ်သည်။ မွန်လူမျိုး များ မဟုတ်ပါ။ တလိုင်း ဆိုသော စကားကို မြန်မာတို့မှ သီးသန့် ခေါ်သည်မဟုတ်ပါ။ လူမျိုးစုကို ရည်ညွှန်းကြောင်း ထင်ရှားသည်။
တေလဂူသည် မွန်မဟုတ်ပါဟု မွန်လူမျိုး များက စာအုပ် အဖုံဖုံတွင် တရားဝင် ငြင်းဆိုထားသည်ကို တွေ့ရသည်။
တလိုင်းဟူသော ဝေါဟာရသည် မွန်လူမျိုးတို့တွင်လည်း မရှိ။ မွန်စကားလည်း မဟုတ်ကြောင်းလည်း မွန်ဆရာများ က ငြင်းချက်ထုတ်ထားပါသည်။
တလိုင်းဟူသော လူမျိုးသည် ယခုအခါ မရှိတော့ပြီ။ ပျက် သုန်းပျောက်ကွယ်ကုန်ပြီ ဖြစ်သည်။ အဘယ်ကြောင့်နည်း ဟူမူ တလိုင်းလူမျိုး ဟူသည် မွန်လည်း မဟုတ် မြန်မာ လည်း ရှမ်းလည်းမဟုတ် ရခိုင်လည်း မဟုတ်။ ထိုကြောင့် တလိုင်း လူမျိုး ပျောက်ကွယ်သွားခဲ့ပြီဟု ဆိုပါသည်။
ပြည်တွင်း ပြည်ပ ခေတ်ပြိုင်မှတ်တမ်းများအရ ထင်ရှား ပေါ်လွင်နေသော တန်လိုင်း(တလိုင်း) လူမျိုး ဟူသည် မွန်တို့နှင့် ဘာသာစကား ယဉ်ကျေးမှုတူညီသည်။ ဒီအဆို အတွက် အကြောင်းပြချက်ကို နိဂုံးချုပ်ခါနီးတွင် ဖော်ပြပေး ပါမည်။
တလိုင်းလူမျိုး မြန်မာနိုင်ငံတွင်း ရှိခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ ရှေးကျောက်စာများတွင်လည်း ပါဝင်သည်။ AD-၁၁ ရာစု ပုဗရမ္မိထီးလှိုင်ရှင်ကျောက်စာ စောလူးမင်း ကျောက်စာတို့တွင် တန်လိုင်းမင်း တန်လိုင်းပြည် တန်လိုင်း သုခမိန်ဟု ပါသည်။
၆၁၁ ခုနှစ်စွဲ မ္လတ်ကြီးစွာ သိမ်ကျောင်းကျောက်စာမှာ
ဗြုံမှာလဲ ၂၀ ။ တန်လိုင်လဲ ၅
တလ္လိုင်မ္လိယ် ဟူသော စာက တလိုင်းလူမျိုး နေစားလုပ်စား မြေကို ဆိုလိုသည်။ လဝ လူမျိုးပိုင် လယ်ကိုလည်း လဝ လယ် လို့ခေါ်ပါတယ်။
ဒီလို ကျောက်စာတွေမှာ အထင်အရှားတွေ့ရှိရတဲ့ အတွက် မွန်လူမျိုးတို့ ပြောသလို မိမစစ် ဖမစစ်ကို ခေါ်တာပါ ဆိုတာ လုံးဝ အခြေအမြစ် မရှိသောစကား ဖြစ်ပါတယ်။ ဘယ်သူမှ ယုတ်ညံ့သော စကားလုံးကို ကျောက်စာပေါ်တွင် ရေးထိုး ပြီး မှတ်တမ်းတင် သုံးစွဲမည် မဟုတ်ပါ။ တပါးလူမျိုးအား လည်း ခေါ်ဆိုမည် မဟုတ်ပါ။ ပုဂံခေတ်ကပင် တန်လိုင်း လူမျိုး အထင်အရှား ရှိကြောင်း ကျောက်စာ အခိုင်အမာ ရှိနေပါသဖြင့် တန်လိုင်း လူမျိုး ရှိခဲ့သည်မှာ သေချာပါ သည်။ နှောင်းဆရာတို့ကလည်း တလိုင်း ၃ ရပ် တလိုင်းရွာ စသော အခေါ်များ ကို မှတ်တမ်းတင်ထားသည် ဖြစ်ရာ တလိုင်း ဟူသည့် လူမျိုး ရှိခဲ့ကြောင်း ခိုင်မာပါသည်။
တလိုင်းလို့ ခေါ်ရင် မွန်တွေ ဘာကြောင့် နာကြည်းရတာ ဘယ်လို အကြောင်းကြောင့်လဲ ဆိုတာ ရှာကြည့်မိတော့ နာကြည်းလောက်စရာ အကြောင်းမရှိတဲ့ အရာတွေကို ဖယ်ထားလိုက်ပြီး ဖြစ်နိုင်လောက်စရာတစ်ခုကို တွေ့မိ ပါတယ်။ အဲဒါက ဦးဖိုးကျားရဲ့ ခေတ်မှီရာဇဝင်အကျဉ်း စာအုပ်ဖြစ်ပါတယ်။ အဲဒီမှာ မွန်နဲ့ တလိုင်းဟာ မတူကြောင်း
တလိုင်းဟာ AD-၁ ရာစု လောက်က မြန်မာနိုင်ငံတွင် လာရောက်နေထိုင်သော အိန္ဒိယတိုင်းသားတို့ကို ၄င်းတို့ နေထိုင်ရာ တေလင်္ဂနအရပ်ကို အစွဲပြု၍ တလိုင်းဟု ခေါ်ခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် မွန်တို့ကိုပါ ရော၍ တလိုင်းဟု ခေါ်ခဲ့ကြခြင်း ဖြစ်ကြောင်း ရေးသား ဖော်ပြထား ပါတယ်။
တဖန် အိန္ဒိယအလယ်ပိုင်း အရှေ့ပိုင်း ဘင်္ဂလား အာသံ ပြည်နှင့် အချို့အရပ်ဒေသတို့၌ မွန်တို့နှင့် ဆင်တူသော ကိုလ်မွန်ဓ စသော လူမျိုးတို့ကို တွေ့ရကြောင်း ရှေးအခါက အရှေ့ဘက်သား မွန်ဂိုလူမျိုး အချို့တို့သည် ထိုအရပ် ဒေသ အချို့ကို ဗြဟ္မပုတ္တ မြစ်ဝှမ်းမှတဆင့် ဝင်ရောက် နေထိုင်ခဲ့ကြောင်း မှတ်ချက်ပေး ရေးသားထားပါတယ်
ဒီလိုပဲ အလားတူဖော်ပြချက်တစ်ခုက ဝိသုဒ္ဓိမဂ် မြန်မာပြန် နိဒါန်းတွင်လည်း မဟာစည်ဆရာတော်ဘုရားက အလဟာဗတ် တက္ကသိုလ်မှ ပါမောက္ခ ဓမ္မာနန္ဒကောသမ္ဗီ၏ တလိုင်းနဲ့ပက်သက်တဲ့ အယူအဆတရပ်ကို ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။
ပါမောက္ခကောသမ္ဗီက ရှေးအခါက အိန္ဒယတောင်ပိုင်းသား တေလဂူများသည် မြန်မာနိုင်ငံ အနှံ့အပြားသို့ သွားရောက် နေထိုင်ခဲ့ကြကြောင်း တလိုင်းဝေါဟာရမှာလည်း ယင်း တေလဂူများကို အစွဲပြု၍ ဖြစ်ပေါ်လာရသော ဝေါဟာရ ဖြစ် ကြောင်း ရေးသားဖော်ပြခဲ့သည်ဟု ဆိုပါသည်။
ဖော်ပြထားတဲ့ အချက်တွေနှင့် ဒီညာရှင်တွေရဲ့ အဆိုက နာကြည်းစရာ မဟုတ်ပါ။ မွန်တွေကို တေလဂူများလို့ ခေါ် တာ နာစရာမဟုတ်သေးပါ။
တလိုင်းဟု ခေါ်ခံရလျှင် ဆတ်ဆတ်ခါ နာကြည်းရခြင်း အကြောင်း အရင်းကား ဦးဖိုးကျား၏ မြန်မာရာဇဝင်ပါ နောင်မွန်တို့နှင့် ရောစပ်ပေါက်ဖွားလာသူများကိုလည်း တလိုင်းဟု ခေါ်ကြောင်း ဟူသော အဆိုသည် အဓိက ကျသော အကြောင်းအချက် ဖြစ်တော့သည်။
မွန်ရာဇဝင်လာ အချက်တစ်ခုရှိသည်။ တိုတိုပဲ ဖြတ်ပြော ပါမည်။ တိဿဘုရင်သည် မိမိကို အယူလွဲမှားအောင် သွေးဆောင်ဖြားယောင်းခဲ့သော တေလဂူများကို ပဲခူး နေပြည်တော်မှ ရိုက်ပုတ်နှင်ထုတ်ခဲ့ပါတယ်။ ပဲခူးသူများနဲ့ တေလဂူများ ပေါင်းဖော်ရရှိသော သားသမီးများကိုလည်း ကောန်ဣတလေင်(ကွန်ဏ္ဍတလိုင်-ဖမစစ်သား ) လို့ ဆဲဆို ပြီး ပဲခူးနေပြည်တော်ကနေ ရိုက်ပုတ်နှင်ထုတ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။
မွန်ဘာသာဖြင့် ဆဲဆိုသော အသံနှင့် နီးစပ်ခြင်း ရာဇဝင်ရှိခဲ့ ခြင်း ဦးဖိုးကျားက ဆိုလိုက်ခြင်းတို့ ပေါင်းဆုံသွားသောအခါ ပေါက်ကွဲသံစဉ် မြည်ဟိန်းလာပါတော့တယ်။ ကိုလိုနီခေတ် အတွင်း ဦးဖိုးကျား မတိုင်မီ တလိုင်းဟူသော အသုံးဖြင့် ရေးသားခဲ့သော ရဟန်း ရှင်လူ ဆရာများ၏ စာအုပ်ပေါင်း မနည်းပါ။ ပြဿနာ မဖြစ်ခဲ့ပေ။ ထိုအသုံးအနှုန်း တစ်ခုက စတင်ပြီးနောက် ပေါက်ကွဲ ထွက်လာခဲ့ရာ အကြီးအကျယ် ဖြစ်လာခဲ့ရသည်။
အချုပ်အားဖြင့်ဆိုသော် တန်လိုင်းသည် မွန်မဟုတ်ကြောင်း ခေတ်ပြိုင်မှတ်တမ်းများဖြင့်လည်းကောင်း ကျောက်စာ အထောက်အထား စာပေအထောက်အထား မြေပြင် အထောက်အထားများအားဖြင့် လည်းကောင်း ဥပဒေ အားဖြင့်လည်းကောင်း တင်ပြလာခဲ့ ပြီး ဖြစ်ပါသည်။
မွန်ဟူသော စကားလုံး ပေါ်ပေါက်လာပုံကို လေ့လာရန် လိုပါသည်။
မွန် ဆိုတဲ့ ဝေါဟာရ ပေါ်လာပုံကို ပြော ထားတာ ဖတ်မှတ် ဖူးသမျှထဲ မူကွဲတွေ တွေ့ရပါတယ်။ ဘယ်ဟာ အမှန်ပါဆို တာ ကောက်ချက်ဆွဲဖို့ မလွယ်ပါ။ စကားလုံး တွေကနေ လျောက်ဆွဲယူပြီး ပြောထားတာတွေ ဖြစ်နေလို့ ပါ။
၁။ မွန်ဂိုလွိုက်ကို စွဲပြီး မွန် ခေါ်တယ်
၂။ မွန်ဂိုက နေ ဂိုကို ဖြုတ်ပြီး မွန်ခေါ် တယ် (ပါဒမှာ)
၃။ မဏ္ဍလ ကနေ မန် မွန် အဲလို ဖြစ်လာ တယ် ယူတာ ရှိတယ်
၎။ မနု မှ မန် မန်မှ မွန် ဖြစ်လာတယ် ဆိုပြီး ယူတာရှိတယ်
၅။ Rman ကနေ မွန်ဖြစ်လာတယ်
၆။ ရာမညက နေ မွန်ဖြစ်လာတယ်
အဲလိုချည်း အမျိုးမျိုး ဆိုတော့ ဘယ်ဟာကို ယူသင့်တယ် ဆိုတာကို ခုထိ နီးနီးစပ်စပ် အထောက်အထား ပြလောက် စရာ ကျွန်တော် မတွေ့ဖူးသေးပါ။
ဘာသာဗေဒ ပညာရှင် ဒေါက်တာလိုဂန်က မွန်အာနန်လို့ စခေါ်လိုက်တယ်။
အာရှ့အရှေ့ဘက်ခြမ်းတကျောလုံးက လူမျိုးစုတွေ အားလုံးကို ပေါင်းပြီး မွန်အာနန်လို့ ခေါ်တာ။ လူမျိုးစုပေါင်း အများကြီးပါဝင်တယ်။
မွန် ဆိုတဲ့ အခေါ်က အဲချိန်က ဘယ်နားက ရတယ်ဆိုတာ မှတ်တမ်း မတွေဖူးပါ။
မွန်နဲ့ ခမာက စကားဆင်တူတယ် ဆိုပြီး နောက်ပိုင်း ပညာရှင်တွေက မွန်ခမာလို့ နာမည်အသစ် ပြောင်းခေါ် တယ်။ ၂၀ ရာစုဦးမှာ မွန်ခမာနာမည် ဖြစ်လာတယ်။ အဲမှာ စကားဆင်တူလို့ ပေါင်းခေါ်တာပါလို့ ပါမောက္ခ ရှားမစ်က ပြောထားတယ်။ လူမျိုးတူတာ မဟုတ်ပါဘူး။ နောက်တော့ မွန်ခမာ ဆိုတဲ့ ဟာကိုပဲ သြစတြိုအေရှတစ် ဆိုပြီး ထပ်ပြောင်း ခေါ်ပါတယ် အဲဒါ တစ်ခုတည်းပါ
၁၁ ရာစု ဒွါယဝတီကို ခမာတွေ သိမ်းတယ်။ ဒွါယဝတီ နိုင်ငံ ပျက်တယ်။ မရှိတော့ဘူး။ အဲဒီ အချိန်ထိ မွန် ဆိုတဲ့ ဝေါဟာရက မပေါ်သေးဘူး။ ဘယ်လိုနည်းနဲ့ ဒွါယဝတီကို မွန်နိုင်ငံလို့ ဆိုကြတာလည်း ကျွန်တော်တော့ သဘော မရှင်းပါဘူး။ ဒွါယဝတီနိုင်ငံနေလူတွေဟာ ဘာလူမျိုးတွေလဲ မေးရင် ဘယ်လို ပြောကြမလဲ။ ဒါကို ဘယ်လို ဖြေမလဲ။
မွန်လို့ ပြောလို့ မရဘူး ဖြစ်နေပါတယ်။ မွန် စကားနဲ့ ဆင်တူ တဲ့ လူမျိုးစုက တပုံကြီး။ ဗီယက်နမ်ကနေ ဂျာဗား မြောက် ကနေ တောင်ထိ မဲနန်မြစ်ဝှမ်း တကျောလုံးဟာ အဲဒီ ဘာသာစကား ဆင်တူရိုးမှားတွေသုံးတဲ့ လူမျိုးတွေချည်းပဲ။
ဒီတော့ ဘယ်လူမျိုးစုက ဒွါယဝတီမှာ မင်းလုပ် အုပ်ချုပ် တာလဲ မေးရပါမယ်။
မွန်ဆိုတာ ဘယ်လိုနည်းနဲ့ သိပါ သလဲ။
ကျောက်စာအပိုင်းကျိုး တစ်ခုတွေ့တာလေးနဲ့
မွန်နိုင်ငံပါလို့ ဆိုတာကတော့ ပေါက်လွတ်ပဲစား ပြောတဲ့ စကားပါပဲ။ ပညာရှင် ဆိုသူတွေ စည်းကမ်းမဲ့ လုပ်ကြတဲ့ အလုပ်ပါ။ ဗုဒ္ဓဂါယာမှာ ဗမာ ကျောက်စာတွေ ရှိတယ်။ ဒါတွေ့တော့ ဗမာနိုင်ငံပါ ပြောလို့ ဖြစ်ပါ့မလား။
ဗီယက်နမ်တောင်ပိုင်း ကမ္ဘာဒီးယား ထိုင်း ဒီသုံးနိုင်ငံ ပဲကြည့်ပါ။ စကားက ဆင်တူသုံးသူတွေချည်း နေကြတယ်။ ဘာလူမျိုးလဲ။ ခမာက ရှင်းတယ် သူ့ဟာသူ AD-3 ကတည်းက စဒုန်းလူမျိုးတွေက ခမာအင်ပါယာ ထူထောင် ပြီးလာတယ်။ ဒွါယဝတီ နေရာဟာ ခမာပိုင်နက်။ ဒွါယဝတီ မရှိသေးဘူး။ ၆ ရာစုမှ စတယ်။ ခမာအင်ပါယာထဲမှာ ဘာမှန်းမသိသေးတဲ့လူမျိုးက ထပြီး ဒွါယဝတီနိုင်ငံ ထူထောင်တယ်။
ဒီနေရာလေး စဉ်းစားကြည့်ပါ။ ဒွါယဝတီနိုင်ငံ တည်သူတွေ က ခမာမင်း မဖြစ်နိုင်ဘူးလို့ ငြင်းရဲပါသလား။ မွန် ဆိုတာ ရှိကို မရှိသေးဘူးပါဘူး။ မွန်မင်းလို့တော့ ပြောလို့ မဖြစ်ဘူး။
အခြားမျိုးစုတွေကော မဖြစ်နိုင်ဘူးလား။
ဒါက သေသေချာချာ လေ့လာစီစစ်ရမယ့် အချက်ပါ။ မွန်အက္ခရာနဲ့ တူတယ် ဆိုပြီး မွန်မင်း မွန်နိုင်ငံ ပြောရင် ခမာမင်း ခမာ နိုင်ငံပါလို့ ပြန်ခံပြောပြီတဲ့ ဘယ်လို ဖြေရှင်း မလဲ။ အက္ခရာ စကား ယဉ်ကျေးမှုဟန် ဆင်တူရိုးမှားတွေ ချည်းပါပဲ။
အဲဒါ ခဏထားဦး။ နောက်ပြည်ပ သမိုင်း မှတ်တမ်းတွေမှာ ဒွါယာဝတီ အင်အား တောင့်တင်းလာပြီး အရမ်းထွန်းကား ပါတယ်ဆိုတဲ့ မှတ်တမ်းအခိုင်အမာ ရှိသလား စစ်ရပါမယ်။ အင်အားတောင့်ဖို့ နေနေသာသာ သုံးမြို့ကွဲပြီး အချင်းချင်း ချတော့ ကြားက ခမာတွေ ဝင်သမသွားတာနဲ့ အကုန် ပြေးကြရတာ။ ဘာမှန်းမသိတဲ့ လူမျိုးတွေ ခမာတွေလည်း ဖြစ်နိုင်တယ် ဒါက စဉ်းစားဝေဖန်စီစစ်ရမယ့် အချက် အချို့ပါ။ ဘယ်နည်းနဲ့ ဒွါယာဝတီဟာ မွန်နိုင်ငံပါလို့ ယူပြီး ပြောနေကြတာလဲ ဆိုတာ နားမလည်နိုင်ဘူး ဖြစ်ရတယ်။
၁၁ ရာစုမှာ ဒီလူတွေ ပြေးရပြီ။ ဘယ်ကို ပြေးသွားတာလဲ။ ပြေးတဲ့ နေရာတော့ သိရပြီ။ ပြောထားပြီးပါပြီ။
AD-10 ရာစု ဂျာဗားက ကျောက်စာမှာ ရေးတဲ့ စာက လည်း မွန်မှ မဟုတ်ဘဲ။ အဲဒါလဲ နီးစပ်ပုဒ်ကို ဆွဲယူပြော တာပဲ။
ဒီတော့ မွန်ဆိုတဲ့ အခေါ်ဟာ မြန်မာနိုင်ငံ ထဲမှာ ရော ဘယ်အချိန်မှာ စသုံးတာလဲ မေးရပါမယ်။ လေ့လာကြည့် ပါတယ်။ ကျွန်တော် တွေ့ဖူးသမျှ အစောပိုင်းဟာ တွေ မှာတော့ တန်လိုင်း ဆိုတာတွေပဲ တွေ့တယ်။ ဒီတလိုင်း ဆိုတာလဲ ကိုလိုနီခေတ်နှောင်း ၁၉၀၀ ပြည့် ၂၀ ရာစုဦးမှ ပြဿနာ စတက်တာကို သက်သေ အခိုင်အမာနဲ့ တွေ့ တယ်။ မင်းတွေလက်ထက်က ဘာမှမဖြစ်ဘူး သခင်ကိုယ် တော်မှိုင်းတောင်းတောင်မှ ပဲခူးရာဇဝင် ပြဇာတ်မှာ တအုပ် လုံး တလိုင်းချည်း ရေးသွားတယ်။
မွန်ဆိုတဲ့ စကားလုံးက ဘယ်ချိန်မှပေါ်လဲဆိုရင် ကိုလိုနီ ခေတ် စာပေတိုက်ပွဲ ကာလမှာ ဦးဖိုးကျားက တလိုင်း ဘာဖြစ်တယ် ညာဖြစ်တယ် ရေးတာကို မကျေနပ်လို့ ပြဿနာက အစ ပျိုးလာတယ်။ အဲချိန်က တန်လိုင်း တွေက လုစ်နဲ့ ပနံ ရနေချိန် ဦးဖိုးလတ်က လုစ်ကို ထ ကန် လိုက်ခဲ့တာကို မကျေမနပ် ဖြစ်နေတဲ့ လုစ်က မကျေနပ်သူ အချင်းချင်းပေါင်းပြီး လုစ်ထောင်ချောက်ထဲ တလိုင်းတွေ ပြေးဆင်းတာ လူသတ်မှုတွေ ဖြစ်လိုဖြစ် တရားတဘောင် ဖြစ်လိုဖြစ်နဲ့။ အဲဒီ နောက်ပိုင်းမှ ဒီမွန် ဆိုတဲ့ ဝေါဟာရက ထွက်လာတယ်။ အဲဒီရှေ့က ရေးခဲ့တဲ့ စာအုပ်စာတမ်းတွေ ဖတ်ကြည့်ရင် မွန်လို့ မရေးဘူး။ တလိုင်းသာ ရေးတာ ထင်ရှားနေတယ်။
မွန်ခမာလို့ ခေါ်တဲ့ အမည် ပေါ်ချိန်ကို ပြန်ကြည့်ရင် ၁၉၀၀ ပြည့်ဝန်းကျင် ၂၀ ရာစုမှ ခေါ်တယ်။ ပြဿနာ ထဖြစ်ကြ ချိန်နဲ့ ဒီနာမည်တွေ ပေါ်လာချိန်တွေကို ညှိနှိုင်း ကြည့်ရင် အဲဒီကာလ ဝန်းကျင်တဝိုက်မှ ပေါ်လာတဲ့ ဝေါဟာရလို့ ပြောလို့ ရတယ်။
မွန်ညီအစ်ကိုများကလည်း သက်သေရ လောက်စရာတွေ ရှိရင် ပြောပေးပါ ဒါတွေ ပြောတာက လူမျိုးရေးနဲ့ မဆိုင် ပါဘူး စဉ်း စားသင့်တာကို လမ်းကြောင်းအလိုက် ပြောနေ တာလောက်ပါပဲ။
ရာမည
နောက် ဆက်စပ်စကားအနေဖြင့် ရးမည ကနေ ရာမည ဖြစ်လာတယ် ဆိုတာရှိသလို ရာမညကနေ ရမည်းသင်း ဖြစ်လာတယ် ဆိုပြီး ဆိုပြန်တယ်။ ဒါတွေက လိုရာဆွဲ ပြောတာတွေသာ ဖြစ်တယ်။ သဘာဝယုတ္တိ လုံးဝ မရှိပါ။ သုတေသနလုပ်ငန်းအားဖြင့်လည်း မလျော်။ စကားတလုံး တည်းကို လိုတာ လိုက်ယူထားတာတွေသာ ဖြစ်နေပါ တယ်။
အမှန်တကယ်အားဖြင့် ရာမည ဆိုတာ မြန်မာအက္ခသုံး ပါဠိဝေါဟာရသာ ဖြစ်ပါတယ်။ မွန်စာဟုဆို၍ မရပါ။ ထိုအချိန်က မွန် မရှိသေးပါ။ ဆိုချင်းဆိုပါလျှင် တလိုင်းစာ ဟုသာ ဆိုရမည်။ ဆိုနိုင်သည်။ ထိုကာလများတွင် တလိုင်း ဟူသော ဝေါဟာရသာ အထောက်အထား ခိုင်ခိုင်မာမာ ရှိသည်။ မွန်ဟူသော ဝေါဟာရ မရှိပါ။ ယခုထိလည်း မွန်ဟူသော ဝေါဟာရ ဘယ်ကလာသည်ကို တိတိကျကျ မရှိသေးပါ။ မြန်မာစာကျောက်စာအနေဖြင့် ရာဇကုမ္မာရ် ကျောက်စာသည်လည်း အစောဆုံး မဟုတ်ပါ။ ပုပ္ပါးစော ရဟန်းမင်း၏ တူရွင်းတောင်သိမ်ကျောက်စာသည် မြစေတီ ရာဇကုမ္မာရ် ကျောက်စာထက် ပိုစောပါတယ်။
ရာမညဆိုတာ ရမတိ ဧတ္ထာတိ ရာမည ဆိုတဲ့ ဝိဂြိုလ် ဝါစနတ်နဲ့အညီ နှလုံးမွေ့ပျော်ဖွယ်ရာ အရပ်လို့ အဓိပ္ပါယ် ရပါတယ်။
အချုပ်အားဖြင့် ဆိုသော် တလိုင်းနှင့်မွန်သည် လူမျိုး တစ်မျိုးစီသာ ဖြစ်သည်။ မတူပါ။ ၂၀ ရာစု မတိုင်မီ မွန် ဟူသော ဝေါဟာရ မရှိခဲ့ပါ။ မွန်ဟူသော ဝေါဟာရ ဘယ်က လာသည် မသိသေးပါ။ မြန်မာနိုင်ငံတွင် ရှေ့ပိုင်းကာလများ ၁၉၀၀ ပြည့်မတိုင်မီအထိ မွန်ဟူသော လူမျိုး ရှိသည်ဟု အထောက်အထား ရှာမရပါ။ ထိုကြောင့် မွန်ကျောက်စာ များဟု ခေါ်ထွင်နေသည်များကို တလိုင်းကျောက်စာများဟု ပြောင်းလည်း ခေါ်ဝေါ်သင့်သည်ဟု ယူဆပါသည်။ မွန် ဝေါဟာရ မပေါ်ခင်က မွန်သမိုင်းဟု ခေါ်ဆိုနေသော ရာဇဝင်သမိုင်း စာပေများကို တလိုင်း ရာဇဝင် သမိုင်း ဟုသာ ရေးသား ခေါ်ဆိုသင့်ပါသည်။ မွန် ဝေါဟာတောင် မရှိပါဘဲ မွန်ရာဇဝင်သမိုင်းဟု ခေါ်ဆိုနေကြသည်မှာ ထူးဆန်း အံ့ဖွယ် ဖြစ်ရပါသည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်