လွှတ်တော်တွင် ချေးငွေကိစ္စ တိုက်ပွဲဖြစ်ပွား
===============================
နိမ့်ကျနေတဲ့ ကဏ္ဍတွေကို ပြုပြင်ဖို့ မစဉ်းစားဘဲ ဒါတွေကို အကြောင်းပြပြီး နိုင်ငံတကာ ချေးငွေယူနေတဲ့ ဓလေ့ဖျောက်ဖို့ လိုပြီလို့ ကိုယ်စားလှယ်က ပြောပါတယ်။
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရဲ့ ဘတ်ဂျက်ထဲကနေ ငွေကျပ် ၄၇၀ ဘီလီယံကျော်ကို လျှော့ ချဖြတ်တောက်ဖို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အစီရင်ခံစာ တင်သွင်းခဲ့ပါတယ်။
ဥပဒေဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာနဲ့ ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာတွေကို ပြည်ထောင်စု လွှတ်တော်မှာ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဌ ( ၂ ) ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော် မှာ ထည့်သွင်းပြောဆိုသွားတာပါ။
"၂ဝ၁၆ - ၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေရသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းပါ ရငွေ သုံးငွေများ စိစစ်ရေးပူးပေါင်းအဖွဲ့ ၁၇ ဖွဲ့ရဲ့ စိစစ်တင်ပြချက်အရ စုစုပေါင်းငွေကျပ် သန်းပေါင်း လေးသိန်းခုနှစ်သောင်းရှစ်ထောင်လေးရာငါးဆယ့်နှစ်(ဒဿမ)ငါးတစ်ငါးသန်းကို လျော့ချခွင့်ပြု သင့်ပါကြောင်း သဘောထားမှတ်ချက် တင်ပြအပ်ပါတယ်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက ပြည်ထောင်စုလွှတ်တော်၏ လိုငွေသည် မူလ ကျပ် သုံးထောင်ခုနှစ်ရာငါးဆယ့်ခုနှစ်(ဒဿမ)ငါးသုညရှစ် ဘီလီယံကနေပြီးမှ ကျပ် သုံးထောင်နှစ်ရာခုနှစ်ဆယ့်ကိုး(ဒဿမ)သုညငါးခြောက် ဘီလီယံအထိ လျော့ကျသွားပြီး လိုငွေနဲ့ဂျီဒီပီ အချိုးဟာလည်း သုံး(ဒဿမ)ကိုး ရာခိုင်နှုန်းသို့ ပြောင်းသွားမှာဖြစ်ပါတယ်"
ဒါ့အပြင် တချို့ဝန်ကြီးဌာနတွှေအနေနဲ့ ဘဏ္ဍရေးဆိုင်ရာ စည်းကမ်းနဲ့ မကိုက်ညီပဲနဲ့ ငွေစာရင်းတွေဖွင့်ပြီး ရန်ပုံငွေထား သုံးစွဲနေတာတွေရှိတဲ့အတွက် တွေ့ရှိရင် အရေးယူဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီရဲ့ သဘောထားမှတ်ချက်ကို ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုး က ထည့်သွင်းပြောဆိုသွားပါတယ်။
"ဘဏ္ဍာငွေ ရသုံးဆိုင်ရာဥပဒေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး၊ လုပ်နည်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ ငွေစာရင်းခေါင်းစဉ်တွေဖွင့်ပြီးတော့ ရန်ပုံငွေများ ထားရှိသုံးစွဲနေတဲ့ဌာနတွေ ရှိပါတယ်၊ ဒီဟာတွေဟာ ဥပဒေကြောင်းအရလည်း ဥပဒေနဲ့မညီညွတ်တဲ့အတွက်ကြောင့်မို့လို့ ဒီလိုစာရင်းတွေဖွင့်လှစ်ထားရှိ သုံးစွဲနေတာတွေကို စိစစ်တွေ့ရှိခဲ့ရင် အရေးယူဆောင်ရွက်သွားဖို့ လိုအပ်ကြောင်းကိုလည်း တင်ပြလိုပါတယ်"
နိုင်ငံတော်က တောင်းထားတဲ့ ဘတ်ဂျက်တွေကို ကုန်အောင်မသုံးနိုင်တဲ့အတွက် နှစ်စဉ် ဘီလီယံ ၂ ထောင်နီးပါး ပြန်လည်အပ်နေရအတွက် နိုင်ငံတော်အတွက် ထိထိရောက်ရောက်အသုံးပြုနိုင်မယ့် ဘတ်ဂျက်ဖြစ်အောင် ရေးဆွဲဖို့လိုအပ်ကြောင်းလည်း အစီရင်ခံစာဖတ်ကြားစဉ် ဦးအောင်မင်းက ပြောဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ရာခိုင်နှုန်း ကျော် အထိ မြင့်တက်လာကြောင်း အစီရင်ခံစာမှာပါရှိပါတယ်။
နိုင်ငံတော်အနေနဲ့ ပညာရေး၊ ကျန်းမာရေးစတဲ့ကဏ္ဍတွေမှာ ဦးစားပေးသုံးစွဲတဲ့အတွက် အခြေခံပညာ ကျောင်းများ ၊ကျေးလက်ကျန်းမာရေးဌာနခွဲများ တိုးချဲ့တည်ဆောက်ရာမှာ အသုံးစရိတ်များကို မြေပြန့်၊ တောင်ပေါ်ဒေသ ခွဲခြားမှုမရှိဘဲ ပြည်ထောင်စုတစ်ခုလုံးအတွက် တစ်ပြေးညီဘတ်ဂျက်ခွင့်ပြုခြင်း အစား သူ့ဒေသအလိုက် ပကတိဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ကိုက်ညီတဲ့ အသုံးစရိတ်များ ဖြစ်ပေါ် လာစေရေးအတွက် ပြောင်းလဲ သင့်ကြောင်းလည်း ဦးအောင်မင်းက အကြံပြုဆွေးနွေးသွားပါတယ်။
======
အစိုးရအနေနဲ့ နိုင်ငံတကာက ချေးငွေတွေယူတဲ့အခါမှာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိမယ့် လုပ်ငန်းတွေ အတွက်သာဖြစ်သင့်ကြောင်း မင်္ဂလာဒုံမဲဆန္ဒနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံ သ၀ဏ်လွှာပေးပို့တာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၇ ဦးက ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ရာ ဦးအောင်လှိုင်ဝင်းက အခုလိုဆွေးနွေးသွားတာပါ။
"ချေးငွေက တစ်ချိန်မှာပြန်ဆပ်ရမှာဖြစ်ပါတယ်၊ အဲ့ဒီတော့ ဒီဟာက အလကားပေးတာမဟုတ်ပါဘူး ဒေါ်လာ သန်း ၁ဝဝ၊ နှစ် ၃ဝ ကျော်နဲ့ချေးတယ်၊ နှစ် ၄ဝ နီးပါးချေးတယ်ဆိုပေမယ့် ကျနော်တို့ သားစဉ်မြေးဆက် ကျနော်တို့ မြေးတွေ၊ မြစ်တွေကျရင် ပြန်ဆပ်ရမှာဖြစ်ပါတယ်၊ မိဘတစ်ဦးအနေနဲ့ စဉ်းစားမယ်ဆိုရင်တောင် မှ ကိုယ့်သားသမီးနောင်ရေးအတွက် ပိုက်ဆံတွေချန်ခဲ့ရမယ့်အစား ကိုယ့်သားသမီးဆပ်ရမယ့် အကြွေးတွေ ကို ယူပြီးတော့သုံးနေတာမျိုးဟာ မသင့်လျော်ပါဘူး၊ တကယ်တိုးတက်ရေးလုပ်ငန်းရှိမှသာ ဒီပိုက်ဆံတွေကို သုံးစွဲသင့်ပါတယ်၊ အဲ့ဒီတော့ ကျနော်တို့က အခုလိုတင်ပြရနေတာက ဘဏ်လုပ်ငန်းတွေကို မတိုးတက်စေ ချင်လို့၊ ဘဏ်လုပ်ငန်းတွေကို ပိတ်ပင်ဖို့ ဒါအတွက် ကျနော်တို့ ပြောနေတာမဟုတ်ပါဘူး၊ ကျနော်တို့က ဘဏ်လုပ်ငန်းတွေကို တိုးတက်စေချင်တယ်၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးတက်စေချင်ပါတယ်၊ သို့သော် ဒီချေးငွေကအကျိုး ရှိ မရှိ ဆိုတာကို ကျနော်တို့ ဆွေးနွေးနေတာဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီချေးငွေနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးဌာနရဲ့ ခိုင်လုံတဲ့၊ လုံလောက် တဲ့အကြောင်းပြချက်ရှိမှာသာ ခွင့်ပြုသင့်တယ်လို့ ကျနော်ထင်ပါတယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲဖို့ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စား လှယ် ဦးသန်းစိုးက ထောက်ပြဆွေးနွေးသွားပါတယ်။
နိုင်ငံတကာက ချေးငွေတွေ အထောက်အပံ့တွေကြောင့် တိုးတက်သွားတဲ့နိုင်ငံ ကမ္ဘာပေါ်မှာမရှိ ကြောင်းနဲ့ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကိုယ်တိုင်းပြည်ကသာ အဓိကဖြစ်ကြောင်းလည်း ဦးအောင်လှိုင်ဝင်းက ဆွေးနွေး ပါတယ်။
ဒီကနေ့ ဆွေးနွေးမှုတွေကို လွှတ်တော်က ဆုံးဖြတ်ချက်မရှိသေးဘဲ နောက်ဘယ်နေ့မှာ ဆက်လက် ဆွေးနွေးမယ် ဆိုတာလည်း ကြေညာခဲ့ခြင်းမရှိခဲ့ပါဘူး။
ချေးယူမယ့် သန်း ၁၀၀ ထဲက ဒေါ်လာ ၇၅ သန်းဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်ဖြစ်ပြီး ၀န်ထမ်း လစာ၊ စရိတ်၊ ပင်စင်ငွေပေးဖို့ အထောက်အပံ့အနေနဲ့ သုံးစွဲ သွားမှာ ဖြစ်သလို ကျန်တဲ့ ဒေါ် လာ ၂၅ သန်းဟာ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ရဲ့ အရည်အသွေးမြှင့်တင်ရေးနဲ့ ငွေရေး ကြေးရေးဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် သုံးစွဲ သွားမှာဖြစ်ပါတယ်။
အဲ့ဒီချေးငွေဟာ ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်နဲ့ အတိုးမဲ့ချေးငွေဖြစ်ပြီး ၀န်ဆောင်ခ တစ်နှစ်ကို ၀ ဒသမ ၇၅ ရာခိုင်နှုန်း ပေးရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးကနေ ယူထားတဲ့ကြွေးမြီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံကျော် ရှိပါတယ်။
အကြောင်းအရာတိုင်းကို ဒီလို ဖိုက်တင်ဆွဲတာမျိုး ဝေဖန် ထောက်ပြကြရင် မြန်မာပြည်ဟာ ဂေါ်ဇီလာမဟုတ်ဘူး
ထာဝရဘုရားလည်း လုပ်ချင်လုပ်လို့ ရပါတယ်။
လက်ညှိုးထောင် ခေါင်းငြိမ့် ငုတ်တုတ်ငိုက်နေတဲ့ လွှတ်တော်
သက်တမ်း ၅ လအတွင်း စိတ်ချမ်းမြေ့စရာ အနေအထား တစ်ခု တစ်ကြိမ်ကြုံရတယ်လို့ ပြောရမှာပါ ဒီလို အပြန်အလှန်
ချဲတာမျိုးတွေ မပါပဲ မဲခွဲ မဲခွဲ ဆိုတာတွေဟာ အရေးမပါတာပါ
မကောင်းတာ မသင့်လျော်တာတွေလည်း မဲများရာသာပြီး အပေါ်စီး ဖြစ်သွားတတ်ပါတယ်။ အကျိုးအပြစ်ကို စေ့စေ့ငုငု ဝေဖန်ထောက်ပြနိုင်ခြင်း ရှိနေမှသာ အစည်းအဝေးကောင်း တစ်ရပ် ဖြစ်ပါတယ်။ ပြောသမျှ ထောက်ခံပါတယ် ဆိုတာ နဲ့ ကန့်ကွက်သူမရှိနိုင်တဲ့ အဆို ဥပမာ အဂတိလိုက်စားမှု လျော့ ချရေး အဆိုလိုမျိုးကို လူတစ်ဒါစင်လောက် ထပြီး ထောက်ခံပါ တယ် ဆိုပြီး တယောက်ပြီးတစ်ယောက် ထပြော တနေကုန် တော့ နိုင်ငံတော် ဘဏ္ဍာ သိန်း ၇၀၀၀ ဆုံးသွားတယ် ဒါမျိုး မဖြစ်သင့်ချေ။
အကြိတ်အနယ် အပြန်အလှန်ဆွေးနွေးကြပြီး ဆုံးဖြတ်ရတာမို့ တစ်ရက်မက တနှစ်ပြည့်လည်း အဖိုးတန်ပါတယ်။ အသေးစိတ် အချက်အလက်ငယ်မှအစ ရှင်းပြနေရတာမျိုး နည်းနည်းပါနေ တာက လွဲရင် ဒီအစည်းအဝေးဟာ အစည်းအဝေးကောင်း ခေါ် ရမှာပါ။
လွှတ်တော်မှာ နေ့တိုင်း တိုက်ပွဲဖြစ်နေလေလေ ပြည်သူတွေ အတွက် ခိုင်မာတဲ့ စံမံကိန်း စီမံချက် စတာတွေ ရလေလေပါ
ဆွေးနွေးပွဲ တစ်ခုမှာ အငြင်းပွားဟန် အကြိတ်အနယ် ဆွေးနွေး တဲ့ အဆင့်မပါရင် ဒါဟာ ဆွေးနွေးပွဲ မဟုတ်သလို အစည်း အဝေးလည်း မမည်တော့ချေ။ လူတိုင်း လက်ခံနိုင်တာကို အကျယ်တဝင့်ဇာချဲ့ပြောနေဖို့လည်း မလိုအပ်ဘူး မဟုတ်လား လေ။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်