မောင်သန်းဆွေ (ထားဝယ်)
ဆရာမ ခင်ခင်ထူး၏ “ဝတ်လဲတော် ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်” ဝတ္ထုရှည်ကြီးကို ၂၀၀၄ ခုနှစ်၊ ဧပြီလဆန်းတွင် မဟေသီ မဂ္ဂဇင်း၌ ကျွန်တော် စ၍ဖတ်ခဲ့ရသသည်ဟု ထင်ပါသည်။ တစ်နှစ်နီးပါး စောင့်၍ ဖတ်ခဲ့ရသော ဝတ္ထုရှည်ကြီး ဖြစ်၏။ ဆရာမ ခင်ခင်ထူး၏ အညာကျေးလက် အခြေခံ ဝတ္ထုများကို ကြိုက်နှစ်သက်သော ပရိသတ်များထဲတွင် ကျွန်တော်လည်း ပါသည်။ ဆရာမ ဝတ္ထုများထဲတွင် အညာရနံ့ သင်းနေသည်။ အညာ၏ အရိပ်များကိုလည်း မြင်နေရ၏။ အညာ၏ အငွေ့အသက် များကိုလည်း ပုံဖမ်းကြည့်၍ ရသည်။ကျွန်တော် ငယ်စဉ်က အညာတွင် နေခဲ့ရသောကြောင့် အညာအစာနှင့် အညာအထာကို ကျွန်တော် ရင်းနှီးပြီး ဖြစ်သည်။ “ဝတ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်” ဝတ္ထုအခြေခံရာ ဒေသဖြစ်သည့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြားရှိ ကျွန်း ၁၂ ရွာကို ကျွန်တော် ရောက်ဖူးသည်။ ကိုကြီးကျော် နတ်နန်းရှိရာ ထန်းတောကူနီရွာသို့ ကျွန်း ၁၂ ရွာမှ အချို့သော ရွာများကို ဖြတ်ပြီး သွားဖူးသည်။
ဤလမ်းကို မြေတော်လမ်းဟု ခေါ်ကြသည် ထင်ပါသည်။ ဆရာမ ခင်ခင်ထူးသည် သူ၏ကြီးတော်ရှိရာ ဧရာဝတီမြစ်ဆိပ် ကမ်းရွာ တစ်ရွာဖြစ်သည့် မြေတော်ရွာ၏ အနောက်မြောက် ယွန်းယွန်းရှိ ဖြုံဘူးရွာကို ကိုကြီးကျော်နတ်ပွဲ ကျင်းပသည့် တပေါင်းလတိုင်း၊ မိသားစုနှင့် သွားလေ့ ရှိသည်ဟု ဆိုသည်။ ထိုကြောင့် ဖြုံဘူးရွာ၊ ကျောက်ဖူးရွာ၊ မီးလောင်ကျွန်းရွာ၊ ထန်းတောရွာ၊ ချင်းယားရွာစသည့် ကျွန်း ၁၂ ရွာ၏ အညာကျေးလက် ရှုခင်းများကို အရိုးအသားထဲ စွဲနေအောင် ခံစားခဲ့ဖူး၏။
ထိုကြောင့် ဖြုံဘူးရွာကို အခြေတည်ကာ သူ၏ ဇာတ်အိမ်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တပေါင်းလတွင် ကျင်းပသော ကိုကြီးကျော် နတ်ပွဲ ရှိရာသို့ အမျိုးမျိုးသော ကုန်းလမ်း၊ ရေလမ်းများမှ သွားနိုင်သည်။ အထက်အညာမှ သွားသူများ သည် ရေစကြိုဘက်မှ ပခန်းကြီးသို့ ဆင်းလာကာ တစ်ဖက်ကမ်းသို့ ကူး၍ လာသည်လည်း ရှိ၏။ ရေစကြိုမှ ရေလမ်းဖြင့် ထန်းတောရွာ အရောက်လာ ကြသည်လည်း ရှိ၏။ ရန်ကုန်မှ လူများကမူ မီးရထားဖြင့် ဖြစ်စေ၊ ကားလမ်း ဖြင့်ဖြစ်စေ မြင်းခြံသို့ လာကြကာ မြင်းခြံမှ ဧရာဝတီမြစ် ဆိပ်သို့ ဆင်း၍ မော်တော်ဖြင့် သွားကြသူများလည်း ရှိ၏။ (ဤလမ်းတွင် မြင်းလှည်းဖြင့် မြစ်ဆိပ်သို့ ဆင်းရာ၌ လမ်းကြမ်းလှ ဆိုးလှသဖြင့် အတော် ဒဏ်ခံကြရသည်။) မြင်းခြံမှ တစ်ဖက်ကမ်းသို့ ကူး၍ မြေတော် သူများသည် ပခန်းနန်းသို့ပါ တစ်ပါတည်း လိုက်၍ ခစားကြသည်။
ကျွန်တော်တို့ အုပ်စုသည် တစ်နှစ်သော တပေါင်းလတွင် မန္တလေးရောက် နေသဖြင့် တောင်ပြုံးစစ်ပြန်ပွဲကို ဝင်နွှဲ ကြ၏။ ထိုကမှ ပခန်းသွားမည့်သူများ နှင့် အဖွဲ့ကျကာ ပခန်းလိုက်ရန်အခြေအ နေပေးလာသည်။ ထို့ကြောင့်မန္တလေး မိတ်ဆွေများနှင့် ပေါင်းပြီး ပခန်းသို့သွား ခဲ့ကြသည်။ နံနက် ငါးနာရီကတည်းက ထွက်ခဲ့ကြသော ကျွန်တော်တို့ အုပ်စုသည် ကူမဲတွင် နံနက်စာ ဝင်စားကြသည်။ မြင်းခြံသို့ ကိုးနာရီ ထိုးခါနီးမှ ရောက်၏။ ကျွန်တော်တို့ အုပ်စုထဲမှ အန်တီလေးဟု ခေါ်သည့် ဒေါ်မြကြည်(ပွဲထိုင်)၏ အသိဖြစ်သော မြင်းခြံမှ ဆီစက် ပိုင်ရှင် အိမ်တွင် စတည်းချသည်။ ထိုအိမ်၌ပင် ၁၀ နာရီခွဲခန့်၌ နေ့လယ်စာ ထမင်းစားကြပြန်၏။ မြင်းခြံမှ မော်တော်ဆိပ်သို့ သွားမည့်လမ်းသည် အလွန် ဆိုးသည်ဟု သိရသဖြင့် ဧရာဝတီမြစ်ကို မော်တော်ဖြင့် ကူးပြီး ကျွန်း ၁၂ ရွာကို ဖြတ်ကာ မြေတော်လမ်းမှ လှည်းငှား သွားကြရန် စီစဉ်ရသည်။
ပထမဆုံး မြင်း လှည်းများဖြင့် ဧရာဝတီမြစ်ဆိပ်သို့ ဆင်းရ၏။ ထိုမှ မော်တော်ဖြင့်တစ်ဖက် ကမ်းသို့ ဧရာဝတီမြစ်ကိုဖြတ်ပြီး ကူးရ သည်။ တပေါင်းလ ဖြစ်၍ မြစ်အတွင်း၌ သောင်ထွန်းနေသဖြင့် မော်တော်က ရေကြောင်းရှာပြီး သွားနေရသည်။ ၁၂ နာရီခန့်မှ တစ်ဖက်ကမ်းသို့ ရောက်၏။ လှည်းများငှားရန် အဆင်သင့် ရှိနေပါသည်။ ထို့ကြောင့် လှည်း ၂ စီးဖြင့် ကျွန်တော်တို့သည် မြေတော်လမ်းမှ ပခန်းနန်းသို့ ထွက်ခဲ့ကြသည်။
လှည်းမှာ ပေါင်းမိုးနှင့် ဖြစ်သဖြင့် နေပူသက်သာပါသည်။ လမ်းခရီး တစ်လျှောက် မြေပဲခင်း၊ နှမ်းခင်း၊ နေကြာ ခင်း၊ ဆေးခင်းများကို ဖြတ်ရင်း လှည်း တအီအီ စီးရသည့် အရသာကို ကျွန်တော်၏ မိသားစုက အသစ်အဆန်း ဖြစ်နေလေသည်။
ကျွန်တော်၏ဇနီးနှင့် အငယ်ဆုံးသမီး ကိုးနှစ်အရွယ်နှင့် သားထွေး ခုနှစ်နှစ် အရွယ်တို့လည်း ဤခရီးတွင် ပါလာရာ အလွန် ပျော်နေကြသည်။ လှည်းပေါ်မှ မြေပဲခင်း၊ နှမ်းခင်း၊ နေကြာခင်း၊ ဆေးခင်းများကြားထဲသို့ ဆင်းပြေးသဖြင့် အညာ၌ မြွေပေါသည်ကို သိသောကြောင့် လှည်းရပ်ပြီး ခဏခဏ ပြန်ခေါ်နေရသည်။ လမ်းခရီးရှိ ရွာများသို့ လှည်းဝင်လေတိုင်း နတ်ပင့်သံ၊ နတ် ချင်းသံ၊ နတ်ဒိုးသံတို့ စပီကာနှင့် ဖွင့်ထားသည်ကို ကြားနေရသည်။ ရွာများထဲ၌ သစ်ပင်ရိပ် ကောင်းသဖြင့် အေးမြနေသည်။ ရွာတိုင်း၌ ဆီးယိုကျွေးသူ၊ လက်ဖက်ထုပ် ကမ်းသူများနှင့် ကြုံရသည်။ ထိုကြောင့် ဆရာမခင်ခင်ထူး ရေးသည့် ဝတ္ထုထဲမှ ခင်နှောင်းတို့ နတ်ပွဲသွားလမ်း အကြောင်းကို ဖတ်ပြီး မျက်စိထဲ၌ မြင်ယောင်လာပါသည်။ ထိုကြောင့်လည်း ကိုယ်တွေ့ဖြစ်သဖြင့် ဆရာမ၏ “ဝတ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်”ကို ဖတ်၍ အရသာတွေ့ခြင်း ဖြစ်ပါသည်။
မဟေသီ မဂ္ဂဇင်းတွင် ထိုဝတ္ထုကြီးကို ဖတ်ပြီးနောက် မန္တလေး အရောက်တွင် ဆရာမခင်ခင်ထူး အိမ်သို့ ရောက်ရာ ဤဝတ္ထုအကြောင်းကို စကားစပ်မိ ကြသည်။
“ဒီဝတ္ထုက တကယ့်အဖြစ်အပျက် ပါ ဆရာ”
“ဟုတ်လား”
“ကျွန်မ အစ်မဝမ်းကွဲရဲ့ တကယ် ဖြစ်ခဲ့တဲ့ အကြောင်းကို အခြေခံပြီး ရေးထားတာ”
ကျွန်တော်သည် ဆရာမ ခင်ခင်ထူး၏ ပြောစကားအရ သည်ဝတ္ထုကြီးကို ပို၍ စိတ်ဝင်စားသွားသည်။ ၂၀၀၅ ခု၊ ဒီဇင်ဘာလတွင် ဤဝတ္ထုကို လုံးချင်း ထုတ်သဖြင့် ဆရာမထံမှ မေတ္တာ လက်ဆောင်ရခဲ့သည်။ တစ်ထိုင်တည်း အပြီး ဖတ်လိုက်၏။ ဝတ္ထု အဆုံးတွင်...
“ကျွန်မ ဆွေမျိုးသားချင်းများ ရှိရာ ဖြုံဘူးရွာ၊ ထန်းတောရွာ အပါအဝင် ကျွန်း ၁၂ ရွာနှင့် ကိုကြီးကျော် နတ်ပွဲသွား ရိုးရာဓလေ့ကို အခြေခံ၍ ရေးဖွဲ့ သော ကျွန်မ၏ စိတ်ကူးဖြင့် တည်ဆောက်သည့် ခံစားမှု ဝတ္ထုရှည် တစ်ပုဒ်သာ ဖြစ်ပါသည်”
ဟုရေးထားသည်ကို ဖတ်လိုက် ရ၏။
ဆရာမက တကယ့် အဖြစ်အပျက် ဟူ၍ ကျွန်တော့်အား ပြောဖူးသည်။ ယခု သူရေးထားသည်က စိတ်ကူးယဉ် ဝတ္ထု တစ်ပုဒ်သာ ဖြစ်သည်ဟု ဆိုသည်။ ဆရာမကို သည်ကိစ္စမေးမှ ဖြစ်မည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ်၊ ဩဂုတ် လဆန်းတွင် မန္တလေးသို့ ရောက်စဉ်က ဆရာနေဝင်းမြင့်နှင့် ဆရာမခင်ခင်ထူး တို့အိမ်သို့ ၆ ရက်နေ့ လာခဲ့မည် ဖြစ်ကြောင်း ဖုန်းဆက်ထားသည်။ ထိုနေ့က သူတို့ အိမ်ရောက်သော အခါ သူတို့ ဇနီးမောင်နှံက ပြုံးပြုံးရွှင်ရွှင် ဆီးကြိုနေကြ သည်။
“ဆရာမရေ.. ဆရာမရဲ့ ဝတ်လဲတော်ရွှေပုဆိုး ဝတ္ထုအဆုံးမှာ စိတ်ကူးယဉ် ဝတ္ထုသက်သက်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ အရင်တစ်ခါတွေ့ တုန်းက ဆရာမပဲ တကယ့်အဖြစ်အပျက် လို့ပြောခဲ့တယ် မဟုတ်လား”
“ဟုတ်တယ် ဆရာ၊ တကယ့် အဖြစ်အပျက်ပါ။ ဒါပေမယ့် ဝတ္ထုထဲက တကယ့် ဇာတ်ကောင်တွေရဲ့ ဆွေမျိုးတွေ ရှိသေးတော့ လုံးချင်း စာအုပ်အဆုံးမှာ စိတ်ကူးယဉ် သက်သက်လို့ ရေးလိုက်ရတာပါ။ တကယ်တော့ ဒီဝတ္ထုဟာ ဖြုံဘူးမှာ ဖြစ်ခဲ့တာ မဟုတ်ဘူး၊ ကျွန်မတို့ ဇာတိရွာ ဥဒယမှာ တကယ်ဖြစ်ခဲ့တာ၊ အဲဒါကို ပခန်း နတ်ပွဲပေါ်မှာ အခြေခံပြီး ရေးချင်လို့ ကျွန်း ၁၂ ရွာထဲ ကျွန်မငယ်ငယ်က ကျင်လည်ခဲ့တဲ့ ဖြုံဘူးရွာကို ပြောင်းပြီး ဇာတ်အိမ် တည်ဆောက်လိုက တာပါ”
“ဪ..ဒီလိုလား၊ ဆက်ပြောပါ ဦး”
“ဥဒယရွာမှာ ကျွန်မနဲ့ ညီအစ်မ ဝမ်းကွဲတွေ တော်တဲ့ မကြီးချစ်၊ မကြီး နှစ်၊ မကြီးသစ်ရယ်လို့ ညီအစ်မ သုံးယောက်ရှိတယ်။ သူတို့ နာမည်ရင်းတွေ က ချစ်ချစ်၊ နှစ်နှစ်နဲ့ သစ်သစ်ပါ၊ မကြီးချစ်နဲ့ မကြီးနှစ်တို့က အိမ်ထောင် ကျပြီး တခြားရွာကို သျှောင်နောက် ဆံထုံးပါ လိုက်သွားကြရတယ်။ မကြီး သစ်တစ်ယောက်ပဲ ကျန်ခဲ့တယ်။”
“ဒါဖြင့် သစ်သစ်ကို ခင်နှောင်း လုပ်လိုက်တာပေါ့လေ”
“ဟုတ်တယ်ဆရာ၊ မကြီးသစ်က သိပ်ချောတာ၊ သူချောပုံကလေးက ပြန့် ပြန့်ပြူးပြူးနဲ့ ဝိုင်းဝိုင်းစက်စက် ချောတာမျိုး မဟုတ်ဘူး၊ မျက်နှာလုံးလုံးက လေးနဲ့ နှာတံကလေးက ချွန်ချွန်ကလေး ပါ၊ အသားကလည်း မဖြူပေမယ့် မမည်းဘူး၊ အညာသူပုံ မပေါက်ဘူး”
“ဒီလိုဆိုရင် ကိုကျီးညို အမည်က အပြင်မှာ ဘယ်လိုခေါ်လဲ”
ဆရာမခင်ခင်ထူးသည် ကိုကျီးညို၏ အမည်မှန်ကို အတော် စဉ်းစားနေရ သည်။ ပြီးမှ စဉ်းစား၍ရသွားသဖြင့် အားရပါးရ ပြုံးပြီး...
“ကိုဖိုးအေးလို့ ခေါ်တယ် ဆရာ၊ သူက မကြီးသစ်တို့ အိမ်မှာ စာရင်းငှား လာလုပ်ရတာကိုး၊ မကြီးသစ်ကလည်း အငယ်ဆုံးဆိုပေမယ့် အိမ်မှာ သူတစ် ယောက်တည်း ကျန်တော့ ယာကိစ္စ၊ ကိုင်းကိစ္စတွေကို သူပဲ ဦးစီးရတာလေ၊ ကိုဖိုးအေးနဲ့က စာရင်းငှားဆိုတော့ ဘာပဲ လုပ်လုပ် မကြီးသစ်ကို ပြန်ပြောရတယ်၊ မကြီးသစ်ညွှန်တာ၊ ခိုင်းတာကိုပဲ လုပ်ရတယ်။ ဒီတော့ အနေနီးသွားပြီး ဖြစ်သွားကြတာပါ ဆရာ”
“ဒီတော့ မိဘတွေက သိသွားပြီး စာရင်းငှားနဲ့မို့ သဘောမတူဘူးပေါ့”
“ဟုတ်တယ် ဆရာ၊ ဝတ္ထုထဲက အတိုင်းပဲ သဘော မတူလို့ ဥဒယကနေ ပြီး မြင်းခြံကို ပို့လိုက်တာ၊ ဒီတုန်းက ကျွန်မတို့ မိသားစုက မြင်းခြံမှာ နေတယ်လေ၊ ကျွန်မက ငယ်ငယ်ပဲ ရှိပါသေးတယ်၊ မြင်းခြံနဲ့ ဥဒယဟာ ၇ တိုင်ပဲ ဝေးတယ်”
“၇ တိုင်ဆိုတာ မိုင်နဲ့တွက်ရင် ဘယ်လောက်ရှိလဲ”
“၁ တိုင်ကို ၂ မိုင်နှုန်းနဲ့ တွက်ရင် ၁၄ မိုင်ပေါ့ ဆရာ၊ ဒါပေမယ့် အဲဒီတုန်းက ရိုးလိုက်ကြပုံပဲပြောရမလား၊ အ လိုက်ကြပုံပဲ ပြောရမလားပဲ၊ ကိုဖိုးအေး ဟာ မြင်းခြံကို မလိုက်လာတတ်ဘူး၊ မ ကြီးသစ်ကလည်း ဥဒယကို မပြန်တတ်ဘူး။ မပြန်ရဲတာလည်း ပါမှာပေါ့လေ၊ သူတို့ ၂ ယောက်ကိုချစ်ခြင်းခွဲလိုက်ပြီ ဆိုတာ သိနေတယ်၊ ကျွန်မတို့အိမ်မှာ တပိန်ပိန် တလိမ်လိမ်ပေါ့၊ ကိုဖိုးအေးက တော့ ခွဲလိုက်ပြီဆိုတာကို သူ့ရွာပြန် လွှတ်လိုက်မှ ရိပ်မိတာ”
“ဝတ္ထုထဲမှာတော့ ခင်နှောင်းကို ရန်ကုန် ပို့လိုက်တယ် မဟုတ်လား”
“ဟုတ်ကဲ့ ဆရာ၊ အခုခေတ် အနေနဲ့ ကြည့်ရင် မြင်းခြံ ပို့လိုက်တာ၊ မြင်းခြံကနေ ဥဒယကို မပြန်နိုင်တာ ဥဒယကနေ မြင်းခြံကို မလိုက်လာနိုင်တာတွေ ဆိုပြီး ရေးရင် ယုတ္တိ မရှိဘဲ ဖြစ်နေတယ်လေ။ ဒါကြောင့် ခုခေတ် စာဖတ်ပရိသတ် ဖတ်ရတာ ယုတ္တိရှိအောင် မြင်းခြံအစား ရန်ကုန်လို့ လုပ်ရတယ်”
“ကိုဖိုးအေးက တကယ်ပဲ သေသွားလား”
“တကယ်ပဲ သေသွားတယ် ဆရာ၊ လွမ်းဖျား လွမ်းနာကျပြီး အစာ အာဟာရ မဝင်ဘဲ လုံးပါးပါးပြီး ဆုံးသွားတာ”
“သစ်သစ်ကရော၊ ဝတ္ထုထဲက ခင်နှောင်းအတိုင်း ပြန်လာမှ သိရတာပေါ့”
“ဟုတ်တယ်၊ ဥဒယ ပြန်ရောက်မှ ကိုဖိုးအေး ဆုံးကြောင်း သိရတာ၊ ကျွန်မကို အစ်မတွေက ပြန်ပြောလို့ သိရတာက မကြီးသစ် ကိုဖိုးအေးဆုံး ကြောင်း သိရတော့ ငိုလည်း မငိုဘူးတဲ့၊ သူ့မိဘကိုလည်း အပြစ်မတင်ဘူးလို့ ပြောတယ်။ သူတို့နှစ်ယောက်ကို သဘော မတူတာ သဘာ၀ ကျပါတယ်လို့တောင် ပြောလိုက်သေးသတဲ့”
“အခု သစ်သစ် ရှိသေးလား”
“ဘယ်ရှိတော့မလဲ ဆရာရယ်၊ ကိုဖိုးအေး ဆုံးတာ သိရပြီး တပိန်ပိန် တလိမ်လိမ်နဲ့ ရင်ထဲက သူ့ခံစားမှုကို တစ်ယောက်ထဲ ကြိတ်ခံရှာတယ်၊ သူတို့ အိမ်မှာက လယ်ယာကိုင်းကျွန်း လုပ်နေတယ် ဆိုတော့၊ အင်ဒရင်း ပိုးသတ်ဆေး ရှိတာကိုး၊ ဒီတော့ အိမ်ပေါ်မှာ သူတစ်ယောက်တည်း ရှိတုန်း အင်ဒရင်းတွေ သောက်လိုက်တာတဲ့။ ဆုံးဆုံးချင်းတောင် မသိကြဘူး၊ နောက်မှ အိမ်ပေါ် တက်သွားလို့ မကြီးသစ် ဆုံးနေတာ မြင် ကြရတယ် ဆိုပါတယ်”
“ဪ...တကယ်ပဲ ရင်နာစရာ အဖြစ်ပဲ၊ ရိုမီယိုနဲ့ ဂျူးလိယက် ဇာတ်လမ်းလိုပါလား”
“သူတို့ ဆုံးပြီးသွားတဲ့နောက် တစ်ခုတော့ ကောင်းသွားတယ် ဆရာ၊ ကျွန်မတို့ရွာမှာ သူတို့ ကိစ္စဖြစ်ပြီးတော့ တော်တော်လေး ကြေကွဲ သွားကြရပြီး လူတန်း စားခွဲတဲ့ကိစ္စ၊ အဆင့်အတန်းမတူလို့ မယူရတဲ့ ကိစ္စတွေ ပပျောက်သွားတယ်”
“သူတို့ အချစ်ဇာတ်လမ်းဟာ ဥဒယရွာမှာ စံနမူနာဖြစ်သွားလို့၊ ချစ်စံနမူလို့တောင် အမည် ပေးရမလိုဖြစ်နေပြီ”
ကျွန်တော်၏ စကားကြောင့် ဆရာ နေဝင်းမြင့်ရော၊ ဆရာမ ခင်ခင်ထူးပါ သဘောကျပြီး ရယ်နေကြသည်။ အပြင်က တကယ့် အဖြစ်အပျက်တွင် အဓိက ဇာတ်ကောင် မင်းသားရော၊ မင်းသမီးပါ သေကြရသဖြင့် အလွန် ဇာတ်နာပါသည်။ သို့သော် ဝတ္ထုထဲတွင် ခင်နှောင်းက သူ့ကိုယ်သူ သတ်မသေပါ။ ဆရာမ ခင်ခင်ထူးက ခင်နှောင်းကို မသတ်လိုက်ပါ။ ရုပ်ရှင်ထဲတွင် ဆိုလျှင် ဇာတ်သိမ်းခန်း၌ မင်းသားရော၊ မင်းသမီးပါ မပေါင်းကြရ၍ ပရိသတ် မကြိုက်မည်စိုး သောကြောင့် မင်းသမီးကို ရှင်ခိုင်းလိုက်သည်ဆိုက ဖြစ်နိုင်ချေရှိသည်။ ဝတ္ထုထဲတွင်မူ မင်းသမီးကို သေခိုင်းလိုက်၍ ရသည်။ ဆရာမခင်ခင်ထူး ဘာကြောင့် ခင်နှောင်းကို ရှင်ခိုင်းလိုက်သည်ကို ကျွန်တော် မေးမကြည့်ခဲ့ပါ။ ကျွန်တော့် ဘာသာ ကျွန်တော်တွေးကြည့်မိသည်။
ဆရာမက ထန်းတောကူနီ နန်းမှ ကိုကြီးကျော်ပွဲကို အခြေ ခံထားသဖြင့် ခင်နှောင်းကို နောင်နှစ်ကိုကြီးကျော်ပွဲသို့ တစ်ဖန်နွှဲစေသည်၊ သို့မှ ကိုကျီးညို ဆွေး ပုံများကို သူသိရပြီး ကိုကျီးညို၏ မိခင်ထံ သွားစေလိုက်သေးသည်။ မိခင်၏ ပြောပြချက်များအရ ခင်နှောင်းပို၍ ဆွေးရသည်။ ခင်နှောင်းနှင့် အတူ စာဖတ်ပရိသတ်လည်း ပို၍ ဆွေးကြရ သည်။ ဤသည်က ဆရာမ၏ အတတ်ဟုပင် ဆိုချင်ပါသည်။
“ခင်နှောင်း ခေါင်းက သရဖီပန်း ကုံးကလေးကို အသာအယာ ရစ်ဖြေယူ လိုက်သည်။ ပြီးတော့ အသာယာနမ်း လိုက်မိပါ၏။ သရဖီပန်းကလေးမှာ မျက်ရည်တွေ လူးကျံခဲ့ပြီ”
ဟူ၍ သူ့ဝတ္ထုကို အဆုံးသတ်ထား သည်။
“မျက်ရည်တွေလူးကျံခဲ့ပြီ”ဟု ကျံကို သေးသေးတင် ကျံဖြင့် တမင်ရေး ထားသည်။ ဆိုချင်သည်က သရဖီပန်း ကလေးများတွင် မျက်ရည်များ ပေကျံ နေသည်ဟု ဆိုချင်သည်။ ယပင်းနသတ် ကျန်ဟု ရေးက သရဖီပန်းများတွင် မျက်ရည်များ ကျန်ခဲ့သည်ဟု အဓိပ္ပါယ် သက်ရောက်နေမည်။
ဆရာမက...
“ဒီဝတ္ထုကို နန္ဒာလှိုင်က ဝယ်သွားတယ် ဆရာ၊ ခုထိတော့ ရိုက်သံ မကြားသေးဘူး၊ ရိုက်ရင်လည်း တပေါင်းလ ပခန်းပွဲကို သွားရိုက်မှ ဖြစ်မှာမဟုတ် လား”ဟု ပြောပါသည်။
ကျွန်တော်က...
“အခု ပခန်းနန်းကို သွားရိုက်ရင် ဆရာမ ဝတ္ထုထဲမှာ ရေးထားတဲ့ ပခန်းနန်း မဟုတ်တော့ဘူး၊ ကျောက်အောင်တဲ့ သူတစ်ယောက်က နန်းကြီးကို အသစ်ပြန် ဆောက်ပေးတာ သိန်းပေါင်း ၅ ထောင် ကျော်လောက် ကုန်သတဲ့၊ ဒါပေမယ့် ဒါတွေက ရောက်ဖူးမှ သိကြမှာပါလေ” ဟု ပြန်ပြောလိုက်ပါသည်။
ဝတ္ထုကို နန္ဒာလှိုင် ၀ယ်လိုက်သည် ဆို၍ ရုပ်ရှင် အဖြစ် ဖန်တီးလျှင် ခင်နှောင်းနေရာ၌ နန္ဒာလှိုင်ပင် ဖြစ်မည်။ကိုကျီးညိုနေရာတွင် သရုပ်ဆောင်ရန်ရုပ် ရှင်မင်းသားများထဲမှ တွေးကြည့်သည်။ ကျော်ရဲအောင်နှင့် အလိုက်ဖက်ဆုံး ဖြစ်မည်ဟု ထင်ပါသည်။ ဤသည်က ကျွန်တော်၏ စိတ်ကူးမျှသာဖြစ်သည်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်