အဆိုပြ မေးခွန်းကို သမိုင်းပညာရှင် ကိုသာဝကြီးမှ ဖြေပေးပါလိမ့်မည်။
သာသနာဟူသော ပါဠိ စကားလုံး၏ အနက်မှာ အဆုံးအမတော် ဖြစ်ရကား၊ ဗုဒ္ဓ၏ အဆုံးအမတော်ကို ရည် ညွှန်း၍ လည်းကောင်း၊ ဗုဒ္ဓ ပရိနိဗ္ဗာန် စံလွန်သည့် နှစ်မှစ၍ ရေတွက်သောနှစ်ကို ရည်ညွှန်း၍လည်းကောင်း၊ ထိုစကားကို မြန်မာတို့ ယူငင် သုံးစွဲကြပါသည်။ သို့သော် ကိုးကွယ်ယုံကြည်ခြင်း ဓလေ့တွင် ဗုဒ္ဓ၀ါဒ အပြင် အခြား ၀ါဒများကိုလည်း လက်ခံထားကြလျက် ဗုဒ္ဓ၀ါဒ အမျိုးမျိုးတွင်လည်း ယခုခေတ် မြန်မာတို့ နည်းတူ ပုဂံခေတ်မြန်မာတို့က ထေရ၀ါဒ ဗုဒ္ဓသာသနာကို အများနှစ်သက် လက်ခံကြဟန် ရှိပါသည်။ စင်စစ်အားဖြင့် အရောအနှောကင်း၍ အလွန် သန့်စင်သော ဗုဒ္ဓ၀ါဒနှင့် ဓလေ့ ဟူ၍ ရှိရန် ခဲခက်၏။ အများ ယုံကြည်သကဲ့သို့ "မြန်မာနိုင်ငံတွင် ယခုခေတ် လက်ခံထားသော ဗုဒ္ဓ၀ါဒမှာ သန့်စင် သဖြင့် မြန်မာ သုံးဖြစ်ပါသည်.." ဟု ဆိုခြင်း ထက် "မြန်မာသုံးသဖြင့် သန့်စင်သည် ဟု ယူဆ၏...." ဟု ဆိုက ပို၍ ဆီလျော်ပေမည်။
ဗုဒ္ဓ သက်တော် ထင်ရှားရှိစဉ်က သန့်စင်မည် ဖြစ်သော်လည်း၊ ကာလဒေသကို လိုက်၍ လက်ခံယုံကြည်သူ တို့ သဘောကျဖြစ်အောင် အသင့်အတင့် ပြုပြင်ကြမည် ဖြစ်ရကား၊ ဤအရပ်တွင်မှ မူရင်း ပုံစံနှင့် တစ်ဆံခြည် မရွင်း ရှိနေပါသည်ဟု ပြောရန် ခဲခက် လှပါသည်။ ထို့ပြင် ပုဂံခေတ် ဗုဒ္ဓသာသနာမှာ ယခုခေတ် မြန်မာတို့ လက်ခံထားသော ဗုဒ္ဓသာသနာနှင့် များစွာ ကွာခြားလှသည် ဟု မတွေ့ချေ။ သို့သော် ပို၍ အချုပ်အချယ် ကင်းသော သဘောရှိလျက်၊ ယခုခေတ်တွင် မတွေ့ မမြင်ရတော့သည့် ဘိက္ခုနီပင် ထိုခေတ်က ရှိကြောင်း သက်သေ ထင်ရှားတွေ့ရပါသည်။
မြန်မာတို့၏ အစဉ်အလာ မှတ်သားချက်များ အရ ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓ သာသနာရောက်သည် ဟူ၍လည်းကောင်း၊ အသောက လက်ထက် သာသနာနှစ် ၂၃၅ (၃၀၉ ဘီစီ) တွင် သုဝဏ္ဏ္ဏ္ဏဘူမိသို့ ဥတ္တရ သောဏနှင့် ဥတ္တရတို့ သာသနာပြုရောက်သည် ဟူ၍လည်းကောင်း တွေ့ရသည် များ ၏။ သို့သော် ယင်းတို့ကို ရာဇ၀င် သဘောအရ ဆန်းစစ်လျှင် လက်ခံနိုင်ဖွယ် မရှိချေ။ ဗုဒ္ဓ လက်ထက်တော်က မဇ္ဈိမဒေသ အပြင်တွင် သာသနာဖြစ်ပွားသည်ဟု အထောက်အထား မရှိ၊ အသောက လက်ထက် သာသနာပြု လွှတ်သော ဒေသ စာရင်းကျောက်စာ တို့တွင် သုဝဏ္ဏ္ဏ္ဏဘူမိ မပါ၊ ပါသည်ဟု ပြောလိုပါက အသောက ကျောက်စာတိုင်တို့အား တစ်လုံးစီ ဘာသာပြန်ပြီးမှ ငြင်းချက်ပေးပါရန်။ ထို့ကြောင့် အဆို ပါ ရှေး အမှတ်အသားကို ခေတ္တမေ့ထားရန် လိုပေမည်။
သုဝဏ္ဏ္ဏ္ဏဘူမိ ဟူသည်လည်း လတ္တတွဒ် ၁၇ အံသာ၊ ၁၃ လိတ္တာ မြောက်နှင့် လောင်ဂျီတွဒ် ၉၇ အံသာ ၆ လိတ္တာ အရှေ့ တွင် ရှိသော ကေလာသ တောင်စွန်းဖြစ်ရာ၏ ဟု ယူဆနိုင် ပါသည်။ သို့သော် သုဝဏ္ဏ္ဏ္ဏဘူမိ ၏ တည်နေရာကို ရှာသည်ထက် အဆိုပါ သုဝဏ္ဏ္ဏ္ဏဘူမိ ဟူ သည် သထုံဖြစ်၍ ထိုသထုံမှ မြန်မာက ပိဋကတ်ကို ရယူသည်ဟူသော အယူအဆ သာ လျှင် မဖြစ်နိုင်ကြောင်း မှတ်ကြ ရပေမည်။ အဘယ်ကြောင့်ဆိုသော် သောဏနှင့် ဥတ္တရ တို့ သထုံ လာခန်းကို အသောက ကျောက်စာများတွင် မတွေ့ဖူးကြောင်း အထက် က ပြခဲ့ပြီးသည့် အပြင်၊ အနိရုဒ္ဓက သထုံဆင်း၍ သာသနာရေး အကြောင်း သက် သက်ကြောင့် စစ်ပြုလျက် ပိဋကတ် သုံးပုံကို ဆင်နှင့်တင်၍ ပင့်ရသည်ဟု ခေတ်ပြိုင်မှတ် တမ်း များ၍ မတွေ့ဖူးသောကြောင့် ဖြစ်သည်။
အလျဉ်းသင့် သလို ပြောကြစတမ်း ဆိုလျှင်၊ ယိုးဒယားတို့က မိမိတို့ပိုင်းနက် တွင်းဖြစ်သော နကောပ်ပထောမ်မှ မြန်မာမင်းဖြစ်သော အနိရုဒ္ဓသည် ဗုဒ္ဓသာသနာကို ရ၍ သွားပါသည် ဟုပင် ပြောစမှတ်ပြုကြ၏။ အနိရုဒ္ဓ လက်ထက်တွင် မြန်မာတို့ အကြေ အညာ၌ နယ်ချဲ့သည် မှန်၏။ အနိရုဒ္ဓတံဆိပ် အမှတ်အသားနှင့် မြေပုံဘုရားများကို အထက် ပိုင်းဖြစ်သော ဧရာဝတီနှင့် ရွှေလီဆုံရာ ဒေသဆီမှ ငအိုရွာအနီး နွားတလည် ရွာ ဆိုးတွင်လည်းကောင်း၊ အောက်ပိုင်းဖြစ်သော တွံတေးအနီး မောင်ဒီဘုရား၌ လည်းကောင်း တွေ့ ရှိရသဖြင့်၊ ခရစ်နှစ် ၁၁ ရာစုလယ်တွင် မြန်မာတို့ မြောက်ဘက် ရွှေလီ မှ တောင်ဘက် တွံတေးနယ်အထိ နယ်ချဲ့ပြီးလေပြီဟု ယူဆနိုင်သော်လည်း နယ်ချဲ့သည်ကို သာသနာရေးကြောင်းဟု ပြောရန် မဖြစ်နိုင်ချေ။
ထို့ပြင် အောက်မြန်မာနိုင်ငံတွင် ထေရ၀ါဒ စစ်စစ် သာထွန်းကား၍ ထိုဝါဒပင် အထက်သို့ ကူးပြောင်းရောက်လာသည်.. ဟု ဆိုရန်လည်း မလွယ်ချေ။ ထို့ထက် သထုံကို အောင်နိုင်သော အေဒီ ၁၀၅၇ တွင်မှ မြန်မာတို့ ဗုဒ္ဓ၀ါဒကို ကြားဖူး သိဖူးလေဟန် ရေး မှတ်ကြ သည်ကား သာ၍ မှားလေသည်။
ဂြီကွေတြီဝန်းကျင်၌ တူးဖော်ရရှိသော ရွှေပေနှင့် ရုပ်တုများက ပျူတို့ ဗုဒ္ဓ၀ါဒီဖြစ်လျက်၊ ထိုဝါဒကို ကျမ်းဂန်နှင့် တကွ ကျကျနန တတ်မြောက်ကြောင်း သံသယမရှိရလေအောင် သက်သေခံလျက် ရှိ၏။ ပရိုင်းမိတ် အပိုင်းချန်ထားပါသည်။
ထို့အတူ ကျောက်ဆည် အနီးအပါး၌နေသော မွန်တို့တွင် ဘဒ္ဒသီမာနှင့်တကွ မဟာထေရ ပါရှိနေကြောင်း သိရသည်။ ထိုပျူ၊ မွန်နှင့် မြန်မာတို့ အလွယ်တကူ ရောနှော မိမည်ကိုလည်း ခန့်မှန်း၍ ကြည့်နိုင်ပါသည်။ ပုဂံမှ ဖက်လိပ်ဘုရားနှစ်ဆူမှာ ရှေးဟောင်း သုတေသနဆရာတို့ အယူအားဖြင့် အနိရုဒ္ဓခေတ်ထက် စောသည်ဟု ဆိုသဖြင့်လည်း၊ အနိရုဒ္ဓက သထုံကို မသိမ်းယူမီကပင် မြန်မာတို့ ဗုဒ္ဓသာသနာဝင်များ ဖြစ်နေပြီဟု ယူဆ ရ ပါသည်။ဒီနေရာမှာ သမိုင်းကြောင်း အထောက်အထားအရ ခုနှစ် တွက်ချက်မှု မှားနေ သလို မြင်ရထားသည် ပြန်စီစစ်ပါဦးမည် ရှင်အရဟံနှင့် အနောရထာ တွေ့ချိန်သည် အနောရထာ နန်းမတက်မီ ၉ နှစ်အလိုတွင် ဖြစ်မည်ဟု မြင်ရသည် စီစစ်ပြီးမှ အတိအကျ ပြန်ေ့ပြာပါမည် အရှေ့ပိုးကရင် မှတ်တမ်းတွင်လည်း ရှင်အရဟံကို သာမဏေ ဟုသာ ဆိုထားသည် ထိုအချက်တို့သည် ထူးခြားနေသည် မွန်သမိုင်း ဗမာသမိုင်း လစ် ဟာနေ သော အချက်များ များစွာရှိနေသည် တွေ့ရှိချက်များ အရ မွန်သမိုင်းကို သေချာပြန်လည် စီစစ်ရန်လိုအပ်နေပါသည် အကြီးအကျယ် ကွဲလွဲချက်ကြီးများ ဖြစ်နေသောကြောင့်သာ ဆိုခြင်းဖြစ်သည်
ထိလိုင်မင်း (၁၀၈၄-၁၁၁၃) လက်ထက် ကျောက်စာများ အရ မြန်မာတို့ လက်ခံ ထားသော ဗုဒ္ဓ၀ါဒ၏ သဘောကို သိနိုင်၍ အခြား သာသနာ အယူအဆ ကိုလည်း မြန်မာ တို့က မချုပ်ချယ် ဟု ရဲဝံ့စွာ ဖော်ပြနိုင်ပါသည်။
ရွှေစည်းခုံကျောက်စာကြီး၌ သာသနာနှစ် ၁၆၃၀ (ခရစ်နှစ် ၁၀၈၆) ပြည့်အလွန်တွင် ပုဂံ မင်းပြုသူ၏ ဘုန်းတော်ဘွဲ့ ပါရှိ၏။ ထိုကျောက်စာ အရ လူအများ ယုံကြည်သော အယူဝါဒ မှာ ဗုဒ္ဓ၀ါဒပင် ဖြစ်သော်လည်း အခြား အယူဝါဒတို့လည်း ရှိသေးကြောင်း သိရ၏။ မင်း ကိုယ်တိုင်က ဗုဒ္ဓ၀ါဒီဟု ကြေညာသော်လည်း မိမိကိုယ်ကို ဗိဿနိုးဝင်စားသည်ဟု ယူ၏။ ဗြဟ္မဏ ၀ါဒ၏ စက်ရိပ်ပင် ဖြစ်ပါသည်။ မဟာထေရ အရဟံ၏ အကူအညီကို ယူလျက်၊ မင်းက ဗုဒ္ဓ၀ါဒကို ပိဋကတ်တော် အတိုင်း သန့်စင်အောင် ပြုပြင်သည်ဟု ဆို၏။ ထို့ကြောင့် ဗုဒ္ဓ၀ါဒ ထွန်းကား၏။ သို့သော် မိမိ ယုံကြည်ရာ ၀ါဒ၌ စိတ်ဇွဲကြီးကြီးထား၍ ယုံကြည်ချက်ပြင်းထန်သူ ရှိသလို အခြား ဘာသာဝါဒတို့ကို သည်းခံကြောင်း တွေ့ရ သည်..မှာ အံသြ မှတ်သားဖွယ်ပင် ဖြစ်ပါသည်။
ထိုစဉ်အခါ က ဗုဒ္ဓ၀ါဒီ မဟုတ်သူကို မိစ္ဆာဒိဌိမခေါ်၊ မိမိယုံကြည်ရာ ၀ါဒနှင့်ညီအောင် မကျင့်နိုင်သော သူသာလျှင် မိစ္ဆာဒိဌိ ဖြစ်ပါသည်။
ထိလိုင်မင်းကား ပုဂံ၏ အရှေ့မြောက်တွင် ရွှေစည်းခုံပေါ် ဇေယျဘူမိ စေတီကြီးကို တည် ထားခြင်း၊ ပိဋကတ်သုံးပုံကို အမှားစင်အောင် ကူးယူစုဆောင်းခြင်း၊ ဗုဒ္ဓဂါယာသို့ အလှူငွေ ပစ္စည်းနှင့် လူလွှတ်၍ ဘုရားကျောင်း ပျက်သည်များကို ပြင်စေခြင်း၊ ရဟန်း တို့ကို ပစ္စည်းလေးပါး လှူခြင်း၊ တိုင်းတစ်ပါးမှ မင်းသားတစ်ပါးကို ဗုဒ္ဓ၀ါဒတွင် သက်ဝင် ယုံကြည်လာအောင် ချွတ်ခြင်း စသည်တို့ကို စွမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ဤမျှ သာသ နာတော်၏ အကျိုးစီးပွားကို ဆောင်ရွက်သူ ဖြစ်လင့်ကစား နန်းတော် ကျောက်စာ၌ မဟာထေရ အရဟံ၏ မျက်မှောက်မှာပင် ဟိန္ဒူ အလေ့အလာတို့ကို ရောနှောဆောင် ရွက်နေကြောင်း တွေ့ရသည်။
ဆောက်တည်ရေးလုပ်ငန်းတွင် ကျွမ်းကျင်သည့် ဗြဟ္မဏ ဟူးရားတို့ ခေါင်းဆောင်လျက် နန်းတော်သစ်ဆောက်ရ၏။ ဗုဒ္ဓရဟန်းတော်တို့ကို နန်းတော်ရာ၌ အန္တရာယ်ကင်းစေရန် ပင့်ဖိတ်၍ ပရိတ်လည်း ရွတ်ရ၏။ ထိုသို့ ပရိတ်ရွတ်ရန် ရေစင်ကို ဗြဟ္မဏတို့ပင် သယ်ရ ၍၊ အရဟံ၏ လက်တော်၌ ဗိဿနိုးနတ်မင်းဆိုင်ရာ ခရုသင်း၍ ရေစင်ထည့်ကာ ကိုင်စွဲ၍ မတ်ရပ်နေလျက် ပရိတ်ရွတ်ရသည်ဟု သိရပါသည်။ ပရိတ်ရွတ်စဉ်က သံဃာတော် ၄၁၀၈ ပါး ပါသော်လည်း၊ နန်းတော်သစ်ဆောက်ရာ တာဝန်တစ်ရပ်လုံး၌ ဗြဟ္မဏတို့သာ တွင်ကျယ်ကြောင်း ကျောက်စာအရ သိသာ၏။ ထို့ကြောင့်လည်း ဗိဿနိုးနတ်မင်းကို ပသခြင်း က အခြားပွဲ တို့ထက် ပို၍ အရေးပါနေကြောင်း တွေ့ရ၏။
ဣန္ဒြနတ်မင်းကိုလည်း ပသရ၏။ နဂါးပူဇော်ပွဲလည်း ပါသည်။ သီဝဂိုဏ်း၏ ဂ၀ံတိနတ် မင်း ကို ဗုဒ္ဓရုပ်ပွားနှင့်ယှဉ်၍ ထားကြောင်းကိုလည်း တွေ့ရပါသည်။ ဤအထောက် အထား များအပြင်၊ ပုဂံ၌ ဗြဟ္မဏ၀ါဒ၏ စက်ရိပ်ကို တွေ့မြင်နိုင်ပါသေးသည်။
နန်းဘုရားဟု ခေါ်သော အဆောက်အအုံ၌ ဗြဟ္မာနတ်မင်းရုပ်ကိုသာလျှင် အရင်းခံ ရုပ်တု အနေနှင့် တွေ့ရ၏။ ပုထိုးသားများနှင့် ကပ်လျက် နတ်လှောင်ကျောင်းဟု ခေါ်တွင်နေ သည့် ဗိဿနိုးကျောင်းဆောင် တစ်ခို ကို ယခုတိုင် တွေ့နေရသေး၏။ ပုဂံမင်းဆက်၏ နောက် ပိုင်း တစ်ဝက်၌ ရေးထိုးသော ကျောက်စာ တို့မှာပင် ဗြဟ္မဏ စက်ရိပ်နှင့် မလွတ်သော အချက်အလက်များကို တွေ့နေကြရပါသေးသည်။
အေဒီ ၁၂၃၅ ခု ရက်စွဲပါသော ကျောက်စာ တစ်ခု၌ လိင်တိုင် ရွာ ဟု တွေ့ရသဖြင့်၊ တစ်ခါ က လိင် ကို ကိုးကွယ်ခြင်း အယူဝါဒ (ဂိဝလိင်္ဂံ) ရှိနေသည်ဟု ဆိုရမည်ကဲ့သို့ ရှိပါသည်။ အေဒီ ၁၂၅၆ ခု ရက်စွဲ ပါသော နောက်ကျောက်စာ တစ်ခု၌ ကုလာနတ် အမည်ရှိသော ရွာ တစ်ရွာကို ဖော်ပြသဖြင့် ထိုရွာ၌ ဗြဟ္မဏ နတ်မင်းတစ်ပါးပါးကို ကိုးကွယ်သည်ဟု ယူ ရပါသည်။ မဟာပိန္နဲ (မဟာဝိနာယက ခေါ် ဂဏေဂ) နတ်မင်းဟု အေဒီ ၁၂၇၉ ခု ရက်စွဲ ပါ ကျောက်စာတစ်ခု၌ တွေ့ရဖူး၏။ ဂ၀ံပတိကို ဗုဒ္ဓနှင့် အဂ္ဂသာဝက နှစ်ဦးနှင့်အတူ အေဒီ ၁၁၇၉ ခု ကျောက်စာတွင် ယှဉ်တွဲ၍ ဖော်ပြထားသည်။ ယင်းအချက်များကို ထောက်၍ ၁၁ ရာစု ဗုဒ္ဓ၀ါဒတွင် အခြားဝါဒတို့ ရောနှောလျက်၊ အနည်းဆုံး ၀သီဝနတ်မင်းဂိုဏ်းကို အရေးပေးခဲ့ဖူးကြောင်း ဖော်ပြနိုင်ပါသည်။
ထိလိုင်မင်း လွန်လျှင် မွန်သြဇာကျဆင်း၏။ ထို့အတူ ဗြဟ္မဏ စက်ရိပ်လည်း လျော့နည်း လာပေမည်။ သို့သော် အဆောက်အအုံ ပုံစံ ထုတ်ကြရာ၌ ကိုယ်ဝန်ဆောင် မိန်းမ သဏ္ဍာန် ရှိ၍ စည်ပင် တိုးတက်ပွားများခြင်း ကျက်သရေကိုဆောင်သော သဘော လက္ခဏာရှိသည့် ကလသာအိုးကို ပုဂံပျက်သည်အထိ ဆက်၍ သုံးစွဲခဲ့ပါသည်။
ထိလိုင်မင်း ခေတ်က ရတနာတြယ် ပင် နောက်ပိုင်း၌ ရတနာသုံးပါး ဖြစ်လာပါသည်။ ထိုသုံးပါးကား ပုရာ (ဘုရား)၊ တျြာ(တရား) နှင့် သံဃာ တို့ ဖြစ်ပါသည်။ ထိုသုံးပါး၌ ယုံကြည်ခြင်း၊ ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်းတည်းဟူသော သာသနာသည် အနှစ် ၅၀၀၀ တည်အံ့ဟု မှတ်ယူကြ၏။ သို့သော် အများတကာထက် အတွေးအခေါ် သာလွန် သူ စကုကြီ လို ပုဂ္ဂိုလ်ကမူ ကမ္ဘာတည်သရွေ့ သာသနာတည်နိုင်သည်ဟု ဆို၏။ အစ၀်ကြွံ မင်းသမီးကမူ အသင်္ချေယ တစ်ရာရှိရာ၏ ဟု ဆိုပါသည်။ လူအချို့ မှ လွဲ ၍ မြန်မာနိုင်ငံ၌ ယနေ့တိုင်အောင် လူအများစုက သာသနာအနှစ် ၅၀၀၀ ရှိအံ့ဟု ဝေဖန် ပိုင်းခြားခြင်း မပြုဘဲ ယူဆထားကြပါသည်။
ရှေးမြန်မာကလည်း ထိုနည်းပင်ယူ၍ ထိုမျှ တည်တံ့အောင် ငါတို့ အစွမ်းကုန် ထောက်ပံ့ အံဟု စေတနာ ထားခဲ့ကြပါသည်။ ယင်းတာဝန်ကို ထမ်းရင်း မိမိလည်း အကျွတ်တရား ရနိုင်၏ ဟု ယူဆ၏။ ဗုဒ္ဓ၀ါဒ၏ ဆိုဆုံးမချက်အရ မည်သည့်တရားမျှ မတည်မြဲ ဟူသော သဘောကို နားလည်ကြပါ၏။
ယခုဘ၀ပ၌ ဥစ္စာစုလျက် မသေဆေးကို ၀ယ်၍ မရနိုင်သည့်အပြင် သေသည့်အခါ၌ ထိုဥစ္စာ ကိုလည်း ယူ၍ မသွားနိုင်ဟု သဘောပေါက်၏။ ထို့ကြောင့် ဖြစ်နိုင်လျှင်၊ အသဒိသ ဒါန ဟူ၍ သူတထူး လိုက်၍ မမီစွမ်းနိုင်အောင် ပေးကမ်းခြင်းဖြင့် နိဗ္ဗာန်ကို သွားအံ့ဟု ထိုခေတ်က လူတိုင်း မျှော်မှန်း၍ ထားပါသည်။ အလှူရေစက်ချလျှင် မေတ္တယျ ဘုရား ပွင့်သောအခါ၌ အရဟတ္တဖိုလ်ရ၍ နိဗ္ဗာန်ဝင်ရလို၏ ဟု ဆုတောင်းမြဲ ဖြစ်ပါသည်။ အလွန်စိတ်ဇွဲကြီးသူများသာ ဘုရားဆုပန်၏။ နိဗ္ဗာန်ကို မက်မော၍ အရောက် သွားနိုင်လောက်အောင် သာသနာက လမ်းပြသည်။ နေ့စဉ်နေ့တိုင်း စားသောက်နေကြသော် လည်း သာသနာ၏ ဆိုဆုံးမပုံကို မေ့သည်ဟု မရှိကြပါ။
နိုးကြားထကြွရှိ၍ တိုက်ရေးခိုက်ရေး လိုလားသော မြန်မာသည် ဗုဒ္ဓ၀ါဒီ ဖြစ်လာသော အခါ၌ ငြိမ်းချမ်းရေးလိုလားသူ ဖြစ်ခဲ့ဟန် ရှိပါသည်။ ငြိမ်းချမ်းရေးနှင့် အတူ အနုပညာနှင့် အဆောက်အအုံထွန်းကား၍ လာပါသည်။ ယင်းတိုးတက်မှုများမှာ အိန္ဒိယ၏ ကျေးဇူးပါ တကား ဟု ရှေးမြန်မာတို့ သိရှိလျက် အိန္ဒိယ အပေါ်တွင် ကြည်ညိုလေးစားလျက် သဒ္ဓါ တရား ထားကြ၏။
ထိလိုင်မင် က ဗုဒ္ဓဂါယာတွင် ပြုပြင်ရေးနှင့် အလှူဒါနများ ပြုစေခဲ့သည်။ ဗုဒ္ဓ၀င်ဆိုင်ရာ နေ ရာ အနှံ့အပြားတွင် မြန်မာတို့ ဘုရားဖူး လှည့်လည်ကြပေမည်။ မိဖုရားတစ်ပါးက မိမိကျောင်းဝင်းတွင် စိုက်သော ညောင်ပင်မှာ ဗုဒ္ဓဂါယာမှ ဘုရားပွင့်သော ညောင်၏ အစေ့မှ ပေါက်သော အပင်ဟု ဖော်ပြဖူး၏။ ဗုဒ္ဓဂါယာ၌ တွေ့ရသော မြန်မာကျောက်စာ၌ အေဒီ ၁၂၉၈ ခုတွင် မြန်မာက ဂါယာ၌ စေတီပျက်ကို လာ၍ ပြင်သည်ဟု မှတ်တမ်းတင် လျက် ရှိပါသည်။
မြန်မာဝေါဟာရတွင် ပုရာ (ဘုရား) ဟူသည် ကြီးကျယ် မြင့်မြတ်သူကို ရည်ညွှန်း၍ ပါဠိ ဘာသာ "၀ရ" မှ ဆင်းသက် လာဟန် ရှိ၏။ ဗုဒ္ဓရှင်တော်ဘုရားကိုလည်းကောင်း၊ စေတီ ပုထိုး ဆင်းတု ကိုလည်းကောင်း၊ စင်ကြယ်မြင့်မြတ်သူကို လည်းကောင်း ပုရာဟု ခေါ်မြဲဖြစ်သည်။ လောကီနှင့် လောကုတ္တရာ ကွဲပြားစေရန် ဗုဒ္ဓရှင်တော်ဘုရားကို ရည်၍ မ္လတ်စွာသော ပုရာ (မြတ်စွာသော ဘုရား) ဟု ရေးသားခေါ်ဝေါ်လျက်၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူကို ပုရာရှင် ဟု ခေါ်၍၊ မင်း၏ မယားကို မိပုရာ သို့မဟုတ် အမိပုရာ ဟု ခေါ်ပါ သည်။ ရှင်ဘုရင်ကို ပုရာလောင် ဟူ၍လည်း ခေါ်၏။
ရှင်တော်၏ ရုပ်ထုကို ပုရာဆင်ပု ဟူ၍လည်းကောင်း၊ မတ်တပ်ကိုယ်တော်ကို ပုရာရုပ်၊ တင်ပလ္လင်ခွေ ဘုရားကို ပုရာထ၀ယ်၊ လျောင်းတော်မူကို ပုရာတန်ထိမ်၊ ပရိနိဗ္ဗာန်ပြုပုံကို ပုရာနိယ်ရပန်၊ အလှူရှင်ဒါယာ၏ အရပ်နှင့်တိုင်း၍ လုပ်သောပုံတောကို ၈ျပ်တိုင် ပုရာ၊ ဒါယကာ၏ ကိုယ်အလေးချိန်မှ စ၍ တူစေလျှင် ကိုဝ်၈ျပ်တိုင် ပုရာ ဟု ခေါ်ဝေါ်ခဲ့ကြ၏။
ဆင်းတုတော်ကို ရှေးမြန်မာက ဆင်ပု ခေါ်သည်မှာ ပျူဘာသာက ဆးဗော ဟု ခေါ် သည်နှင့် ဆင်ဆင်တူ၏။ သစ်သား သို့မဟုတ် ကျောက်နှင့်ထုသော ဘုရားကို ဆင်ပုဟု ခေါ်သည့်ပြင် ဂူနံရံ၌ ဆေးနှင့်ရေးသော ဘုရားရုပ်ကိုလည်း ဆင်ပု ပင် ခေါ်သည်။
ဂူနံရံတွင် ဆင်ပု ၁၄၆၁၉ ရုပ်ကို (၁၂၃၇ ခု မတ်လ ၇ မှ ၂၄) တစ်ဆယ့်ခုနှစ်ရက်နှင့် ရေး ဆွဲ၍ ပြီးသည် ဟူ၍လည်းကောင်း၊ ၁၂၅၃ ခု ဒီဇင်ဘာလ ၁၀ ဆင်ပု ၄၀၀၀ ရေးသည် ဟူ၍လည်းကောင်း မှတ်တမ်းတင်ခဲ့ဖူးပါသည်။ ထုံးစံအားဖြင့် ဂေါတမဘုရားပုံတော်ကို ထုလုပ်ရေးဆွဲမည်ဖြစ်သော်လည်း၊ နှစ်ကျိပ်ရှစ်ဆူ၊ ဘုရားငါးဆူ စသဖြင့် အခြား ဘုရား ပုံတော်များလည်း ပါတတ်ပါသည်။ ဘုရား အမည်ကွဲသော်လည်း မျက်နှာသွင်ပြင် ကွဲလှ သည် မဟုတ်။ နောက်ခံ ပွင့်တော်မူရာ ဗောဓိပင်ကိုသာ ခြားနား ဖော်ပြနိုင်တော့သည်။
ဘုရား၏ ဖြစ်တော်ပေါင်းဇာတ်မှာ စင်စစ်အားဖြင့် ၅၄၇ ဇာတ်သာ ရှိသော်လည်း၊ ရှေးမြန်မာတို့က အခေါ်အပြော လွယ်ကူစေရန် ဇာတ်ငါရျာ ဟူ၍လည်းကောင်း၊ ဇာတ် ၅၅၀ ဟူ၍လည်းကောင်း ခေါ်ဝေါ်၍ ဂူနံရံပြည့်မျှ အကွက်ချလျက် တစ်ဇာတ် တစ်ရုပ်နှုန်း ဆေးရေးခြင်း၊ သို့မဟုတ် စေတီပတ်လည် ပစ္စရံကို လှည့်၍ တစ်ဇာတ်လျှင် စဥ့်ကွင်း တစ်ကွင်းနှုန်း ရွှံ့နှင့် ရုပ်ကြွပြုကာ စဥ့်လောင်း၍ ထားတတ်ပါသည်။ ငါးရာငါးဆယ်ဟု ခေါ်သည့် အတိုင်း လိုနေသော သုံးဇာတ်ကို ကြံဖန်လီဇယ်၍ ဖြည့်ထား တတ် ပါသေးသည်။
ပုဂံအာနန္ဒာဘုရား၌ အောက်မှ မွန်ဘာသာ စတန်းထိုး၍ ဇာတ်စဥ့်ကွင်း ၁၅၀၀ မျှ ရှိ၍ ၃၈၉ ကွင်းကို စာအုပ်နှင့် ပုံနှိပ်ထုတ်ဝေပြီး ရှိပါသည်။ ဇာတ်ကြီးဆယ်ဘွဲ့ကိုမူ တစ်ဇာတ် လျှင် စဥ့်တစ်ကွင်းနှုန်းထက် ပိုမြဲဖြစ်သောကြောင့်၊ အထက်ဖော်ပြပါ ၃၈၉ ကွင်းမှာ ဇာတ်ကြီး ဆယ်ဘွဲ့မှ အရုပ်များဖြစ်ပါသည်။ စာနှင့်ရေးလျှင်လည်း ဇာတ်ကြီးဆယ်ဘွဲ့ကို အရေးများကြ၏။
ဟမ်ဗာ့ဂ် လူမျိုးဆက် ပြတိုက်အတွက် ၁၈၉၉ ခုနှစ်က ဒေါတာ တီ၊ အိပ်ခ်ျ၊ တောမန် လာရောက်၍ နံရံဆေးရေးဇာတ်များကို နံရံအင်္ဂတေ အချပ်လိုက် အကွက်ချလျက် ခွာယူ သွားသဖြင့်၊ နံရံဆေးရေးများစွာ ဆုံးရှုံးပျောက်ပျက်ခဲ့သော်လည်း ယခုတိုင် ကြည့်စရာ လက်ရာကောင်းများ ပုဂံဝက်ကြီးအင်း ဂူပြောက်ကြီးတွင် အသင့်အတင့် ကျန်ပါသေး၏။
ဂေါတမ၏ နောက်ဆုံးဘ၀ဖြစ်သော ဗုဒ္ဓ၀င်ကိုလည်း ရုပ်ကြွဆေးရေး အမျိုးမျိုး လုပ်လေ့ ရှိ၏။ ပုဂံအာနန္ဒာတွင် ဗုဒ္ဓ၀င်ကျောက်ရုပ်ကြွ ရှစ်ချပ်ရှိပါသည်။ အဆိုပါ ဘုရားပင် နံရံ ၀န်းကျင်၌ ဂူပေါက်ငယ်များတွင် ဘုရား၏ ရုပ်ထုများစွာ ရှိရာ၊
၁) ညာလက်ရင်တင်၍ ဘယ်လက်ကို ခါးတင် သို့မဟုတ် အောက်ချထားသော တရားဟောဟန် ၀ျာချာနမုဒြာ နှင့်
၂) ဘယ်လက်တင် ညာချသော သဗ္ဗညုတဉာဏ်ရဟန် ဘူမိသ္ပဂမုဒြ ဟူ၍ နှစ်မျိုးတွင် တစ်မျိုးမျိုးနှင့် တွေ့ရှိရပါသည်။
ရုပ်ပွားခုနှစ်ဆူမှာ ဥဏှီသ (ဥပ္ဏီပပ) မပါကြောင်း အသေအချာ သိရ၏။ ရုပ်တုတော် များ စွာ မှာ လက်ချောင်းများသည် လူသာမန်တို့ လက်များအတိုင်း အတိုအရှည်အလိုက် ရှိနေသည်ကို တွေ့ရသဖြင့်၊ ယခုရုပ်တုများမှာ မြင်တွေ့ရမြဲ ဖြစ်သော ထိပ်ညီနေသည့် လက်ချောင်းများထက် ကြည့်၍ သပ်ရပ်သည်ဟု ထင်မိပါသည်။ အရပ်လေးမျက်နှာတွင် မတ်ရပ် ကိုယ်တော်ကြီး လေးဆူရှိရာ၊ မြောက်နှင့် တောင်ဘက်နှစ်ဆူမှာ ဓမ္မစကြာ တရားဟောဟန် ဓမ္မစကြမုဒြာနှင့် အာနန္ဒာလှိုဏ်ဂူ တည်စဉ်ကပင် ထုလုပ်ခဲ့သော ဘုရား များဖြစ်သည် ဆိုပါသည်။ ရှစ်ပေအုတ်ခုံတွင် ဉာဏ်တော် သုံးဆယ့်တစ်ပေရှိ၏။ အနောက် ဘက်မှ ကိုယ်တော်တွင် ၀ဲယာ၌ မင်းနှင့် ရဟန်း တို့ ပူဇော်ဟန်ရုပ်ထုနှစ်ခုရှိရာ မင်းမှာ ထိလိုင်မင်၊ ရဟန်းကား အရဟံဟု ယူဆကြပါသည်။
အနောက်မုခ်ဂူ၌ ခြေတော်အပြည့်မျှ တစ်ရာ့ရှစ်ကွက်ဖော်၍ စက်လက္ခဏာများပါသည့် ခြေတော်ရာနှစ်ခု ရှိပါသည်။ လောကနန္ဒာနှင့် ရွှေစည်းခုံဘုရားများ၌လည်း ခေတ်ပြိုင် အလားတူ ခြေတော်ရာများ ရှိပါသည်။ အေဒီ ၁၂၉၄ ခု ရက်စွဲပါ ကျောက်စာ တစ်ခု၌ ဗုဒ္ဓပါဒခေါ် ခြေတော်ရာကို ရောင်စုံဆေးရေးသည်ဟု ဖော်ပြထား၏။ဗုဒ္ဓရုပ်တု ကို ထု၍ အသက်မွေးသူကို ပုရာသမာ ဟု ခေါ်၍ လက်ခအဖြစ် ငွေ၊ သို့မဟုတ် ၀တ္ထုပစ္စည်း ရကြ ၏။ တစ်ခါက ရုပ်တုဆရာကို လက်ခပေးရန် လိုသဖြင့် ကျွန်မ တစ်ယောက် ရောင်းရ သည်ဟု မှတ်တမ်းရှိ၏။ အေဒီ ၁၂၃၆ ခု ရက်စွဲပါ ကျောက်စာတစ်ခုတွင် ပုရာသမာကို ပုရာချပ် တစ်ဆူအတွက် ငွေကျပ် ၃၀၊ ဖငျမည်တစ်ထည်၊ မြင်းတစ်ကောင် ပေးရသည်ဟု ဆို၏။
အချို့မတ်ရပ် ကိုယ်တော်များကို ဒါယကာ၏ ကိုယ်အတိုင်းအတာကိုယူ၍ လုပ်လေ့ ရှိသောကြောင့်၊ ရျပ်တိုင်ပုရာ နှင့် ကိုဝ်ရျပ်တိုင်ပုရာ ဟုခေါ်သည်။ သို့သော် ရှေးခမေရ်မှာ ကဲ့သို့ ပုံတူရုပ်တု ခေါ်ဘုရားရုပ်တု၏ မျက်နှာကို ဒါယကာနှင့် တူအောင် ထုခြင်းမျိုး မြန်မာနိုင်ငံ၌ မတွေ့ရဖူးချေ။ ပုံတူ ရုပ်တုအကြောင်းကို အဲလ်ဗရစ်ဂ်၊ ရှေးခမေရ်လက်နက်နိုင်ငံ စာမျက်နှာ ၂၂၉-၂၃၀ တွင် ရှာဖွေ ဖတ်ရှု ကြည့်နိုင်ပါသည်။
ဗုဒ္ဓကို ထာဝရဘုရား သဘောမျိုး ယူဆ၍ သင့်မည် မဟုတ်ချေ။ သို့သော် ရှေးမြန်မာ အချို့ က ဗုဒ္ဓ၌ အသက်ရှည်ရာ အနာမဲ့ကြောင်း ဆုတောင်းလျှင် ရကောင်း၏ ဟု အကြွင်းမဲ့ ယုံကြည်ထားဟန် ရှိပါသည်။ အသက်ထင်ရှား ရှိသူ တစ်ဦးပမာ် စားဖွယ်သောက်ရာ ဆက်ကပ်ပူဇော်၍ တူရိယာမျိုးတို့ဖြင့် ဖြေဖျော်ကြ၏။ စည်၊ ပသာ၊ ခရာ၊ တပိုင်တီးသူ နှင့် ကခုန်သီဆိုသည့် ပန်တျာများကိုပါ ဘုရား၌ လှူလာကြသည်။ ကင်္ကသု၏ ဇနီးက အေဒီ ၁၁၄၂ ခုတွင် ဘုရားအတွက် စာရိယ်(စာရေး) နှင့် ကုဟာသည် (ခ၀ါသည်) များကိုပင် လှူ၏။ ထို့အတူ သန်ရျင်သည် (ထမ်းစင်ထမ်းသူ)၊ ထီသည် (ထီးမိုးသူ)၊ ယန်သည် (ရက်ကန်းသည်) တို့ လှူသေး၏။ မုဆိယ်ရိပ်၊ ဟင်သည်၊ ထမင်သည်၊ အမဲသည် နှင့် ကွမ်သည် များလည်း လိုအံ့ဟု လှူလာပါသည်။
အသက် ထင်ရှားရှိသူ တစ်ဦးကို ပြုစုယုယသည့် နည်းမျိုးကား မြန်မာနိုင်ငံ၌ ယနေ့တိုင် ရှိနေပါသေးသည်။
အလှူဒါနပြုသူ အများစုသည် မည်သို့မျှ အထူး ကန့်သတ်ချက် မပါဘဲ နိဗ္ဗာန်ရလို၏ ဟူ၍ သာ ဆုတောင်းကြ၍ ရည်ရွယ်ချက်ကြီးသူများသာ ဘုရားဆုပန်ကြောင်း အထက်က ဖော်ပြခဲ့ပါသည်။ ထိလိုင်မင်၊ နာတောင်မျာ စသဖြင့် မင်းအဆက်ဆက် ကလည်း ဘုရား ဆုပန်ကြ၏။ မိမိကိုယ်ကို ပုရာလောင် ဟု ကြေညာ၏။ ပုရာရှင်တ၀် ဟု အခေါ်ခံ၏။ အချို့ အမတ်ကြီးနှင့် အချို့ဆရာတော်တို့လည်း ဘုရားဆုပန်သည်။ ယင်းသို့ ဘုရားဆု ပန်လျှင် မေတ္တယျ ဘုရားပွင့်လျှင် တွေ့ဆုံ၍ ဗျာဒိတ်စကား ကြားလိုကြဥဖြင့် ဗျာဒိတ်ခံရ ပါလို၏ ဟူ၍လည်း ဆုတောင်းကြ၏။ ပါရမိ ဖြည့်ရမည်ဟု နားလည်၏။
ပါရမီဆယ်ပါးဟူသည် နိကာယလေးကျမ်းတွင် မပါသဖြင့် နောက်မှ ထွင်သည်ဟု ယူဆ သူများ ရှိပါသည်။ သို့သော် ပုဂံခေတ်က ပါရမီ ဆယ်ပါးဟု သုံးစွဲလျက် ရှိပါပြီ။ အေဒီ ၁၁၉၇ ခု ကျောက်စာ အရ ပါရမီ ဖြည့်ကျင့်ရမည့် ကာလမှာ လေးသင်္ချေယနှင့် ကပ္ပ (ကမ္ဘာ) တစ်ရာ ကြာမည်ဟု သိကြ၏။ ကမ္ဘာ ဆိုသည်မှာ ကမ္ဘာ တစ်က္ဘာ တည်နေသည့် အချိန်ကာလကို ဆိုလိုသည်။ သိစပ်မြင်နှမ် (သဗ္ဗညုတဉာဏ) ဟု ဆိုရလောက်သော ကြီးဥော ဘုရားဉာဏ်ကို ရရန် ထိုမျှကြာသင့်လှပေသည်။
အမျိုးသမီးဘုရား မရှိဖူး သဖြင့်၊ အမျိုးသမီးတို့ ဘုရားဆုပန်လိုလျှင် ပထမ ယောင်္ကျား ဆုပန် ရချေမည်။ အမျိုးသမီးတစ်ဦးသည် အေဒီ ၁၂၆၀ က ဘုရားဆုပန်မိ၏၊ နောက်မှ မိမိ အမှားကို သတိရသဖြင့် အေဒီ ၁၂၆၅ ခု၌ ယောင်္ကျားဆုပန်၍ ဗုဒ္ဓသာသနာ၌ သက်ဝင် ယုံကြည်သည့် ယောင်္ကျားမြတ် ဖြစ်လိုကြောင်း အသေအချာထည့်၍ ဆုတောင်းလိုက်သည်။
ယခုအခါတွင် ဘုရားစေတီ သို့မဟုတ် ဘုရားရုပ်တုတည်ဆောက်ထုလုပ်၍ပြီးလျှင်၊ အနေကဇာ မတင်လျှင် မဖြစ်ဟု မြန်မာများ စွဲမှတ်လျက် ရှိကြပါသည်။ အနေကဇာ မတင် ရသေးလျှင် အုတ်ပုံ ကျောက်တုံးဟူ၍ ယူဆဖွယ်သာ ရှိ၏ ဟု ထင်ကြသည်။ အနေကဇာ တင်သည်မှာလည်း ခက်ခဲလှသည် မဟုတ်ပါ။ ရဟန်းတော် အတန်ငယ်စု၍ ဓမ္မပဒမှ ဂါထာ အမှတ် ၁၅၃၊ ၁၅၄ ကို ရွတ်ကြရလျှင် ပြီး၏။
ထိုဂါထာများကား ဗုဒ္ဓသည် သဗ္ဗညုတဉာဏ်ရလျှင် ရခြင်း မှတ်ဆိုသော ဂါထာများဟု ယုံကြည်ကြသဖြင့် ကျောက်ဆင်းတု ကိုယ်စား ရဟန်းများက ရွတ်ကြခြင်း ဖြစ်သည်။ ပုဂံခေတ် ကျောက်စာတို့၌ အနေကဇာပွဲ အကြောင်း တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးချေ။
ပုဂံခေတ် မြန်မာတို့သည် ဗုဒ္ဓ၀င်နှင့်တကွ ဗုဒ္ဓဒေသနာကို ကောင်းစွာ နား လည်ကြသော် လည်း၊ လူမျိုးစရိုက်နှင့် ဆီလျော်အောင် အသင့်အတင့် ပြုပြင်ကြ သည်ဟု ဆိုက များစွာ များ မည် မထင်ချေ။ ဖြည့်ကျင့်ရန် ပါရမီတို့တွင် ဒါနပါရမီက ပို၍ လွယ်ဟန် ရှိသဖြင့် အလှူအတန်း ပြုသည် များ၏။ စိုက်ခင်း ပျိုးခင်းများစွာကို သာသနာမြေအဖြစ်ဖြင့် လှူကြ ရာဝယ် သာသနာမြေမှ အခွန်အခ မရသဖြင့် မင်းဘဏ္ဍာ ထိခိုက်သောကြောင့်၊ အေဒီ ၁၂၃၅ ခုနှစ်တွင် ဘုရင် က္လစွာက စုံစမ်းရေးခြောက်ဦးအဖွဲ့ဖွဲ့၍ သာသနာမြေအချို့ကို စစ်ဆေးလျက် အထောက်အထားနည်းသော မြေကို မင်းဘဏ္ဍာအဖြစ်ဖြင့် သိမ်း လိုကြောင်း သိရပါသည်။ ဤသည်တို့ကား ဘုရားနှင့် ဘုရားသာသနာနှင့် ပက်သက်သော ပုဂံခေတ်အယူအဆများ ဖြစ်ပါသည်။
တျြာ ဟူသည် နည်းလမ်း စည်းကမ်းဟု အဓိပ္ပါယ်ရှိသောကြောင့် ဗုဒ္ဓတရားမျှကိုသာ ရည်ညွှန်းသည် မဟုတ်ချေ။ ကိုယ်ကျင့်တရား၊ ဥပဒေတရားနှင့် ဓမ္မတရားဟူ၍ ထုံးနည်း အားလုံးနှင့် ဆိုင်သော ဝေါဟာရ ဖြစ်သောကြောင့် လူမျိုး၏ ဓလေ့၊ နေ့စဉ်လိုက်နာ အပ် သည့် လောကီ လေကုတ္တရာ ထုံးနည်း အားလုံး အကျုံးဝင်သည့် သက္ကတဘာသာတွင် သုံးစွဲသော ဓမ သဘောအတိုင်းပင် ဖြစ်ပါသည်။
ပုဂံခေတ်က တျြာ ဟူသည် တိပိဋက ကိုသော်လည်းကောင်း၊ ရဟန်းတို့ဟောစာ ကို လည်းကောင်း၊ ပြိုင်ဆိုင်ခြင်းကို ကြားနာစစ်ဆေးသူကို လည်းကောင်း၊ မည်သူမျှ မလွန် ဆန်နိုင်သော သေခြင်း ကဲ့သို့သော သဘာဝတရား ကို လည်းကောင်း ဆိုလိုသည်။ ထို့ကြောင့် ခိုင်တျြာ ခေါ် ခိုးမှုမှ အက္လတ်တျြာ ခေါ် နိဗ္ဗာန်ေ၇ာက်ကြောင်း နည်းကောင်း အထိ ထုံးနည်း ဥပမာ အလေ့အလာတို့ကို တျြာဟု ခေါ်ကြ၏။ ဤမျှအသုံးဝင်သော ဝေါဟာရ ၏ အရင်းအမြစ်ကို မသိပါ။ သက္ကတတွင် တွေ့ရသော တရားဥပဒေ အနက်ရ သည့် ၆တ မှ အံချော်၍ တရား ဖြစ်လာလေသလော ဟု တွေးထင်ဖွယ် ရှိ၏။ တိုင်းရင်း သား စကား မဟုတ်သည့် အတူတူ၊ ဓမ္မကိုပင် ယူ၍သုံးက ပို၍ လွယ်ကူဖွယ် ရှိပါသည်။
စင်စစ်အားဖြင့် ရှေးမွန်တို့က ဓမ ဟု တိုက်ရိုက်ယူ၍ သုံးသော်လည်း မြန်မာဘာသာနှင့် ကျောက်စာရေးထိုးလာသောအခါ၌ ဗုဒ္ဓ ဓမ္မ သံဃ ဟူသော အတွဲမှာ ပုရာတျြာသင်္ဃာ (ဘုရား-တရား-သံဃာ) ဖြစ်၍ လာပါသည်။ ထို့ကြောင့် တျြာဟူသည် ဓမ္မအစား သုံးသော စကားဖြစ်ကြောင်း သိရပါသည်။ သို့သော် ဓမ္မသတ္ထ ဟူသော တရားမဥပဒေကို မြန်မာက အသစ်မရှာဘဲ ဓမ္မသတ် ဟု တိုက်ရိုက်ယူငင် သုံးစွဲသည်မှာ ချွင်းချက်ဖြစ်ပါသည်။
တိုင်းပြည်ကို အုပ်ချုပ်သော မင် တွင် တျြာကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော် လည်းကောင်း တွဲဖက်ခြင်းဖြင့် မင်တျြာ သို့မဟုတ် တျြာမင် ဖြစ်၍ လာသောအခါတွင် တျြာမှာ သက္ကတ၌ တွေ့ရသော ကာကွယ်စောင့်ရှောက်သူဟု အနက်ရသည့် တြာ မှ ဆင်းသက်လာလေသလောဟု ဆက်စပ်၍ ပေးလိုစိတ်ပင် ပေါ်မိပါသည်။ သို့သော် တျြာမင် မှာ ဓမ္မရာဇာ ကို တိုက်ရိုက်ဘာသာပြန်ခြင်း ဖြစ်ပါသည်။
ဗုဒ္ဓ၀ါဒနှင့် ပက်သက်၍ကား တျြာ ဟူ သည် တိပိဋကတ်ကို ဆိုလို၍ များပြားသော အရေ အတွက်ကို ညွှန်းလိုသဖြင့် အပုံ နှင့် တွဲဖက်၍ သုံးတတ်၏။ ထို့ကြောင့် ပိဋကတ် သုံးပုံသောတျြာအပုံ ဟူသော စကားစု ပေါ်လာရပါသည်။ ဘုန်းကြီးကျောင်းများ၌ ပိဋကတ် သုံးပုံစလုံးကိုပင် လှူသူများ ရှိ၏။ သို့သော် ပိဋကတ်ကို ဘုန်းကြီးကျောင်း၌သာ ထားသည် မဟုတ်ပါ။
ထိလိုင်မင် က အေဒီ ၁၁၀၂ ခုတွင် နန်းတော်သစ်ဆောက်ရာ၌ ဗုဒ္ဓရုပ်တုနှင့်အတူ ပိဋကတ်ကို အဆောင်သက်သက်နှင့် ထားသည်ဟု မှတ်တမ်းထားရစ်၏။ မင်းကြီး အမိန့်ဖြင့် ပိဋကတ်ကို ရေးကူရာ၌ မှန်ကန်ကျနအောင် စစ်ဆေးတိုက်ဆိုင်၍ ကူးရသည် ဟု ဆိုပါသည်။ စတုရင်္ဂပစ္စယ အမည်ရှိသော အမတ်ကြီးမှာ ပိဋကတ်သုံးပုံကို ကောင်စွာ တတ်ကျွမ်းသည်ဟု သိရ၏။ ထိုသူမျိုး အိမ်၌လည်း ပိဋကတ် ရှိကောင်းသည်။
သို့သော် ပိဋကတ်သုံးပုံပါသော တစ်စုံ၏ တန်ဖိုးကား မသေးချေ။ ငွေသားကျပ် ၃၀၀၀ ကျသည်ဟု အေဒီ ၁၂၇၃ ခုနှစ် ကျောက်စာတစ်ခု၌ တွေ့ရ၏။
မြေတပယ် (၁.၇၇ ဧက) ကို ငွေတစ်ကျပ်ဖြင့် ၀ယ်၍ရသော ကာလ ဖြစ်ခြင်းကြောင့် ပိဋကတ်တစ်စုံအတွက် ကုန်ကျငွေ ၃၀၀၀ ဖြင့် မြေဧက ၅၃၁၀ ရှိသော မြေကွက်ကို ၀ယ်ယူနိုင်ပါသည်။ ပိဋကတ်ကို ရေးကူးရာ၌ ပေပေါ်တွင် ကညှစ်တင်၍ ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ ကုန်အောင် ရေးရလျက် ထိုခေတ်က စာရေးနည်းပညာ ပေါ်စဖြစ်သောကြောင့် လက်ရေးကောင်းသော စာရေးရှားမည်ဖြစ်သဖြင့် ပိဋကတ်တစ်စုံ၏ တန်ဘိုးမှာ ဤမျှကြီးနေခြင်း ဖြစ်မည်။
ရဟန်းကျောင်းတိုက် အတွင်း၌ ပိဋကတ်ထားစရာ အဆောင်သပ်သပ် ရှိတတ်၍ ပိဋကတ် ကိုလည်း ရှယ်တလာနှင့် ထည့်ထားမြဲ ဖြစ်သည်။ တန်ဘိုးကြီးလှသောကြောင့် ပိဋကဒါယကာ တိုင်း တစ်စုံလုံးပြည့်အောင် မလှူနိုင်ပါ။ များသောအားဖြင့် မိမိတို့လှူမည့် ကျောင်းတိုက်၍ လိုနေမည့် ကျမ်းမျိုးကိုသာ ကြိုတင်မေး၍ လှူကြဟန် ရှိပါသည်။ အေဒီ ၁၂၂၃ ခု ရက်စွဲပါသော ကျောက်စာတစ်ခု၌ ပိဋကတ် အလှူစာရင်းပါ၏။ သီဟိုကျမ်း များဖြစ်သော မဟာဝံသ၊ ထူပါဝံသနှင့် အနာဂတ၀ံသံ တို့ကိုလည်း အရေးတယူ ဖတ်ကြ သည်ဟု သိရသည်။
ဒါယကာ အချို့က ၀ိနယ (၀ိနည်း) ကိုသာ လှူလေ့ရှိ၏။ ရဟန်းဦးရေ များလာသဖြင့်၊ ရဟန်း ဥပဒေကို လေ့လာသူ များသဖြင့် သို့မဟုတ် ရဟန်းဥပဒေကို မထေမဲ့မြင် အပြုများ လာကြသဖြင့် ပို၍ လေ့လာစေလိုသောကြောင့် ၀ိနယ ကိုသာ ကွက်၍ လှူကြဟန် ရှိပါ သည်။ အချို့ ဒါယကာကလည်း အဘိဓမ္မာ ကို ဗုဒ္ဓ၀ါဒ၏ အဆီအနှစ် ဖြစ်သည်ဟူ၍ အမွန် အမြတ် လှူလေ့ရှိပါသည်။
ပိဋကတ်တိုက်များမှာ စာသင်တိုက်နှင့် တွဲဖက်နေလေ့ ရှိ၏။ ရဟန်းငယ်များသည် ပရိယတ္တိ ဖြင့်သာ အချိန်ကုန်ကြရ၏။ ထို့ကြောင့် ထိုသူတို့ကို စာသင် ဟု ခေါ်၍ သင်ကြား ပို့ချသော နေရာကို စာသင်တိုက် သို့မဟုတ် စာသင်က္လောင် ဟု ခေါ်ပါသည်။ ထိုကျောင်းမျိုး၌ နေသူများမှာ စားသောက်နေထိုင်ရေးအတွက် စရိတ်မကုန်။ အချို့ကျောင်း ၌ စာသင်နှစ်ယောက်မျှသာ ရှိသော်လည်း အချို့ကျောင်းတိုက်တွင် စာသင်များနေရန် ကျောင်ဆောင်နှစ်ဆယ် အထိ ရှိပါသည်။
စာရေးရန်ကိရိယာ အဖြစ်ဖြင့် တာရှည်ခံရန် ပိယ် သို့မဟုတ် ထန်ရွက် ကိုသုံး၍ ကညှစ်ခေါ် သံချွန်နှင့် ရေးခြစ်ရ၏။ ရေးပြီး ပိယ် ကို လက်ပံသားဖြင့်လုပ်သော က္လမ်နှင့် ညှပ်၍ စာတိုက်တွင် ထည့်၍ သိမ်းသည်။ တင့်တယ်လှပအောင် မွန်းမံထားသော စာတိုက် တစ်လုံးလျှင် ငွေ ၂၁၅ ကျပ်မျှတန်၏။ သာမညရေးမှတ်လိုလျှင် ပရပိုက် ကို သုံး ၏။ ကံကူတံက္လေည် ခေါ်သော ကျည်တောက်တွင် ထည့်ထားလေ့ရှိသော က့ကူဆာန် နှင့် ရေးရသည်။ လေ့ကျင့်ခန်းအတွက် သင်ဖုန် တွင် မ္လိယ်ဖ္လူ နှင့် ရေး၏။
ပိဋကတ် တိုက် ဆောက်ပြီးလျှင် ဒါယာလုပ်သူသည် အဆောက်အအုံကို ထိန်းသိမ်းရန် အစောင့်အရှောက်ထားခြင်း၊ ကျမ်းများ မပျက်စီးရလေအောင် သိမ်းဆည်းခြင်းနှင့် ကျမ်း အသစ် အသစ် ရှာဖွေ၍ နောက်ထပ် လှူဒါန်းခြင်းများ ပြုမြဲဖြစ်ပါသည်။ ယင်းတာဝန်မျိုးကို တျြာဝတ် ဟု ခေါ်၏။ တျြာဝတ်အတွက် လှူဒါန်းဖွယ် အမျိုးမျိုး လှူရာဝယ် လယ်၊ ကျွန်၊ စာရိယ်၊ ပိယ် နှင့် နှမ်း စသည်တို့ ပါဝင်၏။ ထို့ပြင် ဘုရားနှင့် သံဃာကို ဆွမ်းကပ်သလို တရားကိုလည်း ဆွမ်းကပ်ကြပါသည်။
ရဟန်းတို့ ဟောပြောချက်ကိုလည်း တျြာဟု ခေါ်ကြောင်း အထက်က ရေးခဲ့ပါသည်။ စင်စစ်အားဖြင့် ဘုရားကိုယ်တော်မြတ်၏ အဆုံးအမတို့ တဆင့် ပြန်၍ ပြောဟောခြင်း ဖြစ်သောကြောင့် တျြာဟု ခေါ်ဆိုထိုက်လှသည်။ တျြာဟ၀် ရာသို့ လူအများလာ၍ တျြာနာ ကြ၏။ ဟောပြောသော ရဟန်းကို အားလုံးက ၀ိုင်း၍ အလှူပစ္စည်း ဆက်ကပ်သည်ကို တျြာဆု ဟု ခေါ်ပါသည်။ ကွမ်းသီး၊ ပုဆိုး၊ စပါး မှ အစလယ် အထိ တျြာဆု ရကြ၏။
များသောအားဖြင့်၊ ၀ါတွင်း၌ သတင် တိုင်း တျြာဟ၀်၍ အချို့ကျောင်းတိုက်တွင် နံနက် တစ်ကြိမ် ညတစ်ကြိမ်အားဖြင့် သတင်းတစ်နေ့လျှင် နှစ်ကြိမ်ဟောပြောကြသည် ဟု သိရ ပါသည်။
ကျောင်းတိုက်ကြီးများ၌ တျြာဟ၀် ရန် အဆောက်အအုံ သီခြား ရှိတတ်၍ ထိုနေရာကို ဓမ္မသာ သို့မဟုတ် တျြာဣမ် သို့မဟုတ် တျြာက္လောင် ဟု အမျိုးမျိုး ခေါ်ကြ၏။ ဟောပြောသော ဆရာအတွက် သီးသန့်နေရာဖြစ်စေရန် တျြာပန်လင် (တရားပလ္လင်) ဆောက်၍ တစ်ခါတစ်ရံ ရွှေချထားသေး၏။ ရွှေထီးမိုးခြင်း၊ ပိတန်ကြက်ခြင်း လည်း ပြုသေး၏။ များသောအားဖြင့် ဓမ္မစကြာ၊ ပဋိစ္စသမုပ္ပါဒ တို့ကို ဟောလေ့ရှိပါသည်။
ဤနည်းဖြင့် နားထောင်သူတို့ ပဋိသမ္ဘီဒါ ခွဲခြမ်း ဝေဖန်၍ သိတတ်သောဉာဏ် ပွင့်လင်း၍ သစ္စာလေးပါး ထင်ကာ မေတ္တယျဘုရားပွင့်လျှင် အရဟတ္တဖိုလ်တည်း ဟူသော အက္လတ်တျြာ (အကျွတ်တရား) ရ၍ နိဗ္ဗာန်ကူးရမည်ဟု ထင်မြင်ကြ၏
ယခုခေတ် မြန်မာနိုင်ငံမှာကဲ့သို့ပင် ဟောပြောသူက ဇတ်တော်များကို မကြာခဏ ကိုး ကား ပြောဆိုလေ့ရှိရာ ပုံနားထောင်၍ ကောင်းသဖြင့် တရားပွဲသလို့ လာသူလည်း အများ ပင် ရှိကြချေမည်။ ဇာတ်ဝတ္ထုများ၌ အကျင့်စာရိတ္တနှင့် ပတ်သက်၍ မှတ်သားဖွယ်ရာ သင်ခန်းစာများ ပါတတ်သဖြင့် လူတို့ ယဉ်ကျေးအောင် ဆိုဆုံးမရန် အထူးသင့်တော်၏။ ထို့ကြောင့် ကျောင်းဘုရား ဂူနံရ့များ၌ ဇာတ်တော်ကို ဆေးဖြင့် တင့်တယ်အောင် ရောင် စုံဆေး ရေးခြယ်ခြင်းမှာ
၁) အလှအပကို ရည်၍ တန်ဆာဆင်ခြင်း နှင့်
၂) စာမတတ်သူကို ဗုဒ္ဓ၀ါဒ၏ တစ်စိတ်တစ်ဒေသကို မြင်ရလေအောင် ညွှန်းခြင်းပင် ဖြစ်ပါသည်။
ဤတွင် ဟောကြားသော အကြောင်းအရာများတွင် အနက်ဖော်ရန် အတန်ငယ် ခက်သော အမည်နှစ်မျိုးကို အေဒီ ၁၂၀၁ ခုနှစ် ကျောက်စာတစ်ခု၌ တွေ့ရပါသည်။ ယင်းကား မာလည်နှင့် ပီသမန်တြ ဖြစ်၏။ မာလည်မှာ သီဟိုဠ်မှ သျှင်မာလဲနှင့် မေတ္တယျ ဘုရားလောင်း နတ်သားတို့ တွေ့ဆုံကြစဉ်က နတ်သားက မိမိဘုရားဖြစ်သောအခါတွင် ဖူးမြင်လိုလျှင် တန်ဆောင်မုန်းလပြည့်နေ့တိုင်း လှော်ကားလေ နှင့် ဆီမီးတစ်ထောင် ပူဇော် ရန်နှင့် ဝေဿန္တရာဇာတ်နာရန် မှာလိုက်ကြောင်းကို ရသ၀ါဟိနီကျမ်းတွင် ပါသည့် အတိုင်း ပြန်လည် ပြောပြောခြင်း ဖြစ်မည်ဟု ထင်သည်။ ထိုသို့ဖြစ်လျှင် ပီသမန်တြ သည် ဝေဿန္တရာဇာတ် ဖြစ်ရာ အံ့လောဟု တွေးစရာ ရှိပါသည်။
အန္တရာယ်ကင်းရန် ပရိတ္တ ရွတ်ကြသည်ဟုလည်း သိရ၍ အေဒီ ၁၁၀၃ ခုနှစ်တွင် ထိလိုင်မင် နန်းတော်သစ် ဆောက်စဉ်က ရဟန်း ၄၂၀၈ ပါးပင့်၍ ပရိတ်ရွတ်ကြောင်း မှတ်တမ်းရှိသည်။ သိင်္ဃသူရ သည် အေဒီ ၁၁၉၀ ခုနှစ်က ဘုရားဌာပနာစဉ် ရဟန်းများ ပင့်၍ ပရိတ်ရွတ်သည်။ အေဒီ၁၂၆၁ ခုတွင် အာစ၀်လတ် မင်းသမီး ဘုရားဌာပနာ စဉ် ကလည်း ဘိက္ခု ၇ ပါး၊ ဘိက္ခုနီ ၁ ပါးပင့်၍ ပရိတ်ရွတ် စေခဲ့၏။
ရတနာသုံးပါးတွင် နောက်ဆုံးအမျိုးမှာ သင်္ဃာ ဖြစ်၏။ ပုဂ္ဂိုလ်အများ၏ အဖွဲ့အစည်းဟု အဓိပ္ပါယ်ရသော ပါဠိဝေါဟာရ သံဃ ပင် ဖြစ်ရာ၊ ပျူက သဃာ၊ မွန်က သင်္ဃာ ဟု ခေါ်ဝေါ်သည်များနှင့် အတူတူပင် ဖြစ်၏။
အကြမ်းအားဖြင့်
၁) က္လောင်နိယ်သောသင်္ဃာ၊
၂) တ၀်မ္လတ်ကြီ သို့မဟုတ် တ၀်သ္ခိင် သို့မဟုတ် တ၀်က္လောင်သင်္ဃာ ဟူ၍ ရဟန်း နှစ်မျိုး ရှိနေပါသည်။ တောကျောင်းရဟန်းကို အရည၀ါသိ ဟူ၍လည်းကောင်း၊ အရည် ဟူ၍ လည်းကောင်း၊ ခေါ်ပါသေးသည်။
အရည် ဟူသည် အရိယ ၏ အတိုခေါ်နည်း ဖြစ်မည်၊ သို့မဟုတ် အရည၀ါသိ ၏ အတိုခေါ် နည်း ဖြစ်မည်ဟု နှစ်စွန်းထွက် ကြံဆကြရာ ၀ိနယ မှ ၀ိနည်းဖြစ်ဟန်မျိုးနှင့် ယှဉ်၍ ကြည့်လျှင် အရိယ မှ အရည်း ဖြစ်ရန်များ၏။
မင်းသာ စိုးသားကို သ္ခိင်တပ်၍ ခေါ်ပုံမျိုးအတိုင်း ရဟန်းကိုလည်း လူအများက သ္ခိင် တပ် ၍ ခေါ်လေ့ ရှိပါသည်။ ထို့ပြင် ရဟန်းတို့ကို ပုရာသ္ခိင်တပေသာအရိယာသင်္ဃာ ဟူ၍ လည်းကောင်း၊ ပုရာတပေအ်သာရဟန်သင်္ဃာ ဟူ၍လည်းကောင်း ခေါ်ခြင်းဖြင့် ဗုဒ္ဓ၏ သား၊ ဗုဒ္ဓ၏တပည့်၊ မွန်မြတ်သူများ၊ အရဟတ္တဖိုလ်လမ်းကို သွားနေသူများဟု ရဟန်းတို့ ၏ သဘောအဓိပ္ပါယ်ကို ဖော်ခဲ့ကြပါသည်။ တပေ မှာ ပါဠိ တပဿီ၊ သက္ကတ တပသွိန် မှ လာသော စကားဖြစ်၍ မူရင်းအားဖြင့် ခြိုးခြံသော အကျင့်ရှိသူများဟု အဓိပ္ပါယ်ရပါသည်။
တပေ ကို သာ နှင့် တွဲဖက်၍ တပေသာ (တပည့်သား) ဟု ခေါ်ပြန်သဖြင့် ခြိုးခြံသည့် အကျင့် ရှိသော သားများအနေဖြင့် ဗုဒ္ဓက သိမ်းပိုက်သည့် သဘောပါရှိ၏။
တပေအ်သာကြီ မှာ အဂ္ဂသာဝက ဖြစ်၍၊ တပေအ်သာ မှာ သာဝက ဖြစ်သည်။ အရိယသင်္ဃာ၊ ရဟန်သင်္ဃာ ဟူသော အခေါ်များကလည်း ရဟန်း ဟူသည် အရဟတ္တ အစစ် မဖြစ်သေးသော်လည်း အစစ်နှင့် နီးပြီဟု မြှောက်စားခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သင်္ဃာဟု ခေါ်ရုံမျှဖြင့် အိမ်ရာထောင်ခြင်း မရှိ။ သန့်စင်၊ မွန်မြတ်၊ လိမ္မာ၍ ကြည်ညိုဖွယ် ရှိသူဟု ဆိုလို၏။
ကျောက်စာတစ်ခု၌ ထေရ ၏ တာဝန်မှာ
၁) သာသနာမြေကို ထိမ်းရန်၊
၂) ကျောင်းဘုရားပျက်လျှင် ပြင်ရန်နှင့်
၃) စည်ပန်တျာကိုပြုစေရန်ဟု ဖတ်ရပါသည်။
ဘုရား၍ သီဆို ကခုန် တီးမှုတ်သူတို့ကို ထိန်း၍ တာဝန်ချထားပေးရမည်ဟု ဆိုလိုပါ သည်။ နစ္စ၊ ဂီတ၊ ၀ါဒိတ (ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း) တို့ကို ရှောင်ရမည်ဟူသော ကန့်သတ်ချက်နှင့် မကိုက်ညီပေ။ သို့သော် ဤသို့ ချွင်းချက်ပြုရမည့် တာဝန်မျိုးကား နည်း ပါ၏။
ရဟန်းကို ခေါ်သော အခြား အမည်များ ရှိပါသေး၏။ ရှေးမွန်တို့က သင်္ဃာ ကို သင်၊ အရိယ ကို အရိယ် ဟု ချုံ့၍ သင်အရိယ် ဟု ခေါ်တတ်၏။ မိမိတို့ ဘာသာစကားအတိုင်း ဂုံဣရ် ဟူ၍လည်း ခေါ်ပါသည်။ ရှေးမြန်မာတို့ကလည်း သင်္ဃာ ကို သင် ဟူ၍ လည်းကောင်း၊ မဟာထေရ ကို သင်ကြီ၊ ထေရ ကို သင်လျင်၊ သံဃာအများကို မွန်ကဲ့သို့ ပင် သင်အရျာ ဟု ခေါ်၏။
ပျူက မဟာထေရ ကို တြးဗံး ဟု ခေါ်၏။ တောနေရဟန်းကို သင်အရည် ဟု ခေါ်သည် လည်း ရှိ၏။ နောင်အခါတွင်သည့် ဘုန်းကြီး ဟူ၍ မခေါ်သေး၊ သို့သော် ဖုန်သည် ဟူ၍ ကား ခေါ်စ ပြုပါပြီ။ အရိယာနှင့်တွဲဖက်၍ အရျာသူတ်ကောင် ဟု ခေါ်သေး၏။ ရဟန် ဟူသော ဝေါဟာရမှာ အရဟ မှ လာသည်ဖြစ်၍ နိဗ္ဗာန်ပေါက်ရာ လမ်းအဆင့်တွင် စတုတ္ထ အဆင့်ဖြစ်သော နောက်ဆုံး အဆင့်သို့ ရောက်နေသူကို ခေါ်ရန်ဖြစ်သော်လည်း ပုထုဇဉ် ကိုပင် ရဟန်းဖြစ်ရန် အခြေခံသင်တန်းတွင် ရှိနေသူ သမနိယ် ဟု ပါဠိ သာမဏေရ ကို ယူ၍ ခေါ်သည်။
ယခုခေတ် ခေါ်သော ကိုရင် သို့မဟုတ် မောင်ရှင် နှင့် အတူတူဖြစ်မည်။ သို့သော် ပုဂံခေတ် က ခေါ်သော သျှင် သို့မဟုတ် အသျှင် ကား လေးမြတ်ရသော အရှင်သခင်မျိုး ပင် အနက်ရ၍ ရဟန်းကြီးကို ခေါ်ရလျက် ရဟန်းအချင်းချင်း စကားဆိုလျှင် တစ်ဦးကို တစ်ဦး ငါသျှင် ဟု ခေါ်လေ့ ရှိ၏။ တစ်ခါတရံ ပန်စင် ဟု ခေါ်ကြောင်း တွေ့ရသော်လည်း ထိုဝေါဟာရမှာ အင်္ဂါငါးပါးနှင့် ပြည့်စုံသဖြင့် ခေါ်သော ပဉ္ဇင်း နှင့် မဆိုင် ဟု ထင်ပါသည်။
ထေရ်ကြီးဝါကြီကို ခေါ်ရန် သီးခြားအခေါ်များ ရှိ၏။ ဖုန်မ္လတ်သော၊ မ္လတ်သော ဟူ၍ ထေရ ကို ခေါ်၏။ မ္လတ်စွာသော၊ မ္လတ်ကြီး ဟူ၍ သင်္ဃာထေရ ကို ခေါ်၏။ မ္လတ်ကြီစွာ၊ ဖုန်မ္လတ်ကြီစွာ ဟူ၍ မဟာထေရ ကို ခေါ်ကြပါသည်။ အာစရိယ ဟူသော ပါဠိမှ ဆင်း သက် သည့် ဆျြာ ဟူသော အမည်ဖြင့်လည်း ရဟန်းကြီးကို ခေါ်သည်။ ထိုရဟန်းကို ကိုး ကွယ် ဆည်းကပ်သူကို စွဲ၍ မင်ဆျြာ၊ စ၀်ပလယ်မယ်ဆျြာ၊ အမတ်ကြီသိရိဝတ္ထနာဆျြာ စသဖြင့် ခေါ်တတ်သည်။ ထို့ကြောင့် ဗုဒ္ဓမှာ လူနတ်တကာဆျြာ သို့မဟုတ် သုံလုဆရျာ ဖြစ်လာရ၏။
ရတနာဥစ္ဆီ မည်သော ရဟန်းကို နတ်ဆရျာမ္လတ်စွာသောသ္ခိင် ဟု ခေါ်သည်မှာ မည် သို့သော အကြောင်းထူးရှိ၍ နတ်ဆရာ အခေါ်ခံလေသနည်းဟု သိရလျှင် ကောင်းပေ မည်။ ထို့အတူ အခြား ရဟန်းတစ်ပါးကို နတ်ထမင်ရသောသ္ခိင်ထမ်ပါ ဟု ခေါ်ဆို သည် မှာ မည်သို့သော အကြောင်းကြောင့် နတ်သုဒ္ဓါ ရောက်ရသနည်း ဟု သိလိုလှပေသည်။
ဆျြာ ဟူ၍ ဗြဟ္မဏ ဖြစ်သော ပုံနာ ကို လည်းကောင်း၊ ဟုရာ ကိုလည်းကောင်း ခေါ်သေး ၏။ စာပေကျမ်းဂန် ကျွမ်းကျင်သော ရဟန်းကို သုခမိန် ဟု ခေါ်တတ်ပါသည်။ အိမ်ထောင်ပြုပြီးမှ ရဟန်းမူ သူကို တောထွက်၊ ရဟန်းဘ၀ကို စွန့်သွားသူကို လူထွက် ဟု ခေါ်ကြ၏။
ထင်ရှားသော ရဟန်းကြီးတစ်ပါးတွင် စာသင် မျာစွာ ရှိတတ်သည်။ ပရိယတ္တိ အား ထုတ်ကြ ရန် ဖြစ်ပါသည်။ ပဋိပတ္တိ သက်သက် လည်း ဆောင်ရွက်သူများ ရှိပေသည်။ စာသင် များစွာ ရှိသော ကျောင်းတိုက်ကြီးများ၌ ငွေရေးကြေးရေး ဖူလှုံအောင် လှူဒါန်းသူ များ ရှိသောကြောင့် ဗုဒ္ဓတက္ကသိုလ်များ ဖြစ်လာကြရပါသည်။ စာသင်သားများ ထောက်ပံ့ ရန် သက်သက် သီးသန့်၍ လယ်လှူသည်ကို တွေ့ရဖူးပါသည်။ လူဝတ်ကြောင် ဖြစ်သော် လည်း သီတင်း သီလ မပြတ်စောင့်သူများ ရဟန်းကျောင်း၌ ရှိတတ်၏။ ထိုသူတို့ကို ဥပါသက သို့မဟုတ် သတင်သည် ဟူ၍ ခေါ်ပါသည်။ စနေသတင်သည်က္လောင် ဟု တွေ့ ရဖူးသည်။ မည်သည့် ဂိုဏ်းဝင်များ ဖြစ်မည်ဟု မသိချေ။ ထိုသူမျိုးမှာ ကျောင်းဝေယျာဝစ္စ ကို ဆောင်ရွက်တတ်၏။
ကျောင်း၏ အထောက်အပံ့ ပစ္စည်းများကို လှူသော သူကို ဒါယက ဟု ခေါ်သည်။ ထေရကို ပြုစုသူကား ကပ္ပိယ ပင် ဖြစ်သည်။ က္လောင်သည် ဟူ၍လည်း ခေါ်ပေမည်။ ကျောင်းနေ သင်္ဃာနှင့် အပြင် လူဝတ်ကြောင်တို့ ရောင်းဝယ်ခြင်း၊ တရားတွေ့ခြင်း စသော လောကီဆန်သည့် အမှုကိစ္စပေါ်လျှင် ကပ္ပီယ က ဆောင်ရွက်ရ၏။ ရဟန်းတို့ မြေ၀ယ်သည့် မှတ်တမ်းများကို တွေ့ရဖူးပါသည်။ ထိုအခါ၌ သံဃိကဥစ္စာ ကို သုံးစွဲ၍ ၀ယ်ရ၏။ ထိုအကြောင်းတို့ကြောင့် ပင်လျှင် အရည်းကြီးခေါ် မဟာယာနရဟန်းတို့ ရှိသည်ဟု ကောက် ယူနိုင်၏။အရည်းကြီးဟူသည် အရည်းကြီးဆိုးနှင့် မတူချေ။မဟာယာန ရဟန်းတို့သည် ရဟန်းဆိုးများမဟုတ်ကြပေ။
ကျောင်းအမှုထမ်း ကျွန်များ ရှိတတ်သည်။ အချို့ကျောင်းတွင် ကျွန်တစ်ယောက် နှစ်ယောက် မျှသာ ရှိသော်လည်း အချို့တွင် ရွာလိုက်ချီ၍ ကျောင်းကျွန် ရှိနေတတ်၏။ ကျောင်းကျွန် ကို ထေရက အုပ်ချုပ်ရမြဲ ဖြစ်သော်လည်း၊ တစ်ခါတစ်ရံ ရဟန်းတစ်ပါးပါးကို ထိုတာဝန် အပ်ထားလေံ ရှိသည်။ ကျောင်းကျွန်များ၏ တာဝန်မှာ သောက်သုံးရန် ရေ သယ်ခြင်း၊ ထင်းခွေခြင်း၊သံဃိကနွာ ကျောင်းခြင်း၊ နို့ညှတ်နွာမ ထိန်းခြင်း တို့ဖြစ်သည်။ ရဟန်းတို့သည် နွားနို့မှ ဖြစ်သော နိုင်သစ်နိုင်ဝ်ထံမ် ရက်တက် ထ၀်ပိတ် ထ၀်ပတ် အရသာ ငါးပါးကို များစွာ နှစ်သက်ကြဟန် ရှိပါသည်။
ရဟန်းတို့သည် မြေနှင့်ကျွန်ကို ပိုင်ကြသဖြင့် မြေမှု ကျွန်မှု တွေ့ကြရ၏။ ရဟန်းနှင့် မင်း၊ ရဟန်းနှင့် လူ၊ ရဟန်းအချင်းချင်း တွေ့ရသော အမှုများ ရှိ၏။ မြေယာပိုင်ဆိုင်မှုအတွက် ရဟန်းနှင့်မင်းတို့ အေဒီ၁၂၃၅ ခုတွင် တစ်ကြိမ်၊ ၁၂၄၅ ခုတွင် တစ်ကြိမ်နှင့် ၁၂၅၅ ခုတွင် တစ်ကြိမ် ဟူ၍ သုံးကြိမ်သုံးလီ အချင်း ဖြစ်ရဖူးသည်။ ထိုအမှုအားလုံး၌ သာသနာမြေကို မင်းက သိမ်းယူသဖြင့် ရဟန်းက ကန့်ကွက်သောအခါ စစ်ဆေးရန် အဖွဲ့ဖွဲ့၍ စစ် ပြီးနောက် ရဟန်းတို့ ထွက်ဆိုချက် မှန်ကန်ကြောင်း တွေ့သဖြင့် အချင်း များသောမြေ ကို မင်းက သာသနာတွင် ပြန်၍ လှူရ၏။
ရဟန်းတို့ နေ့စဉ်သုံးပစ္စည်းတွင် ထိပ်တန်းက အစားအသောက်ပါ၏။ နိစ္စပတ် ခေါ် အမြဲ ဆွမ်းဝတ် ကို လူအများက နေ့စဉ် ဂရုပြု၍ လောင်းကြ၏။ သံပုတ် သို့မဟုတ် ဆွံ ဟု ရဟန်း အတွက် ထမင်းဟင်း ကို ခေါ်၏။ ကျောင်းအတွက် စိုက်သောလယ်ကို ၀တ်လယ်၊ သံပုတ် လယ် ဟု ခေါ်သည်။ ကျောင်းကျွန် ထမင်းချက်ကို သံပုတ်ချက်ကျွန်၊ ၀တ်ချက် ကျွန်နှင့် စာဆွံနှိုက်လုပ်က္လုယ်သောကျွန် ဟု ခေါ်ရ၏။ အချို့ရဟန်းက အသင့်အတင့် ယစ်မူးစေနိုင်သော ယံမကာအဖျဝ် ကိုပင် လက်ခံပါသည်။ ထန်းကို ကျောင်း၌လှူခြင်း၊ ကျောင်းဝန်းကျင် ထန်းစိုက်ခြင်း မှာ ထန်းရွက်၊ ထန်းလျက်နှင့် ယံမကာတို့အတွက် ဖြစ်ပေမည်။ဒီဟာကလဲ မဟာယာနသာ ဖြစ်ကြောင်း သက်သေပင်ဖြစ်သည် ရှောင်လင် ကျောင်းများနှင့် မခြားတော့ချေ။
အစားအသောက်မှလွဲ၍ အရေးပါသော လှူဖွယ် ၀တ္ထုတစ်ခုကား ဆီမီး ပင် ဖြစ်ပါသည်။ နှမ်းမှ ထွက်သော ဆီ ကို မီးထွန်း၏။ နှမ်း(အတင်း) ငါးဆယ်ကို ဆီတနက် ၂၀ ရ၏။ ဆီမီဘောင် ထွန်း၍ ထိန်ထိန်လင်းသော ညလည်း ရှိပေမည်။ သို့သော် ထိုခေတ်က စာကို အလွတ်ကျက်ရ၍ နေ့အခါ အသစ်ရသောစာကို ညဥ့်ပြန်ရဖြင့်လည်းကြောင်း၊ စာသင် မဟုတ်သူတို့ကလည်း တရားကျင့်ကြသဖြင့်လည်းကောင်း ညဘက်တွင် မီးမလို လှချေ။ ဆီမီးကဲ့သို့ပင် အရေးပါသော ရဟန်းသုံး ပစ္စည်းတစ်ခု ရှိပါသေးသည်။ ထိုပစ္စည်း ကား ကွမ်း ဖြစ်၏။ မွန်ဝေါဟာရကိုစွဲ၍ ထိုခေတ်က သံမ်လှု ဟု ခေါ်သည်။ ကွမ်းသီးကို ကဋုန် နှင့် ချင်ရသည်။ ကွမ်းစားခြင်းနှင့် ဆိုင်သော ကွံအစ်၊ ကွံချပ်၊ ကွံကပ်၊ ကွံလောင်၊ ကွံချံ နှင့် ထုန်ဖူ တို့ကိုလည်း ကျောင်း၌ လှူကြရ၏။ အများပင် ကွမ်းစားလေ့ရှိကြသဖြင့်၊ မစားသူ ဆန်း ၏။ မ္လတ်ကြီစွာကွံမစာ အခေါ်ခံရသော ရဟန်းတစ်ပါး ရှိဖူး၏။
ရဟန်းတို့တွင် မရှိမဖြစ်သော ပစ္စည်းလေးမျိုး ရှိသည်။ ပစ္စည်းလေးပါး ဟု ခေါ်၏။ ယင်း တွင် ဆိယ်ဝါ မှာ အရေးပါဆုံးတည်း။ ၀ိနည်းတောက ဆေးဝါးအလို့ငှာ ထ၀်ပိယ်၊ ထ၀်ပတ်၊ ဆီ၊ ပျာ နှင့် တင်္ဂလယ် တို့ ထိုက်၏ ဟု ဆိုပါသည်။ အချို့ကျောင်း၌ ထောပတ် သိုလှောင် ရန် ထ၀်ပတ်ကိ ရှိ၏။ဒါကလဲ ထေရ၀ိနည်းနှင့် မညီချေ။
အချို့ ဒါယကာ များက နာမကျန်းသော ရဟန်းအတွက် ဆေးလှူမည်၊ ပျံလွန်သော ရဟန်း အတွက် မီးသဂြိုင်္ဟ်ရန် ထင်းလှူမည် အာမခံ၏။ ရဟန်းပျံလွန်လျှင် မီးသဂြိုင်္ဟ်မြဲ ဖြစ်ဟန် ရှိ၏။ သင်ကန် မှာလည်း ပစ္စည်းလေးပါး အပါအ၀င် ဖြစ်သည်။ သင်္ကန်းမှာ ပါဠိ သင်္ဃာဋီ ဖြစ်၍ အပေါ်ရုံဟု အနက်ရှိသည်။ သက်ခံနှင့် ခြုယ်ခံ မှာ အတွင်းခံ ဖြစ်၏။ သင်ပိုင် မှာ အောက်ပိုင်း အ၀တ်ဖြစ်သည်။ တုယင် နှင့် တန်ကျတ် တို့မှာ သင်္ကန်း အမျိုးဖြစ်သော် လည်း အဓိပ္ပါယ်ပြည့်စုံအောင် မသိချေ။ က၀်ထာ ကိုလည်း မသိပါ။ သူတစ်ပါး စွန့်ပစ် ထား သည်ကို ကောက်ယူသော သင်္ကန်းကို ပင်သကူ ခေါ်သည်။ သို့သော် ပင်သကူပေအ် ဟူသော စကားအရ စွန့်မည့် ဒါယကာသည် မိမိရစေလိုသော ရဟန်း၏ သွားလမ်းလာလမ်း၌ သင်္ကန်းကို ချထားခြင်း အလေ့ ပေါ်ထွန်းလျက် ရှိပြီဖြစ်၍ မူရင်း သဘောဖြစ်သော ပံ့သုကူလိက မစစ်တော့ချေ။
ဝါကျွတ်ပြီးနောက် တစ်လအတွင်း သင်္ကန်းတစ်ကယ်လိုနေသော ရစန်းကို ရှာ၍ပေးရန် ရဟန်းငါးပါး စုစေပြီးမှ ပေးအပ်သော သင်္ကန်းကို ကထိန် သင်္ကန်းဟု ခေါ်ပါသည်။ ကထိန်သင်္ကန်း ပေးအပ်ပွဲ၌ အခြား အသုံးအဆောင်များကိုလည်း ပတေဉ်သာပင် တွင် သီ၍ ပေးသေး၏။ ၀ါက္လတ်သင်ကန် ရှိသလို ၀ါဆိုဝ်သင်ကန် နှင့် ၀ါခေါင်သင်ကန် များ လည်း ရှိတတ်ကြ၏။
ရဟန်းအသုံးအဆောင်ကား ရှစ်မျိုးရှိသည်။ ပရိက္ခရာယှစ်ပါ ဟု ခေါ်၏။ သပိတ်၊ သင်္ကန်း သုံးစုံ၊ ခါးပန်းကြိုး၊ သင်တုန်းဓား၊ အပ်နှင့် ရေစစ်တို့ကို ပေါင်းလျှင် ရှစ်ပါးရ၏။ သို့သော် ပုဂံခေတ်က ပရိက္ခရာတို့ ရှစ်ပါးမှအပြင် များစွာအောင် တိုးချဲ့ကြသည်။ ထို့ကြောင့် ပရိက္ခရာရှစ်ပါးတွင် သန်ရျင်၊ လှိယ်၊ ဆင်၊ သလွန်၊ သ့ဖ္လူမွန်၊ အထမ်၊ ပုဆိန်၊ တရွင်၊ မိခတ်၊ ကြိယ်သင်ထုန်၊ ပုဆိန်လှီ၊ ဆောက်၊ မျက်ခတ်၊ ဆည်လည်၊ ခွက်တစ်ပွယ်၊ စာခွက်၊ သန်တိယ်၊ စာလောင်၊ အိုဝ်၊ ယတ်၊ ညောင်စောင်၊ က္လောက်ပျာင်၊ ဆုံ၊ က္လိပွေ၊ ရိတ်မှုတ်၊ တန်ဆောင်၊ လင်ပန်၊ တံခွန်၊ ဣပ်ရာ၊ ဗြတိုင်၊ ကရာ၊ ဆိမိခွက်၊ မ္လိဃ်မ္လု၊ သင်ပုံန်၊ ပရဗိုက်၊ ကံကူဆာန် နှင့် ကံကူတံက္လေည် ပါဝင်၍ လာပါတော့သည်။
သပိတ်ကို တစ်ခါတစ်ရံ တစ်ထောင်မျှလှူသည်ဟု မှတ်တမ်းတွေ့ရ၏။ များသောအားဖြင့် မြေသပိတ်၊ ကျောက်ကာသပိတ်များ ဖြစ်မည် ဖြစ်သော်လည်း ကြေးသပိတ်၊ ငွေသပိတ် နှင့် ရွှေသပိတ် တို့ကိုလည်း လှူကြသည်။ ဒီတွင်လည်း မဟာယာနသာဖြစ်ကြောင်း မှတ်ရမည်သာ ဖြစ်သည်။
ပစ္စည်းလေးပါးတွင် သေနာသန (အိပ်ရာ နေရာ၊ ကျောင်း) လည်း ပါ၏။ လေးတိုင်စင်၊ တဲငယ်မှစ၍ မင်းဧကရာဇ် နန်းတော်ထက် ကောင်းသောကျောင်းများ ဆောက်၍ လှူကြ သည်။ က္လောင်တယကာ ဆိုသူတိုင်း အတင့်တယ်ဆုံးကိုသာ ဆောက်၍ လှူလိုပေမည်။ သို့သော် လှူကြသော ကျောင်းတို့တွင် သစ်ငယ်မိုဝ်က္လောင် တို့လည်း အများပါမည်။ မိမိနေအိမ်ကိုပင် ကျောင်းပြု၍ လှူသူလည်း ပေါ်တတ်၏။ ရွာနှင့်လှမ်းသော အရပ်၌ ဆောက်၍လှူသော တ၀်က္လောင် လည်း ရှိသေး၏။ အုတ်ကျောင်းကို အများကပင် ထိုစဉ် အခါက ကုလာက္လောင် ဟု ခေါ်ကြသည်။ ပုဂံတွင် စေတီပုထိုးများသည်ဟု တွင်ရစ်သော် လည်း ကျောက်စာများ၌ ကျောင်းဆောက်သည်က သာ၍ပင် များကြောင်း တွေ့ရ၏။ ကျောင်း တွင်လည်း သစ်သားကျောင်းက အုတ်ကျောင်းထက် များပေမည်။ ကျောင်းဆောက် သူများသည် အများအားဖြင့် မိမိတို့တတ်စွမ်းသည်ထက်၊ သို့မဟုတ် မှန်းထားသည် ထက်ပို၍ ကုန်ကျကြဟန်တူပါသည်။
ကျောင်းဆက်ဆောက်နိုင်အောင် မြင်း ရောင်းရသည်ဟု မှတ်တမ်းတစ်ခုတွင် တွေ့ရ၏။ ကျောင်းဆောက်၍ ပြီးကာမျှဖြင့်လည်း တာဝန် မကုန်သေး။ ကျောင်းကို မပျက်မစီးရအောင် ထိန်းသိမ်းပြုပြင်ခြင်း၊ ကျောင်းနေသံဃာကို ကျွေးမွေးလှူဒါန်းခြင်း တာဝန်များ ကျန်သေး၏။ ထို့ကြောင့် ကျွန်များ၊ လယ်များ လှူရပြန်သည်။ ပြုပြင်ရေး အတွက် ရဟန်းများကိုပင် တာဝန်လွှဲကြ၏။ ပြုပြင်သင့်ပါလျက် မပြုမပြင် နေလျှင် ရဟန်းဖြစ်လင့်ကစား မဟာအ၀ီစိသို့ လားပါစေသတည်းဟု ဒါယကာ တစ်ဦးက ကျိန်ခဲ့ သည်။
သီမာ (သိမ်) ဟူသည်လည်း ရဟန်းတို့နှင့်ဆိုင်သော အရေးပါသည့် အဆောက်အအုံ တစ်ခု ဖြစ်ပါသည်။ ကျောက်ဆည် မဟာထေရ တစ်ဦးက ဗဒ္ဓသီမာ ဆောက်သည် ဟု ကျောက်စာ ရှိ၏။ စ၀်ရဟန် ၏ သိမ်မှာ တုရင် တောင်ထက်၌ ရှိသည်။ ထိုသိမ်နှစ်ခု စလုံး ကား ပုဂံခေတ်ဦးမှ သိမ်များဖြစ်ပါသည်။ ကျောင်းဘုရားတွင် လှူသည့်နည်းပင် သိမ်၌ လည်း မြေယာ၊ ကျွန်၊ ထန်း များ လှူကြရ၏။ ရဟန်းကျောင်း ၀န်းကျင်၌ ဆောက်လေ့ ရှိသော အခြား အဆောက်အအုံများကား ကပ္ပိယကုတီ၊ စာရပ်၊ တန်ဆောင်၊ ဘဘင် တည် ကုပ် တို့ ဖြစ်ပါသည်။
ထို့ပြင် ရေတွင်း၊ ရေကန် လည်း တူးရသေး၏။ အဆိုပါ ကုသိုလ်များပြု၍ ပြီးစီးလျှင် အလှူ ရှင် ဒါယကာသည် ရေစက်သွန်း၍ မြေကြီးကို သက်သေမူ၏။ ရဟန်းတို့ ကြွလာ၍ ပရိတ် ရွတ်၏။ ပွဲလမ်းသဘင်လည်း ပါချေမည်။ အေဒီ ၁၂၀၇ ခု၌ နာတောင်မျာ ၏ အလှူ အပြီး ၀ယ် _
"စေည်ခရာတီရုယ် ပိုဝ်ပါ အမတျြာ ရဟန် သဃာ နှင်တကွ ရေစင်တ၀်ခ္လဧအ်။ ကြာပါသော မင်သာ အမတ်သတ္ထေ သူကြွဲတိုဝ်သည် လေည်အနုမောတနာ ခ၀်ပါကုန်ဧအ်...."
ဟူ၍ ဗိုလ်ပါအများရှေ့ဝယ် စည်ခရာတီး၍ ရေစက်ချကာ အမျှပေးဝေသဖြင့် သာဓုခေါ် ကြသည်ဟု ဆိုပါသည်။ ဤကုသိုလ်မျိုးကြောင့် နိဗ္ဗာန်မည်သော မသိဃ်ပြည် ကို ရောက် လိုကြောင်း ဆုတောင်းကြ၏။
ကိုးကား
ဒေါက်တာသန်းထွန်း။ ခေတ်ဟောင်းမြန်မာ ရာဇ၀င်
Thanks you so much!
ReplyDelete