ဗုဒ္ဓသည် ဘာသာမဲ့တစ်ဦး ဖြစ်သည်




 









 အမှာစာ
********
ဒီပိုစ့်ကိုဖတ်ရာတွင် သေချာဂရုတစိုက် ဖတ်ပါလို့ ကြိုမှာချင်ပါတယ် စာလုံးတိုင်းကို သေချာ ဂရုစိုက်ဖတ်ရန် ဖြေးဖြေးချင်း ဖတ်ဖို့ လိုအပ်ပါတယ် အလောတကြီးဖတ်မိပါက အယူမှားနိုင်သည် ဘာကြောင့်နည်းဟူမူ ကုသိုလ်တော် ဖောက်ထွက် တွေးခေါ်ခြင်း အနုပညာဖြင့် ရေးသားထား
ခြင်းကြောင့်ဖြစ်သည်


 နိဒါန်း
*****
ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်။
ဗုဒ္ဓသည် ဘာသာမဲ့ ဖြစ်သည်။
ဗုဒ္ဓဘာသာ သည် ဘာသာမဲ့ဝါဒ ဖြစ်သည်။
 


 ဒီအဆိုပြုချက် သုံးခုကိုတည်ပြီး ရှင်းလင်းမှာပါ ပထမဦးစွာ သိထားရမည်က

ဗုဒ္ဓဘာသာ = နှောင်းလူတို့ အခေါ်အဝေါ်။ မူရင်းအားဖြင့် ၀ိဘဇ္ဖ၀ါဒ သို့မဟုတ် သမ္မာဒိဌိဝါဒ တို့နှင့် နီးစပ်ပါသည်။
 
-ကုသိုလ်တော်မှာ အယူဝါဒ တစ်ခု ရှိပါသလား …………………………………….. ?
-မရှိပါ။ အားလုံးကို ခဏ ပယ် ထားပါသည်။

-ကုသိုလ်တော်မှာ ဘာရှိပါလဲ ……………………………………………….….......... ?
-အတွေး…။ အနှောင်အဖွဲ့ မရှိတဲ့ အတွေး….။ ဘောင်ခတ် မထားတဲ့ အတွေး…။

-အတွေးသက်သက်နဲ့ ပကတိ အမှန်တရားကို ဆိုက်ရောက်ပါ့မလား…….. ?
-မရောက်ခဲ့တောင်၊ လွတ်လပ်စွာ ချဉ်းကပ်လို့တော့ ရသေးတာပေါ့။
ဆိုင်ကိုလော့ဂျစ် မကျ ဖလော်ဆော်ဖီ မကျ ပေါင်းစပ် ရေးသားတဲ့ ဖောက်ထွက်ခြင်း စနစ်ပါ ဒီနှစ်နည်းစလုံး မဟုတ်ပါ နှစ်နည်းစလုံး ဟုတ်သည်။
:
ခေတ္တ သဘောထား
**************

ကုသိုလ်တော် သည် ဘုရားမဲ့-ဘာသာမဲ့ ဖြစ်သောကြောင့် ဗုဒ္ဓကို ဘုန်းတော်ဖွဲ့ များကြားမှ ဘုရား..  ဟူသော အယူကို ပယ်ပါသည်။ သို့သော် အတွေးခေါ် စေ့စုံသော၊ လေးစားအပ်သော ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ယခုထိ ပစ်ပယ်လို့ မရသေးပါ။ အမြင့်ကို တက်ဖို့တော့ လှေကား လိုပါသည်။ ထို့ကြောင့် ဗုဒ္ဓအဆုံးမ၊ သွန်သင်ချက်များသည် လူသား အားလုံးအတွက် လေ့လာ ဆည်းပူးနေရဆဲ၊ ဝေဖန်ပိုင်းဆစ်နေရဆဲ၊ ပကတိ အမှန်တရား ဆီသို့ တက်လှမ်းရာ လှေကားထစ်လေးများ ဖြစ်နေဆဲပါပဲ..ဗျာ။

ဘာသာမဲ့ ဖွင့်ဆိုချက် :

ဘုရားမဲ့ - ဘာသာမဲ့ ဟူသည် တရားမဲ့ မဟုတ်။ ကိုယ်ပိုင် အဘိဓာန် အတွေးအမြင်နှင့် ဘ၀ ကို ဖွင့်ဆိုအပ်သော သူ၊ ပကတိ အမှန်တရားကို လှစ်ဟ ထုတ်ဖော်ဖို့ ကြိုးစားသူသာ ဖြစ်ပါမည်။ ဘာသာမဲ့ နှင့် စပ်ဆက်ရာများကို အနည်းငယ် အဓိပ္ပာယ် ဖွင့်ဆိုပါဦးမည်..ဤအဓိပ္ပာယ် ဖွင့်ဆိုမှုကို နောက်ပိုင်းတွင်လည်း ပြန်လည် ကိုးကားပါမည်..။

၁။ဘာသာမဲ့ ဟု အများမြင်သော သူ ဆိုတာ ဘယ်လိုမျိုးလဲ..? ရှင်သန်နေထိုင်ပုံမှ ရှုမြင်ချက်…

- လောကအပေါ် (သို့မဟုတ်) လောကတရားများ အပေါ် (သို့မဟုတ်) ရှေ့ရှေ့ ပုဂ္ဂိုလ်များ ဖော်ထုတ်ပြခဲ့သော လောက တရားများ အပေါ် [အခြေပြု၍သော်လည်းကောင်း] ကိုယ်ပိုင် အသိဥာဏ်၊ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ကိုယ်ပိုင်ရှုမြင်မှုများ၊ ကိုယ်ပိုင် စံနှုန်းတန်ဘိုး ကျင့်ဝတ် များနှင့် မိမိကိုယ်ကိုယ် မိမိ ကိုးကွယ် ယုံကြည် ရှင်သန်နေထိုင်သော သူမျိုးကို ဘာသာမဲ့/ဘုရားမဲ့/လူသားဆန်ဆန် နေထိုင်သော သူဟု ခေါ် ပါမည်။
၂။  ဒါဆို ဒီလို သူမျိုးတွေရဲ့ ရှင်သန်မှုက ဘယ်ကို ဦးတည် ပါသလဲ..? ရည်ရွယ်ချက်ပိုင်းမှ ရှုမြင်ပုံ

- ပကတိ အမှန်တရားကို သိမြင် နားလည်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး၊ ဘယ်သို့သော အရာသည် အစစ်အမှန် ငြိမ်းချမ်းမှု ဖြစ်သနည်း ဆိုတာကို တတ်အားသရွေ့ ဖော်ဆောင် ကာ ထိုငြိမ်းချမ်းမှု ဆီသို့ တစိုက်စိုက် မတ်မတ် သွားနေခြင်း ဖြစ်ပါသည်။ အမှန်တရားသို့ မျက်မှောက် ပြုနိုင်သော အခါ..၊ အခွင့်အခါသင့်လျှင် အခြားသူများ ကိုပါ လက်ဆင့် ကမ်းကောင်း ကမ်းပါလိမ့်မည်။

ဘာသာမဲ့ ဆိုသည့် ဝေါဟာရပေါ် ကုသိုလ်တော် ခံယူသော အတွေး သက်သက်သာ ဖြစ်ပါသဖြင့် လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။  ကုသိုလ်တော် နှင့် ရှေးရှေ့က ပုဂ္ဂိုလ်များ ဘာသာမဲ့ ..အပေါ် ခံယူပုံခြင်း.. တစ်မျိုး တစ်ဘာသာ ကွဲပြားနေပါမည်။

၃။ ဒါဆို ကုသိုလ်တော် ဟာ ဘယ်လို ဘာသာမဲ့ အမျိုးအစားမှာ ပါဝင်ပါသလဲ ?

- ဖန်ဆင်းရှင် God နှင့် ထိုအယူအဆကို အခြေပြု၍ အမှန်တရားနှင့် ငြိမ်းအေးမှုကို ချဉ်းကပ်သော လမ်းစဉ်များကို ခြွင်းချက်မရှိ ပယ်သောကြောင့်  ကုသိုလ်တော်သည်  Atheist  ဆန်နေသည်ဟု သတ်မှတ်လိုက သတ်မှတ်နိုင်ပါသည်။ သို့သော် Atheisms များ၏ အယူအဆများနှင့် လည်း ကုသိုလ်တော်သည် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်ကောင်း ဆန့်ကျင်နေပါမည်။ ကုသိုလ်တော် မသိ။
 
မိမိကိုယ် မိမိ ဖွင့်ဆိုရပါလျှင်... ကုသိုလ်တော် သည် ရိုးစင်းသော ဘုရားမဲ့ --- ဘာသာမဲ့ --- လွတ်လပ်သူ တစ်ဦးသာ ဖြစ်သည်။

ဗုဒ္ဓ Vs လွတ်လပ်စွာ တွေးခေါ်ခြင်း 


ဤတရားတို့ကား အကုသိုလ်တရား၊ ဤတရားတို့ကား ကုသိုလ်တရားဟု မိမိတို့ကိုယ်တိုင် လွတ်လပ်စွာတွေးခေါ်ကြရမည် ... ဟု ဗုဒ္ဓက မိန့်ကြား ခဲ့ပေသည်။
 
1. ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်။

- ထိုအဆိုမှာ ဗုဒ္ဓသည် ဘာသာမဲ့ ဖြစ်သောကြောင့်သော ထိုခေတ်က ရှိသော အယူဝါဒ ဘာသာများကို ပယ်ဖျက် ထိုးဖောက် ၍ နောင်ခေတ် အခါ တွင် ဗုဒ္ဓဘာသာ ဟု ခေါ်ဝေါ်သော ၀ိဘဇ္ဖ၀ါဒ သို့မဟုတ် သမ္မာဒိဌိဝါဒ ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်၏။

ဂေါတမ မည်သော ပုဂ္ဂိုလ်ကို -

၁။ ဂေါတမ-သိဒ္ဓတ္ထ (ဥာဏ်အလင်း မရရှိခင် ကာလ အပိုင်းအခြား… ) နှင့်
၂။ ဂေါတမ-ဗုဒ္ဓ     (ဥာဏ်အလင်း ရရှိပြီး ကာလ အပိုင်းအခြား) ဟူ၍ နှစ်ပိုင်း ခွဲ၍ မြင်ကြည့်ပါမည်။

ဤ အဆိုပြုချက် ၁ တွင် ပထမ ကာလ အပိုင်းအခြားမှ မင်းသား သိဒ္ဓတ္ထ ကိုသာ ဦးစွာ ရှုမြင်ကြည့်ခြင်း ဖြစ်ပါသည်။
ရှုမြင် တွေးမြော်နိုင်ရန် ပံ့ပိုးပေးမည့် ကောက်ကြောင်းသေးသေးလေးတွေ ဆွဲ ကြည့် ပါမည်။

က) သိဒ္ဓတ္ထ ဘာကြောင့် တောထွက်တာလဲ..?

နိမိတ်ကြီး ၄ ပါးကိုမြင်လို့.. ဆိုတာထက် နည်းနည်းလောက် ဖြန့်တွေးကြည့်ပါမည်။

သူ့ခေတ် သူ့အခါမှာလည်း အခြေကျနေပြီးဖြစ်တဲ့ သက်ဆိုင်ရာ ကိုးကွယ်မှု တစ်ခုတော့ ရှိနေလောက်ပါပြီ။ ဗြဟ္မာကြီးတွေကို ကိုးကွယ်တဲ့ ပုဂ္ဂိုလ် များ၊ အခြားခြားသော အယူဝါဒများနှင့် ကိုးကွယ်မှု ဆိုင်ရာများ ရှိနေမည်ဟု မှန်းဆမိသည်။ အဲ့ဒီ ကိုးကွယ်မှု၊ ယုံကြည်မှုတွေနောက်ကို မလိုက် ဘဲ၊ တောထွက်၍ ကိုယ်ပိုင် ဥာဏ်အလင်းကို ဖွေရှာရန် ရည်သန်ခဲ့သော မင်းသားကို ဘာသာမဲ့ တစ်ဦးဟု ခြေရာကောက်ကြည့်သည်။

မိမိ အယူဝါဒ တစ်ခုကို မိမိဘာသာ ထုတ်ဖော်ရန် ကြိုးစားခဲ့ သူဖြစ်သည်။ တစ်နည်းအားဖြင့် သိဒ္ဓတ္ထ ဟာ ရွှေနန်းတော်နှင့် အရာများစွာကို စွန့်ခွာ ပြီး တောထွက်ခဲ့ခြင်းသည် နောင်တစ်ချိန်တွင် ပြီးပြည့်စုံလုနီးပါးဖြစ်တဲ့ အနတ္တ သဘောတရားကြီးကို ထုတ်ဖော်ရန် ကြိုးပမ်းမှု အစပိုင်း ပင် ဖြစ် သည်။

သို့ဖြင့် သူ့ခေတ် သူ့အခါ အယူဝါဒများကို ပယ်ခဲ့သည်။ အတိုင်းအတာ တစ်ခုထိ စိုးမိုးထားခဲ့မည် ဖြစ်သော ထိုအယူဝါဒများအောက်မှ ရဲရဲ ၀ံ့ဝံ့ ဖောက်ထွက်ခဲ့ပြီး၊ လူတကာ ပြုနိုင်ခဲသော အမှုကို ပြုခဲ့သူဖြစ်သည်။ ထိုသို့ တောထွက်ပြီး ကိုယ်ကိုယ်ကို ယုံကြည်မှု အပြည့်ဖြင့် လောက သစ္စာတရားများကို မိမိဖာသာ ဖွေရှာခဲ့သော၊ ငြိမ်းအေးရာသို့ လှမ်းလျှောက်ရာ လမ်းများ (မဂ္ဂင် ရှစ်ပါးဟုတော့ မှတ်သားပါ..) ကို ဖွေရှာခဲ့သော လူသားတစ်ဦး အနေနှင့် ခေါင်းထဲတွင် အခြား အယူဝါဒများကို ရှင်းရှင်းလင်းလင်း ခွဲထုတ်ထားမှသာလျှင် ဖြစ်နိုင်ပါမည်။

ထိုသို့ မဟုတ်ပါက အတန်ငယ်ေ၀၀ါးခဲ့လျှင် (ဥပမာ..၊ ဗြဟ္မာကြီး အယူအဆ ဆိုတာလည်း မှန်ကောင်းမှန် နိုင်မှာပါလေ.. ဆိုသကဲ့သို့များ တုံ့ဆိုင်းမိခဲ့လျှင်..) ပါရမီဥာဏ် ရင့်သန်လွန်း၍ ဥာဏ်အလင်း ရကို ရမည်.. ဆိုရင်တောင် ခြောက်နှစ်ထက် ပိုကြာ သွားပါလိမ့်မည်။

ထို့ပြင်..၊ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာ သိဒ္ဓတ္ထမင်းသား ကြိုးစားအားထုတ်မှု၊ တွေးခေါ်ဆင်ခြင်မှု၏ ရှေးရှုရာ ဥာဏ်အလင်းရခြင်း ဆို သည် မှာလည်း ခေတ်ပြိုင်ဗြဟ္မဏ၀ါဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သော၊ ဖန်ဆင်းရှင် အယူကို ပယ်သော ဥာဏ်ကို ကိုယ်စားပြုနေ၏။


ခ) သိဒ္ဓတ္ထ ဘာကြောင့် ဆရာ မထားတာလဲ…?

-၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရီဖြည့်ခဲ့ပြီးလို့.. ဆိုတာထက် ပိုပြီး နည်းနည်းလောက် ဖြန့်တွေးကြည့်ကြပါမည်။

ဆရာမကူ၊ ကိုယ်ပိုင် ဥာဏ်သက်သက်ဖြင့် ဟုဆိုကြပါသည်။ သိဒ္ဓတ္ထမင်းသား အပေါ်တွင် လွှမ်းမိုးချုပ်ကိုင်ထားသော အရာဟူ၍ မရှိ။ ကိုယ့်အား ကိုယ်ကိုး၍ ကိုယ့်လမ်းကိုယ် ဖောက်ခဲ့ခြင်းသာဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် သိဒ္ဓတ္ထ မင်းသားကို "လွတ်လပ်စွာ တွေးခေါ်ခြင်း.. ၏ ဦးကိုင် ဖခင်ကြီး" အဖြစ် သတ်မှတ်မည် ဆိုပါက လွန်မည် မဟုတ်ပါ။ နောက်ပိုင်း ထိုပုဂ္ဂိုလ်၏ အတွေးအခေါ်၊ အယူအဆများ သည်လည်းကောင်း၊ အဆုံး အမ သွန်သင်မှုများ သည်လည်းကောင်း လွတ်လပ်မှုနှင့် ကိုယ်တိုင် အားထုတ်မှုများဆီသို့သာ ရှေးရှုသည် ဟူ၍လည်း မှတ်ယူမိပါသည်။

ထို့ပြင် သိဒ္ဓတ္ထမင်းသား မှာ ဆရာ ဟု ဆိုလောက်သော ဆရာ ရှိမည် ဆိုပါက..... ထိုဆရာသမားသည် သဘာဝတရားပင် ဖြစ်ပါလိမ့်မည်။ သဘာဝတရား အတွင်း အနက်ရှိုင်းဆုံး နားလည်မှုနှင့် ထိုးဖောက် သိမြင်ခဲ့ပြီးနောက်၊ ပြီးပြည့်စုံလုနီးပါး အမှန်တရားများကို ဖွေရှာ ထုတ်ဖော်နိုင် ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဗုဒ္ဓ၏ အယူဝါဒများသည် သဘာဝကို မဆန့်ကျင်၊ လိုက်လျောညီထွေ ရှိမှုနှင့်အတူ သဘာဝလောက၏ သစ္စာ များ ဖြစ်သည်ဟုပင် ပြောစမှတ် တွင်နိုင်ခြင်း ဖြစ်မည်။

ဖော်ပြပါ.. အချက်နှစ်ချက် ( က - ခ ) အရ  ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်... ဟူသော အဆိုကို မြင်သာ နိုင်ပါမည်။



ဒီလိုတွေးကြည့်တော့ ဒီလိုများ မြင်ရမလား..ဆိုတဲ့ လွတ်လပ်စွာတွေးခေါ်ခြင်းကိုတော့ ဗုဒ္ဓ ကလည်း မတားမြစ်လောက်ပါဘူး။ လွတ်လပ်မှုကို ခံစားစေစိမ့်ခြင်း အကျိုးငှာ လူသိများ၍ လူများသိသော ဗုဒ္ဓစကားလေး လက်ဆောင်ပါးလိုက်ပါပြီ။
 
ဒါက ဘာလဲ ဆို အများသိတဲ့ ကာလာမသုတ်ပါ မိန့်ကြားချက်ပေါ့ ဘာကိုမှ ဘောင်ခတ်မထား..။ ဘယ်လောက်တောင် လွတ်လပ်မှု ကို ဖော်ကျူး လိုက်ပါသလဲ…..။
  • တဆင့်ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု အမှန်မယူကြနှင့်။
  • ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်မယူကြနှင့်။
  • ဤအရာသည် ဤသို့ဖြစ်သတဲ့ဟူသော ကောလဟလဖြင့်လည်း အမှန်မယူကြနှင့်။
  • မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
  • မိမိကြံစည်ထားသောအကြံဖြစ်၍ ဟုတ်လှပြီဟူ၍လည်း အမှန်မယူကြနှင့်။
  • သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍လည်း အမှန်မယူကြနှင့်။
  • အထောက်အထားရှိသည်ဆို၍လည်း အမှန်မယူကြနှင့်။
  • အယူဝါဒခြင်း တူရုံမျှနှင့်လည်း အမှန်မယူကြနှင့်။
  • မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း အမှန်မယူကြနှင့်။
  • ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း အမှန်မယူကြနှင့်။
 
မှန်းမျှော်ရာ :

ဗုဒ္ဓဟောပြောဆုံးမ သွန်သင်လမ်းညွှန်မှုတွေက ဇာတ်နိပါတ်၊ ပုံဝတ္ထု၊ ဘုန်းတော်ဘွဲ့ ညွှန်းဖွဲ့မှုများကို ပယ်၍ သဘောတရားသက်သက်ကို ယူပါသည် ယုတ္တိရှိနေတော့ ဗုဒ္ဓဟာ (ဘာဝါဒဘက်ကို ယိမ်းနေတယ်.. ဟုတ်သေးဘူး..) ဘာဝါဒကိုလည်း ဆုပ်ကိုင်မိထားခဲ့သလဲပေါ့.. နာမည်ကတော့ မတပ်တတ်လို့.. ဆင်ခြင်ခြင်း အဓိက ၀ါဒီလား…? အမည်နာမ မခေါ်တတ်ပါ။

ပြီးတော့. ဗုဒ္ဓက လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂလ လွတ်လပ်မှု၊ ခံစားမှုတွေကိုလည်း အလေးထားပေးခဲ့လို့၊ လူ့တစ်ဦးချင်းစီမှာ ကိန်းအောင်းနေတတ်တဲ့ အစွမ်းအစတွေ၊ လူသားအရင်းအမြစ်တွေကိုလည်း မျက်ကွယ်မပြုခဲ့တော့ Existentialism ဖြစ်တည်မှုဝါဒ ကိုလည်း ဖျပ်ခနဲတွေ့နိုင်တယ်..။

ဗုဒ္ဓရဲ့ ပညာနဲ့ ပက်သက်ပြီး ဖွင့်ဆိုမှုဟာလည်း Time & Space ဆိုတဲ့ Dimension နှစ်ခုကို လွန်မြောက်နေသည်ဟု ပြောစမှတ် ရှိကြပါတယ်။ ပြီးတော့..၊ ဗုဒ္ဓ နောက်ပိုင်းမှ ပေါ်ခဲ့ကြတဲ့ ဒဿနဆိုင်ရာ အယူအဆ အတော် များများကိုလည်း ဗုဒ္ဓအတွေးအခေါ်မှာ တွေ့ရတယ်..။ တကယ့် စွယ်စုံရ ပုဂ္ဂိုလ်ကြီးအဖြစ် လေးစားထိုက်ဖွယ်ပါ။
 
ဤမှန်းဆချက်များမှာ ကုသိုလ်တော် ယဉ်ပါးနေတဲ့ ဗုဒ္ဓအဆုံးအမ နည်းနည်းလေး အပေါ်သာ အခြေခံပါ သဖြင့် ဤယူဆချက် မှန်းဆချက်များ သည် ခိုင်မာချင်မှ ခိုင်မာပါမည်။ ဗုဒ္ဓ အဆုံးအမများကိုသာ များများ သိခဲ့ရင် ပိုပြီး မှန်ကန်နိုင်ကောင်းတဲ့ မှန်းဆချက်များ ရှိလာနိုင်ကောင်း၏။


 ဗုဒ္ဓသည် ဘာသာမဲ့ ဖြစ်သည်။
 
ဒါကို ဆက်ပြီး မိတ်ဆက်ဖို့ အစကနေ နည်းနည်း ပြန်ကောက်ကြတာပေါ့..နော။

ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က အတွေးစ တစ်ခုကို ဆွ ဖို့ပါ။ အတွေးတစ်ခု အသေ သဘောဆောင်နေမယ် ဆိုရင်တော့ အဆင်မပြေလှပါ။ ဘာကြောင့် လဲ..? အတွေးတစ်ခုက စသွားပြီ ဆိုရင် တန့်ရင် တန့်၊ မတန့်ရင် ရှေ့ဆက်သွားရပါမယ်..။ သို့မဟုတ် ဆန့်ကျင်ခြေဖျက်တဲ့ အတွေးသစ် တစ်ခု ကို မွေးဖွားရပါမယ်။ ဒါမှသာ ရှင်သန်နေတဲ့ အတွေးတစ်ခု ဖြစ်မှာပါ။ အတွေးတစ်ခု တန့်သွားခြင်း ကတော့ အသေ သဘောဆောင်ပါတယ်..။
 
 
အဆိုပြုချက်  2 ဟာ အဆိုပြုချက် 1 က အတွေးကို ချဲ့လိုက်သော အတွေးများသာ ဖြစ်ပါသည်။
 
 ရှေ့တွင် ဖွင့်ဆိုခဲ့ပြီးသော ဘာသာမဲ့ ဟူသော ဝေါဟာရ ဖွင့်ဆိုချက်များအတိုင်း ခံယူ၍  ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်.... ဟု ဆိုခဲ့ပြီး ဖြစ်သည်။  ယခု ဗုဒ္ဓသည်လည်း ဘာသာမဲ့ ဖြစ်သည်... ဟူသော ဆင့်ပွား အတွေးတစ်ခု အနေနှင့်  ဗုဒ္ဓသည် ဘာသာမဲ့ ဖြစ်သည်….. ဟု ဆိုပါပြီ။
 
 ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်.... ဟူသော မှန်းဆချက်ကို ရှေ့ပို့စ်နှင့် ပြန်စာများတွင် အတော်အသင့် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ တစ်ပိုင်းတစ်စ လက်ခံသူများ ရှိနိုင်သလို..၊ လုံးဝ လက်မခံသူများလည်း ရှိခဲ့ကြပါသည်။ အဓိက သဘောထားကွဲလွဲခဲ့ကြသည်မှာ “ဘာသာမဲ့..” ဟူသော ဝေါဟာရ အပေါ် အမြင်မတူခြင်း (၀ါ) အဓိပ္ပာယ် ဖွင့်ဆိုမှု ကွဲပြားကြခြင်းကြောင့်….ဟု ကောက်ချက်ချလို့ ရပါမည်။

ရှုမြင်ချဉ်းကပ်ရာများ :


-ဒီလို စပြီး ချဉ်းကပ်ကြည့်ပါမည်..။

သာမာန် ဗုဒ္ဓဘာသာဝင် တစ်ယောက်နေရာကနေ ကြည့်ကြည့်မယ်ဗျာ…။ ဒီလိုပေါ့.. ဗုဒ္ဓ (၀ါ) သုံးလူ့ထွဋ်ထား မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ အပေါင်း၏ ယုံကြည် ကိုးကွယ် ဆည်းကပ်ရာတည်း။
 
အတော် ရှင်းသော ၀ါကျလေးပါ..။

ဒါဆို အားလုံးသော သတ္တ၀ါအပေါင်းတို့၏ အထွဋ်မှာ ရှိသော ဗုဒ္ဓသည် ဘယ်သူ့ကို ယုံကြည် ကိုးကွယ် ဆည်းကပ်ပါသနည်း။

ဗုဒ္ဓသည် မိမိကိုယ်ကိုယ်သာ ယုံကြည် ကိုးကွယ် ပါသည်။ ဗုဒ္ဓသည် မိမိမှတစ်ပါး အခြားသူကို ယုံကြည် ကိုးကွယ်ခြင်း အလျဉ်း မရှိ။ မိမိကိုယ်တိုင် ဖွေရှာ ထုတ်ဖော်ခဲ့သော သဘာဝရဲ့ လောက အမှန်တရားများကို ဆည်းကပ် နှလုံးသွင်း ခဲ့ပါတယ်။ သို့မို့ကြောင့်.. ရှေ့ဖော်ပြပါ ဘာသာမဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရ.. ဘာသာမဲ့.. ဟူသော ဝေါဟာရ ကိုသုံး၍၊ ဗုဒ္ဓသည်လည်း ဘာသာမဲ့ ဖြစ်သည်….. ဟု ဆိုပါမည်။

ဗုဒ္ဓ ဘာတွေ လုပ်ခဲ့သလဲ…?

ဘာသာရေး ဂိုဏ်ကြီး ထူထောင်ခဲ့ပါသလား…? ယခု ခေါ်ဝေါ် သုံးစွဲနေသော ဗုဒ္ဓဘာသာ ဟူသော ဘာသာ၊ သာသနာ ကို ထူထောင်ခဲ့ ပါ သလား..?
မထူထောင်ခဲ့ပါ။ သို့သော် သံဃာဂိုဏ်းကိုတော့ တည်ထောင်ခဲ့သည် ဟူသော ပြောစမှတ်များ ရှိနေပါသည်။

သံဃာများကို စုဝေး၍ သံဃာဂိုဏ်း ထူထောင်သည် ဟူသော ရှုမြင်ချက်ကို ကုသိုလ်တော် အနေနှင့်မူ ပယ်ပါသည်။ ဗုဒ္ဓက သံဃာဂိုဏ်းကို တည်ထောင်ခြင်း မဟုတ်။ သံဃာများမှ ဗုဒ္ဓ ၏ အဆုံးအမ အယူဝါဒများကို နှစ်ခြိုက်လျှက် ခံယူ ကျင့်သုံးလာကြခြင်း အားဖြင့် ဗုဒ္ဓ၏ နောက်လိုက် သံဃာများ သဖွယ် ဖြစ်လာမည်။

သံဃာ အစုအဝေး သည် အဖွဲ့အစည်း တစ်ခု အသွင်သို့ တိမ်းညွှတ် လာရာတွင်.. အဖွဲ့အစည်း သို့မဟုတ် သံဃာ အစုအဝေးကြီးကို ပရမ်းပတာ မဖြစ်စေရန် လိုအပ်သော စည်းကမ်းများ၊ ကျင့်ဝတ်များ ကို ဗုဒ္ဓမှ ထုတ်ပြန်ပါမည်။ ဤသည်ပင် ရဟန်း-သံဃာတို့အတွက် ၀ိနည်းများ ၊ ပညတ်များ ဟု ဆိုကောင်း ဆိုနိုင်ပါမည်။

ဗုဒ္ဓအသက်ရှင်စဉ် ကာလပတ်လုံး ဗုဒ္ဓသိမြင်ခဲ့သော လောကတရားများ (သစ္စာလေးပါး.နှင့် အခြားအခြားသော...) ၊ အစစ်အမှန် ငြိမ်းချမ်းမှု တရား ဆီသို့ တူရူ ကျင့်ကြံနိုင်ရာ အကြောင်းများ (မဂ္ဂင် ရှစ်ပါးနှင့် အခြားအခြားသော..)၊ လောက၏ အကျိုးနှင့် အကြောင်းများကို ခွဲခြမ်း စိတ်ဖြာ ဝေဖန် ရှုမြင်ပုံများ… စသည် စသည်တို့ကို ဖြန့်ဝေ လက်ဆင့်ကမ်း.. (တရား ဟောကြားခြင်း၊ သာသနာ ပြုသည်.. ဟူသော ဝေါဟာရ ကိုလည်း သုံးကြပါသည်..) ခဲ့ခြင်း သာဖြစ်သည်။
 
အဆိုပြုချက် 3 သို့ တစ်စ တစ်စ ကူးပြောင်း တွေးမြော် ကြည့်ခြင်း 
 
ဗုဒ္ဓ မှာ အဓိက points လေးတွေရှိနေပါသည်..။

ဗုဒ္ဓဟောကြားသော တရား များကို နာကြားရုံဖြင့် အမှန်တရားကို ထိုးထွင်း မသိမြင်နိုင်..၊ ငြိမ်းချမ်းမှုသို့လည်း မဆိုက်ကပ်..။ ကိုယ်တိုင် နှလုံးသွင်း အားထုတ် ကျင့်ကြံမှသာလျှင် စစ်မှန်သော ငြိမ်းအေး လွတ်လပ်မှုကို ရရှိမည်။ ငါ၊ သူတစ်ပါး၊ ယောင်္ကျား၊ မိန်းမ.. အစ ရှိသည့် အစွဲ ပင်ရင်းများကိုပင် ပယ်ခိုင်းသော အဆုံးအမတွင် ငါ့ဘာသာ..၊ ငါ့သာသနာ ဟူသော ဆင့်ပွား အစွဲများကိုလည်း ပယ်ခိုင်းခြင်း မည်ပေ ၏.. ဟု ကုသိုလ်တော် အနေနှင့် ရိုးသားစွာ တွေးပါသည်။

ဗုဒ္ဓ သည် (လူတို့ သတ်မှတ်ထားသော ) ဗုဒ္ဓသာသနာ ကွယ်ပျောက်မှာတော့ ၀မ်းနည်းမည် မဟုတ်..၊ သူသိခဲ့..၊ သူမျက်မှောက်ပြုခဲ့..၊ သူဘ၀ တစ်လျှောက် ဖြန့်ဝေခဲ့သော လောက အမှန်တရားတို့ ပျောက်ကွယ်မှာကိုသာ…. စိတ်မကောင်း ဖြစ်ချင် ဖြစ်ပါမည်။

ဗုဒ္ဓသည် သူ့ကို ကိုးကွယ်ပါဟု မပြော…၊ လမ်းကြောင်းပြသသူ၊ လောကကို အလုံးစုံ(နီးပါး) သိမြင်ခဲ့သူ တစ်ယောက်အနေနဲ့ ကျန်သော သူများ ကို သွန်သင် ဆုံးမပေးခဲ့သူ သာဖြစ်သည်။ လူသားတို့ အတွက် ဘ၀ တစ်ခုလုံး ပုံအပ်ပြီး အကျိုးပြု ပေးသွားခဲ့သူဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်မျိုး ကို အောက်မေ့ တသ လျက် ရိုသေ မှုပေးခြင်း..၊ လေးစားမှု ရှိခြင်းသည် .. လွန်စွာ ကောင်းမြတ် သင့်တော်ပါသည်..။ ကောင်းသော လက္ခဏာ ဖြစ်ပါသည်။

သို့သော်..၊ သဒ္ဓါလွန်လျှင်.. ယုံကြည်မှုလွန်ကဲသွားလျှင်.. အစွန်းတစ်ဖက် ကို နင်းမိတတ်ပါသည်..။

ဆိုခဲ့သည့် အတိုင်း..
 
က) ဗုဒ္ဓသည် ဗုဒ္ဓဘာသာကို ထူထောင်သူ မဟုတ်ဟု မှန်းဆပါသည်။
ခ) အနီးစပ်ဆုံး အနေနှင့် ဗုဒ္ဓကို "ဗုဒ္ဓဘာသာကို ထူထောင်သူ" ဟုသာ နောက်လိုက်များနှင့် နှောင်းလူများက သတ်မှတ် လိုက်ကြခြင်း… သာ ဖြစ်မည်။

( နံပါတ် ခ) ၏ အကျယ် ရှင်းလင်းချက်။ ။ ဗုဒ္ဓ၏ အဆုံအမ သွန်သင်မှုနှင့် လမ်းစဉ် အစုအဝေးကို ဗုဒ္ဓဘာသာ ဟူ၍ သတ်မှတ်ကာ…၊ ထိုဘာသာ ၏ ဦးကိုင် ဖခင်ကြီး ဗုဒ္ဓကို ဗုဒ္ဓဘာသာ၏ ကိုးကွယ်ရာ မြတ်သောပုဂ္ဂိုလ်.. ဟု မှတ်ယူခြင်း.။)

က) ထူထောင်သူ မဟုတ် VS ခ) ထူထောင်သူအဖြစ် သတ်မှတ်ခံရခြင်း

ဤစာနှစ်ကြောင်း၏ အဓိပ္ပါယ်မှာ လွန်စွာ ကွဲပြားသည်။

ဥပမာ -
ကလေးလေး တစ်ယောက် မွေးလာသည်.. ဆိုပါစို့..။ ထိုကလေးကို မောင်ဖြူ ဟု နာမည်ပေး/ သတ်မှတ်သည်။ ထို့ကြောင့် အခြားသူများက သူ့ကို မောင်ဖြူ ဟု ခေါ်မည်။ သို့သော် ထိုကလေး/ ထိုလူ… သည် မောင်ဖြူ  အတိအကျ မဟုတ်။ ထိုသူသည် လူသာ ဖြစ်သည်။ တစ်ချိန်တည်း မှာ မောင်ဖြူ ဟူသော ပညတ် တစ်ခုဖြင့် ရှိနေခြင်းလည်း ဖြစ်သည်။ တစ်ကယ့် အဖြစ်/ တစ်ကယ့် အစစ် နှင့် သတ်မှတ်ထားခြင်း.. တို့ ကွဲပြား ပါ သည်။


အဆိုပြုချက် 2 မှ အဆိုပြုချက် 3 သို့ အရွေ့…/ အတွေး ဆင့်ပွား…
  • လူတို့ သတ်မှတ် ခေါ်ဝေါ် မှတ်ယူထားသော ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာ ဟူ၍ သာ ရှိသည်။
  • ထို့ကြောင့် ဗုဒ္ဓ ထူထောင်သော ဗုဒ္ဓဘာသာ ဟူ၍ မရှိ။
  • ထို့ကြောင့် ဗုဒ္ဓဘာသာ ဟူ၍ မရှိ။
  • ထို့ကြောင့် ဗုဒ္ဓဘာသာ (၀ိဘဇ္ဖ၀ါဒ) ဟူသည် "လွတ်လပ်သော အတွေးအခေါ် အယူအဆ အဆုံးအမ လမ်းကြောင်းများ အစုအဝေးကြီး" ကို သတ်မှတ်ထားသော ပညတ် တစ်ခုသာ ဖြစ်သည်။
  • ထို့ကြောင့် ဗုဒ္ဓဘာသာ သည် ကောင်းမြတ်သောအရာကို နှလုံးသွင်း၍ လွတ်လပ်မှုနှင့် ကိုယ့်အားကိုယ်ကိုးမှုကို မဏ္ဍိုင်ပြုသည်။
  • ထို့ကြောင့်ပင် ဗုဒ္ဓဘာသာ ဟု ခေါ်ဝေါ်သမုတ်သော ဘာသာ၏ လမ်းကြောင်း ကို လိုက်သော (အစစ်အမှန်) ဗုဒ္ဓဘာသာဝင်များကို ဘာသာမဲ့.. ဟူသော ဝေါဟာရ ဖြင့် ခေါ်လျှင်ပင် ရနိုင်ကောင်း၏။
  • ထိုထိုသော အကြောင်းများကြောင့်… (ဗုဒ္ဓဘာသာ ဟူသော အညွှန်း ပညတ်ကို ရည်ညွှန်းပါသည်..)

ဗုဒ္ဓဘာသာ သည် ဘာသာမဲ့.. အယူဝါဒ အစုအဝေး..၊ ဘာသာမဲ့..သူတို့ အစုအပေါင်း.. ဖြစ်သည်။ထို့ကြောင့် -
 
အဆိုပြုချက် 3. ဗုဒ္ဓဘာသာ သည် ဘာသာမဲ့ဝါဒ ဖြစ်သည်။

ဘာသာမဲ့ စပ်ဆက်ရာ ဖွင့်ဆိုချက်များနှင့် ပြန်လည်ချိန်ထိုးကြည့်ခြင်း


ဗုဒ္ဓဘာသာ ဟူသည် လောကအပေါ် (သို့မဟုတ်) လောကတရားများအပေါ် (သို့မဟုတ်) ရှေ့ရှေ့ ပုဂ္ဂိုလ်များ ဖော်ထုတ်ပြ ခဲ့သော လောက တရားများ အပေါ်[အခြေပြု၍သော်လည်းကောင်း] ကိုယ်ပိုင် အသိဥာဏ်၊ ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ကိုယ်ပိုင်ရှုမြင်မှုများ၊ ကိုယ်ပိုင် စံနှုန်း တန်ဘိုး ကျင့်ဝတ်များနှင့် မိမိကိုယ်ကိုယ်မိမိ ကိုးကွယ် ယုံကြည် ရှင်သန်နေထိုင်သော .. လူတို့အား ခေါ်ဝေါ် သတ်မှတ်သော ပညတ် တစ်ခု..။

ဤသည်မှာ..၊ နေထိုင်မှု အပိုင်း  ဗုဒ္ဓလမ်းစဉ် နှင့်တူသော ရှင်သန်မှုဖြင့် နေထိုင်သူ (ဗုဒ္ဓလမ်းစဉ်အတိုင်း နေထိုင်သူ..) ဟု သတ်မှတ် လျှင်လည်း ရပါမည်။

ထိုရှုမြင်ချက်ကိုပင် ရည်ရွယ်ချက်ပိုင်း  ကို ဆက်ဖြည့်လျှင်..ဗုဒ္ဓကဲ့သို့ ကျင့်ကြံသူ ဟု သတ်မှတ် နိုင်တော့မည်။ အရိယာ ရဟန်း.. ဟု ခေါ်ဆို ရသော သူများမှာ ထိုသို့သော သူများ ဖြစ်ပါလိမ့်မည်။

ဤသို့လျှင် အဆို ၃ ခု ကို ဆန်းစစ်နိုင်ရန် မြင်သာ ထင်သာ ရှိလောက်ပြီဟု မှတ်ယူပါသည်။

  •  1. ဂေါတမ-သိဒ္ဓတ္ထသည် ဘာသာမဲ့ ဖြစ်သည်။
  •  2. ဗုဒ္ဓသည် ဘာသာမဲ့ ဖြစ်သည်။
  •  3. ဗုဒ္ဓဘာသာ သည် ဘာသာမဲ့ဝါဒ ဖြစ်သည်။


ပြီးပါပြီ

ကုသိုလ်တော်  ဗုဒ္ဓ၀ါဒ လက်ခံသူ ပြန်ုဖြစ်ပါပြီ။ မှတ်ရန်တစ်ခုကား  ဗုဒ္ဓဘာသာ ဟုခေါ်သော အခေါ်သည် ပိဋကတ် သုံးပုံစလုံးတွင် တစ်လုံးမှ မပါချေ အယူဝါဒ ဟုသာ ဖော်ညွန်းပါသည် ထိုကြောင့်  ဗုဒ္ဓဘာသာ ဟု မခေါ်သင့်  ဗုဒ္ဓ၀ါဒ ဟုသာခေါ်သင့် ရေးသားသင့်သည်ဟု ထပ်လောင်း
ကောက်ချက်ပေးလိုက်ပါသည်

ကုသိုလ်တော်

 

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်