ဘုံစဉ်စံ ကညာအို နှင့် ကုသိုလ်တော်






 ထေရဝါဒသာသနာ့ သမိုင်းမှာ အမျိုးသမီးများ ထဲက စံထား အတူယူထိုက်တဲ့ ဘုံစဉ်စံ လေဒီတစ်ဦးအကြောင်းပါပဲ  အရင်မိတ်ဆက်ပေးထားပါ့ရစေ ကညာအို လေဒီလေးရဲ့ နာမည်က ၀ိသာခါ လို့ ခေါ်ပါတယ် နောက်လမ်းမှာတွေ့ရင် ခေါ်နိုင်ပါတယ် ဆွေမျိုး အရင်းကြီးတွေပါပဲ


ဝိသာခါကျောင်းအမ၊ အနာထပိဏ် ကျောင်း ဒကာ၊ တာဝတိံနတ်ပြည်က သိကြားမင်း တို့ကြတော့ အဲလိုတစ်ဘဝ၊ နှစ်ဘဝ၊ ခုနှစ်ဘဝ သောတာပန်မျိုးမဟုတ်ကြဘူး၊ ဘုံစဉ်စံ သောတာပန် လို့ ခေါ်တယ်၊သုံးမျိုးထဲမပါတဲ့ သောတာပန် တစ်မျိုးပေါ့။ဘုံအဆင့် ဆင့် စံပြီးနောက်ဆုံး အကနိဋ္ဌာ ဆိုတဲ့ ဗြဟ္မာဘုံရောက်၊ ရဟန္တာဖြစ်၊ ပရိနိဗ္ဗာန် စံဝင်ကြမယ်လို့” စာမှာလာပါတယ် ဘုံစဉ်စံ (၇) ဦးရှိပါတယ်  ကျန်ခြောက်ယောက် နဲ့ မိတ်ဆက်ပေး ထားနှင့်မယ်

ဘုံစဉ်စံ (၇) ဦး



၁။အနာထပိဏ်သူဋ္ဌေး
၂။ဝိသာခါကျောင်းအမ
၃။ဂန္ဓမာနတ်သား
၎။မဟာဣန္ဒာ
၅။စူဠဣန္ဒာ
၆။နာဂဒတ္တ
၇။အနေက၀ဏ္ဏ

သောတာပတ္တိမဂ်ဉာဏ်သည် ဒိဋ္ဌိနှင့်ယုံမှားသံသယဝိစိကိစ္ဆာတို့ကို ပယ်သတ်နိုင်ခြင်းနှင့် အတူ အပါယ်သို့ ကျရောက်စေနိုင်သောအကုသိုလ်တို့ကို ပယ်သတ်ပြီးဖြစ်သောကြောင့် အပါယ်ဘဝသို့ မကျရောက်တော့။ (ခန္ဓာငါးပါး၌ ပုဂ္ဂိုလ်သတ္တဝါ-ဟု ထင်မှတ်မှုလွဲမှားခြင်း ကို ဒိဋ္ဌိ-ဟု ဆိုသည်။)
“ဘာလို့ အဲလို ဘုံစဉ် စံကြရတာလဲ ဆိုရင်“ဝဋ်ဘဝတွေ မှာ နေချင်သေးတဲ့ ဆန္ဒလည်း ရှိကြသတဲ့၊ ပြီးတော့ ဝဋ်ဘဝတွေမှာ နေရတာကို မွေ့ပျော် နှစ်ခြိုက်ကြလို့ပါပဲ ”

ဓမ္မပဒ အဋ္ဌကထာ ကျမ်းစာမှာ ဝိသာခါကျောင်းအမ၏မြေး မိန်းကလေးသေ ၍ ကျောင်း အမ ၏သောကကို ငြိမ်းစေသော ဗုဒ္ဓ၏သောကသိမ်းတရားပေါ့ဗျာ “ဝိသာခါကျောင်း အမ သည် (၇)နှစ်သမီး သောတာပန် အရိယာဖြစ်တယ်။ (၁၆)နှစ်အရွယ်ကျပါမှ အိမ်ထောင် ကျတယ်။ သားသမီး(၂၀) မွေးဖွား တယ်။ သောတာပန် အရိယာတို့သည် အိုးမကွာ အိမ် မကွာ စီးပွားရှာကြကုန်၏။ အိမ်ထောင်နှင့်လည်းအတူနေကြပြီး၊သားသမီးလည်း ရကြ၏။
ကာမရာဂ သံယောဇဉ်(ကာမဂုဏ်ခံစားမှု၊သို့မဟုတ် အာရုံငါးပါးခံစားမှု့၌ တွယ်ငြိခြင်း)နှင့် အလားတူ သံယောဇဉ်စပ်သူတို့ သေဆုံးမှုကြောင့် ငိုကြွေးကြခြင်း ပဋိဃသံယောဇဉ် (ဒေါသ) ကို မပယ်သတ် နိုင်သေး၍ ဖြစ်သည်။

သောတာပန် ဝိသာခါကျောင်းအမသည် မြေးမလေးသေစဉ်က အလွန်ငိုကြွေး၏။ သောတာပန် အရှင်အာနန္ဒာသည် ဘုရားရှင် ပရိနိဗ္ဗာန် စံစဉ်က သောကကို မသိမ်းနိုင်  ဖြစ် ရ၏။ သောတာပန် ဇနီးမယားသည် တောလိုက်ထွက်မည့် မုဆိုးအတွက် လေးမြှားကို ပြင်ဆင်ပေး၏။ ထိုကြောင့် ဉာဏ်ရည်ဉာဏ်သွေးကောင်းပြီး၊ သူတော်ကောင်းဓာတ်ခံ ရှိ သည့် ပုထုဇဉ်သည် သောတာပန်အရိယာနှင့် အလွန်ကြီး စည်းမခြား၊ အလှမ်းမကွာလှ ဟု မြင်ပါသည်။

တော်တော်များများ ဝိပဿနာဘာဝနာဆိုသော စကားနှင့်အကျွမ်းဝင်ပြီးသားဖြစ်ကြပေမယ့် ဝိပဿနာ  ဘာဝနာ အပေါ် နားလည်မှု မပြည့်မစုံ ဖြစ်နေတာကို သတိပြုမိပါတယ် ဘာဝနာ-ဆိုသော စကားလုံး၏ အဓိပ္ပါယ်ကို သိပြီးသားလို့ ယူဆပေမယ့် ပြောထားသင့်လို့ ထည့် ပြောလိုက် ပါတယ် ပွားများအားထုတ်ခြင်း ကို ဘာဝနာ-ဟု ဆိုသည်။ ပွားများအား ထုတ်ခြင်း ဆိုတာ ကတော့ ကြိမ်ဖန်များစွာပြုလုပ်ခြင်း ဖြစ်သည်။ထို့ကြောင့် ကြိမ်ဖန် များ စွာ အားထုတ်ကြ ပါ မှ ဘာဝနာဖြစ်နိုင်သည်ကို နားလည်ရ၏။သမထ ဘာဝနာ၊ ဝိပဿနာ ဘာဝနာ ဟူ၍ နှစ်မျိုး ဖြစ် သည်ကို သိကြပြီးသား ဖြစ်၍ အထူးမပြောလို၊ထိုဘာဝနာ နှစ်မျိုး ကို အားထုတ်ရာတွင် တရားသုံးပါး ပြည့်စုံဖို့လိုအပ်၏။ ထိုသုံးကား သတိ ၊ ဝီရိယနှင့် ပညာ တို့ ဖြစ်ကြသည်။ထိုသုံးပါး မရှိဘဲနှင့် ဘာဝနာအလုပ်ကို အားထုတ်လို့ မဖြစ်နိုင်။သတိဖြင့် အရှုခံအာရုံကို ဂရုတစိုက် အားထုတ်ရသည်။ ပညာဖြင့် အရှုခံအာရုံကို တသိထဲ သိနေအောင် အားထုတ်ရမှာပါ။ ဝိရီယဖြင့် ဂရုတစိုက်ဖြစ်ဖို့နှင့်သိဖို့ကို ကြောင့်ကျစိုက်၍ အားထုတ်ရသည်။အရှုခံ အာရုံဟူသည် သမထဘာဝနာ၌ ကမ္မဋ္ဌာန်းတစ်မျိုးထဲကိုသာ ရှု ပွား ရမည်။ အဘယ်ကြောင့်ဆိုသော် မိမိ၏စိတ်သည် ထိုအာရုံတစ်မျိုးတည်းမှာ မြဲနေရန် အတွက် ပွားများအားထုတ်ခြင်း ဖြစ်သော ကြောင့်တည်း။ မိမိစိတ်သည် ထိုအာရုံ တစ်မျိုး တည်းတွင် မြဲမနေသေးသမျှ သမထဘာဝနာ (သမာဓိ+စိတ်စင်ကြယ်ခြင်း )မဖြစ်နိုင်သေး ပါဘူး

ဝိပဿနာအာရုံ ဟူသည် ရုပ်နှင့်နာမ် ဖြစ်သည်။ထိုရုပ်နှင့်နာမ်၏ မမြဲဖေါက်ပြန် ပျောင်းလွဲ တတ်သည့် သဘာဝ အမှန်ကို မိမိစိတ်၌ ဖြစ်နေသည့် အတိုင်း၊ထင်ရှားနေသည့်အတိုင်း စဉ်ဆက်မပြတ်သိနေဖို့ အဖန်ဖန်အားထုတ်ခြင်းဖြစ်သည်။ ထိုဝိပဿနာဘာဝနာ ပွားများနိုင် ဖို့ရန် သမာဓိ(စိတ်စင်ကြယ်ခြင်း စိတ္တဝိသုဒ္ဓိ)ကို ရရှိပြီးသူ ဖြစ်ရမည်။ထို့ကြောင့် ဘာဝနာ ကိစ္စသည် အိုးပစ်အိမ်ခွါနှင့် ဇနီးမယား၊သမီးသား၊ကာမဂုဏ်များကို စွန့်ဖွယ် အမှန် မလို အပ်။လူအများစုက ဘာဝနာအလုပ်ဆိုတာ နေ့စဉ်လူနေမှုဘဝတွေမှ ရှောင်ထွက်ပြီး၊ တောကျောင်းတောင်ကျောင်း ဂူအောင်းကာ အားထုတ်ကြရသည်။ လူအဖွဲအစည်းကို ဖြတ်တောက် အားထုတ်ကြရသည်။ တရားရသွားလျှင် မည်သူနှင့်မျှ မထိမတွေ့၊ မဆက် မဆံ၊ အိမ်ထောင်ကိုလည်း တွယ်ငြိ မှု့ ပြတ်တောက် ၏။ အိမ်ထောင်ကို စွန့်ခွါရ၏-ဟု မှတ် ထင် ထားဟန်ရှိကြသည်။တရားရသူသည် လူ့အသိုင်းမှ တသီးတသန့် ပုဂ္ဂိုလ်ဟူ၍ ထင် မှတ် ထားကြလေ၏။ထို့ကြောင့် တရားစခန်တွင် ဝိသာခါကျောင်းအမတို့၊ အနာထပိဏ် တို့ စသော တရားရပြီး သူများသည် အိုးမကွာ၊ အိမ်မပစ်၊ ဇနီးမယား၊ သမီးသား တို့ကို ချစ် ခင်လျှက်၊စီးပွားရှာမပျက် နေထိုင်ကြ သည်ကို ပြောပြကြလေသည်။ ထို့အပြင် ပိဋကတ် တော် တွင် တရားအားထုတ်ကြခြင်းဟူသည်ကို ဤသို့ သတိထားမိသည်။ ကိုယ်နာစိတ် နာနှစ်နာတို့တွင် စိတ်နာ မဖြစ်စေဖို့၊ စိတ်နာဟူသည် ကိုယ်၏နာကျင်နေမှုကို စိတ်ကပါ လိုက်ပါပြီး မနာကျင်စေရန်တရားအားထုတ်ကြခြင်း ဖြစ်သည်။မိမိတို့စိတ် သည် ကိလေ သာ ခေါ် လောဘ ဒေါသ မောဟ မာန သံသယ မနာလိုခြင်း ဝန်တိုခြင်း ပျင်းရိခြင်း သော ကဖြစ်ခြင်း-စသော အညစ်ကြေး စိတ်မှီတရားတို့ကြောင့် ညစ်ထေးနေရသည်။ ထိုညစ် ထေးခြင်း ကိလေသာတို့မှ စင်ကြယ်ပြီး ရှင်းသန့်ဖြူစင်သောစိတ်ကို ပိုင်ဆိုင်ဖို့ရန် တရား အားထုတ်ကြသည်။

တရားအားထုတ်ခြင်းဖြင့် မိမိတို့မှာ သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာတို့ မြင့်မားတိုးတက် ရင့်ကျက်စေရန်နှင့်တည်ငြိမ်မှုဖြစ်စေရန်အလို့ငှါ စိတ်ကို တည်ဆောက်ကြခြင်းလည်း ဖြစ် သည်။အာရုံနှင့်စိတ်(ရုပ်နှင့်နာမ်)ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး အရှိအတိုင်း သိမြင်နိုင်စွမ်းသော ဉာဏ်ကို ပိုင်ဆိုင်နိုင်ဖို့ရန် တရားအားထုတ်ကြကုန်၏။စိတ်သန္တာန် တွင် ချမ်းမြေ့ခြင်း၊အေး ချမ်း တည်ငြိမ်ခြင်းတို့ဖြင့် ပြီးပြည့်စုံလျှက် ဖြစ်နေစေရန် တရားအားထုတ်ကြ၏။ အဆင့် အမြင့်ဆုံးသော လောကလွန်ဉာဏ်ဖြင့် ဘာမှ မရှိတော့သည့် အမှန်တရား နိဗ္ဗာန်ကို သိမြင် မျက်မှောက်ပြုနိုင်ဖို့ရန် တရားအားထုတ်ကြ သည်။စဉ်းစားကြ ဖို ဖြစ်ပါသည်။

မိမိတို့ နှစ်စဉ် တရားစခန်းတွေဝင်နေကြရပြီး မိမိတို့ စိတ်အခြေအနေ မည်သို့ ဖြစ်ပါ သ နည်း ?အဘယ်မျှ တည်ငြိမ်အေး ချမ်းမှု ဖြစ်ကြပါသနည်း?

သဒ္ဓါစသောတရားများ အဘယ်အတိုင်းတာအထိ မြင့်မားတိုးတက်လာပါသနည်း?

ကိုယ်ပိုင်ဉာဏ်ဖြင့် ရုပ်နှင့်နာမ်ကို ခွဲခြမ်း စိတ်ဖြာ သိပါပြီးလား?

ကိုယ်သန္တာန်မှာ ဖြစ်နေတာတွေကိုအရှိအတိုင်း (အမည်တံဆိပ်မတပ်ဘဲ) အသိကပ် နိုင်ကြ ပါရဲလား?

ဆိုတာ ကိုယ့် အနေအထားကို ကိုယ်တိုင်ဘဲ စိစစ်ပြီး ဝိပဿနာဘာဝနာ အစစ်ကို နှစ်ခြိုက်စွာ အားထုတ်ကြရပါမည်။တရားစခန်းတွင် ယောဂီများကို “ကိလေသာဝေးကွာပြီး၊ သဒ္ဓါ စသော ဣနြေ္ဒတွေ ရင့်ကျက်မှုရှိရဲ့လား” ဆိုတာ ဖာသာ စီစစ်ပြီး တရားအသားတက်ခြင်း၊ မတက်ခြင်းကို သိကြပါလို့” အဖန်ဖန် သတိပေးနေတတ်ပါတယ်။တရား အားထုတ်ခြင်း နှင့် အကြားအမြင် ရခြင်း ဘာမှ မဆိုင်တာကို  မသိကြတော့ တရားစခန်းမှာ “ဟိုဟာမြင် တယ်၊ဒီမြင်တယ်နဲ့” သံယောင်လိုက် ပေါက်တတ်ကရ ပြောတတ်ကြသည်။

ဒါမှန်၏ပေါ့ ပြောမယ်ဆိုရင် ဝိပဿနာ ဘာဝနာ အားထုတ်ခြင်းသည် တတိယမျက်လုံးကို ပိုင် ဆိုင် ရန်အတွက် အားထုတ်ခြင်းမဟုတ် ဆိုတာကို နားမလည်ကြ ၍ ဖြစ်သည်။ လက်ရှိ မျက်လုံးနှစ်လုံးဖြင့် မြင်ရတာထက် ကျော်လွန်းပြီး သာမာန်လူတို့ မမြင်နိုင်တာကို မြင်နိုင် စွမ်းရှိသည် အမြင်မျိုး (အကြားအမြင်) ကို တတိယမျက်လုံးဟု ဆိုကြသည်။ ရိပ်သာဂျိုးကပ် ကြီးတွေပင် “ဟိုဟာမြင်၊ ဒီဟာမြင်” ပြောတတ်ကြ၍ အံ့ဩရပါသည်။ သမထနှင့်ဝိပဿနာ မကွဲကြသေး၍ ဖြစ်၏။ထို့ကြောင့် ဝိသာခါကျောင်းအမတို့လို သောတာပန် အရိယာ အဆင့် လောက် မှန်းပြီး အားထုတ်ကြရမှာပဲ။ သို့ပေမယ့် ယနေ့ခေတ် တရားအားထုတ် သူတို့သည် အကဲစမ်းသည့် သဘောမျိုးဖြင့်သာ အများစု အားထုတ်နေကြဟန်တူသည်။အဲသဘောမျိုး မြင်ရပါသည် ဟုတ်ချင်မှလဲ ဟုတ်ပါလိမ့်မည်သောတာပန်အရိယာ အဖြစ် သည် စကြာဝတေးမင်း၊ ပဒေသရာဇ်မင်း၊ ဧကရာဇ်မင်း တို့ ထက် သာလွန်လှ၏။ တု၍မရ၊ ယှဉ်၍မနိုင် မြတ်လှ၏။ အဘယ်ကြောင့်ဆိုသော် မင်း တရား တို့သည် အပါယ်ဘဝတို့မှ မလွန်မြောက်နိုင်၊သောတာပန်အရိယာကား အပါယ် ဘဝ တို့မှ လွန်မြာက်ပြီး အဆုံးစွန် (၇) ဘဝ နောက်ဆုံးထား ပရိနိဗ္ဗာန်စံဝင်ခြင်း (ဝါ)ဘဝ ဇာတ် ခပ်သိမ်း ချုပ်ငြိမ်းမည်ဖြစ် သောကြောင့်တည်း။

ဝိသာခါကျောင်းအမနှင့်ပတ်သက်သော ပိဋကတ်တော်အလာ အကြောင်းအရာတို့ကို ဖွေနှောက်စစ်ထုတ်ရာဝယ် အရိယာပုဂ္ဂိုလ်ဖြစ်၍ အတုယူ ဖို့ချည်း ဖြစ်မည်မှာ သံသယဖြစ် ဖွယ် မလို။ ကိုယ့်ဘဝကို ဝိသာခါကျောင်းအမ သို့နှယ် မူပွားယူလို့ ရ၏။ သောတာပန် အရိ ယာဖြစ်သည်ထိ မူပွားနိုင်ကြမည်ဆိုရင် နိဗ္ဗာန်သို့ပင် မျက်မှောက်ပြုနိုင်ပါသည်။ဘဝ အ ကျိုးပေး ကောင်းလှတဲ့ ကျောင်းအမေ ကျာင်းအမဝိသာခါသည် မျိုးရိုးကလည်းမြတ်၏။ အသက်ကလည်း ရှည်၏။ အဆင်းကလည်းလှ၏။ ခွန်အားဗလနှင့်လည်းပြည့်စုံ၏။ ဥစ္စာ က လည်းပေါ၊ ရုပ်ကလည်းချောလှသူမို့ ဘဝပေးကံ အကျိုးပေးကောင်းသူဟု ဆိုရသည်။
အပိုဆောင်းကောင်းကျိုးအဖြစ်ဖြင့် အရိယာဖြစ်သည်။နောက် အကျိုးဆက်အနေဖြင့် ဘုံ စဉ် စံစားပြီး နိဗ္ဗာန် လက်မှတ်ရထားပြီးသူမို့ အပါယ်ဘဝ တို့သို့ လုံးဝ မကျရောက်နိုင်ချေ။


ထိုသို့ ဘဝကံအကျိုးပေးကောင်းမွန်ခြင်းသည် ဆုတောင်းနှင့် လူပေါင်း မမှားခဲ့ခြင်း တို့  ကြောင့် ဖြစ်၏။ ဆုတောင်းမှား လူပေါင်းမှားသူတို့ ဘဝကံ အကျိုးပေးနှံချာလှသည်ကို သတိ ထားသင့်၏။ အချို့ စည်းစိမ်၊ ရာထူးဋ္ဌာနန္တတွေ မြင့်မြင့်မားမား ပိုင်ဆိုင်ရစေဦးတော့ ဆုတောင်းတွေမှား၊ လူပေါင်းတွေမှားခဲ့ကြသဖြင့် ဘဝတွေ စုတ်ပြတ်သွားကြသည်ကို မိမိတို့ရှေ့မှောက်တွင် မြင်တတ်က မြင်သာထင်သာ မြင်နေရ၏။ဘဝကံ အကျိုးပေးတွေ ကောင်းကြစေဖို့ ဆုတောင်းတွေ၊ လူပေါင်းတွေလည်း မမှားကြဖို့ အလွန်လိုအပ်၏။ ဝိသာခါကျောင်း အမသည် ဆုတောင်းမှန်ခဲ့သည်ကို ဒီလို ဖေါ်ပြထားပါတယ်

အစိန္တေယျမြတ်ဗုဒ္ဓ ဂေါတမပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာမှပြန်၍ ရေတွက်က ကမ္ဘာ တစ် သိန်း အထက်တွင် ပဒုမုတ္တရဘုရား ပွင့်တော်မူပါသည်။ ထိုဘုရားရှင်လက်ထက်တွင် ဝိသာခါကျောင်းအမသည် ဟံသာဝတီမြို့၌ သူဋ္ဌေးသမီးဖြစ်ခဲ့ဖူး၏။ တစ်နေ့ တွင် ပရိသတ် များစွားနှင့်အတူ ဘုရားတရားတော်ကို နာယူနေစဉ် အမျိုးတစ်ဦးကို ဒါနအရာတွင် အခြား သူတို့ထက် အမြတ်ဆုံး၊ အသာဆုံးဖြစ်သူဟူ၍ ဧတဒဂ်ဘွဲ့ထူးတပ်လျှက် ပဒုမုတ္တရဘုရား ရှင်ကိုယ်တော်တိုင် ပရိသတ်အလယ်တွင် ချီးမွမ်းတော်မူသည်ကို အားကြခြင်း ဖြစ်မိ၏။
“ငါသည်လည်း ဤဥပါသိကာမကဲ့သို့ ဘုရားတစ်ဆူ၏သာသနာ၌ ဒါနအရာတွင် အမြတ် ဆုံး ၊အသာဆုံး ဥပါသိကာမ ဖြစ်ရပါလို၏” ဟူ၍ ဆုတောင်းပြီး လွန်လွန်ကဲကဲ ကောင်းမှု များကို အားထုတ် ပါတော့၏။အားကြခြင်းသည် ဆုတောင်းခြင်းကို ဖြစ်စေသည်။ဆုတောင်း ရုံမျှနှင့်လည်း လိုအပ်ဆန္ဒပြည့်ဝမည် မဟုတ်၊ ပြည့်မြောက်စေရန် လိုအပ် သည့် ကုသိုလ်တို့ကို လွန်လွန်ကဲကဲ အားထုတ်ကြရသည်ကို ကျောင်းအမဝိသာခါက သတိပေးနေဘိအလား ဖြစ်ချေ၏။သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ ရပြီး အားကြသည်။ဒီပင်္ကရာကဲ့သို့ သူလည်း ဘုရားဖြစ် ချင်သည်။ ပြင်းပျသောဆန္ဒဖြင့် ဘုရားဖြစ်လို၏။စကြာဝဠာအတွင်း အလျှံညီးညီး မီးကျည်းခဲ တွေအပြည့် ခင်းထားစေပြီး ဤမှာဘက်အစမှနေ ဟိုမှာဘက်အဆုံးသို့ သွားနိုင်သူသည် ဘုရားဖြစ် မည်ဆိုက မီး ကျည်း ခဲတို့ အပေါ် နင်းသွားလိုသူဖြစ်၏။ ယင်းကို အဓိကာရဆန္ဒဟု ဆိုသည်။ အလွန် အကဲ ပြင်းပြင်း ထန်ထန် ဖြစ်လိုစိတ်ဟူ၏။ဝိသာခါကျောင်းအမ သည်လည်း ထိုလွန် ကဲသော ဆန္ဒဖြင့် အားကြခြင်းဖြစ်သည်။အများစုသည် ပြည့်စုံနေသူကို တွေ့က အားကြ တတ်သည်မှာ ဓမ္မတာကဲ့သို့ ဖြစ်နေကြပေမယ့်၊ထိုသူကဲ့သို့ ဖြစ်အောင် အဓိကာရ ဆန္ဒ မရှိကြသူတွေက များလှ၏။ တော်သူ၊ကောင်းသူများကိုတွေ့က အားကြကြရ ပါမည်။ နောက်  အဓိကာရဆန္ဒ ရှိကြရမည်။လွန်လွန်ကဲကဲ သူ့လိုလူဖြစ်အောင် ကြိုးစားကြပါမည်။

ပဒုမတ္တရဘုရားရှင်နှင့်ဂေါတမမြတ်ဗုဒ္ဒ နှစ်ဆူတို့သည် များစွာအဆက်အစပ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော်  ဂေါတမမြတ်ဗုဒ္ဓခေတ်တွင် ကျွတ်တမ်းဝင်ကြမည့် ကမ္ဘာ တစ် သိန်း ပါရမီဖြည့်ကြရ သော ပကတိသာဝကတို့သည် ကမ္ဘာတစ်သိန်းကာလက ပွင့်တော် မူခဲ့ သည့် ပဒုမုတ္တရ ဘုရားရှင်ထံတော်တွင် ဆုထူးပန်ခဲ့ကြရသောကြောင့် ဖြစ်၏။
ထို ကဲ့ သို့ ဆုတောင်းကောင်းခဲ့သည် ဝိသာခါကျောင်းအမသည် ကမ္ဘာတစ်သိန်း ကာလ ပတ် လုံး နတ်ပြည့်၊ လူပြည့် တို့၌သာ ကျင်လည့်ခဲ့ရပြီး ဤဘဒ္ဒကမ္ဘာ၊ကဿပဘုရားရှင် လက် ထက် ကာသိတိုင်းရှင် ဘုရင် ကိကိမင်းကြီး၏သမီးတော်(၇)ဦးအနက် သံဃဒါယီ အမည် ဖြင့် အငယ်ဆုံး သမီးအထွေး ဖြစ်ခဲ့၏။အသက်ထက် ဆုံး ကုသိုလ်ကောင်းမှု့ဖြင့်သာ မွေ့ ပျော်ပြီး အစိန္တေယျကဿပဘုရားရှင်နှင့် ဂေါတမဘုရားရှင် နှစ်ဆူတို့၏အကြားကာလ တစ် လျှောက်လုံး မှာလည်း လူပြည့်နတ်ပြည်တို့၌သာ ကျင်လည်ခဲ့ရ၏။ မည်သည့် ကုသိုလ်ပြု လုပ်သည်ဟု တိတိကျကျ ထိုဘဝတွင် မတွေ့ရပေမယ့် အနှစ်နှစ်သောင်း ကာလ တစ် လျှောက် လုံး ကောမာရိကဗြဟ္မစရိယခေါ် အပျိုစဉ်ဘဝဖြင့် စင်ကြယ်စွာ နေထိုင်ခဲ့ခြင်း၊ ဘုရား အမှူးရှိ သံဃာတော်အား ပြုစုစောင့်ရှောင့် ခြင်းတို့ကို ဖေါ်ပြထားသည်။

သမီးတော်(၇)ဦးသည်အစိန္တေယျဂေါတမမြတ်ဗုဒ္ဓ လက်ထက်တော်တွင် ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ ပဋာစာရီထေရီ၊ ဂေါတမီထေရီ၊ ဓမ္မဒိန္နာထေရီ ၊ မယ်တော်မာယာနှင့် ဝိသာခါ ကျောင်းအမကြီးတို့ ဖြစ်လာကြသည်။သည့်အပြင် ကဏှာဒီပါယနဇာတ်တွင် ဝိသာခါကျောင်းအမ အကြောင်းကို ဤသို့ တွေ့ရ၏။ ဘုရားအလောင်း ကဏှာဒီပါယန ရသေ့ကို လူဘဝက မိတ်ဆွေဖြစ်သူ မဏ္ဍဗျသူဋ္ဌေးသည် ဇနီး+သားငယ် ယညဒတ္တတို့နှင့် အတူ လာရောက်ဖူးတွေ့ကြသည်။ လှူဒါန်းဖွယ်ရာတွေ လှူဒါန်းကြပြီး စကားပြောဆိုနေကြ စဉ် သားငယ် ယညဒတ္တသူငယ်သည် ကလေးပီပီ တောရ သင်္ခမ်းကျောင်းလေး၏ ဝန်းကျင် တွင် ဂျင်ပေါက်ပြီး ဆော့ကစားနေ၏။ သားငယ်၏ ဂျင်ကလေးသည် အနားရှိ တွင်းငယ် တ ခု သို့ ကျသွားသဖြင့် ဂျင်ကို နှိုက်ယူရာ တွင်းအတွင်းရှိ မြွေက သားငယ်၏လက်ကို ကိုက် လိုက်၏။ အဆိပ်ပြင်းထန်သောကြောင့် သားငယ်သည် ထိုနေရာမှာပင် တစ်ကိုလ်လုံး အဆိပ်တက်ကာ လဲကျသွားတော့၏။

မိဘတို့သည် မြွေဆိပ်ကြောင့်မေ့လဲနေသည့် သားကို ပွေ့ချီ၍ “ဆရာရသေ့ရယ် ၊ကယ် ပါ ဦး၊ဆေးကုပေးပါဦး၊ မန်းမှုတ်ပေးပါဦး၊ သားတော့သေေ တာ့မှာပဲ ၊ ရသေ့ရဟန်းတွေဆို တာ ဆေးဝါးနားလည်းပါတယ်၊ ကုပေးပါဦး” စသဖြင့် သောကကြီးစွာ ပြောဆိုကြကာ ရသေ့ ၏ ခြေရင်းတွင် သားငယ် ကို ဆန့်ဆန့်ကြီး လဲလျောင်းထားလိုက်ကြ၏။ထို အခါ ဆရာ ရသေ့က “ငါ ဆေးလည်းမသိ၊ကုလည်း မကုတတ်ဘူးလို့” ပြောရာ-
“ ဒီလိုဆို၊ အရှင်ဘုရားရယ်၊ သားအတွက် မေတ္တာပို့ပေးပါဦး ဘုရား”“ ကောင်းပါပြီ၊သစ္စာ ဆို ပါမယ်” ဟု ပြောကာ သားငယ်၏ခေါင်းကို ပွတ်သပ်ပေးလျှက် ဤသို့ သစ္စာဆိုပါသည်။ “ ငါသည် ရသေ့အဖြစ်သို့ ရောက်ပြီး (၇)ရက်မျှသာ ကြည်ညိုစိတ်ဖြင့် ပျော်ရွှင်စွာ အား ထုတ် ခဲ့၏။ သည်နောက် နှစ် (၅၀)ကျော်မျှ လုံးဝမပျော်ပဲ ကျင့်နေရ၏။ ဤသစ္စာကြောင့် သားငယ် ယညဒတ္တ ချမ်းသာပါစေ၊ အဆိပ်ပြေကာ အသက်ရှည်ပါစေ”ဟူ၍ ဆိုလိုက်ရာ အဆိပ်သည် ရင်ချိုင့်(နို့)အထိ ကျဆင်းသွား၏။ မျက်လုံးများ ပွင့်လာ၏။ မေမေဖေဖေဟု ခေါ်နိုင်လာ၏။

“ကဲ ဒကာတို့၊ ငါတော့ စွမ်းနိုင်သလောက် အမှန်စကားကို ဆိုပြီးပြီ” မင်းတို့ အလှည်ပဲ။
ထိုအခါ ကလေးဖခင်သည် သား၏ရင်ဘတ်ပေါ်လက်တင်လျှက်“ ငါသည် လှူဒါန်းခြင်းကို စေတနာအမှန်မရှိ၊ လူကဲ့ရဲ့မည်စိုး၍ လှူမြဲတိုင်း လှူနေရ ၏။ အလှူရဲ့ ကောင်းကျိုးကိုလည်း မယုံကြည်ခဲ့၊ ဤသစ္စာကြောင့် သားငယ် ယညဒတ္တချမ်းသာပါစေ၊ အဆိပ်ပြေကာ အ သက် ရှည်ပါစေ” ဟူ၍ ဆိုလိုက်ရာ အဆိပ်သည် ခါးတိုင် လျောကျသွား၏။ ထ၍ ထိုင်နိုင် လာ၏။ မရပ်နိုင်သေး။ထိုအခါ ဖခင်ဖြစ်သူက ဇနီးမယားကို- “ကဲ-အမေကြီး အလှည့် ပဲ ကျန်တော့တယ်၊ အမှန်ကို သစ္စာဆိုပါ-ဟူ၍ ပြောရာ-“အဖေကြီးရှေ့မှာ သစ္စာဆိုရန် အခက် အခဲ ဖြစ်နေပါတယ်”“ဆိုသာဆိုပါ အမေကြီးရယ် ၊သားကျန်းမာဖို့ ရောဂါကင်းဖို့က အရေးကြီး ပါတယ်”ဆို ဆိုလဲ ဆိုရတော့မှာဘဲ “ငါသည်၊ ယခု သားကို ကိုက်သောမြွေဆိုး ကို မချစ်လုံးလုံး မုန်းလှပါ၏။ အလားတူ သားရဲ့အဖေကိုလည်း ယနေ့တိုင် မချစ်ခဲ့ပါ၊ အမျိုး အနွယ်ရဲ့ ဂုဏ်သိက္ခာကြောင့် မပေါင်းချင်ပဲ ပေါင်းနေရသည်။ ဤသစ္စာကြောင့် သားငယ် ယညဒတ္တ ချမ်းသာပါစေ၊ အဆိပ်ပြေကာ အသက်ရှည်ပါစေ” ဟူ၍ ဆိုလိုက်ရာ အဆိပ် သည် လုံးဝကင်းစင်ပြီး ကလေးမှာ ထ၍ပြေးဆော့တော့၏။ ကဲ ဒကာရေ-ဒကာ လည်း ယနေ့မှ စ၍ ဒါနနဲ့ဒါနရဲ့ကောင်ကျိုးကို ယုံကြည်စွာနဲ့ လှူဒါန်းပါ- တင်ပါ့ဘုရား-ဆရာရသေ့ လည်း ဗြဟ္မစရိယ ကို ပျော်မွေ့ စွာ အားထုတ်ပါတော့ဘုရား- မှန်ပါ့-တပည့်တော်မ လည်း၊ ယနေ့မှစ၍ ခင်ပွန်းရဲ့ အလိုသို့လိုက် အကြိုက်ဆောင်ပါတော့မယ် ဘုရား-ဟူ၍ အချင်းချင်း နာလည်းမှု ရယူကြပါသည် ။(ဇာတကအဋ္ဌကထာ၊၄။၃၆။)

ထိုဇာတ်တော်တွင် မဏ္ဍဗျသူဋ္ဌေးက အရှင်အာနန္ဒာ၊ ဇနီးမယားက ဝိသာခါကျောင်းအမ၊ သားငယ် ယညဒတ္ထက ရှင်ရာဟုလာ၊ ကဏှဒီပါယန ရသေ့က ဘုရားရှင် ဖြစ်ခဲ့ ဖူးကြောင်း ကို မှတ်သားရပါသည်။ရဟန်းတစ်ပါး သာသနာမှာ မပျော်ပိုက် မမွေ့လျော်ဘဲ ပျင်းပျင်းရိရိ နေရခြင်းကို အကြောင်းပြု၍ ဟောတော်မူခြင်းဖြစ်သည်။ ကောင်းခြင်း ဆိုခြင်းကား အဓိ က မဟုတ်၊ မှန်ကန်မှု့သာ ပဓာနဖြစ်ပြီး မှန်ကန်မှုရှိပါက သစ္စာမှာစွမ်းအား အပြည့် ရှိကြောင်းကို ဤဇာတ်တော်တွင် သတိထား မိနိုင်ပါ၏။

လူဘဝသံသရာစခန်းတွင် ကျောင်းအမကြီးအဖြစ်ဖြင့် ယခု တထောက်နားနေရချိန်မှာ မပင် မပန်း ချမ်ချမ်းသာသာနှင့် ကသိကအောက် ဒုက္ခမရောက်ရဘဲ အထက်တန်းကျကျ မျက်နှာ ၏ပန်းလှလှ ဖြစ်ရခြင်းသည် ယခုကောင်း၍သာ မဟုတ်၊ ယခင် အတိတ်ဘဝတွေ ကလည်း ကောင်းခဲ့ လို့ဆိုတာကို ကျောင်းအမ၏ အတိတ်ဘဝတွေက အသိပေးနေ သယောင်ပါပဲ လူသားအများစု သည် ယခုဘဝ ကောင်းကွက်၊အားသာချက်တို့ဖြင့် ပြည့် စုံနေသောအခြေအနေ ပေါ်၌သာ တင်းတိမ် သာယာ ယစ်မူးနေကြ၏။ မလှူမတန်း မပေး ကမ်းဘဲ နေတတ်ကြ၏။ထို့ကြောင့် ဝိသာခါကျောင်းအမက သူမ၏ယောက္ခထီးကို ဤသို့ ကောက်ချက်စွဲပြသည်။
“တပည့်တော်မရဲ့ ယောက္ခထီးက အစာဟောင်းကိုသာ စားနေသူပါဘုရား” တဲ့။
ဤ ဘဝမှာ သားသမီးအယောက်နှစ်ဆယ်ဖြင့် ပွားစီးသည့်ကျောင်းအမမှာ ဘဝတစ်ခု၌ သားသမီး မထွန်းကားသဖြင့် သားဆုပန်ခဲ့ရဘူး၏။ဘုရားရှင် သည် မိုးဦးကျ ကာလ တစ်ခု တွင် ဝိသာခါကျောင်းအမအား မိုးရေးခံသင်္ကန်းအပါဝင် ဆုရှစ်မျိုးကို ခွင့်ပြုတော်မူသည်။ရဟန်းတော်များက “ကျောင်းအမကြီးကား အမျိုးသမီးဖြစ်ပေမယ့် ဆုရှစ်မျိုး ရနိုင်စွမ်း သူဖြစ် တယ်။ဪ ဂုဏ်ကြီးမားလေစွတကား” ဟု ချီးမွမ်းကြသည်။ “အခုဘဝမှာမှ ဆု ရှစ် မျိုး ကို ပေးသနားတော်မူခြင်း မဟုတ်၊အတိတ်ဘဝတုန်းကလည်း ဆုပေးတော် မူခဲ့ရ တယ်” ဟု ဗုဒ္ဓရှင်က မိန့်တော်၏။ “အဘယ်ဘဝတုန်းက ဆုပေးတော်မူခဲ့ရပါသလဲဘုရား” ဟု မေးလျှောက်ကြသဖြင့် သုရုစိ ဇာတ်တော်ကို ဟောကြားတော်မူသည်။

မိထိလာပြည်က သုရုစိမင်းသားနှင့်ဗာရာဏသီပြည်က ဗြဟ္မဒတ္တမင်းသားတို့သည် ကျောင်း နေ ဖက်များဖြစ်ကြ၏။ အလွန်ရင်းနှီးကျွမ်း ဝင်ကြ၏။ မိမိတို့ သားသမီးများ ရကြပါ က အချင်းချင်း လက်ထပ် ပေးကြမည်ဟုလည်း ကတိပြုခဲ့ကြ၏။ မင်းသားနှစ် ပါး တို့သည် တက္ကသိုလ်ပြည်မှ ပညာစုံပြီဖြစ်၍ တိုင်းနိုင်ငံသို့ ပြန်ခဲ့ကြပြီးနောက် မိမိတို့တိုင်းပြည်ကို တရားနှင့်အညီ စိုးမိုးအုပ်ချုပ် မင်းလုပ်ကြရသည်။ သုရုစိမင်း မှာ သုရုစိကုမာရ သားတော် လေးဖွားမြင်ပြီး၊ဗြဟ္မဒတ်မင်းမှာတော့ သမီးတော်လေး သုမေဓာ ထွန်းကား၏။ သုရုစိ မင်း သား တက္ကသိုလ်ပြည်မှ ပညာစုံ၍ပြန်လာခဲ့၏။ခမည်းတော်မှ သားတော်၏ကြင်ယာတော် အတွက် ငယ်သူငယ် ချင်းဖြစ်သူ ဗြဟ္မဒတ်မင်းထံ လက်ဆောင်ပဏ္ဏာနှင့်အတူသမီးတော် ကို သားတော် အတွက် တောင်းခံသည်။ထိုအခါ ဗြဟ္မဒတ် မင်းသည် မိဖုရားကြီးအား “အမျိုး သမီးတွေရဲ့စိတ်ဆင်းရဲဆုံးအရာကား ဘာပါလဲ? ဟု မေးတော် မူရာ၊မိဖုရားကြီးက “ လင်တူ မယား ဖြစ်ရခြင်းပါ” ဟု သံတော်ဦးတင်သည်။ “ငါတို့ရဲ့ သမီးတော် သုမေဓာ မင်း သမီးလေး ဒီဒုက္ခမှလွတ်စေရမယ်” ဟု ကြံတွေးတော်မူပြီး “မိဖုရားတစ်ယောက်တည်းသာ ယူမယ့်မင်းသားနဲ့သာ သမီးတော်ကို ထိမ်းမြားလက်ဆက်ပေးမယ်” ဟု မိဖုရားနှင့် တိုင် ပင် ပြီး ဖေါ်ပြအတိုင်းအကြောင်း ပြန်လိုက်၏။ “သူငယ်ချင်း၊သားသမီးများရရင် လက် ဆက် ပေးဖို့ကို တို့ကတိစကားထားခဲ့ကြတယ်၊ဒါပေမယ့် တို့သမီးကလေးကို ဇနီးမယား များလှတဲ့ သူနဲ့မပေးစားလို၊ဇနီးမယားတွေ အများကြီးထဲ စွန့်မပစ်လို၊ ဒါကြောင့် တစ် ယောက်ထည်းသော ဇနီးကိုသာ ပေါင်းသင်းမယ့်သူနဲ့သမီးကို လက် ဆက်စေလိုတယ်” ဟု သုရုစိမင်းထံ အကြောင်းပြန်လိုက်သည်။

မိဖုရားများများကို ခုံမင်လှသည့် ဖခင်သုရုစိမင်းက သားတော်အတွက် မောင်းမပေါင်း တစ်သောင်းခြောက်ထောင် မှန်းထား၍ တစ်လင် တစ်မယားစနစ်ကို လက်မခံနိုင်ဖြစ်ပေ မယ့်၊ သားတော် သုရုစိကုမာရကား ထိုကဲ့သို့မဟုတ်၊အလှတွင် သတင်းကြီးသည့် သုမေဓာ မင်းသမီး တစ်ယောက်တည်း ကိုသာ လက်ခံပေါင်းသင်းမည်၊အခြားအမျိုးသမီး များကို မလိုပါ- ဟု ဆိုလာသောကြောင့် နန်းရပ်ထီးဖြူကိုပါ အပ်နှင်း ကြပြီး ပေးစား လိုက် ကြ သည်။နှစ်ပေါင်းတစ်သောင်းကြာ ချစ်ခင်စွာ ပေါင်းသင်းပါသော်လည်း သာသမီး ရတနာ မဖြစ်ထွန်း၍ တိုင်းသားပြည်သူတို့က “မင်းတရားမှာ အပြစ်မရှိပါ၊ နန်းညွန့်နန်းလျာ သားရတနာမရှိက မင်းဆက်ပြတ်ပေမည်၊ မင်းတရားမှာလည်း မိဖုရားက တစ်ယောက် တည်း ရှိနေပါသည်၊မင်းတရားမှာ အနည်းဆုံး မောင်းမမိဿံ တစ်သောင်း ခြောက် ထောင် တော့ ရှိသင့်ပါတယ်၊သို့မှသာ ထိုအမျိုးသမီးတွေထဲမှ ဘုန်းကံရှိတဲ့သားရတနာ ဧကန် ရနိုင် ပါတယ်” ဟု နန်းရင်ပြင်တွင် စုဝေး ၍ တိုင်းသားပြည်သူတို့က အရေးဆိုကြ၏။
“အမောင်တို့၊ဘာကို အရေးဆိုနေကြတာလဲ၊ငါသည် အခြားအမျိုးသမီးကို မယူလို-ဟု သုမေဓာမင်းသမီးကို ပဋိညာဉ် ပေးထားပြီး ယူထားခြင်းဖြစ်တယ်၊ မုသာဝါဒ ပြောဆို ရန် မသင့်၊ အခြားမိဖုရားကို အလိုမရှိ” ဟု သုရုစိမင်းက ပယ်မြစ်၏။

ထိုစကားကို သုမေဓာမင်းသမီး ကြားသိရသည်ရှိသော် “မင်းတရားသည် သစ္စာစကားကို မပျက်လို၍ အခြားအမျိုး သမီး ဆောင်ယူမည် မဟုတ်၊ငါကိုယ်တိုင် ဆောင်ကျဉ်းပေးအံ့”ဟု ကြံတွေးပြီး သူမကိုယ်တိုင် မိခင်အရာ၌တည်၍ မင်းမျိုး သတိုးသမီး တစ်ထောင်၊အမတ်မျိုး သတိုးသမီး တစ်ထောင်၊ သြွူကယ်မျိုး သတိုးသမီး တစ်ထောင်၊ကချေသည်အမျိုးသမီး တစ်ထောင်အားဖြင့် ကညာစင်အမျိုးသမီး လေးထောင်ကို မင်းတရားအတွက် ဆောင် ကျဉ်းပေးသည်။နှစ်တစ်သောင်းပေါင်းသင်းနေထိုင်ကြပေမယ့် ထိုအမျိုးသမီးများနှင့်လည်း သားသမီးရတနာ မဖြစ်ထွန်း၍တဖန် လေးထောင်စီသုံးကြိမ် စုစုပေါင်း တစ်သောင်း ခြောက်ထောင်နှင့်အတူ ပေါင်းသင်းစေပြန်၏။သိုပေမယ့် နှစ်ပေါင်းလေးသောင်းကြာ သည့် တိုင် သားသမီးက လုံးဝမဖြစ်ထွန်း။သုမေဓာမိဖုရားနှင့် နှစ်တစ်သောင်းဖြစ်၍ နန်းညွန့် နန်းလျာကို နှစ်ငါးသောင်းကြာသည့်တိုင် မဖြစ်ထွန်းခဲ့၍ တဖန် တိုင်းသားပြည်သူ တွေ က “မင်းတရား၊မိဖုရားတွေကို သားဆုပန်ခိုင်းပါ” ဟု အရေး ဆိုကြပြန်ပါသည်။
မင်း တရားကလည်း တိုင်းသားပြည်သူများအလိုကျ မိဖုရားများကို သားဆုပန်စေသည်။ မိဖုရားတို့သည် နတ်ဒေဝတာများကို ရှိခိုးတောင်း ပန်ကြကုန်၏။ အမျိုးမျိုးသော အကျင့်တို့ ကို လည်း ကျင့်ကြကုန်၏။သို့သော် သားရတနာကို မရကြကုန်။

ထိုအခါ သုရုစိမင်းသည် သုမေဓာမိဖုရားကို “သင် မိဖုရားကြီးလည်း သားဆုပန်ပါဦး” ဟု မိန့်တော်မူသည်။“ကောင်းပါပြီး မင်းတရား” ဟု ဝန်ခံပြီး တစ်ဆဲ့ငါးရက်နေ့တွင် အင်္ဂါ ရှစ် တန်နှင့်ပြည့်စုံသော ဥပုသ်သီလကို ဆောက်တည်၏။ ကျက်သရေရှိသောအိပ်ဆောင်၌ သီလတို့ကို ဆင်ချင်လျှက် သီလ ဆောက်တည်သူများနှင်သင့်လျော်သည့် ကုဋင်ပေါ်၌သာ အိပ်စက်နေထိုင်သည်။ အခြားသောမိဖုရားတို့သည် အကျင့်မှားတို့ဖြင့် သားရတနာ မရနိုင်ကြ၍ ဥယျဉ်သို့ ထွက်ခွါသွားကြပြီး ပျော်ပျော်ပါးပါး နေကြတော့သည်။ သုမေဓာ မိဖုရား၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ဘုံဗိမာန်တုန်လှုပ်၏။ ဆင်ချင်ကြည့် ရှုလေေ သော် သုမေဓာမိဖုရား သားဆုပန်ခြင်းကို သိရှိတော်မူ၏။ ထိုကြောင့် နတ်ပြည်ခြောက် ထပ်၌ စုံခြည်ဆန်ခြည် ဖြစ်လျှက် နတ်စည်းစိမ်ကို ခံစားစံစားနေသော နဠကာရနတ် သား ကို လူပြည်ဆင်းရန် တိုက်တွန်းတောင်းပန်ရတော့သည်။

“အရှင်သိကြားမင်း၊ လူတို့ပြည်ကား စက်ဆုတ် ရွှံရှာဖွယ် ကောင်းလှတယ်။ လူပြည်နေသူ တွေဟာ ဒါနစတဲ့ကုသိုလ်တွေကို ပြုလုပ်ပြီး နတ်ပြည်ရောက်ရန် ဆုတောင်းကြတယ်၊ ဒါကြောင့် လူပြည်သွားပြီး ဘာလုပ်ရမှာတုန်း” ဟု နဠကာရနတ်သားက ငြင်းဆန်သည်။
“အမောင်နတ်သား၊နတ်ပြည်စည်းစိမ်အတိုင်း လူပြည်မှာလည်း စည်းစိမ်ခံစားရပါမယ်၊ နှစ်ဆဲ့ငါးယူဇနအမြင့်၊ ကိုးယူဇနာအလျား၊ ရှစ်ယူဇနာကျယ်တဲ့ ရတနာပြဿာဒ်နဲ့လည်း နေရမှာပါ” ဟု စည်းစိမ်ဖြင့် ဆွယ်ပါမှ နဠကာရနတ်သားက “ကောင်းပါပြီ” ဟု လူပြည်မှာ သန္ဓေနေဖို့ ကတိပြုသည်။

နဠကာရနတ်သား၏ ကတိဝန်ခံမှု့ကို ရပြီးနောက် သိကြားမင်းသည် ရသေ့အသွင်ဖြင့် သုရုစိမင်း၏ဥယျာဉ်တော် သွား၍ မောင်းမမိဿံ တို့အထက် ကောင်းကင်ယံတွင် စင်္ကြန်သွားလျှက် ကိုယ်ထင်ပြကာ “သားဆု ပေးနိုင်တယ်၊ ဘယ်သူ သားဆု ပန်မလဲ?” ဟုမေးတော်မူရာ- အမျိုးသမီး တစ်သောင်းခြောက်ထောင်လုံးက “အရှင်ရသေ့၊ကျွန်မပေး ပါ၊ ကျွန်မပေးပါ”ဟု ဝိုင်းဝန်းတောင်းကြ၏။ ထိုအခါ သိကြားမင်းက “သီလရှိသူကို သားဆု ပေး မယ်၊ သင်တို့ သီလရှိလား၊ အကျင့်ကောင်းရဲ့လား”ဟု မေးရာ အမျိုး သမီးအားလုံး တို့ သည် ဆန့်တန်းထားသည့်လက်တွေကို ပြန်ရုပ်သိမ်းပြီး “သီလရှိသူကို ပေးမယ် ဆို ရင်တော့၊သုမေဓာထံသို့သာ သွားပါ” ဟု ပြောကြသည်။ သိကြားမင်းသည် သုမေဓာ နန်းဆောင်သို့ ကောင်းကင်ခရီးဖြင့် သွားကာ ခြင်္သေ့ခံ လေသောက်ပြူတင်း၌ ရပ်နေ၏။ သုမေဓာ၏ချွေရံ တို့သည် “မိဖုရားကြီး၊ နတ်မင်းတစ်ပါးသည် လေသောက်ပြူတင်းတွင် ရပ်နေပါတယ်၊ အရှင်မကို သားဆုပေးမယ်လို့လည်း ပြောပါတယ်” ဟု သံတော်ဦးတင်
ကြသည်။

သုမေဓာမိဖုရားသည် လေသောက်ပြူတင်းကို ဖွင့်ကာ “အရှင်၊ သားဆုပေးမယ်ဆိုတာ ဟုတ်မှန် ပါသလား” ဟု မေးရာ “မှန်တယ်၊မိဖုရားကြီး” ဟု ရသေ့အသွင်ဆောင် သိကြား မင်း က ပြန်ပြောသည်။ “ဒါဆို သားဆု ပေးပါ” “မိဖုရားရဲ့ သီလက အသို့ပါနည်း၊ ကျွန်ုပ် ကျေနပ်နှစ်သက်ပါမှ သားဆုပေးမှာ”ဟု ဆိုသောကြောင့်- “ဒါဆိုပြောပြမယ်၊ နားထောင်ပါ” ဟု ဆိုကာ သုမေဓာမိဖုရားကြီးက သူမ၏ သီလတို့ကို ဖေါ်ပြပါအတိုင်း ပြောပြ၏။
“မိဖုရားဖြစ်တဲ့ နေ့မှစလို့ နှစ်တစ်သောင်းတိုင် သုရုစိမင်းကို နှစ်သက်မြတ်နိုးတယ်၊ကိုယ်နှုတ် စိတ် သုံးပါးလုံးနဲ့ မင်းတရားကို မျက်ကွယ်မျက်မှောက် အထင်မသေးပါ”
“ခင်ပွန်း သယ် ရဲ့ မိဘတို့သည် အသက်ထက်ဆုံး ကျွန်ုပ်ကို ဆုံးမကြတယ်၊ ကျွန်ုပ်သည် ကြမ်းပိုး၊ ခြတို့ကိုပင် မညှင်းဆဲဘူးပါ၊ ကုသိုလ်တရား (၁၀)ပါးကို ဧကန်ကျင့်နေသူပါ၊ရိုရိုသေသေ နေ့နေ့ညည ယောက္ခမတို့ကို မပျင်းမရိ ပြုစုပါတယ်” “သုရုစိမင်းအတွက် တစ်သောင်းခြောက်ထောင်သော အမျိုးသမီးတို့ကို ဆောင်ကျဉ်း ပေးပါတယ်၊ထိုအတွက် ကျွန်ုပ်မှာ တရံတစ်ဆစ်မျှ မရှုစိမ့်ခြင်း၊ အမျက်ထွက်ခြင်းမရှိပါ” “သူမတို့ ရဲ့ အကျိုးစီး ပွားကို သာ လိုလားပါတယ်၊မနှစ်သက်ခြင်းမဖြစ်ပါ၊လင်တူ အမျိုးသမီးတို့ကို မိမိကိုယ်ကို နှစ် သက် သလို နှစ်သက်ပါတယ်” “ မိမိကို မှီ၍ အသက်မွေးကြရကုန်သော ကျွန်အမှု လုပ် သား အစေအပါးတို့ကို တရားနဲ့အညီ ဝမ်းမြောက်ဝမ်းသာနှစ်လိုစွာ ကျွေးမွေးစောင့် ရှောက် ပါတယ်”“ရဟန်း ပုဏ္ဏား သူတောင်စားတို့အား ထမင်းစားသောက်ဖွယ်ရာ အဖြာ  ဖြာ တို့ကို ပေး၍ နှစ်သက်စေပါတယ်” “တစ်ဆဲ့လေးရက်၊တစ်ဆဲ့ငါးရက်၊ ရှစ်ရက်၊ဥပုသ် အတွက်တစ်ရက်နေ့တွေမှာ အင်္ဂါရှစ်တန်နဲ့ပြည့်စုံတဲ့ ဥပုသ်သီလစောင့်တည်ပါတယ်၊ ဤမှန်ကန်တဲ့ သစ္စစကားကြောင့် အရှင်ရသေ့ သားဆုပေးပါ၊ မုသာစကားတွေ ဖြစ်ပါက ခေါင်းခုနစ်စိပ် ကွဲပါစေ” ဟု တိုင်တည်သစ္စာဆို၏။

“တရားဂုဏ်အလုံးစုံတို့သည် မိဖုရားကြီးမှာ ရှိကြပါတယ်၊ ခြွေရံသင်းပင်းပေါများလှပါတဲ့ မိဖုရားကြီး၊ မျိုးရိုးစင်ကြယ်လှပါတဲ့ အိုမိဖုရားကြီး၊ ခတ္တိယဇာတ် သာထူးသားမြတ်ကို ဧကန် ရပါလိမ့်မယ်” ဟူ၍ သိကြားမင်းက အားရဝမ်းသာပြောသည်။ “မြတ်နိုးဖွယ် ရသေ့ ရဟန်းအသွင်နဲ့ တန်ဆာဆင်ထားပါတဲ့ အိုအရှင်၊ဟင်းလင်းပြင် ကောင်းကင် ယံမှာ ရပ်နေပါတဲ့ အိုအရှင်၊ ကျွန်ုပ်ရဲ့ စိတ်နှလုံးသို့ရောက်စေနိုင်တဲ့ မြတ်နိုးဖွယ်စကားကို ပြော တတ် ပါပေစွာ့”။ အသင်ဟာ နတ်ပြည်က နတ်မင်းပါလား? သို့မဟုတ် တန်ခိုးကြီးတဲ့ ရသေ့ရဟန်းပါလား? ကျွန်ုပ်ကို ထင်ရှားစွာ ပြောပြပါ” ဟု မေးရာ- “သင့်ရဲ့ရှေ့မှောက် ယခုရောက်နေသူမှာ နတ်အပေါင်းက ဦးညွတ်ရတဲ့၊ မျက်လုံးတစ်ထောင် အမြင်ဆောင် နိုင်တဲ့ သိကြားမင်းဖြစ်ပါတယ်၊ သက်ရှိထင်ရှား လူလောကမှာ အကြင်အမျိုးသမီးတို့သည် မှန်စွာကျင့်ကြတယ်၊ပညာရှိကြတတယ် ။ သီလရှိကြတယ်၊ယောက္ခကို အိမ်ဦးနတ် လို လေး စားကြတယ်၊ ထိုကဲ့သို့ ပညာရှိတဲ့၊စင်ကြယ်တဲ့ အမျိဲးသမီးကို နတ်တွေက ဖူးမြင် လိုကြ ပါတယ်”“အရှင်မ၊ ရှေးရှေးကပင် စင်ကြယ်တဲ့အကျင့်၊ ကောင်းတဲ့အကျင့်ကြောင့် အရှင်မသည် ယခု မင်းမျိုး၌ ဖြစ်ရတယ်၊အလိုရှိတာမှန်သမျှ ပြည်စုံမယ်၊ ဤလူဘဝမှာ အခြံအရံ ပေါများတယ်၊ နောက်ဘဝမှာ နတ်ပြည်ရောက်မယ်၊ အိုအရှင်မ၊မိမိရဲ့ ဓမ္မကို မိမိ ကိုယ်လို ထိမ်းပါ၊ ချမ်းသာပါလိမ့်မယ်၊ ကျွန်ုပ်ယခု နတ်ပြည်ပြန်တော့မယ်၊ မိဖုရားကြီးကို တွေ့ရတာကို နှစ်သက်လှပါတယ်”ဟုဆိုကာ သိကြားမင်း ကွယ်ပျောက် သွားသည်။

နံနက်မိုးသောက်ယံမှာ နဠကာရနတ်သားသည် သုမေဓာမိဖုရား၏ ဝမ်းကြာတိုက်မှာ သန္ဓေယူသည်။ နောင်တွင် မဟာပနာဒအမည်ရသည့် သားတော်အမည်ဖြင့် ဖွားမြင်၏။
ဇာတ်တော်ပေါင်းသောအခါ သိကြားမင်းသည် မြတ်စွာဘုရားအလောင်း၊ ထိုစဉ်က သုမေ ဓာ မိဖုရားကား ဝိသာခါ ကျောင်းအမ ဖြစ်ခဲ့ကြောင်း ကို ဟောပြသည်။ ဘုန်း ကံကြီး မား မည့် သားသမီး တို့သည် မိုးသောက်ယံ(အရုဏ်တက်ချိန်)မှာ သန္ဓေယူလေ့ရှိ၏။  (ဇာတ်အဋ္ဌကထာ၊၄။၃၁၅)


ကဏှဒီပါယနဇာတ်တွင် သားအသက်ရှင်ဖို့ သစ္စာဆိုခဲ့ရ၏။ ဤဇာတ်တော်မှာတော့ သား ရဖို့ သီလဆောက်တည် သစ္စာဆိုရ၏။ ဘုရားရှင်နှင့်တွေ့ ခွင့်သာသူတို့သည်အတိတ် ဘဝ များစွာကပင် ဘုရားအလောင်းနှင့်ပါတ်သက်ဖူးခဲ့သူများ ဖြစ်ကြသည်။ ယနေ့ခေတ် စကား ဖြင့် ဆိုရသော် ဘုရားရှင်နှင့် ပဋ္ဌာန်းဆက်ရှိသူများဖြစ်ခဲ့ကြ၏။ ထိုဘဝက သိကြားမင်း ပြောကြားခဲ့သလို ယခုဝိသာခါကျောင်းအမဖြစ်ရသည့်ဘဝမှာ အထက်တန်းကြပြီး စီးစိမ် ဥစ္စာကြွယ်ဝပြည့်စုံသည် သူဋ္ဌေးမျိုး၌ ဖြစ်ရ၏။ အစိန္တေယျ ဗုဒ္ဓဂေါတမသာသနာတွင် ဝိသာ ခါကျောင်းအမသည် အင်္ဂတိုင်း၊ ဘဒ္ဒိယမြို့နေ မေဏ္ဍက သူဋ္ဌေးကြီး၏ သား၊ဓနဉ္စယ သူဋ္ဌေး နှင့် အဂ္ဂမဟေသီ သုမနဒေဝီတို့မှ မွေးဖွားသော သမီးရတနာဖြစ်လာပါသည်။ ဝိသာခါ ကျောင်းအမ၏အဖိုး မေဏ္ဍကသူဋ္ဌေးကြီးသည် ထိုဘဒ္ဒိယမြို့တွင် ဘုန်းကံကြီးသည့် သူ ဋ္ဌေးကြီး ငါးဦးအနက် ထိပ်ဆုံး သူဋ္ဌေးကြီးတစ်ဦး ဖြစ်သည်။ ဗုဒ္ဓလက်တော် အခါက ၁။ မေဏ္ဍကသူဋ္ဌေး၊ ၂။ ဇောတိကသူဋ္ဌေး၊ ၃။ ဇဋိလသူဋ္ဌေး၊ ၄။ပုဏ္ဏကသူဋ္ဌေး၊ ၅။ ကာကဝ လိယ သူဋ္ဌေးဟူ၍ သူဋ္ဌေးကြီးငါးဦး ရှိသည်။ထိုသူဋ္ဌေးတို့၏ ကြွယ်ဝချမ်းသာခြင်းကို ယနေ့ ကာလ လို သန်းပေါင်း ဘီလီယံမည်မျှ ပိုင်ဆိုင်သည်ဟု မပြဆိုဘဲ၊ ရေတွက် လို့ မရနိုင် လောက်အောင် စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ကြသည်ဟု ဆိုပါသည်။

မေဏ္ဍက သူဋ္ဌေးကြီး၊ဇနီး စန္ဒပဒုမ၊သားကြီး ဓနဉ္စယ၊ ချွေးမ သုမနဒေဝီ၊ ကျွန် မောင် ပုဏ္ဏ တို့ သည် ဘုန်းကံအလွန်ကြီး မားကြသူများ ဖြစ်ကြောင်း ကိုလည်း ဤသို့ ပြဆို၏။
မေဏ္ဍက သူဋ္ဌေးကြီး၏ နေအိမ်နောက်ဖက် ရှစ်ကရီသကျယ်ဝန်းသောအရပ်တွင် ဆင် မြင်း နွာလားဥသဘ အရွယ်မျှရှိကုန်သော ရွှေဆိတ်ရုပ် တို့သည် မြေကိုခွဲလျှက် ကျော ကုန်းခြင်းထိစပ် ပေါ်ပေါက်လာ၏။ ထိုရွှေဆိပ်ရုပ် တို့၏ ပါးစပ်တို့၌ ငါးမျိုးသော အဆင်းရှိ ကုန်သော ချည်ခင်တို့သည် အထွေးလိုက် အထွေးလိုက် ထည့်ထားအပ်ကုန်၏။ ထော ပတ် ဆီ ပျားရည် သကာတင်းလှဲ အဝတ်အထည် ရွှေငွေစတာတွေကို လိုအပ်သည့်အခါ ချည်လုံးတို့ကိုဖယ်၍ တစ်ကောင်သောဆိပ်ရုပ်၏ပါးစပ်မှ လိုအပ်တာကို ထုတ် ယူလိုက် ပါက ဇမ္ဗူဒိပ်တစ်ကျွန်းလုံး နေထိုင်သူများအားလောက်ငသော ထောပတ် ဆီ ပျားရည် သကာတင်းလှဲ အဝတ် အထည် ရွှေငွေတို့ ထွက်လာကြသတဲ့။ ထို့ကြောင့် မေဏ္ဍက သူဋ္ဌေးဟု အမည်တွင်သည်။

ဝိပဿီမြတ်စွာဘုရား တရားဟောတော်မူရာ ပလ္လင်၏အခြေတို့တွင် ရွှေဆိတ်ရုပ်လေးရုပ်၊ ခြေဆေးရာခုံ၌ နှစ်ရုပ်၊ မဏ္ဍပ်ပတ်လည် တွင် ခြောက်ရုပ်တို့ကို ချထားပြီး ရတနာမျိုးစုံ တို့ဖြင့် တန်ဆာဆင်ဆောက်လုပ်ထားသောကျောင်းဆောင်ကို လှူဒါန်းခဲ့ဖူးခြင်း၊သည့် အပြင် ဤဘဒ္ဒကမ္ဘာတွင် ဗာရာဏသီသူဋ္ဌေးဖြစ်စဉ်ကလည်း အငတ်ဘေး ဆိုက်ရောက် ချိန် ၌  မိသားစုလေးဦးနှင့်ကျွန်တစ်ဦး အတွက်သာရှိသည့်ထမင်းကို ပစ္စေကဗုဒ္ဓါ အရှင်မြတ် အားလှူဒါန်းပြီး မည်သည့်အခါ အငတ်ဘေး မဆိုက်ရောက်ရပါလို၏။ ဇမ္ဗူဒိပ် တစ်ကျွန်လုံး လောက်ငှအောင် ကို ကျွေးမွေးနိုင်သူဖြစ်ရပါလို၏။ ဒီဇနီး၊ ဒီသား ဒီချွေးမ၊ ဒီကျွန်တို့နှင့်လည်း ဘဝတိုင်းမှာ ကြုံရပါလို၏-ဟု ဆုတောင်းခဲ့သဖြင့် ယခုကဲ့သို့ အတူ ပေါင်းစုံကြခြင်းဖြစ်၏။

ထိုအငတ်ဘေးတွင် ဇနီး၊သား၊ချွေးမ၊ ကျွန်ပုဏ္ဏတို့သည်လည်း မိမိတို့ဝေစုကို မစားကြဘဲ လှူဒါန်းကြပြီး ဖြစ်လေရာဘဝအငတ်ဘေးနှင့် မကြုံဖို့၊ အတူတူပေါင်းဆုံကြရဖို့နှင့် အခြား သူများကို ကျွေးမွေးနိုင်ဖို့ကို အသီးသီး ဆုတောင်းလာခဲ့ကြ၍ယခုဘဝတွင် ဆုတောင်း  ပြည့် ခဲ့သူများ ဖြစ်ကြ၏။ ထိုကြောင့် ဘုန်းကံကြီးမားသည့် မိသားစုဟူ၍ အသိအမှတ် ပြု ခံကြရ၏။ေ မဏ္ဍကသူဋ္ဌေးကြီးသည် စပါးကျီကို တံမျက်လှဲ ဦးခေါင်းကိုဆေးလျော်၍ ကျီဝ၌ ထိုင်လျှက် ကောင်းကင်ကို မော်ကြည့်လိုက်ပါက ကောင်းကင်မှ နီသောသလေးစပါးမိုး ရွာချစေနိုင်ခြင်း ကိုလည်းကောင်း- သူဋ္ဌေး ကတော်ကြီးသည် တစ်ပြည်ဝင် ထမင်းအိုးနှင့် ဟင်းအိုးအနီးနေကာ များစွာသောလူအပေါင်း အား ရွှေယောင်းမဖြင့် တစ်နေကုန် ကော် ခပ်ပေးသော်လည်း ထိုတစ်ပြည်ဝင်အိုးမှ ထမင်းတို့ လုံးဝ မကုန်ခြင်းကိုလည်းကောင်း-
သူဋ္ဌေးသားသည် ဦးခေါင်းကိုဆေးလျော်၍ တစ်ထောင်ဝင်အိတ်ဖြင့် “ငွေအသပြာကို အလိုရှိသူများ လာယူကြ”ဟု ဆိုကာ လာရောက်ယူကြသူ တိုင်းအား ပေးသော်လည်း ထိုတစ်ထောင်မှာ မကုန်နိုင်ခြင်းကိုလည်းကောင်း- သူဋ္ဌေးချွေးမ သည် တန်ဆာဆင်လျှက် လေးစိတ်ဝင်တောင်အနီးတွင်နေ၍ “မျိုးစေ့အတွက် အလိုရှိသူအားလုံးတို့ လာယူ ကြ”ဟု ဆိုကာ လာသူအားလုံးကို ပေးပါသော်လည်း မကုန်ခန်းနိုင် တောင်းမှာ ပြည့်မြဲ ဖြစ်ခြင်း ကိုလည်းကောင်း-သူဋ္ဌေးကျွန်သည် တစ်ခါထွန်းရေးငင်သဖြင့် ထွန်းရေးခုနစ်ကြောင်း ပေါ်အောင် ထွန်းပြနိုင်ခြင်း ကိုလည်းကောင်း- အသီးသီး ဘုန်းကံ ထူးကြသူများ ဖြစ်ကြ ကုန်၏။ ထိုခေတ်က ဇမ္ဗူဒိပ်တစ်ကျွန်းလုံး နေထိုင်သူအားလုံးတို့သည် ထောပတ် ဆီ ပျား ရည် သကာတင်းလှဲ အဝတ် အထည် ရွှေငွေ ဆန်ရေစပါး ထမင်းရိက္ခာတို့ကို သူဋ္ဌေးကြီး အိမ်မှာပင် လာရောက် ယူကြသည်။

သူဋ္ဌေးမိသားစုတို့၏ ထိုကဲ့သို့သော ဘုန်းကံအလွန်ကြီးမားကြောင်းကို ဗိမ္ဗိသာရမင်းက ကြားသိသဖြင့် သဗ္ဗတ္ထကအမတ်ကြီးကို သွားရောက် စုံစမ်းကြည့်ရှုစေရာ အားလုံးမှန် ကန်ကြောင်းကို ပြန်လည်သံတော်ဦးခဲ့ရ၏။ ဤမျှဆိုသော် ဝိသာခါကျောင်းအမ၏ မျိုးရိုး ကား အဘယ်မျှ ချမ်းသာကြွဝပြီး အဘယ်မျှ ကြီးကျယ်မြင့်မားသည်ကို ရိပ်စားနိုင် လောက် မည် ထင်ပါသည်။

ဝိသာခါကျောင်းအမ (၇)နှစ်သမီး အရွယ်အရောက်တွင် ဘုရားရှင်သည် နောက်လိုက်ပါ ရဟန်း သံဃာများစွာဖြင့်အကျွတ်တရား ရထိုက် သူ သေလပုဏ္ဏားစသူ ဝေနယျများ စွာ တို့၏ တရားရနိုင် လောက်သည့် အားကြီးသောမှီရာ ပါရမီ ကုသိုလ်ထူးရှိကြသည်ကို မြင်တော်မူသဖြင့် ဘဒ္ဒိယမြို့သို့ ဒေသစာရီ ခရီြးွကချီတော်မူလာခဲ့ပါသည်။

ဘုရား ရှင် ဒေသစာရီခရီးြွကတော်မူခြင်းသည်-

၁။ ကျွတ်ထိုက်သည့် ဝေနေယျသတ္တဝါ။

၂။တရားထူးရနိုင်လောက်သည့် အားကြီးသောမှီရာ ပါရမီကုသိုလ်ထူးရှိကြသူ-ဟူ၍ အကြောင်းနှစ်မျိုး ကို သတိပြုမိစေချင်သည်။
ပွင့်ရန် အဆင့်သင့်ဖြစ်နေသော ပဒုမ္မကြာသည် နေအရုဏ်အရောင်ကို ရလိုက်တာနှင့်တပြိုင်နက် ပွင့်ဖတ်များ ပြန့်ကားပြီး ပွင့်သလိုမျိုး ဘုရားထံမှ တရားတစ်ပုဒ် နာကြားခွင့်ရလိုက်တာနှင့် တရားထူးကို တန်းပြီးသိလိုက် တော့၏။ ဉာဏ်ပွင့်တော့၏။ ထိုပုဂ္ဂိုလ်မျိုးကို ဝေနေယျ(ဗောဓေယျ) သတ္တဝါ-ဟု ဆိုသည်။
ပညာမျက်စိတွင် ကိလေသာမြူကင်းပြီး ထက်မြက်သည့် ဉဏ်ပညာရှိသူ၊တရားထူးကို သိမြင်ရန် အသင့်ဖြစ်နေသူ များပင် ဖြစ်ကြ၏။
ထိုသို့ ဝေနေယျသတ္တဝါဖြစ်ရခြင်းသည် ဘဝများစွာတွင် ဘုရားရှင်တစ်ဆူ၏သာသနာတော်၌ ဝိပဿနာတရား ကို အပီအပြင် အားထုတ်ခဲ့ဖူးခြင်း၊ ဝိဝဋ္ဋနိဿိတကုသိုလ်ခေါ် ဝဋ်ဘဝတွေမှလွတ်မြောက်ရာ နိဗ္ဗာန်ကိုသာတစ်ကြောင်းတည်း ဆုတောင်းခဲ့ခြင်း၊တရားထူးကို သိမြင်နိုင်ရန် လွန်ကဲသော ဆန္ဒရှိခြင်း၊ လွန်လွန်ကဲကဲ ဆည်းပူးအားထုတ်ခဲ့ဖူးသော ဒါန စသော ကုသိုလ်ပါရမီများ ရှိခဲ့ခြင်းတို့ကြောင့် ဖြစ်၏။
မှတ်ချက်။ ဝိဝဋ္ဋနိဿိတ ကုသိုလ်ဖြစ်ပါမှ ပါရမီမြောက်သည်။ပါရမီကုသိုလ်ရှိပါမှ တရားထူး မဂ်ဖိုလ် နိဗ္ဗာန်ကို သိမြင်နိုင်သည်။

တရားထူး သိမြင်နိုင်ခြင်းနှင့်ပါတ်သက်၍-
၁။ တရားတစ်ပုဒ်တစ်ပါဒ နာကြားရရုံဖြင့် တရားထူးကို သိမြင်နိုင်သည့် ဥဂ္ဃဋိတညူပုဂ္ဂိုလ်။
၂။ အကျယ် ချဲ့ဟောပြပါမှ တရားထူးကို သိမြင်နိုင်သည့် ဝိပဉ္စိတညူပုဂ္ဂိုလ်။
၃။ ကိုယ်တိုင် အချိန်များစွာ တရားလည်းနာ၊အားလည်း အားထုတ်ပါမှ တရားထူးကို သိနိုင်သည့် နေယျပုဂ္ဂိုလ်။
၎။ မည်သို့ပင် အားထုတ်အားထုတ် ဤဘဝတွင် တရားထူးကို လုံးဝမရနိုင်ဘဲ အထုံပါရမီဖြစ်ရုံမျှသော ဒသပရမ ပုဂ္ဂိုလ်-ဟူ၍ ပုဂ္ဂိုလ်လေးမျိုးလေး စားကို စာပေတွင် ပြဆိုထားသည်။

ယနေ့ခေတ်တရားအားထုတ်ကြသူများသည် မိမိကိုယ်ကို နေယျပုဂ္ဂိုလ်လို့ သတ်မှတ်ကာ တရား လည်းနာ၊တရားလည်း အားထုတ်ကြရမှာ ဖြစ်၏။မိမိတို့မြို့သို့ ဘုရားရှင်နှင့်အတူ နောက်လိုက်နောက်ပါ ရဟန်းတော်ပေါင်းများစွာ ခြံရန်လျှက် ကြွတော်မူလာသည်ကို မေဏ္ဍကသူဋ္ဌေးကြီး ကြားရသည်နှင့် မြေးဖြစ်သူ ဝိသာခါသူငယ်မကို-“ချစ်မြေး၊ အဖိုးတို့ ဘဒ္ဒိယမြို့ကို ဘုရားရှင်နဲ့ရဟန်းတော်တွေ ကြွလာကြတယ်၊ချစ်မြေး အတွက် လည်း မင်္ဂလာ၊ဖိုးဖိုး တို့ မိသားစုများအတွက်လည်း မင်္ဂလာဖြစ်အောင် ချစ်မြေး ဘုရားရှင်ကို ရထား ငါးရာနဲ့ ခရီးဦးကြိုဆိုပါ၊ချစ်မြေးရဲ့အခြံအရန် သူငယ်မ ငါးရာတို့ကိုလည်း ခေါ်သွား ပါ” လို့ ဘုရားရှင်နှင့် သံဃာတော်များ ကို ကြိုဆိုဖို့ရန် စေလွတ်လိုက်သည်။“ကောင်း ပါပြီး ဖိုးဖိုး” ဟု ဆိုကာ အခြံအရန် သူငယ်မ ငါးရာနှင့်အတူ (၇)နှစ်သမီးမျှသာရှိသေးသည့် ကျောင်းအမ လောင်းလျာသည် ဘုရားရှင်နှင့် သံဃာတော်များကို ခရီးဦးကြိုဆိုရန် ရထား ယာဉ်ငါးရာဖြင့် ထွက်ခဲ့သည်။

လိမ္မာပါးနပ်သူ၊အကြောင်းအကျိုး ဝေဘန်နိုင်သူဖြစ်၍ ဘုရားရှင်ရှေ့တော်မှောက်သို့ မရောက်မှီ ယာဉ်ပေါ်မှဆင်းကာ ခြေထောက်ဖြင့်သာ လက်အုပ် ချီသွား၍ ရိုရိုသေသေ ဘုရားရှင်ကို ရှိခိုပြီး သင့်တော်ရာ အရပ်တွင် ထိုင်နေပါသည်။ဘုရားရှင် သည် (၇)နှစ်သမီး ကျောင်းအမလောင်း၏စရိုက်နှင့်သင့်တော်မည့် တရားတော်ကို ဟောတော်မူပါသည်။
ပိဋကတ်တွင် မည်သည့် တရားဟူ၍ အမည်မတပ်ပါ၊ ကျောင်းအမ၏စရိုတ်နှင့် ကိုက် ညီသော တရားကိုသာ ဟောတော်မူသည်-ဟု ဆိုသည်။အတော်မှတ်သားဖို့ ကောင်းပါ သည်။ဘုရားရှင်သည် တရားဟောကြားရာတွင် တရားနာပရိသတ်၏ ဓာတ်ခံ အဇ္ဈာသ ယနှင့်ဘဝများစွာမှ ထုံလာစွဲလာသော အလေ့အကျင့်(စရိုတ်)ကိုသာ ဆင်ခြင် ရှု့ ကြည့်တော် မူပြီးမှ တရားနာသူနှင့်လိုက်ဖက်မည့်တရား၊ ကိုက်ညီမည့်တရားကိုသာ ဟောကြားတော်မူပါသည်။ ဒါကြောင့် လည်း တရားတစ်ပွဲပြီးဆုံးသည်နှင့် တရားထူး ရကြသူတွေ အမြောက် အများ ဖြစ်ကြသည်။

ထို့ကြောင့်ပင် ပိဋကတ်တော်၌ “ဒေသနာဝသာနေ ဗဟူ သောတာပတ္တိဖလာဒီနိ ပါပုဏိံသု-ဒေသနာတော်၏အဆုံး တွင် များစွာကုန်သော သတ္တဝါတို့သည် သောတာ ပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြ ကုန်ပြီ”ဟူ၍လည်းကောင်း-ေ ဒသနာဝသာနေ စတုရာသီတိပါဏသဟဿာနိ ဓမ္မာဘိသယော အဟောသိ-ဒေသနာတော်၏ အဆုံးတွင် ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့သည် သစ္စာလေးပါးမြတ်တရားကို ထိုး ထွင်း၍သိပြီး-ဟူ၍လည်းကောင်း တရားပွဲအဆုံးကို ထိုကဲ့သို့ အမြဲ မှတ်တမ်း တင်လေ့ ရှိသဖြင့် တရားထူးရကြသူ များစွာဖြစ်သည်ကို သိရ၏။

ဥပမာကို ဤသို့ တင်စားဆိုထား၏။ကျွမ်းကျင်သည့်သားမုဆိုးသည် သားကောင်ကို ပစ် ရင် တစ်ချက် တစ်ကောင် ချိန်ပြီး ကွက်တိမှန်အောင် ပစ်ခပ်နိုင်သလိုမျိုး ဘုရားရှင်လည်း တရားထူး အသေခြာ ရနိုင်သည်ကို ဆင်ချင်တော်မူပြီး တရားနာယူသူစရိုက်နှင့် လိုက် ဖက်သည့် တရားကိုသာ ဟောပြတော်မူသောကြောင့် တရားရခြင်း ဖြစ်ပါသတဲ့။
ကိုယ်နဲ့နီးစပ်ရာလူတွေကို ပြောပေးတဲ့ အခါ ကိုယ်တရားကိုယ် စဉ်းစား ဖြစ်သည်။ “ဪ ငါကတော့၊ ခပ်ညံ့ညံ့ မုဆိုး ရမ်းသမ်း ပစ်သလိုမျိုး တရား ဟောနေတာဘဲလို့”။ ယခုလည်း ဒေသနာတော်၏အဆုံးမှာ (၇)နှစ်သမီးကျောင်း အမနှင့်အတူ သူငယ်မငါးရာတို့ တရားထူး ရကြပြီး သောတာပန်အရိယာအဖြစ်၌ တည်ကြသည်။ထိုခေတ်အခါက ရထားငါးရာ စီးပြီး အခြံအရံ ငါးရာနှင့်သွာလာနိုင်သည့် အမျိုးသမီး နှစ်ဦးရှိသည်။ တစ်ဦးက ဝိသာခါ ကျောင်း အမ၊ နောက် တစ်ဦးက ကောသလမင်းကြီး၏ သမီးတော် သုမနမင်းသမီးလေး ဖြစ်၏။
ဖြစ်ရပ်အားလုံးကလည်း တပုံစံတည်းတူညီကြသည်။ သုမနမင်းသမီးလေး (၇)နှစ်အရွယ် အရတွင် အနာထပိဏ်သူဋ္ဌေးကြီး သည် ဇေတဝန်ကျောင်းတော်ကြီးကို ဆောက် လုပ်ပြီး စီး၏။ မြတ်စွာဘုရားနှင့် သံဃာတော်များလည်း ကျောင်းတော်ကို အလှူခံရန် ပင့်လျှောက် သဖြင့်ြွကချီတော်မူလာ၏။

ထိုအခါ အနာထပိဏသူဋ္ဌေးကြီးက ကောသလမင်းကြီးအား “မင်းတရား၊ မြတ်စွာဘုရား နဲ့သံဃာတော်များ ဤသာဝတ္ထိမြို့ တော်သို့ြွကတော်မူ လာပါပြီ၊ကျွန်တော်မျိုးတို့ အတွက် လည်းမင်္ဂလာ၊ မင်းတရားတို့အတွက်လည်း မင်္ဂလာဖြစ်စေဖို့ သုမနမင်းသမီးလေး ကို ခြွေရံ မင်း သမီးငါရာတို့နဲ့အတူ ရေအိုးတို့၌ ပန်းနံသာတို့ကို ထည့်၍ မြတ်စွာဘုရားကို ခရီးဦး ကြိုဆိုဖို့ စေလွတ်ပေးတော်မူပါ” ဟု သံတော်ဦး သည်။ “ကောင်းလှပေပြီ သူဋ္ဌေးကြီး” ဟုဆိုကာ သမီးတော်ကို ခြွေရန်မင်းသမီးငါရာနဲ့အတူ ရထားယဉ် ငါးရာဖြင့် သူဋ္ဌေးကြီး ပြောသည့်အတိုင်း ဗုဒ္ဓဘုရား ရှင်ကို ခရီးဦး ကြိုဆိုစေပါသည်။ဘုရား ရှင် အား ပန်နံ့သာတိုဖြင့် ပူဇော်ပြီး သင့်တော်ရာအရပ်မှနေကာ တရားတော်ကို နာကြား သည်။ တရားတော်အဆုံးမှာတော့ ဝိသာခါကျောင်းအမနည်းတူ အြွေခအရန် မင်းသမီးငါရာ တို့ နှင့် အတူ သောတာပန် အရိယာများ ဖြစ်ကြ၏။

ငယ်သည်ကြီးသည်မဟူ အမျိုးသားအမျိုးသမီး ကွဲပြားခြင်းမရှိ ယနေ့အခါမှာ တရားအား ထုတ် ရင် တရားထူးရနိုင် သည်။ထိုကြောင့် ကလေးသူငယ် များကိုလည်း တရားထုတ်စေ သင့်၏။ကျောင်းအမလောင်း ဝိသာခါသည် (၇)နှစ်သမီးဖြင့် သောတာပန်ဖြစ်သလို၊သူမ ၏ြွေခရန်သူငယ်မ ငါးရားတို့ လည်း(၇)နှစ်အရွယ်မျှဖြင့် သောတာပန်အရိယာ ဖြစ်ကြ၏။အလားတူ သုမနမင်းသမီး လေးနှင့်သူမ၏ြွေခရန် မင်းသမီးငယ် ငါးရာတို့လည်း (၇)နှစ် အရွယ်များဖြင့်ပင် သောတာပန်အရိယာများ ဖြစ်ကြ သည်။ ထိုကဲ့သို့ တရားထူးရနိုင်သော ဝေနေယျသတ္တဝါ(ကျွတ်တန်းဝင်မည့်သူ)အတွက်သာ ရည်ရွယ်တော် မူ၍သာ ဘုရားရှင် တို့  ထိုထိုဤ မြို့ရွာများသို့ ဒေသစာရီခရီး ကြွချီတော်မူခြင်းသည် ဗုဒ္ဓတို့ဓမ္မတာ၊ ဗုဒ္ဓတို့ အကျင့်၊ဗုဒ္ဓတို့ကိစ္စ ဖြစ်၏။

ဘုရားရှင်တို့သည် ဝါတွင်း၌ ဝါဆိုကျောင်းတွင် ဝါကပ်တော်မူပြီး ဝါလကင်းလွတ် သီတင်း ကျွတ် ပဝါရဏာပြုပြီးသည်နှင့် သတ္တဝါများ အကျိုးစီးပွားအလို့ငှါ ဒေသစာရီခရီး ကြွချီတော် မူမြဲ ဖြစ်၏။ မဟာကရုဏာတော်ရှင်အစစ်အမှန် ဖြစ်ကြောင်းကို သက်တော်ရှည်သမျှ မနား မနေတောက်လျှောက် ကြွချီ တော်မူသော ဒေသစာရီခရီးများကသက်သေခံနေ၏။
ဘုရားရှင်တို့သည် နံနက်မိုးသောက်အလင်းမရောက်မီ အရုဏ်တက်အချိန်တွင် တစ် လောကလုံးကို ဉဏ်တော်ကွန်ယက် ဖြန့်ကျက်ပြီး နေ့စဉ် ကြည့်ရှု့တော်မူပါသည်။ထိုအခါ ကျွတ်တန်းဝင်နိုင်သူ ဝေနေယျသတ္တဝါသည် ဉဏ်တော်၌ ပေါ်လွင်ထင်ရှားလာသည်။
ဉာဏ် တော်တွင်ထင်ရှားလာသော ဝေနေယျသတ္တဝါသည် တစ်ဦးတစ်ယောက်တည်းပင် ဖြစ်စေဦးတော့ ထိုပုဂ္ဂိုလ် နေထိုင်ရာ မြို့ရွာသို့ ထိုဝေနေ ယျသတ္တဝါ မဂ်ဉာဏ်ဖိုလ်ဏ် ရရှိ စေရေးအတွက် ကြွတော်မူပါသည်။ ကျွတ်ထိုက်သည့်သတ္တဝါ တစ်ဦးတစ်ယောက်မျှ ကျန် မနေလေရအောင် ကိုယ်ပင်ပန်းခံ ကြွတော်မူ၏။အရှင်အင်္ဂုလိမာလ ချွတ်ခန်းတွင် အချိန်မီ ကြွတ်ာမူ ရသည်။ အဘယ်ကြောင့်ဆိုသော် အရှင် အင်္ဂုလိမာလသည် ဘုရားရှင် မရောက် မီ အမေကို အကယ်၍ သတ်မိပါအံ့၊ဤဘဝ မဆိုထားနှင့် နောက်ဘဝ၌ပင် လုံးဝကို အရိ ယာ ရဟန္တာမဖြစ်နိုင်တော့ပါ၊ ထို့ကြောင့်အမေ ကို မသတ်မှီ အချိန်မီ ရြခြင်းဖြစ်၏။

(၇)နှစ် သမီးအရွယ် ဝိသာခါကျောင်းအမလောင်းလျာသည် ဘုရားရှင်၏ ဒေသနာတော် အဆုံး တွင် သောတာပန် အရိယာဖြစ်၏-ဟုသာ ဆိုသည်။ မည်သည့်တရား အားထုတ်၍ ဟုစာတွင်မဆို။ သို့သော် ဝိပဿနာတရား အားမထုတ်ဘဲနှင့်တော့အရိယာမဖြစ်နိုင်။ ဝိပဿနာဉာဏ်မှသည် မဂ်ဉဏ်သို့ ကူးဆက်ရ သောကြောင့် ဖြစ်သည်။ေ သာတာပန် အရိ ယာ ဖြစ်ခန်းကို ပြဆိုသောပိဋကတ်တော်တွင် အချို့နေရာ၌ “ဒေသနာနုသာရေန ဉာဏေန-ဒေသနာတော်သို့ အစဉ်လိုက်သော ဉာဏ်ဖြင့်” ဟု ဖွင့်ဆိုလေ့ရှိသဖြင့် ဘုရား တရားကို ဉာဏ်နားဖြင့် နာကြားသောကြောင့် အရိယာဖြစ်သည်-ဟု ဖြည့်စွက် မှတ်သား ရပါမည်။

ဉာဏ်နားဖြင့် တရားနာပါမှ တရားထူးရနိုင်သည်ကို ပုံသေမှတ်သားပြီး တရာနာတိုင်း ဉာဏ်နားဖြင့် စူးစိုက်ကောင်းမွန်စွာ နာကြားတတ်အောင် ကြိုးစားကြရပေမည်။ သည့် အပြင် မည်သို့မည်ပုံ သောတာပန်ဖြစ်သွားတာလဲ? ဆိုတာလည်း သိသင့်သောကိစ္စ ဖြစ်၏။သောတာပတ္တိမဂ်ဉာဏ်သို့ ဉာဏ်ဆိုက်ရောက်ခြင်းကို ဓမ္မစက္ခုံ ဥဒပါဒိ-တရား ကိုမြင်နိုင် သောဉာဏ်အမြင် ဖြစ်ပြီး ဟူ၍လည်းကောင်း၊ ဓမ္မာဘိသမယော-သစ္စာလေးပါး အမှန်တရားကို ထိုးထွင်းသိပြီး ဟူ၍လည်းကောင်း ပြဆိုလေ့ရှိသဖြင့် “ကြွင်းမဲ့ဥဿုံ သင်္ခါရ တရား အလုံးစုံသည် ဖြစ်ခြင်းသဘောရှိ၏။ ထိုအဖြစ်သဘောမှန်သမျှ ချုပ်ခြင်းသဘော ရှိ၏”ဟူသော ဉာဏ်အမြင်ကို ရသွားခြင်းနှင့် သစ္စာလေးပါးတွင် ဒုက္ဓသစ္စာကိုထွင်းဖေါက် သိမြင်ခြင်း၊ သမုဒယသစ္စာကို ပယ်သတ်ခြင်း၊ နိရောဓသစ္စာကို အာရုံယူ မျက်မှောက် ပြုခြင်း၊မဂ္ဂသစ္စာကို ပွားများခြင်းဟူသော ကိစ္စလေးချက်ကို တစ်ပြိုင်နက် ဖြစ်ခြင်းရှိသူကို သောတာပန်ဖြစ်သူဟု ဆိုသည်။

သာဓက-( “ယံကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မံ” တိ။ဒုက္ခသစ္စံ ဇာနန္တော-စသောပါဠိများ။)
သင်္ခါရတရား ရုပ်နာမ်တို့၏ ဖြစ်ပျက်ကို ရှုပွားသောယောဂီသည် ဖြစ်ပျက်မြင်ဉာဏ်မှသည် ဉာဏ်စဉ်များတဆင့် ချင်း တဆင့်ချင်းရင့်သန်ကာ အဆုံးတွင် ရုပ်နာမ်သင်္ခါရကို လျစ်လျုရှု့ထားခဲပြီး ဖြစ်ပျက်ဆုံးရာ နိရောသစ္စာ(နိဗ္ဗာန်)သို့ အလိုက်သင့်လေး ဉာဏ်ဖြင့် ဆိုက်ရောက်သွားခြင်းကို သောတာပတ္တိမဂ် ဉာဏ်သို့ ဉာဏ်ဆိုက်ရောက်ခြင်းဟူ၍ ဆိုသည်။
(ဖြစ်ပျက်မြင်၊ဖြစ်ပျက်ဆုံး၊ဖြစ်ပျက်မုန်း၊အဆုံးနိဗ္ဗာန်ရောက်၊ရှေးကဖြစ်ပျက် နောက်ကမဂ်)မိုးကုတ်ဆရာတော်ကြီး။

သောတာပန်ဖြစ်သူသည်-ဒိဋ္ဌဓမ္မော-အရိယသစ္စာ တရားကို မြင်နိုင်သူ ဖြစ်၏။
ပတ္တဓမ္မော-မြင်ခြင်းသည် ပကတိမျက်စိဖြင့် မြင်ခြင်းမျိုးမဟုတ်၊Óဏ်ဖြင့် ရောက်နိုင်သူ ဖြစ် ၏။ဝိဒိတဓမ္မော-ဉာဏ်ဖြင့် ရောက်သူဟူသည် ထိုးထွင်းသိနိုင်သူ ဖြစ်၏။
ပရိယောဂါဠ ဓမ္မော-သိခြင်းသည်လည်း တစ်စိတ်တစ်ဒေသ သိခြင်းမဟုတ်၊ အြွကင်းအကျန်မရှိ အလုံးစုံအကုန်အစင် သိနိုင်သူ ဖြစ်၏။
တိဏ္ဏဝိစိကိစ္ဆော-လောသို့လော တွေးတောခြင်း သံသယတွေလည်း ကင်းစင်သူဖြစ်၏။ ဘေးရန်ြွပမ်းသော ကန္တာရခရီးကို လွန်မြောက်သွားသူကဲ့သို့တည်း။
ဝေသာရဇ္ဇပ္ပတ္တော-ရွံရှာကြောက်ရွံ့ခြင်းကို ဖြစ်စေတတ်ကုန်သော အကုသိုလ်တရားတို့ကို ပယ်သတ်နိုင်ပြီး ဖြစ်သော ကြောင့်လည်းကောင်း။ အကုသိုလ် ၏ဆန့်ကျင်ဘက် သီလစသော ဂုဏ်တို့၌ ကောင်းစွာ တည်နိုင်ပြီးဖြစ်သောကြောင့် လည်းကောင်း ပူပန်မှုကင်း ရဲရင့်ခြင်း၊ ထက်မြက်ခြင်းသို့ ရောက်သူ ဖြစ်၏။
အပရပစ္စယော သတ္ထုသာသနေ-မြတ်စွာဘုရား၏ အဆုံးအမ သာသနာကို သက်ဝင်ယုံကြည်ခြင်းသည် တစ်ပါးသူ တည်းဟူသော အကြောင်းကြောင့်မဟုတ်၊ မိမိကိုယ်တိုင် သစ္စာတရားကို ထိုးထွင်းသိအပ်၊ မျက်မှောက်ပြုအပ်သောကြောင့်သာ သက်ဝင်ယုံကြည်သူ ဖြစ်၏။

အသေအချာ စဉ်းစားကြည့်လျှင် မိမိတို့သာသနာအပေါ် ယုံကြည်နေကြခြင်းသည် ဗုဒ္ဓ ဘာသာ မိဘတွေက မွေးဖွား လာ၍ မိရိုးဖလာနှင့် အဟောကောင်း၊ အပြောကောင်း၊ အရေး အသားကောင်း ဆရာသမားတို့၏ စကားတို့ကို နာယူဖတ် ရှုရခြင်းတို့ကြောင့် သာ ဖြစ်၏။သောတာပန် အရိယာကား ထိုကဲ့သို့ မဟုတ်၊အသေအခြာကို တရားသိ၍ သက် ဝင် ယုံကြည် ခြင်းရှိသူ ဖြစ်၏။

သောတာပန်အရိယာသည် ငါးပါးသီလ ဘဝတိုင်း လုံခြုံ၏။တခြားသူကို မနာလိုမရှုစိမ့် ဣဿာမရှိ၊နှမြောဝန်တိုခြင်း မစ္ဆရိယ ကင်း၏။သင်္ခါရတရားဟူသမျှ မြဲ၏-ဟု မမြင်၊ မြင်မိုရ်တောင်ကို ဇီးစိဖြင့် ပစ်ပေါက်က မတုန်လှုပ်သလို၊ဘယ်လို အကြောင်းအရာ မျိုးတွေနှင့် ကြုံကြုံ သာသနာ တော်ကို ကြည်ညိုမှု လုံးဝမတုန်လှုပ်တော့။ဘယ်ဘဝ ရောက်ရောက် ရတနာသုံးပါးကို ဆည်းကပ်ပြီး ဘုရားမှတစ်ပါး ကိုး ကွယ်ရာ အခြားမရှိ ဆိုသည့် စိတ်သဘာဝမျိုးကို ပိုင်ဆိုင်၏။ ပရိတ်ကြီး ရတနသုတ်တွင် သောတာပန် အရိ ယာ ၏ဂုဏ်ပုဒ်ကို သစ္စာဆိုသော ဂါထာ(၃)ပုဒ်ကို ဤသို့ ပြဆိုထား၏။

ယထိန္ဒခီလော ဂါထာ။ ။ မြေ၌ ခိုင်မြဲစွာ စိုက်ထားအပ်သော တံခါးတိုင်ကြီးသည် အရပ်လေး မျက်နှာ တို့မှတိုက်ခတ်သော လေမုန်တိုင်းတို့ကြောင့် မတုန်လှုပ်၊ထိုအတူ သောတာပန်အရိယာသည်လည်း တိတ္ထိ ဆရာကြီးတို့၏ ဝါဒဟူ သော လေမုန်တိုင်း တို့ကြောင့် မတုန်လှုပ်တော့။ သစ္စာလေး ပါး မြတ်တရားကို ဟုတ်တိုင်းမှန်စွာ ဉာဏ်ဖြင့် ထိုးထွင်း သိအပ်ပြီး ဖြစ်သောကြောင့်တည်း။ ဤဂါထာဖြင့် သောတာပန် အရိယာသည် မည်သည့် ဝါဒကိုမျှ နားယောင်ခြင်းမရှိဘဲ ဗုဒ္ဓ၊ဓမ္မ၊သံဃာတို့၌ သက်ဝင်ယုံကြည်မှု စူးစူး နစ်နစ် ခိုင်မြဲမြဲရှိသည်ကို မှတ်သားရ၏။ပုထုဇဉ်တို့ကား အပြောကောင်းလျှင် ဟုတ်နိုးနိုး ထင်တတ်၏။ယေ အရိယသစ္စာနိ ဂါထာ။ ။ နက်နဲသောဉာဏ်တော်ရှင် ဘုရားသခင်သည် အကောင်းဆုံး ဟောကြားတော်မူအပ်သော အရိယသစ္စာတို့ကို မဂ်ဉာဏ်ရရှိ၍ ထင် ရှား သိမြင်ကြကုန်သော သောတာပန် ပုဂ္ဂိုလ်တို့သည် စည်းစိမ်ယစ်၍ အလွန်အကဲ မေ့လျော့ နေကြသော်လည်း ရှစ်ကြိမ်မြောက်ဘဝကို ယူရိုး မရှိတော့။

သောတာပန်(၃) မျိုး- တစ်ဘဝသာ ဖြစ်ရပြီး ရဟန္တာဖြစ်မည့် ဧကဗီဇ၊ နှစ်ဘဝ သုံးဘဝ အတွင်း ရဟန္တာဖြစ်မည့်ကောလံကောလ၊ခုနစ်ဘဝဖြစ်ရပြီး ရဟန္တာဖြစ်မည့် သတ္တက္ခတ္တုပရမ-ဟူ၍ သောတာပန် (၃)သုံးမျိုးသုံးစား ရှိ၏။သဒ္ဓါစသော ဣနြေ္ဒတို့ ထက်ခြင်း၊နုံ့ခြင်းတို့ကြောင့် ဤသို့ သုံးမျိုးကွဲခြင်း ဖြစ်သည်။

သဟာဝဿ ဂါထာ။ ။ သောတာပန်ပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ် ပြည်စုံသည်နှင့် တပြိုင်နက် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတ-တရားသုံးပါးနှင့် အချို့သော ကိလေသာ များကို ပယ်ရှားပြီး ဖြစ်ကြောင့် အပါယ်လေးဘုံတို့မှ အလျဉ်း လွတ်မြောက်သဖြင့် ဘဝတွေဖြစ်ရစေဦးတော့ အပါယ်ဘဝတို့သို့ မကျနိုင်တော့။
ဤဂါထာဖြင့် သောတာပန်သည် သက္ကာယဒိဋ္ဌိ၊ဝိစိကိစ္ဆာ၊သီလဗ္ဗတ-ဟူသော ကိလေသာ ဝဋ် ကို ပယ်ပြီးသည်ကို လည်းကောင်း။ အပါယ်လေးပါးဟူသော ဝိပါကဝဋ်ကို ပယ်ပြီး သည် ကို လည်းကောင်း၊ ထိုဝဋ်တို့၏မူလဘူတဖြစ်သော ကမ္မဝဋ်ကို ပယ်ပြီးသည်ကို လည်းကောင်း ပြဆိုသည်။

သက္ကာယဒိဋ္ဌိ-ဟူသည် ထင်ရှားရှိသောခန္ဓာငါးပါး၌ ထင်ရှားမရှိသော ပုဂ္ဂိုလ်သတ္တဝါ ထင် မှားမှု ဖြစ်သည်။
ဝိစိကိစ္ဆာဟူသည်-ဗုဒ္ဓ ဓမ္မ သံဃ သံသရာ၏ရှေးအဖို့ နောက်အဖို့ ပဋိစ္စသမုပ္ပါဒ်တရားတို့၌ ယုံမှားခြင်းတည်း။
သီလဗ္ဗတ-ကိလေသာတို့ကို မစင်ကြယ်စေနိုင်သော လွဲမှားအကျင့်တည်း။ (နွားသီလ၊ ခွေးသီလ၊ နွားကျင့်၊ ခွေးကျင့်၊ဟူ၍ ဆိုသည်။)
သောတာန်သည် အလွန်ရုန့်ရင်းကြမ်းတမ်းကုန်သော (၆)ပါးသော အကြောင်းစု ပြစ်မှုတို့ကို လုံးဝမကျူးလွန်တော့-(၆)ဌာနတို့ကား ၁။အမိရင်းသတ်ခြင်း၊၂။ အဖရင်းသတ်ခြင်း၊၃။ရဟန္တာသတ်ခြင်း၊ ၄။သံဃာဂိုဏ်း ခွဲခြင်း၊ ၅။ မြတ်စွာ ဘုရားသွေးထွက်အောင်လုပ်ခြင်းနှင့်၊ ၆။ဗုဒ္ဓမှတစ်ပါး အခြားသူကို ဆရာဟု မညွန်ပြခြင်းတို့ ဖြစ်၏။
ဤကဲ့သို့ ကြီးလေးသော ကံကြီးများအပြင် ကြမ်းပိုး ခြင် ယင်-စသော သတ္တဝါအသေးတို့ကိုပင် သောတာပန်သည် စေတနာဖြင့် သတ်ရိုးထုံးစံမရှိ၊သည့်အပြင် နောက်ဘဝရောက်ရှိသွားပြီး မိမိအရိယာဖြစ်မှန်းမသိသော်လည်း ဓမ္မတာသဘောအားဖြင့် ဤအမှုကြီးများအပြင် ငါးပါးသီလ ဖေါက်ဖျက်ခြင်းတို့ကိုလည်း မလွန်းကျူးတော့။ ပုထုဇဉ်တို့ကား သစ္စာလေး ပါးကို မသိမမြင်နိုင်သေး သောကြောင့် ဤကဲ့သို့သော အကုသိုလ်အမှုကြီးများကို လွန်ကျူးမိတတ်ကြ၏။
ဝိသာခါကျောင်းအမ(၇)နှစ်သမီး သောတာပန်ဖြစ်ခြင်းနှင့်နွယ်၍ ယနေ့အခါ တရား အား ထုတ်ကြသူများ ကိုယ် တိုင် သောတာပန်စစ်တမ်းကို နားလည်ရန် လိုအပ်ပါသည်
ထို့နေ့ မှာပင် အဖိုးဖြစ်သူ မေဏ္ဍကသူဋ္ဌေးကြီးလည်း ဘုရားထံချဉ်းကပ် တရားနာ၍ သောတာပန်အရိယာဖြစ်ကာ ဘုရားအမှူးရှိသော သံဃာတော် များကို နောက်နေ့နံက် တွင် နေအိမ်သို့ ပင့်ဖိတ်၍ မွန်မွန်မြတ်မြတ် ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချင်ရသာ အဖြာဖြာ တို့ဖြင့် တစ်ဆဲ့ငါးရက်တိုင်တိုင် ဆက်ကပ်လှူဒါန်းခြင်း မဟာဒါနအလှူတော်ကြီးကို ပေး လှူပါသည်။
(၇)နှစ်သာရှိသေးသည့် အမျိုးသမီးလေးများကို အရာသွင်းအလေးထား၍ ဘုရားရှင်နှင့် သံဃာတော်များကို ခရီးဦး ကြိုဆိုစေခြင်း ကို စေခိုင်းပေးသော သူဋ္ဌေးကြီးများ ၏ သာသ နာပြုစိတ်ကား အတုယူဖွယ်ရာဖြစ်သလို ဝိသာခါကျောင်းအမနှင့် သုမနမင်း သမီး လေး တို့၏ သူတော်ကောင်းဓာတ်ခံ ပြည့်ဝခဲ့ခြင်းတို့ကား အားကြဖွယ်ရာဖြစ်ပါကြောင်း-

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်