မြစ်ဆုံ ညီလာခံ မှဒေါက်တာထွန်းလွင် (ထွန်းလွင်ဖေါင်ဒေးရှင်း)
ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့သော သဘာဝ
ပတ်ဝန်းကျင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကျင်းပ
Saturday, 24 September 2011
ဧရာဝတီမြစ်ဆုံအရေးအတွက် နယ်ပယ်အသီးသီးမှ ပေါင်းဆုံပါဝင်ခဲ့ကြသော သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဟောပြောပွဲကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့ရှိ Parkroyal Hotel တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲကို ထွန်းလွင်ဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev ၊ မုံရွေးစာအုပ်တိုက်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကာ ဟောပြောပွဲကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပညာရှင် ဦးအုန်း၏ အဖွင့်အမှာစကား ပြောကြားမှုဖြင့် မွန်းလွဲ ၁ နာရီခန့်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် Eco Dev မှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမျိုးသူက ဧရာဝတီအတွက် မေးခွန်း ၂၀ ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ယင်းမေးခွန်းများတွင် စီးပွားရေးအကျိုးအမြတ် တကယ်ရှိမှာလား၊ ငါ့မယုံငါ့ဘကြီးမေးမှာလား ယုံလို့ပုံပြီး ၀ကွက်အပ်မှာလား၊ တကယ်ပဲ ၇ ရာခိုင်နှုန်းလား၊ ရေဝေရေလဲ ထိန်းသိမ်းရေး ဘယ်သူ၊ ဘယ်လိုလုပ်မှာလဲ၊ ရာသီဥတုပြောင်းလဲခြင်းရော ထည့်တွက်ရဲ့လား၊ သဘာဝဘေး အာမခံနိုင်မလား၊ သန့်စင်သော စွမ်းအင်လို့ ထင်နေသလား၊ လျှပ်စစ်လိုချင်တာလား ဆောက်ချင်တာလား၊ အမျိုးသားစွမ်းအင်လုံခြုံရေး တကယ်စဉ်းစားထားသလား၊ ရေချိုငါးလုပ်ငန်းနဲ့ လဲမှာလား၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေး ဘယ်လိုစဉ်းစားထားသလဲ၊ ကူးစက်ရောဂါနှိမ်နင်းရေး ထည့်စဉ်းစားထားသလား၊ ဇီဝ မျိုးကွဲထိန်းသိမ်းရေး တကယ်အလေးထားမှာလား၊ မြစ်ရေတင် စီမံကိန်းတွေ ဘယ်လိုလုပ်မလဲ၊ ရေငံတားတွေဆောက်ဖို့ ဒီရေတောတွေ စိုက်ဖို့ ငွေပေးမှာလား၊ မြစ်ကြောင်း ပြုပြင်ရေး ပိုလုပ်မှာလား၊ ရေကောင်း ရေသန့် သောက်သုံးရေ ပေးဝေနိုင်မှု ဘယ်လောက် ဆုံးရှုံးသွားမလဲ၊ လူ့အခွင့်အရေး အပြည့်အ၀ လေးစားလိုက်နာမလား၊ သာတူညီမျှမှုနဲ့ တရားမျတမှု ဘယ်လိုအာမခံမလဲ၊ သယံဇာတ ကျိန်စာ တကယ် သင့်ကြတော့မှာလား စသည်တို့ ပါဝင်ခဲ့ပါသည်။
ထွန်းလွင်ဖောင်ဒေးရှင်းမှ ဒေါက်တာထွန်းလွင်က ဧရာဝတီ မြစ်ဆုံတည်ဆောက်ရန် အကြိုလေ့လာသည့် EIA တွင် ရာသီဥတု ပြောင်းလဲမှုကို ထည့်သွင်းမတွက် ချက်ထားခြင်း၊ ဧရာဝတီမြစ်၏ တစ်နိုင်ငံလုံး လွှမ်းခြုံထားမှု ဧရိယာ ကြီးမားပုံ၊ မြစ်ဆုံမှ မြစ်အောက်ပိုင်း အထိ အသက်မွေးဝမ်းကျောင်းဘ၀များအတွက် မှီခိုထားမှုများ၊ တရုတ် နိုင်ငံတွင် ဆည်ဆောက်ခြင်း၏ ဆိုးကျိုးကို ကြုံနေရပုံ၊ လာမည့် ဆယ်စု နှစ်များအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းအပါအ၀င် ဒေသများတွင် ရာသီဥတု ပြောင်းလဲမှု ကြုံနိုင်ခြေများ၊ ဆည်ဆောက်လိုက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် ရေအခက်အခဲ ကြုံရနိုင်ပုံ အစရှိသည်တို့ကို တင်ပြခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ရောက်ရှိလာသော ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဒူဝါဇောင်ဂမ်က သဘာဝပတ်ဝန်းကျင်ယိုယွင်းခြင်း၊ မြစ်ဆုံတွင် ဆည်ဆောက်မည် ဆိုခြင်းကြောင့် အိပ်မပျော်နိုင်ဘဲ စိတ်ပူပင်နေရမှုများ၊ ရေကာတာ တည်ဆောက်လိုက်ပြီးနောက် ငလျင်ဖြစ်ပေါ်လျှင် မြစ်ကြီးနားမြို့ စက္ကန့်ပိုင်းအတွင်း ရေမြုပ်နိုင်ခြေ၊ မန္တလေးရေကြီးမှု၊ ပဲခူးရေကြီးမှုအကြောင်းများ၊ ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့ဖူးသော တောင်ပြိုမှုများ၊ ရေကြီးမှုများ၊ ဆည်တည်ဆောက်ခြင်းအပေါ် ပြန်လည်စဉ်းစားပေးရန် စသည်တို့ကို တင်ပြဆွေးနွေးခဲ့သည်။
နိဂုံးချုပ်အမှာစကားကို Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားခဲ့ရာတွင် ဧရာဝတီမြစ်အပေါ် တစ်နိုင်ငံလုံးက ချစ်မြတ်နိုးတန်ဖိုးထားပုံ၊ သတင်းမီဒီယာရှုထောင့်ဖြစ်သော ပြည်သူလူထုအသံကို နားထောင်စုဆောင်းကာ တင်ပြရခြင်း၊ မြစ်ဆုံစီမံကိန်းအပေါ် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ သုံးသပ်တင်ပြခြင်း၊ ကချင်တိုင်းရင်းသားတို့ မြစ်ဆုံအပေါ် အထွတ်အမြတ်ထားပုံ၊ ငလျင်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဆက်စပ်နေမှုအား အချက်အလက်များဖြင့် တင်ပြခြင်း၊ CPI ၊ Asia World တို့သို့မေတ္တာရပ်ခံမှုများ၊ တိုင်းရင်းသားများအားလုံး ညီညွတ်ရေးအတွက် မြစ်ဆုံက အရေးပါနေပုံ အစရှိသည့် အကြောင်းအရာတို့ ပါဝင်ခဲ့သည်။
ဟောပြောပွဲသို့ ဆရာတော် သံဃာတော်များ၊ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်၊ စာပေအနုပညာနယ်ပယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရပ်ဆိုင်ရာ နယ်ပယ်၊ လူမှုရေး အဖွဲ့အစည်းများ နယ်ပယ် စသည့် နယ်ပယ် အသီးသီးမှ စိတ် ပါဝင်စားစွာ တက်ရောက်ခဲ့ကြပြီး ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ သည်။
........................................................
ဒေါက်တာထွန်းလွင် (ထွန်းလွင်ဖေါင်ဒေးရှင်း)
ဧရာဝတီရဲ့ ကျန်းမာရေး မကောင်းဘူးဆိုတာ သိသာနေပါတယ်။ ကျွန်တော်ပြောမဲ့ခေါင်းစဉ်အရ ကျွန်တော့်အမေ ကျွန်တော့်ကို ဆုံးမတာကို သတိရလာပါတယ်။ ဧရာဝတီဆိုတာ မြန်မာနိုင်ငံအတွက် ဘယ်လိုပြောမလဲ။ ကြိုက်သလို ပြောလို့ရတဲ့ တစ်ကယ့် ရတနာကြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့တစ်ကယ့် ယဉ်ကျေးမှု အမွေအနှစ်ကြီးလို့ ပဲပြောပြော၊ ဘာသာရေး အမွေအနှစ်ပဲပြောပြော၊ စီးပွားရေး၊ လူမှုရေး၊ ဘယ်ရှူထောင့်ကပဲကြည့်ကြည့် မလွတ်ဘဲ မြန်မာနိုင်ငံကို အကျိုးကျေးဇူးပြုဖူးပြီး ကဗျာဆရာ၊ စာရေးဆရာတွေတောင်မှ အမေနဲ့ နှိုင်းပြီးတင်စားခဲ့တဲ့ ဧရာဝတီမြစ်ကြီးဖြစ်ပါတယ်။
ဒီမြစ်ကြီးပေါ်မှာ ဒီလောက်ကြီးမားတဲ့ အလုပ်ကြီးကို ဒီလိုပေါ့ပေါ့ဆဆနဲ့ လုပ်ကြမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ နေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ တစ်ထောင့်တစ်နေရာကတော့ ပါသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော် ပိုပြီးမှာချင်တာက EIA Report အပါအ၀င် တစ်ကမ္ဘာလုံးက ပြောနေကြတဲ့ Climate Change ဆိုတဲ့အပိုင်းဆိုတဲ့ Issue ပါ။ ဒီအကြောင်းကို စာပိုဒ်လေး တစ်ပိုဒ်၊ စာရွက်လေးတစ်ရွက်တောင် မပါပါဘူး။ အဲဒါကြောင့် မိုးလေ၀သဌာနမှာ ၄၈ နှစ်ကြာ တာဝန်ထမ်းဆောင်လာတဲ့ လူတစ်ယောက်အနေနဲ့ တစ်ထောင့်တစ်နေရာက ပါသင့်တယ်ထင်လို့ ကျွန်တော် စင်ပေါ်တက်လာတာပါ။ ''ဆိုရေးရှိက ဆိုအပ်လှ''ဆိုတဲ့ စကားအတိုင်း ပြောခြင်းဖြစ်ပါတယ်။
ဧရာဝတီမြစ်ကို ကျွန်တော်ပုံလေးတွေနဲ့ ပြန်ပြီး အမှတ်ရစေချင်ပါတယ်။ ဒီနေ့ခေတ်မှာ တံတားတွေအများကြီး ဆောက်ပြီး ပဏာရနေတဲ့ ဧရာဝတီ၊ တိရစ္ဆာန်မျိုးစုံ မှီတင်းနေထိုင်တဲ့၊ ဒီရေတာစုံ လမုတောရှိတဲ့၊ သစ်လုပ်ငန်း၊ ၀ါးလုပ်ငန်း၊ ဘာသာရေး သွားလာရေး မြို့နေလူထု၊ တောနေလူထု အကုန် မှီတင်းနေတဲ့ မြစ်ကြီးဖြစ်တယ်။ ဧရာဝတီရေကို အမှီပြုပြီး စိုက်ပျိုးရတဲ့ မြို့တွေလည်း ဧရာဝတီတစ်လျောက်မှာ အများကြီးရှိပါတယ်။ ဧရာဝတီကို အရင်တုန်းကတော့ ခံစားစရာတစ်ခုအနေနဲ့ပဲ ကြည့်ပြီးတော့ ဧရာဝတီနေ၀င်ချိန်ဆိုတဲ့ ဓာတ်ပုံလေးတွေကို ရိုက်ထားခဲ့ကြပါတယ်။ ဒီနေ့တော့ ဧရာဝတီရဲ့ နေ၀င်ချိန်ဆိုတာ တစ်ကယ်ပဲဖြစ်နေပြီလား။ ဧရာဝတီနေ၀င်ချိန်ကို ကျွန်တော်တို့တစ်ကယ်ပဲ တွေ့ကြရမှာလား။ ဒါလေးတွေဟာ မြန်မာပြည်သူပြည်သားတိုင်း စဉ်းစားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။ ယခင်က စစ်ကိုင်းတံတားကြီးကို ဧရာဝတီကရေပြင်ကျယ်ကြီးနဲ့ လှလှပပနဲ့ ဆောင်ကျဉ်းပေးခဲ့ပေမဲ့ အခုတော့ စစ်ကိုင်းတံတားကြီးကို သောင်ခုံနဲ့ ကူးပြီးတောင် သွားလာလို့ရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဧရာဝတီ ကျန်းမာရေး မကောင်းဘူးဆိုတာကို သိစေနိုင်ပါတယ်။
ကျွန်တော်တို့ အိမ်နီးနားချင်းကလေးတွေ မြစ်ကြီးတွေပေါ်မှာ ဆည်တွေဆောက်လို့ ဒဏ်ခတ်ခံနေရပြီး သူတို့ဘ၀တွေပျက်နေပြီ ။ ဒါလေးကို နည်းနည်းလေး အချိန်ပေးပြီး လေ့လာလိုက်တာနဲ့။ တို့လည်း ဒီလမ်းလျှောက်ရင် ဒီခရီးရောက်မှာပဲဆိုတာ သိလိုက်ရတယ်။ ဒီအချက်လေးကို ကျွန်တော် အဓိကပြောချင်ပါတယ်။ ဥပမာဆိုကြပါစို့။ မုန်တိုင်းတွေနဲ့ ပတ်သက်ပြီး အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၄ ရက်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အလွန်ကြီးမားတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ ၀င်တဲ့အခါမှာ လူပေါင်း ၁၃၈၀၀၀ အသက်ဆုံးရှုံးခဲ့ရတယ်။ ဒီလောက် အသေအပျောက်များတဲ့ အဖြစ်မျိုး မြန်မာနိုင်ငံသမိုင်းမှာ မဖြစ်ဘူးပါဘူး။ ကမ္ဘာပေါ်မှာ မုန်တိုင်းဒီရေလှိုင်းကြောင့် သေပျောက်မှုအများဆုံးနိုင်ငံဟာ ကျွန်တော်တို့ဆီကနေ လှမ်းခေါ်ရင် ကြားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒီလောက် လူအသေအပျောက်များတဲ့ နိုင်ငံက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံဖြစ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမထားခဲ့ကြဘူး။ အိမ်နီးချင်းကလေး အရိုက်ခံရတာကို မြင်တာကို ကျွန်တော်တို့ ဂရုမစိုက်ခဲ့ကြဘူး။ ဒါကြောင့် ကျွန်တော်တို့ ပညာမရခဲ့ဘူး။ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဘာမှ ကျွန်တော်တို့ မလုပ်ထားခဲ့ရဘူး။ ရာသီဥတု ပြောင်းလဲခြင်း အကြောင်းပြောရတာ တော်တော်ကို ရင်နာစရာ ကောင်းပါတယ်။
ကျွန်တော်တို့ ဆွေးနွေးနေတဲ့ မြစ်ဆုံကိစ္စမှာ ရာသီဥတု ပြောင်းလဲမှုအကြောင်း ဘာမှမပါပါဘူး။ ဘာမှ ထည့်သွင်း ဆွေးနွေးခြင်းလည်း မရှိပါဘူး။ လေ့လာရကောင်းမှန်းလည်း မသိပါဘူး။ ကမ္ဘာမှာရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လူတွေကိုလေ့လာရာမှာ အုပ်စု ၁၀ စုရှိနေပါတယ်။ တချို့က ဒါတစ်ကယ်ဖြစ်နေတာ မဟုတ်ပါဘူး။ တစ်ချို့က ဒါသဘာဝပါ။ တချို့ကလည်း ဒါတွေကတဖြည်းဖြည်းမှဖြစ်မှာပါ။ တချို့ကလည်း ဒါမြန်မာပြည်ကို မထိခိုက်ပါဘူး။ တချို့ကလည်း ဒါစိုက်ပျိုးရေးအတွက် ပိုတောင်အကျိုးရှိမှာပါ။ တချို့က အစိုးရတာဝန်ယူသွားပါလိမ့်မယ်။ တချို့က နိုင်ငံတော်လုံခြုံရေးနဲ့စာရင် ပါးပါးလေးပါ။ နိုင်ငံတော်လုံခြုံရေးက ပိုအရေးကြီးပါတယ်။ တချို့လည်း ပြောကြတယ်။ ဒီခေတ်က အိုင်တီခေတ်ကြီးပါကွာ။ နည်းပညာတွေနဲ့ ဖြေရှင်းသွားကြလိမ့်မယ်။ အချို့ကလည်း ပြောတယ်။ မင်းကလည်းကွာ။ ကံကံ၏အကျိုးပါပဲ။ အဲဒီ ၁၀ မျိုးထဲမှာ ဒီမှာ နားထောင်နေတဲ့သူတွေက ဘယ်အမျိုး အစားထဲမှာ ပါနေပါသလဲ။ ဒီ ၁၀ မျိုးထဲက တစ်မျိုးမျိုးမှာပါနေရင် အယူအဆ လွဲမှားနေတယ်လို့ ယုံကြည်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အပူချိန်ပြဇယားတွေကို ကြည့်ရင် နေ့အပူချိန်တွေတိုးပြီး ညဘက်လည်းမအေးပါဘူး။ နောက်ပြီး မုတ်သုံဝင်ရက်တွေ နောက်ကျလာတယ်။ အနည်းဆုံးတစ်ပတ် ဆယ်ရက် နောက်ကျပါတယ်။ ပြီးတော့ မုတ်သုံအထွက်ကလည်း သိသိသာသာ စောလာတယ်။ ဒီနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ မြန်မာနိုင်ငံ အထက်ပိုင်းကနေ တစ်ဆင့် မြစ်ဝကျွန်းပေါ်အထိ မုန်သုံထွက်ခွာသွားပြီ ဖြစ်ပါတယ်။ မုတ်သုံကာလ လျော့နည်းလာတာဟာ အဆိုးဆုံးအချက်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပျက်စီးဆုံးရှုံးမှု ပြသတဲ့ မြေပုံမှာ မြစ်ဆုံဒေသဖြစ်တဲ့ ကချင်ဒေသဟာ မပါသေးပါဘူး။ ဒီအချိန် အထိ အဖြူရောင်နယ်မြေလေးပဲ ဖြစ်ပါတယ်။ မြစ်ဆုံ Project ကြီးလုပ်လိုက်လို့ နောက် ၁၀ နှစ် ၁၅ နှစ်နေရင် ကချင်ပြည်နယ်ကိုလည်း အဲဒီ မြေပုံမှာ အရောင်ခြယ်ရတော့မယ်။ ကချင်ကို ဒီအတိုင်းထားလို့ မရတော့ဘူး။ အ၀ါရောင်လောက်ဆိုရင် တော်သေးတယ်။ အနီရောင်အထိ ဖြစ်သွားမယ်ဆိုရင် ထိခိုက်နစ်နာမှု အမြင့်ဆုံး ရောက်လာပါလိမ့်မယ်။
တရုတ်နိုင်ငံမှာ 3 Gorges Dam ကြောင့် ယန်စီမြစ်မှာလည်း ရေမျက်နှာပြင် စံချိန်တင် လျော့ကျမှုဖြစ်ပေါ် နေတဲ့အတွက် Dam နေ့စဉ် ရေကုဗမီတာ ၄ သန်း ထုတ်လွှတ်ပေးနေ ရပါတယ်။ ဒီအတိုင်းကြည့်ရင် ဒီဆည်က ကျေးဇူးတင်စရာကောင်းပေမဲ့ ဆည်ကရေတွေကို ဖမ်းထိန်းထားလို့သာ ယန်စီမြစ်မှာ ရေမရှိတော့တာ ဖြစ်ပါတယ်။ ဒီဆည်သာမဆောက်ဖြစ်ရင် ယန်စီမြစ်မှာ ရေမရှိစရာ အကြောင်းမရှိပါဘူး။ တရုတ်နိုင်ငံမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုခြောက် သွေ့လာတာနဲ့အမျှ ၂၀၀၀ ခုနှစ်က နေ ၂၀၀၉ ခုနှစ်အထိ ၁၀ နှစ်တာအတွင်း ရေချိုရေသန့် ရရှိမှုဟာ ၁၃ ရာခိုင်နှုန်း ကျဆင်းလာတယ်။ မိုးခေါင်မှုတွေ ပြင်းပြင်းထန်ထန် ကြုံတွေ့လာတယ်။ ဒါကြောင့် တရုတ်အစိုးရက ရေအမြောက်အများရရှိနိုင်တဲ့အပေါ် အမြင်ပြုပြင်တဲ့ ရေအားလျှပ်စစ် တည်ဆောက်မှုကို တိုးချဲ့လုပ်ကိုင်ဖို့ လူထုစည်းရုံးရေး လုပ်ငန်းတွေကို တိုးမြှင့်လုပ်ကိုင်ခဲ့ပါတယ်။
တရုတ်က အရင်တုန်းက ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်တယ်။ ဒါနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အဖြစ်အပျက်တွေ့ကတော့ Climate Change နဲ့ပတ်သက်တဲ့ Kyoto Protocol ပြဿနာ၊ ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံး၊ ကာဗွန်ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာတယ်။ ဒါနဲ့ ပတ်သက်ပြီး တရုတ်မှာ တာဝန်တွေအများကြီး ရှိတယ်။ Carbon Credit တွေရဖို့ကို လုပ်ဖို့လိုလာတယ်။ ဒါကြောင့် တရုတ်ပြည်မှာ ရေအား လျှပ်စစ်ထုတ်ဖို့ မြစ်တစ်စင်းပဲ ကျန်တော့တယ်။ ကျန်တဲ့မြစ်အားလုံး ထုတ်ပြီးပြီ။ မြစ်ကြီးတွေမှာ Dam တွေဆောက်တာတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့ ပြည်သူတွေက အမြဲဆန့်ကျင်နေတယ်။ အဲဒီတော့ သူတို့က ကျန်တဲ့မြစ်တွေကို လူမိုက်လုပ်ပြီး ဆက်မဆောက်တော့ဘူး။ တခြားမှာရှာတယ်။ တရုတ်ပြည်မှာ ကမ္ဘာ့အကြီးစားရေကာတာကြီးတွေရဲ့ ထက်ဝက်ကျော်ပိုင်ဆိုင်ထားတယ်။ ရေကာတာပေါင်း ၂၅၈၀၀ ရှိတယ်။ ယန်စီမြစ်ရဲ့ မြစ်ကြောင်းတစ်လျောက်နဲ့  မြစ်လက်တက်တွေထဲမှာ ရေကာတာပေါင်း ၁၀၀ ကျော် တည်ဆောက်လျက်ရှိပြီး ဆောက်လုပ်နေဆဲလည်း ဖြစ်တယ်။ သူတို့ရဲ့ အနောက်တောင်ဘက် မဲခေါင်မြစ်အပေါ်ဘက်နားမှာ ရေကာ ၄၃ ခု ဆောက်ဖို့ စီမံချက်ချထားပြီးဖြစ်တယ်။
တရုတ်ပြည်အတွက်တော့ ရေအားလျှပ်စစ်စီမံကိန်းက မဖြစ်မနေလုပ် ရမဲ့ အနေအထားဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ သူ့အတွက် အဲဒါက ထွက်ပေါက်ဖြစ်နေတယ်။ ရေအားလျှပ်စစ်ကို နှစ်ဆတိုးပြီး ထုတ်လုပ်ဖို့ သတ်မှတ်ခဲ့တယ်။ ရေအားလျှပ်စစ်ထုတ်မဲ့ ပေါ်လစီကို ကျွန်တော်တို့ ဆီမှာလာပြီး အကောင်အထည် ဖော်တယ်။ သူတို့ဆီမှာ မြစ်ကြီးတွေ ကောလာတဲ့အတွက် လယ်သမားတွေလည်း ဒုက္ခရောက်တယ်။ ငါးတွေသေတယ်။ မြစ်ရေခန်းခြောက်ပြီး မြေတွေလည်း ပက်ကြားအက် ကုန်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြစ်ဆုံဆည် တည်ဆောက်မှုက အနာဂတ်ရေရှိရေးအတွက် အခြေအနေမကောင်းဘူးဆိုတာ တွေ့ရပါတယ်။
ရေခဲမြစ်တွေမှာလည်း မြစ်တွေ အများကြီး ပျောက်ကုန်တယ်။ ရေတွေမရှိတော့ဘူး ရေခဲတွေ မရှိတော့ဘူး။ ဟိမ၀န္တာတောင်မှာလည်း ရေခဲတွေ လျော့လာပြီး ရေခဲတွေအရည်ပျော်လို့ ရေကန်သစ်ကြီးတွေ ပေါ်လာတယ်။ အဲဒီရေကန် သစ်ကြီးကရေတွေ အောက်ကိုစီးကျတဲ့အခါ ၂၀၀၄ ခုနှစ်ဇူလိုင်လမှာ မြစ်ကြီးနားမြို့မှာ တစ်ညတည်း ရေအမြင့် ၂၄ ပေအထိ မြင့်တက်လာပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ၁၂ လလုံးမိုးရေချိန် ကောင်းကောင်းမရရှိတဲ့ မင်းဘူး၊ မန္တလေး၊ ရမည်းသင်း မြို့တွေရဲ့ စိုက်ရေးပျိုးရေးအတွက် လိုအပ်တဲ့ရေတွေကို ဧရာဝတီမြစ်ကြီးက ထောက်ပံ့ပေးနေပါတယ်။ မြစ်ဆုံစီမံကိန်းဆောက်လို့ ရေတွေကို သိုလှောင်မယ်။ မိုးကလည်း သူတို့ခန့်မှန်ထားသလို မိုးကလည်း ရရှိမှုနည်းမယ်ဆိုရင်၊ ရှိသမျှရေတွေကို ထိပ်ကသိုလှောင်လိုက်မယ်ဆိုရင် အောက်ကမြစ်ကြောတစ်လျှောက်မှာ ရေတွေခန်းခြောက်သွားမယ်။ ဒါတွေကို စဉ်းစားသင့်တယ်။ ဧရာဝတီဟာ သူဟာနဲ့သူ မြစ်ကြောတစ်လျှောက် လိုတဲ့နေရာတွေကို ရေပေးဝေပြီး တာဝန်ထမ်းဆောင် သွားတယ်ဆိုတာ ကျွန်တော်တို့ သိဖို့လိုတယ်။ ဧရာဝတီမြစ်ဆုံ အနီးနား တစ်ဝိုက်လောက်သာ Environmental Assement လုပ်ပြီး ဆုံးဖြတ်ပြုလုပ်တာဟာ ဘယ်လို နည်းနဲ့မှ Scientific Conclusion ဖြစ်လာမှာမဟုတ်ဘူး။ အောက်ကြော တစ်လျှောက်အထိ လေ့လာမှုတွေ ပြုလုပ်ဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ငလျှင်အလှုပ်ဆုံး ဒေသက မြစ်ဆုံဒေသပဲဖြစ်တယ်။ ဒီလိုဒေသမျိုးမှာ ဆောက်ခြင်းက အန္တရာယ် အလွန်ကြီးပါတယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်