အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း




မဟာယာနဗုဒ္ဓဘာသာ( Sanskritमहायान ) ဆိုသည်မှာ ရှေးဟောင်း အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သောဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး နှစ်ခု အနက်တစ်ခုဖြစ်သည်။ မဟာယာန ဟူသော ဝေါဟာရ သည် (ကြီးမြတ်သောယာဉ်) ဟု အနက် အဓိပ္ပါယ်ရသည်။ မဟာယာန ဟူသော ဝေါဟာရ ကို တရုပ်ဘာသာစကားတွင်ဒရှန်း (大乘Dàshèng ) ဂျပန် ဘာသာ စကားတွင် ဒိုင်ဂျို (大乗Daijō ) ကိုရီးယား ဘာသာစကားတွင် ဒေးဆွန်း (대승Dae-seung ) ဗီယက်နမ် ဘာသာ စကားတွင်ဒိုင် သွာ (Đại Thừa ) တိဗက် ဘာသာစကားတွင်သဂ်ပချန်ပို ('theg-pa chen-po မွန်ဂိုလီးယား ဘာသာ စကားတွင် ယီကီ ကိုလဂန်း (yeke kölgen) စသဖြင့် အသီးသီး ခေါ်ဆိုကြလေသည်။
ဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး နှစ်ခု တွင် မဟာယာနဗုဒ္ဓဘာသာ သည် ပထ၀ီနယ်နမိတ် အကျယ်အ၀န်းအရသော် လည်းကောင်း လူဦးရေအရသော်လည်းကောင်း ထေရ၀ါဒဗုဒ္ဓဘာသာ ထက် ပိုလွန်ကြီးမား သော ဗုဒ္ဓဘာသာ ၏ အဓိက ဂိုဏ်းကြီး ဖြစ်လေသည်။ မဟာယာနဗုဒ္ဓဘာသာ ပျံ့နှံ့လွမ်းမိုးသော ဒေသမျာမှာ တောင်အာရှ နိုင်ငံများဖြစ်သော ဘူတန် နီပေါ အိန္ဒိယ အရှေ့အာရှနိုင်ငံများဖြစ်သော တိဗက် တရုပ် ကိုရီးယား ဂျပန် တိုင်ဝမ် စသော နိုင်ငံများ အပြင် အနောက်ဖက်သို့လားသော် ကက်စပီယန်ပင်လယ်အတွင်းသို့ ဗော်လဂါမြစ်ကြီးစီးဝင်ရာဒေသတွင် ရှိသော ရုရှနွယ်ဖွား ကယ်လမွတ်လူမျိုးများနေထိုင်ရာအရပ်ထိအောင် ပြန့်နှံ့ထွန်းကားနေသော ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ဖြစ်သည်။
မဟာယာန ၏ဝေါဟာရရင်းမြစ်
မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ ကို ကြာပန်းသုတ္တန် (သဒ္ဓမ္မပုဏ္ဍရိသသုတ္တန်) တွင် စတင် တွေ့ ရှိကြောင်း ပညာရှင်တို့ သတ်မှတ်ကြသည်။ ဆေရှီ ကာရာရှီးမား (Seishi Karashima) ၏ အလိုအရ ဘီစီ (၁) ရာစုခန့် က ပြာကရစ်ဘာသာဖြင့်ရေးသားထားသော ကြာပန်းသုတ္တန် (သဒ္ဓမ္မပုဏ္ဍရိသသုတ္တန်) တွင် တွေ့ ရသော စကားလုံးမှာ မဟာယာန (ကြီးမြတ်သောယာဉ်) မဟုတ်ပဲ မဟာဥာဏ (ကြီးမြတ်သောဥာဏ်ပညာ) ဟူသော စကားလုံးသာဖြစ်ပြီး တစ်ဖြည်းဖြည်းရွေ့လျောကာ မဟာယာန ဟူသော ဝေါဟာရ ဖြစ်ပေါ်လာခဲ့ ကြောင်းဆိုပါသည်။[1]
မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ သည် အမြတ်ဆုံးသော ဗောဓိဥာဏ် ကို ရည်စူး ကျင့်ကြံ သော ဗောဓိသတ္တ (ဗုဒ္ဓ အလောင်းတော်) များ၏ ကျင့် စဉ် ကို ရည်ညွန်းလေသည်။ ဗောဓိသတ္တ (ဗုဒ္ဓ အလောင်းတော်) များ၏ ကျင့် စဉ် ဟူသည် မိမိ တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ သာ မဟုတ်ပဲ ဝေနေယျသတ္တ၀ါ အပေါင်း၏ လွတ်မြောက်ရေး အတွေက် ပါ ရည်စူး ကာ ပါရမီများ ဖြည့်ကျင့် သော လမ်းစဉ်ဖြစ်သော ကြောင့် မဟာယာန (ကြီးမြတ်သောယာဉ်) ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
မဟာယာန (ကြီးမြတ်သောယာဉ်) ဟူသော ဝေါဟာရ နှင့် အတူ ဟီနယာန (သေးငယ်သောယာဉ်) ဟူသော ဝေါဟာရလည်း ရှိသည်။ ဟီနယာန (သေးငယ်သောယာဉ်) ဟူသည်မှာ မိမိ တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ ရည်စူး ကျင့်ကြံသော သာဝကလမ်းစဉ် (သာဝကယာန) နှင့် ပစ္စေကဗုဒ္ဓလမ်းစဉ် (ပစ္စေကဗုဒ္ဓယာန) တို့ ကို ရည်ညွန်းလေသည်။
ရှေးအခါက ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို မဟာယာနဗုဒ္ဓဘာသာ နှင့် နိုင်းယှဉ်ခွဲခြားလျက် ဟီနယာန ဗုဒ္ဓဘာသာ ဟု ရေးသားလေ့ ရှိကြသည် မှာ မမှန်ကန်ချေ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ သည် သာဝကလမ်းစဉ် (သာဝကယာန) နှင့် ပစ္စေကဗုဒ္ဓလမ်းစဉ် (ပစ္စေကဗုဒ္ဓယာန) တို့ အပြင် သမ္မာသမ္ဗုဒ္ဓလမ်းစဉ် (ဗုဒ္ဓယာန) ကိုပါ ဟောကြားသော ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ဟီနယာန (သေးငယ်သောယာဉ်) နှင့် ထပ်တူပြု ခြင်းမှာ မှားယွင်းသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း မဟာယာနဗုဒ္ဓဘာသာ၏ အမြင်တွင် မိမိ တစ်ဦးတည်း ၏ လွတ်မြောက်ရေး အတွက်မျှ ရည်စူး ကျင့်ကြံသော ဘာသာရေးကျင့်စဉ်မှန်သမျှကို ဟီနယာန (သေးငယ်သောယာဉ်) ဟု သတ်မှတ်မည်သာဖြစ်ပါသည်။
ဒေါက်တာ ဟီရုမိုတို မိဇူမို ရဲ့ အမြင်။ (ဟီနယာန မဟာယာန ကွာခြားမှု ၆ချက်)
မဟာယာနဗုဒ္ဓဘာသာ ၏ ကြီးမြတ်မှုကို ပန်းတိုင်၏ ကြီးမြတ်မှု ၊ဒဿနအမြင်၏ ကြီးမြတ်မှု၊ ကျင့်စဉ်၏ ကြီးမြတ်မှု တို့အားဖြင့်လည်း အနက်ဝိဂြိုဟ်ပြုကြသေးသည်။

(၁) ပန်းတိုင်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် မိမိအပါအ၀င် ဝေနေယျသတ္တ၀ါအလုံးတို့၏ ဘ၀လွတ်မြောက်ရေးကို ပန်းတိုင်အဖြစ် ဦတည်သောကြောင့်ဖြစ်သည်။

(၂) ဒဿနအမြင်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် ရုပ်နာမ် ဓမ္မ သင်္ခါရ နှင့် အသင်္ခတဓမ္မတို့၏ လက္ခဏ၊ရသ၊ကိစ္စ။သတ္တိ၊ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ သမ္မုတိ၊ပရမတ္ထ စသည်တို့ကို ရှုပွားဆင်ခြင်၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ အန္တိမသစ္စာနှင့် မဟာသန္တိသုခကို ဖေါ်ထုတ်ရာတွင် အတ္တ-အတ္တနိယ ကင်းဆိတ်မှုကို ပုဂ္ဂလသုညတာတွင်ရပ်တန့်မနေမူပဲ ဓမ္မသဘာဝအားလုံးတို့၏အတ္တ-အတ္တနိယ ကင်းဆိတ်မှု (ဓမ္မသုညတာ) သဘောနှင့် သိအပ်သော ဥေယျဓမ်တရားဟူသမျှ၏အတ္တ-အတ္တနိယ ကင်းဆိတ်မှုသဘော (အစ္စန္တသုညတာ) အထိ အမြင်ပေါက် အသိဥာဏ်သန့်ရှင်းစင်ကြယ်မှု ကို ဖြစ်စေသောကြောင့် ဖြစ်သည်။

(၃) ကျင့်စဉ်၏ ကြီးမြတ်မှု ဆိုသည်မှာ မဟာယာနဗုဒ္ဓဘာသာသည် ဗောဓိသတ္တ၏ ပါရမီမဂ်လမ်းစဉ်ကို ဟောကြားသဖြင့် ဘုရားရှင်၏ အတုမရှိသော ရုပကာယတော်ကိုရောက်ရှိရန်အတွက် ပုညသမ္ဘာရတရားများဖြည့်ဆည်းရခြင်း
ဘုရားရှင်၏ အတုမရှိသော နာမကာယတော်ကိုရောက်ရှိရန်အတွက် ဥာဏသမ္ဘာရတရားများဖြည့်ဆည်းရခြင်း ဝေနေယျသတ္တ၀ါအားလုံးတို့၏ ဘ၀လွတ်မြောက်ရေး ကို ချေချွတ်ရသောအခါဝယ် ဝေနေယျတို့၏ ၀ါသနာ စရိုက် အလိုက် သင့်လျှော်သော ကျင့်စဉ် အထူးထူးအပြားပြားကို ဟောကြားနိုင်ခြင်းကြောင့်ဖြစ်လေသည်။

မဟာယာနဗုဒ္ဓဘာသာပညာရှင် ဒေါက်တာ ဟီရုမိုတို မိဇူမို ၏ အမြင်အရ ဟီနယာန နှင့် မဟာယာန ကွာခြားမှု ၆ချက်ကို အောက်ပါအတိုင်း အကျဉ်းအားဖြင့်တွေ့ရသည်။ အကျယ်ဖွင့်ဆိုမှုများကို နောက်ပိုင်းမဟာယာနဗုဒ္ဓဘာသာ၏ အယူအဆရေးရာများအပိုင်းတွင် ရှင်းလင်းဖော်ပြမည် ဖြစ်ပါသည်။


ဟီနယာန
မဟာယာန
ပန်းတိုင်=ရဟန္တာဖြစ်ခြင်း
ပန်းတိုင်=ဗောဓိသတ္တမှသည် ဘုရားဖြစ်ခြင်း
ကံ-သံသရာကို အဆိုးမြင် (ပျင်းမုန်းငြီးငွေ့ခြင်း)
ကံ-သံသရာကို အကောင်းမြင် (ပါရမီဖြည့်ခြင်း)
တစ်ဦးချင်းလွတ်မြောက်မှု သို့ ဦးတည်
ဝေနေယျသတ္တ၀ါအများစု လွတ်မြောက်မှု သို့ ဦးတည်
တရားသေ ကျမ်းဂန် ၀ါဒ
လွတ်လပ် ဖန်တီးမှု ၀ါဒ
ပရိယတ္တိ ဦးစားပေး
ပဋိပတ္တိ ဦးစားပေး
ရဟန်းဘ၀ ဦးစားပေး
ရဟန်းဘ၀ အပြင် ဥပသကာဗောဓိသတ္တဘ၀ ဦးစားပေး



မဟာယာနဗုဒ္ဓဘာသာ၏ စတင်မြစ်ဖျားခံရာ
မဟာယာနဗုဒ္ဓဘာသာ ၏ စတင်ဖြစ်ထွန်းရာနှင့် ပတ်သက် ၍ သုတေသီပညာရှင်များ ယခုတိုင် သဘောတူညီသော အမြင်ကို မရနိုင်ကြသေးပါ။ အစောဆုံးပေါ်ပေါက်ခဲ့သော အမြင်များအရ မဟာယာနဗုဒ္ဓဘာသာ သည် ဟီနယာနဂိုဏ်းများ ကွဲထွက်သော အချိန်ကာလတွင် ယင်း ဟီနယာနဂိုဏ်းများ နှင့် အပြိုင် ပေါ်ပေါက်လာသော ဂိုဏ်း ဖြစ်ကြောင်းဆို ကြလေသည်။ စင်စစ်အားဖြင့် ထေရ၀ါဒ နှင့် နိုင်းယှဉ်ပါက မဟာယာနဗုဒ္ဓဘာသာ သည် မည်သည့် အခါကမှ အယူဝါဒရေးရာ အရ တစည်းတစ်လုံးတည်း တည်ရှိခဲ့ သည်မဟုတ်ချေ။ မဟာယာနဗုဒ္ဓဘာသာ သည် သီးခြားဂိုဏ်း တစ်ခု အဖြစ်ထက် ကျယ်ပြန့်သော အရောင်အသွေးအမျိုးမျိုး လောကအမြင် အမျိုးမျိုး ပါဝင်သော ဘာသာရေးလှုပ်ရှားမှု တစ်ခု ဟု ဆိုပါက ပိုပြီး မှန်ကန်ပေလိမ့်မည်။

ထေရ၀ါဒ၏ သာသနာသမိုင်းဆိုင်ရာစာပေအထောက်အထားများအရ သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈၇ အရောက်တွင် ဝေသာလီပြည် ၀ဇ္ဇိတိုင်းသား ရဟန်းတို့သည် ၀ိနည်းတော်နှင့် မညီသော အဓမ္မ၀တ္တု ၁၀ ပါး ( ဒသ၀တ္တုက )အကျင့် ကျင့်ကြံပြုမူလာကြသည်။ ထိုအခါ ဓမ္မ၀ါဒီမထေရ်တို့သည် အဓမ္မ၀ါဒီတို့၏ ၀ိနည်းဒေသနာ ပြုပြင်ကျင့်သုံးမူ့ကို ပယ်ရှားလိုသောကြောင့်လည်းကောင်း၊ ဓမ္မ၀ါဒီကို ကျစ်လျစ်ခိုင်မာစေလိုသောကြောင့်လည်းကောင်း သံဂါယနာတင်ရန် စီမံကြရပြန်သည်။

ထိုသံဂါယနာတင်ပွဲကို ရှင်အာနန္ဒာ၏ တပည့်သာဝကကြီးများဖြစ်သော သက်တော် ၁၈၀ ရှိ အရှင်ရေ၀တမထေရ်၊ အရှင်သဗ္ဗကာမိမထေရ်၊ အရှင်သာဠမထေရ်၊ အရှင်ခုဇ္ဇသောဘိတမထေရ် အရှင်မဟာယသမထေရ်၊ အရှင်သမ္ဘူလမထေရ်တို့သည်လည်းကောင်း၊ အရှင်အနုရုဒ္ဓါ၏ တပည့်သာဝကကြီးများဖြစ်သော အရှင်ဝိသဘဂါမိမထေရ်၊ အရှင်သုမနမထေရ်တို့သည်လည်းကောင်း ဒုတိယသံဂါယနာတင်ပွဲအတွက် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်ကြသည်။ ထိုအထဲမှ အချို့မထေရ်တို့သည် ဗုဒ္ဓဘုရားရှင်ကို တွေ့ကြုံ ဖူးမြင်ခဲ့ရသူများဖြစ်သည် ဟု အဆိုရှိလေသည်။

အထက်ပါ မထေရ်တို့အထဲက အရှင်မဟာယသမထေရ်ကို အမှူးထား၍ ရဟန္တာ ၇၀၀ တို့သည် ဝေသာလီပြည် ၀ါဠိကာရုံကျောင်းတော်ကြီး၌ ၈ လတိုင်တိုင် ဒုတိယအကြိမ် သံဂါယနာတင်ပွဲကို ကျင်းပကြသည်။
ဝဇ္ဇီတိုင်းသားရဟန်း များ သည် မဟာသံဃိက ဂိုဏ်း အဖြစ်သီး ခြားခွဲ ထွက် ခဲ့ကြသည်ဟုဆိုပါသည် ။မဟာသံဃိကဂိုဏ်း ၏ ရှေ့ ဆောင်လမ်းပြမှူကြောင့် ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ပေါ်ထွက်ခဲ့သည်။ မဟာသံဃိကဂိုဏ်း မှ ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထေရ၀ါဒမှ ၁၁ ဂိုဏ်း ကွဲ ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။

သို့ရာတွင် ထေရ၀ါဒမဟုတ်သော ဗုဒ္ဓဘာသာဂိုဏ်းခွဲများ၏ မှတ်တမ်းများတွင်မူ မဟာသံဃိက ဂိုဏ်း အဖြစ်သီး ခြားဖြစ်ပေါ်လာရခြင်းမှာ ဝေသာလီပြည်ဒုတိယသံဂါယနာတင်ပွဲ အပြီး ဆယ်စုနှစ်အနည်းငယ်အကြာတွင် ပါဋလိပုတ်မြို့တွင် ကျင်းပခဲ့သော သံဃအစည်းအဝေးကြီးတွင်မဟာဒေ၀အမည်ရှိသော ရဟန်းတော်တစ်ပါးတင်ပြသော အချက်(၅)ချက်ကြောင့်ဖြစ်သည် ဟုဆို၏။ ယင်းအချက်များမှာ အဓိကအားဖြင့် ရဟန္တာပုဂ္ဂိုလ်၏ တရားသိရှိမှု ကိလေသာစင်ကြယ်မှုတို့ နှင့်ပတ်သက်သော အချက်များသာဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်၏ တရားသိရှိမှု ကိလေသာစင်ကြယ်မှုတို့ သည် အကန့်အသတ်ရှိကြောင်း မပြည့်စုံသေးကြောင်း ပြန်လည်ရွေ့လျောနိုင်ကြောင်းတို့နှင့် ပတ်သက်သော ငြင်းခုံမှုများ သံသယ ဖြစ်မှုများ နှင့်သက်ဆိုင်၏။ မဟာဒေ၀၏အချက်(၅)ချက် ကို လက်ခံသူ သံဃာ အများစုက မိမိတို့ကိုယ်ကို မဟာသံဃိကဂိုဏ်း အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပြီး လက်မခံသူသံဃာတို့က မိမိတို့ကိုယ်ကို ထာဝီရ၀ါဒဂိုဏ်း (Sthaviravadins) အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့ကြသည်ဟုဆိုပါသည်။ ထာဝီရ၀ါဒဂိုဏ်း သည် ထေရ၀ါဒအနေဖြင့် ဖြစ်ပေါ်လာမည့် ရှေးဟောင်း ဗုဒ္ဓဘာသာဂိုဏ်းဖြစ်လေသည်။ ဤမှတ်တမ်းများ အရ မဟာသံဃိကဂိုဏ်း သည် ၀ိနည်းတော်နှင့် မညီသော အဓမ္မ၀တ္တု ၁၀ ပါး ( ဒသ၀တ္တုက )အကျင့်ကို ကျင့်သုံးသော ၀ဇ္ဇီတိုင်းသားရဟန်း များ နှင့် ပတ်သက်ခြင်မရှိသည့် အပြင် ၀ဇ္ဇီတိုင်းသားရဟန်း များ၏ အယူအဆများကိုလည်း ထာဝီရ၀ါဒဂိုဏ်း နည်းတူ ဆန့်ကျင်သူများဖြစ်သည်ဟု ဆိုပါသည်။[2]

မဟာသံဃိကဂိုဏ်း တွင် ရှေးဦးမဟာယာနဆိုင်ရာ အယူအဆများ (အထူးသဖြင့် ဗုဒ္ဓဘုရားရှင်၏ လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော မဟာတန်ခိုးရှင်အဖြစ်ယုံကြည်ခြင်း) စတင်ပေါ်ပေါက်နေပြီဖြစ်သော်လည်း မဟာသံဃိကဂိုဏ်း မှ  မဟာယာနဗုဒ္ဓဘာသာ ဖြစ်ပေါ်လာခဲ့သည်မဟုတ်ပါ။ မဟာသံဃိကဂိုဏ်း၏ ဗုဒ္ဓ၀င်ကျမ်းစာဖြစ်သော မဟာဝတ္တု ကျမ်း တွင် ဗုဒ္ဓဘုရားရှင်၏ လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော မဟာတန်ခိုးရှင် အသွင်ကို တွေ့ရပါသည်။ ထေရ၀ါဒ၏ ကထာဝတ္ထုကျမ်းအလိုအရ မဟာသံဃိကဂိုဏ်း ၏ ဗုဒ္ဓဘုရားရှင်၏ လူသားအဖြစ်ထက် လွန်ကဲထူးမြတ်သော မဟာတန်ခိုးရှင်အဖြစ်ယုံကြည်ခြင်း အယူအဆသည် ပိဋကတ်လာ မြတ်စွာဘုရားသည် လောကတွင် မွေးဖွားခဲ့သော်လည်း လောကနှင့်ကပ်ငြိမှုမရှိဟူသော ဟောကြားချက်ကို တိုက်ရိုက်အနက်ကောက်ယူဖွင့်ဆိုရာမှ ပေါ်ပေါက်လာသော အယူအဆ ဖြစ်နိုင်ပါသည်။ မဟာသံဃိကဂိုဏ်း၏ အလိုအရ--

·         ဗုဒ္ဓဘုရားရှင်သည် လောကမှလွန်မြောက်သော လောကုတ္တရာဖြစ်
·         ဗုဒ္ဓဘုရားရှင်၏ ကာယ၀စီမနောဟူသမျှ အကြွင်းမဲ့ သန့်ရှင်းစင်ကြယ်
·         ဗုဒ္ဓဘုရားရှင်၏ ရူပကာယတော်သည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
·         ဗုဒ္ဓဘုရားရှင်၏ ရူပကာယတော်သည် ဖျားနာခြင်းမရှိ
·         ဗုဒ္ဓဘုရားရှင်၏ အာယုသက်တမ်းသည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
·         ဗုဒ္ဓဘုရားရှင်၏ ဘုန်းတန်ခိုးအာနုဘော်သည် အကန့်အသတ်မရှိ အနန္တသဘောကိုဆောင်
·         ဗုဒ္ဓဘုရားရှင်သည် ဝေနေယျတို့ကို ကယ်တင်ရာတွင် မောပန်းမှု မရှိ ရပ်တန့်မှုမရှိ
·         ဗုဒ္ဓဘုရားရှင်၏ စိတ်တော်သည် သမာဓိတွင် အမြဲတည်နေ အိပ်စက်ခြင်းမရှိ
·         ဗုဒ္ဓဘုရားရှင်၏ စိတ်တော်သည် စိတ္တက္ခဏတွင် အလုံးစုံကို သိမြင်နိုင်
·         ဗုဒ္ဓဘုရားရှင်၏ သင်္ကန်း နှင့် ပရိက္ခရာတို့သည် လောကုတ္တရာဖြစ်
·         ဗုဒ္ဓဘုရားရှင်သည် စင်စစ် အိုခြင်း နာခြင်း သေခြင်း မရှိ

ဤသို့ ဗုဒ္ဓဘုရားရှင်၏လောကုတ္တရာဖြစ်ခြင်းအယူအဆသည် နောင်ကာလတွင် မဟာယာနဗုဒ္ဓဘာသာ၏ ဓမ္မကာယ-သမ္ဘောဂကာယဆိုင်ရာ အယူအဆများ ဖြစ်ပေါ်လာရန် တင်ကြိုလမ်းခင်းခဲ့သည်ဟု ဆိုရပေမည်။

မဟာယာနဗုဒ္ဓဘာသာ၏ သမိုင်းကြောင်း
မဟာယာနဗုဒ္ဓဘာသာ သည် သမိုင်းအချိုးအကွေ့တွင် ရုတ်တရက် ပေါ်ပေါက်လာသော သီးခြားဂိုဏ်း တစ်ခု မဟုတ်ပဲ ရာစုနှစ်ပေါင်းများစွာအတွင်း တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ တိုးတက်ပြောင်းလဲလာသော ဘာသာရေးလှုပ်ရှားမှု တစ်ခုသာဖြစ်လေသည်။ မဟာယာနဗုဒ္ဓဘာသာ၏ တိုးတက်ဖြစ်ထွန်းမှုသည် မဟာယာနဗုဒ္ဓဘာသာ၏ သုတ္တန်တရားတော်များ နှင့် မဟာယာနဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေများ တိုးတက်ဖြစ်ထွန်းမှု နှင့် အပြိုင် ဖြစ်လေသည်။
မဟာယာနဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေများ အစောဆုံး အထောက်အထား ကို ခ၇စ်နှစ် (၁) ရာစုကာလ ဟု သတ်မှတ်ရသော  ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင် စတင်တွေ့ ရှိရကြောင်း ပညာရှင်တို့ သတ်မှတ်ကြသည်။[3]ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင် စတင်တွေ့ရသော မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ အယူအဆများများ မှာ ရှေးဦးမူလ ဗုဒ္ဓ၀ါဒအယူများနှင့် များစွာ ကွာခြားခြင်းမရှိသေးပဲ ဂေါတမမြတ်စွာဘုရားရှင်၏ အတုကိုယူလျှက် ဘုရားဖြစ်ရန် ဆုပန်ကျင့်ကြံခြင်းဆိုင်ရာ အကြောင်းများသာ ဖြစ်လေသည်။ တစ်နည်းအားဖြင့် မဟာယာနဗုဒ္ဓဘာသာဟူသည်မှာ ဗုဒ္ဓဘာသာ အသစ်တစ်မျိုးမဟုတ်မူပဲ ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဟူသမျှကို တန်းကုန်ကမ်းကုန်ဋ္ဌာန်ကုန်အောင် ကျင့်ကြံအားထုတ်ရန် ရည်သန်ခြင်းသာဖြစ်သည်ဟု ဥဂ္ဂပရိပုစ္ဆာသုတ္တန် က ညွှန်ပြလေသည်။
မဟာယာနဗုဒ္ဓဘာသာ တွင် သီးခြား ၀ိနည်းကျင့်ဝတ် မရှိခြင်း ကလည်း ရှေးဦး မဟာယာနဗုဒ္ဓဘာသာ လှုပ်ရှားမှုသည် သီးခြား ဂိုဏ်းခွဲထွက်သော ဗုဒ္ဓဘာသာဂိုဏ်းခွဲ တစ်ခုမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားနေလေသည်။ မျက်မှောက်ခေတ် မဟာယာနဗုဒ္ဓဘာသာ တွင် ကျင့်သုံးသော ၀ိနည်းကျင့်ဝတ်များမှာ တိဗက်ပြည်တွင် မူလသဗ္ဗတ္တိဝါဒ ၀ိနည်း တရုပ် ကိုရီးယား ဂျပန် စသည်တို့တွင် ဓမ္မဂုတ္တက ၀ိနည်း တို့ ကို လိုက်နာကျင့် သုံးနေကြကြောင်းတွေ့ နိုင်ပါသည်။
ခရစ်နှစ် (ရ) ရာစုတွင် အိန္နိယသို့ ရောက်ခဲ့သော တရုပ်ရဟန်းတော် ယိချင် ၏ မှတ်တမ်းများတွင်လည်း ဟီနယာန-မဟာယာန ရဟန်းတော်များအားလုံး ကျောင်းတိုက်တစ်ခုအတွင်းတွင် အတူတူ သီတင်းသုံး နေထိုင်ကြကြောင်း တူညီသော ၀ိနည်းကျင့်ဝတ် ကိုသာ လိုက်နာကျင့်သုံးကြကြောင်း ဂရုဓမ္မသီလ-သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး တို့ ကို ကျင့်သုံးကြရာတွင် အတူတူ ဖြစ်ကြကြောင်း မှတ်တမ်းတင်ထားခဲ့သည်။မဟာယာန ရဟန်းတော်များ မှာ မဟာယာနဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေများ ကို လေ့လာသင်ယူခြင်း ဗောဓိသတ္တများကို ကိုးကွယ်ပူဇော်ခြင်း ပြုကြပြီး ဟီနယာနရဟန်းများက မူ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိကြကြောင်း တွေ့ရသည်ဟု ဆိုပါသည်။
မဟာယာနဗုဒ္ဓဘာသာ နှင့်ပတ်သက်သော အစောဆုံးတွေ့ရသော ကျောက်စာအထောက်အထား မှာ ၅-၆ ရာစု ကာလဖြစ်သည်ကိုတွေ့ရ၏။ မထုရာ ဒေသတွင် တူးဖော်တွေ့ရှိရသော ခရစ်နှစ် (၁၈၀) ၀န်းကျင်ခန့် ဟုယူဆရသော အမိတာဘဗုဒ္ဓဆင်းတုတော် တစ်ဆူတွင် မဟာယာနဗုဒ္ဓဘာသာနှင့်ပတ်သက် သည့် ရှေးအကျဆုံးတွေ့ရှိရသော ကျောက်စာအရေးအသားများ ပါရှိ လေသည်။(ဘုရင် ဟုဗိရှက နန်းစံသက် (၂၈) နှစ်တွင် ထုလုပ်-ဟူသောစာသားကို ဗြဟ္မီ အက္ခရာဖြင့်ရေးထိုးထား သည်ကိုတွေ့ရပါသည်(Mathura Museum)
ဗုဒ္ဓဘာသာ သမိုင်းပညာရှင် ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏ သုံးသပ်ချက်အရဆို ရလျှင် ခရစ်နှစ် (၅) ရာစု မတိုင်မီကာလ အထိ အိန္နိယနိုင်ငံတွင် မဟာယာနဗုဒ္ဓဘာသာ၏ အသွင်အပြင်များ ထင်ရှားစွာ ပေါ်လွင်နေခြင်း မရှိသေးပေ။ ယင်းကာလတွင် မဟာယာနဗုဒ္ဓဘာသာ စတင် ပေါ်ပေါက် လာခဲ့ ပြီဆိုလျှင်တောင် အိန္နိယနိုင်ငံ၏ ဗဟိုအချက်အချာကျသော နေရာများတွင် မဖြစ်နိုင်ပဲ မထင်မရှား ဝေးလံခေါင်ဖျား ကျောင်းတိုက်များတွင်သာ ဖြစ်ပေလိမ့်မည်ဟု ဂရီဂိုရီ ရှိုပင် က ယူဆပါသည်။
အချို့သောပညာရှင်များအလိုအရ ရှေးအကျဆုံးသော မဟာယာနသုတ္တန်များ သည် ပညာပါရမိတာသုတ္တန် များဖြစ်နိုင်ပြီး ဘီစီ (၁) ရာစုဝန်းကျင်တွင် ယင်းသုတ္တန်များကို စုဆောင်းခဲ့ကြသည်ဟု ခန့်မှန်းသည်။ လောကခေမ အမည်ရှိသော ဂန္ဓာရတိုင်းသား ကုရှန်ရဟန်းတော် တစ်ပါးက တရုပ်ပြည်သို့ ရောက်ရှိခဲ့ပြီး ထိုအခါက တရုပ်နိုင်ငံ၏ မင်းနေပြည်တော် ဖြစ်သော လိုယန် (Luoyang) တွင် မဟာယာနသုတ္တန်များ ကို ဘာသာပြန်ဆိုခဲ့သည်။ ခရစ်နှစ် ၁၇၈ မှ ၁၈၉ အတွင်း ပြန်ဆိုခဲ့သော မဟာယာနသုတ္တန်များ မှာ အဓိက အားဖြင့် အောက်ပါတို့ ပါဝင်လေသည်။
၁။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန်
၂။ ၀ိမလကိတ္တိ နိဒ္ဒေသ သုတ္တန်
၃။ မဟာ သုခ၀တီဗျူဟာ သုတ္တန်
၎။ အက္ခောဘတထာဂတဗျူဟာ သုတ္တန်
၅။ ဥဂ္ဂပရိပုစ္ဆာသုတ္တန်
၆။ မဉ္ဖူသိရီပရိပုစ္ဆာသုတ္တန်
ရ။ သုရင်္ဂမသုတ္တန်
၈။ ဘဒ္ဒပါလသုတ္တန်
၉။ အဇာတသတ္တုကောတျဝိနောဒနသုတ္တန်
၁၀။ ကဿပ ပရိဗာတသုတ္တန်
၁၁။ လောကာနုဝါတနသုတ္တန်
၁၂။ အ၀ဋံသကသုတ္တန်

မဟာယာန ဗုဒ္ဓဘာသာ စတင်ဖြစ်ထွန်းမှုဆိုင်ရာအယူအဆများ
မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး မိမိ တို့ မြန်မာစာပေလောကတွင် အလွန်မှားယွင်းဆိုးဝါးနေသော အမြင်များ ပျံ့နှံ့လျှက်ရှိသည်ကို တွေ့ ရသည်။ အချုပ်အားဖြင့် ဆိုရလျှင် မဟာယာန ဗုဒ္ဓဘာသာ ကို အောက်ပါအတိုင်း ရှုမြင်သုံးသပ်ရေးသားကြလေသည်။

(၁) မဟာယာန ဗုဒ္ဓဘာသာ သည် မူလဗုဒ္ဓဘာသာ ကို မိမိတို့ ကြိုက်နှစ်သက်သလို ဖြည့်စွက်ပြင်ဆင်နုတ်ပယ် ရေးသားထား သော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။
(၂) မဟာယာန ဗုဒ္ဓဘာသာသည် ၀ိနည်း ကို အလေးမထားသော ပရိယတ္တိ-ပဋိပတ္တိ-ပဋိဝေဓ သာသနာ (၃) ရပ် မရှိသော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။
(၃) မဟာယာန ဗုဒ္ဓဘာသာသည် အဆင့်မြင့် သမထ-၀ိပဿနာ ဘာဝနာကျင့်စဉ်များ မရှိမူပဲ အောက်တန်းစား ဆန်သော အင်းအိုင်ခါးလှည့်လက်ဖွဲ့ အဆောင်ယုံကြည်မှုများ နတ်ဒေ၀တာ ကိုးကွယ်မှုများ ဖြင့်သာပြည့်နှက်နေသော အတုအယောင်ဗုဒ္ဓဘာသာ ဖြစ်သည်။

ဤ အရေးအသား အယူအဆများသည် မဟာယာန ဗုဒ္ဓဘာသာ၏ ပကတိသဘာဝ အမှန် နှင့် ဖြစ်ထွန်းတိုးတက်မှု သမိုင်း ကြောင်း ကို မျက်ကွယ်ပြုလျှက် ဂိုဏ်းဂဏစွဲ များဖြင့် ၀ါဒဖြန့်ချိလိုသော အရေးအသားများသာ ဖြစ်လေသည်။

မဟာယာန ဗုဒ္ဓဘာသာ ဖြစ်ထွန်းမှု သည် အိန္ဒိယနိုင်ငံ၏ ဘာသာရေးသမိုင်းတစ်ခုလုံးနှင့် ဆက်စပ်နေလေသည်။ မဟာယာန ဗုဒ္ဓဘာသာ သည် အိန္ဒိယနိုင်ငံ၏ ဘာသာရေးသမိုင်း တွင် ဗုဒ္ဓဘာသာ နှင့် အခြားသော ဘာသာရေးဂိုဏ်းများ (အထူးသဖြင့် ဟိန္ဒူ ဝေဒန္တဂိုဏ်း နှင့် ညာယ ၀ိသေသိက ဂိုဏ်း) တို့ အကြား ရုန်းကန်မှုများ၏ ရလာဒ် ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ဘာသာရေးသမိုင်း တွင် လိုက်ပါစီးမျောခဲ့ ရသော မဟာယာန ဗုဒ္ဓဘာသာ အနေဖြင့် မူလဗုဒ္ဓဘာသာ၏ အသွင်အပြင် နှင့် ခြားနားပြောင်းလဲလာခဲ့ သည်မှာ ဓမ္မတာပင်ဖြစ်သည်။ တနည်းအားဖြင့် မူလဗုဒ္ဓဘာသာ တွင် မပါဝင်ခဲ့ သော အယူအဆသစ်များ  မဟာယာန ဗုဒ္ဓဘာသာ နယ်ပယ် တွင် ပေါ်ပေါက်လာခဲ့ သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယင်း အယူအဆသစ်များမှာ မူလဗုဒ္ဓဘာသာမှ သွေဖည်ရန်မဟုတ်ပဲ ဆန့်ကျင်ဖက် ဘာသာခြား ဘာသာရေး ဂိုဏ်းများအကြား ဆက်လက်ရှင်သန်နိုင်ရန် ရုန်းကန်ခဲ့ရမှု ၏ ခြေရာများသာဖြစ်သည်ကို ယနေ့ခေတ် ပညာရှင် သုတေသီများ သိလာရပြီဖြစ်ပါသည်။

ဘာသာရေးဂိုဏ်းများအကြား ထိတွေ့ကူးလူးဆက်ဆံမှုများကြောင့် ဟိန္ဒူ ဝေဒန္တဂိုဏ်း နှင့် ညာယ ၀ိသေသိက ဂိုဏ်း ဆန်သော အယူအဆများ မဟာယာန ဗုဒ္ဓဘာသာ အတွင်းသို့ စိမ့်ဝင်ရောက်ရှိခဲ့ သည်မှာ အမှန်ပင်ဖြစ်၏။ အိန္ဒိယနိုင်ငံ၏ ဘာသာရေးသမိုင်းအရ အလယ်ခေတ်တွင် ပေါ်ပေါက်လာခဲ့သော တန္တရယောဂ ကျင့်စဉ် အယူအဆများ လောကီသိဒ္ဓိဆိုင်ရာ အယူအဆများ သည်ပင် မဟာယာန ဗုဒ္ဓဘာသာ အတွင်းသို့ ၀င်ရောက်လာခဲ့လေသည်။ ထို့ပြင် မဟာယာန ဗုဒ္ဓဘာသာတက္ကသိုလ်ကြီးများ ပေါ်ပေါက်လာခဲ့ခြင်းကလဲ ဤဖြစ်စဉ် ကို အားပေးခဲ့သည်။ မဟာယာန ဗုဒ္ဓဘာသာသည် တရုပ်ပြည် ဂျပန်ပြည် တိဗက်ပြည် တို့သို့ ပျံ့ပွားခဲ့သော အခါတွင်လည်း အဆိုပါတိုင်းနိုင်ငံများတွင် အားကောင်းစွာ ရှိနေနှင့်သော ရိုးရာအတွေးအခေါ်များ ယုံကြည်မှုထုံးဓလေ့များနှင့် ရောယှက်ပေါင်းစပ်ရပြန်ရာ ပိုပြီး ပြောင်းလဲသော အသွင်ကို ဆောင်ယူလာခဲ့ သည်မှာ အမှန်ပင်ဖြစ်လေသည်။ ဤဖြစ်စဉ်များ ကို ဆက်လက် ၍
အသေးစိတ်ရေးသားဖေါ်ပြသွားပါမည်။ ယခု ဆက်လက်၍ မဟာယာန ဗုဒ္ဓဘာသာ စတင် ဖြစ်ထွန်းမှုနှင့် ပတ်သက်ပြီး ပညာရှင် တို့၏ အယူအဆများ က လေ့လာကြည့်ကြပါစို့။

မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု (Mahayana Buddhist Movement) ကို စေတီပုထိုးများ ကိုးကွယ်မှု နှင့် ဆက်စပ်ကာ ပေါ်ပေါက်လာသည်ဟု အချို့ ပညာရှင်များက မှန်းဆကြသည်။ ဘီစီ (၃) ရာစု မှ အေဒီ (၃) ရာစု အတွင်းကာလ သည် အိန္ဒိယနိုင်ငံ တွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးသောကာလဖြစ်သလို ဗုဒ္ဓဘာသာ လည်း ပျံ့ပွား နေသောကာလဖြစ်သည့် အားလျော်စွာ ဗုဒ္ဓဘာသာဝင်များ အကြား စေတီပုထိုးများ ကိုးကွယ်မှု လည်း ခေတ်စားနေခဲ့သော ကာလဖြစ်လေသည်။
ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုတော်မူပြီး နောက်ပိုင်းတွင် ရှင်တော်ဗုဒ္ဓ ကို မဟာပုရိသ အနေနှင့် ကိုးကွယ်မှုများ ရှိလာခဲ့ပြီး ရှင်တော်ဗုဒ္ဓ ကို ရည်မှန်းလျှက် ဓါတ်တော် မွေတော်များ ကို စေတီပုထိုးများ တည်ထား ကိုးကွယ်မှုများလည်း ထွန်းကားခဲ့သည့် အချိန်လဲ ဖြစ်ပါသည်။ အဆိုပါ စေတီပုထိုးများ၏ ပရ၀ုဏ် အတွင်းဝယ် ရဟန်းတော်များ သီတင်းသုံးရာ ကျောင်းတိုက်များရှိခဲ့ပြီး ယင်း ရဟန်းတော်များသည် စေတီပုထိုးများကို စောင့်ရှောက်ထိန်းသိမ်းခြင်း စေတီပုထိုးများကို ၀တ်ပြုပူဇော်ခြင်း တို့ကို ဦးစီးရွက်ဆောင်ရသူများဖြစ်လေသည်။ အဆိုပါ ရဟန်းတော်များမှ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု စတင်ခဲ့လေသလော ဟု လည်း ပညာရှင်များတွေးတောကြည့်ကြသည်။

နောက်အယူအဆတစ်ခုမှာ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု အိန္ဒိယနိုင်ငံ တွင်ပေါ်ပေါက်လာချိန်မှာ ရှေးဦးဗုဒ္ဓဘာသာ တွင် ဂိုဏ်းများ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေသောကာလ ဖြစ်တန်ရာသည်။ ဥရောပ မှ ခရစ်ယာန်ပြုပြင် ပြောင်းလဲ ရေးလှုပ်ရှားမှု ကဲ့သို့ မဟာယာနဗုဒ္ဓဘာသာလှုပ်ရှားမှု သည် တွင် ဂိုဏ်းများအားလုံး ပေါင်းစည်းညီညွတ်ရေး နှင့် ဗုဒ္ဓဘာသာ ၏ ယုံကြည်မှု အနှစ်သာရ ကို ပြန်လည်ဖေါ်ဆောင်ရန် အားထုတ်ကြိုးပမ်းမှု တစ်အနေနှင့် မြင်နိုင်ပါသည်။ ခေတ်ပြိုင် ဟိန္ဒူဗြဟ္မဏ ဘာသာ နှင့် ဟိန္ဒူဗြဟ္မဏ ဘာသာ ကို အားပေးသော ဘုရင်များ၏ ထိုးနှက်မှု များကို ကြံ့ ကြံ့ခံနိုင်သော ၀ါဒသဘောတရားရေးရာတစ်ရပ် အနေနှင့် ပေါ်ပေါက်ခဲ့ဟန်တူပါသည်။

ထိုခေတ်ကာလ က ဟီနယာနဂိုဏ်းများသည် ဘ၀လွတ်မြောက်ရေးကိုပဲဦးတည်ချက်ထားကာ ကျင့်ကြံအားထုတ် နေကြသောကြောင့် နိုင်ငံရေး နှင့် ကင်းလွတ်နေလေသည်။ ရဟန်းတော်များသည် ကျောင်းတိုက်ကြီးများမှာ နေထိုင်ကာ တရားအားထုတ်ရင်း ပရိယတ္တိစာပေလေ့လာမှုများလုပ် နေခဲ့ကြသောကြောင့် လူအများနဲ့ ကင်းကွာလာခဲ့ကြလေသည်။
မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို စတင်ခဲ့ကြသော လူပုဂ္ဂိုလ်များ ရဟန်းတော်များကမူ ခေတ်ပြိုင် ဟိန္ဒူဗြဟ္မဏ အဖွဲ့အစည်းနှင့် ဆန့်ကျင်ရပ်တည်--ရဟန်းတော်များနည်းတူ ဥပသကာ တွေ၏ အခန်းကဏ္ဍကိလည်ုး ရှေ့တန်းတင်ခဲ့ ကြလေ၏ (၀ိမလကိတ္တိနိဒ္ဒေသသုတ်)…သို့သော် ပညာတတ် မဟာယာန ဗုဒ္ဓဘာသာ ရဟန်းတော်များကသာ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှုကို ဦးဆောင်မည်မှာ အသေအချာပင်ဖြစ်လေသည်။

ရက်ဂျီနယ်ရေး (Reginald Ray) ၏ အလိုအရ မဟာယာနဗုဒ္ဓဘာသာလှုပ်ရှားမှုသည်အရည၀ါသီတောရ ဆောက်တည် သော ရဟန်းများမှ စတင်ခဲ့ဟန်ရှိကြောင်း တင်ပြခဲ့၏[4] ရှေးဟောင်းမဟာယာနသုတ္တန်မျာကို တရုပ်ဘာသာသို့ ပြန်ဆိုခဲ့သော လောကခေမ၏ ဘာသာပြန်ဆိုချက်များတွင် တပအကျင့် ယောဂအကျင့် ကမ္မဋ္ဌာန်းအကျင့်များ ကို အသားပေးဖေါ်ပြခဲ့သည်ကိုတွေ့ ရသည်။  တပအကျင့် ယောဂအကျင့် ကမ္မဋ္ဌာန်းအကျင့်များ အားဖြင့် သာမန်ထက်ထူးကဲသောတန်ခိုးရခြင်း တိမ်မြုပ်ပျောက်ကွယ် နေသောကျမ်းစာများဖေါ်ထုတ်ခြင်း ဒေ၀လောက ပရလောကနှင့် အဆက်အသွယ်ပြုလျှက် အဆင့်မြင့်တရား ဓမ္မဒေသနာများကို အသိရောက်ပေါက်မြောက်နိုင်ခြင်း တို့ အားဖြင့် မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု ကို တွင်ကျယ်စေခဲ့ လူအများ လက်ခံယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့ သည်ဟု ဆိုပါသည်။ မဟာယာန ဗုဒ္ဓဘာသာ လှုပ်ရှားမှု သည် ဂါမ၀ါသီ ဂိုဏ်းများနှင့် ပြိုင်ဆိုင်ခဲ့ရဟန်တူသောကြောင့် ရှေးဟောင်း မဟာယာနသုတ္တန်များတွင် ပါဝင်နေသော အံ့ဖွယ်သရဲတန်ခိုးသတ္တိထူးများမှာ စာပေအလင်္ကာသဘောအရ အလှတန်ဆာ ဆင်ရုံသက်သက်မဟုတ်ပဲ ဂိုဏ်ချင်း ဘာသာတရားချင်း အပြိုင်အဆိုင် စည်းရုံးရဟန်ဖြစ်သော ရုန်းကန်မှု များကိုညွန်ပြ နေခဲ့ပုံရလေသည်။

ဂရီဂိုရီ ရှိုပင် Gregory Schopen ၏အမြင် ရှေးဟောင်းမဟာယာနသုတ္တန်များတွင် တူရူနှစ်ခုရှိနေကြောင်းဖေါ်ပြသည်။
မဟာယာန သည် ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းများနှင့် အစေးမကပ်ခဲ့ သောကြောင့်  ကျောင်းတိုက်ကြီးများ အတွင်း နေထိုင်သော မဟာယာန၀ါဒီရဟန်းတော်များ-အများနှင့်မတူ အပယ်ခံ အနှိမ်ခံဖြစ်နေရခြင်းတောရဆောက်တည် ကျင့်ကြံနေသော အရည၀ါသီ မဟာယာန၀ါဒီရဟန်းတော်များ-ဂါမ၀ါသီ ဂိုဏ်းများမှ လက်မခံခြင်း တို့ ကို တွေ့ရသည်။ မဟာယာန၀ါဒနှင့်ပတ်သက်သော ကျောက်စာ အထောက်အထားများ ရာစုနှစ်များစွာ မရှိခဲ့ခြင်း က ဤ အချက်ကို သက်သေထူနေ သည်ဟု ဂရီဂိုရီ ရှိုပင် က သုံးသပ်ထားပါသည်။

မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆ
မဟာယာနလှုပ်ရှားမှုကိုလူဥပသကာတို့ကစတင်ခဲ့ကြောင်းအယူအဆကို ပြင်သစ်လူမျိုး ဗုဒ္ဓဘာသာသမိုင်းပညာရှင် အေတျန်းလာမုတ်(Étienne Lamotte) က တင်ပြခဲ့၏။ လာမုတ်၏ အနုမာန အရ ရဟန်းတော်တို့၏ အတိမာန နှင့် ထောင်လွှားမှုကို လူဥပသကာတို့က တုန်ပြန်ခြင်းအားဖြင့် ပေါ်ပေါက်ခဲ့ သည်ဟုဆိုပါသည်။ ဘုရားရှင်လွန်ပြီးနောက်
နှစ်ပေါင်း ၅၀၀ အတွင်း ဗုဒ္ဓဘာသာသည် တိုးတက်ခဲ့သော်လည်း အတွင်း အပ အခက်အခဲတွေ ကို ရင်ဆိုင်ခဲ့ရလေသည်။
ပိဋကတ်ကျမ်းစာများအပေါ် အမြင်မတူညီမှု ကျမ်းစာသစ်များ ထပ်တိုးလိုစေခြင်း ၀ိနည်းကို လျှော့စေခြင်း စသော ကွဲပြားမှုများဖြင့် ရုန်းကန်ခဲ့ရာဝယ် လူဥပသကာတို့က ရဟန်းတော်များ၏ တရားသေ အနက်ဖွင့်ဆိုချက်များကို ဝေဖန်ဆန်းစစ်ရာမှ မဟာယာနလှုပ်ရှားမှု စတင်ကြောင်း အေတျန်းလာမုတ်က တွေးဆခဲ့သည်။

စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့ကစတင်ခဲ့ကြောင်းအယူအဆကို ဂျပန်လူမျိုး ဗုဒ္ဓဘာသာသမိုင်းပညာရှင် အကိရ ဟိရကာဝ (Akira Hirakawa) (1963; cf. Hirakawa 1990: 256–74).က တင်ပြခဲ့ ပါသည်။ ဘုရားရှင်လွန်ပြီးနောက် ကျန်ရစ်သော ဓါတ်တော်မွေတော်များကို စေတီ ထူပါ များတည်ဆောက် ဋ္ဌာပနာပြီး ကိုးကွယ်ခဲ့ကြသည်။ စေတီ ထူပါ တို့ ကို လူဥပသကာ ဗုဒ္ဓဘာသာဝင်တို့က စောင့်ရှောက်ခဲ့ကြပြီး စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံ၍ မဟာယာနဆိုင်ရာ အယူအဆများ တိုးတက်ထွန်းကားလာခဲ့ကြောင်း အကိရ ဟိရကာဝ က ကောက်ချက်ဆွဲလိုဟန်တူပါသည်။ ထို့အပြင် နာမည်ကျော်ဝိမလကိတ္တိနိဒ္ဒေသသုတ္တန် မှာ လူဥပသကာဝိမလကိတ္တိ က အဆင့်မြင့်မားသော မဟာယာနဆိုင်ရာ တရားအသိဥာဏ် ကို ဖေါ်ကျူးခဲ့ပုံကို ထောက်ရှုပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့က ဦးဆောင်မှု ပြုခဲ့ကြောင်း မှန်းဆကြသည်။

ဘဒ္ဒကာရဗျာကရဏသုတ္တန် မှာ လူဗောဓိသတ္တက မဟာယာနတရားမကျင့်သုံးသော ရဟန်းထက် ပိုမြင့်မြတ်ကြောင်း ရေးသားထားချက်ကို တွေ့ရလေသည်။ ထူးခြားသော အဖြစ်အပျက် တစ်ရပ်ကို မှတ်တမ်းပြုထားပုံမှာ
အသောကဒတ္တာ ဗျာကရဏသုတ္တန်တွင် အသောကဒတ္တာ အမည်ရှိ (၁၂) နှစ်အရွယ် ဘုရင့် သမီးတော်လေး က နန်းတောထဲဝင်လာသော ရဟန်းတော်များကို ရှိခိုးဦးချရန် ငြင်းဆန်ခဲ့ပုံ  ခြင်္သေ့ က တောခွေး များ ကို အရိုအသေပြုရန်မလိုအပ်သလို မဟာယာနလမ်းစဉ်ကို လိုက်နာသူက ဟီနယာန ရဟန်းများကိုအရိုအသေပြုရန် မလိုအပ်ပါကြောင်း  ဖခင် ဘုရင်ကြီးကို လျှောက်ထားပုံများ ပါဝင်နေသည်ကို ထောက်ချင့်၍ မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့က ရဟန်းတော် တို့ကို ဆန့်ကျင်ခဲ့ဟန် ကို တွေ့ရပေသည်။

သို့ရာတွင် ခေတ်ပညာရှင်များက စေတီ ထူပါ ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို လူဥပသကာ တို့ကစတင်ခဲ့ကြောင်းအယူအဆကို လက်သင့်မခံလိုကြတော့ချေ။ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏ ဝေဖန်ချက်မှာ ရှေးဟောင်းမဟာယာနသုတ္တန်များတွင် စေတီ ထူပါ ကိုးကွယ်မှု ကို ပြင်းထန်စွာ ဆန့်ကျင်ထားချက်များကို တွေ့ရသောကြောင့်ဖြစ် လေသည်။ စေတီ ထူပါ ကိုးကွယ်မှု ထက်မဟာယာနလမ်းစဉ် ကို ဖော်ကျူးထားသော
ကျမ်းစာများ ကိုးကွယ်မှု ကို အခြေခံပြီး မဟာယာနလှုပ်ရှားမှုကို စတင်ခဲ့ကြောင်း Gregory Schopen က ဆိုခဲ့ပါသည်။

အဇိတသေနဗျာကရဏနိဒ္ဒေသ သုတ္တန်
ရှေးဟောင်း ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှ သုတ္တန်တစ်ခုဖြစ်နိုင်သည်ဟုယူဆရသော အဇိတသေနဗျာကရဏနိဒ္ဒေသ သုတ္တန်
တွင် လည်း မဟာယာနဗုဒ္ဓဘာသာဆိုင်ရာ အယူအဆများ၏ အစ ကို တွေ့ရ၏။ ဤသုတ္တန်သည် မဟာယာနဆိုင်ရာ သုတ်တစ်ခု ဆိုသော်လည်း များစွာရှေးကျဖွယ်ရှိကြောင့် ပညာရှင်တို့ ခန့်မှန်းကြလေသည်။ ဤသုတ္တန်သည် အာဖဂန်နစ္စတန်နိုင်ငံ ဂီလ်ဂျစ် ဒေသမှ စေတီကုန်းတစ်ခု တူးဖေါ်ရာမှ တွေ့ရှိသော သက္ကဋသုတ္တန်ဖြစ်ပြီး
၆-၇ ရာစုခန့်က ရေးသားခဲ့ဟု ခန့်မှန်းကြသည်။ မဟာယာနဆိုင်ရာ သုတ်တစ်ခု နှင့် သိပ်မတူလှပဲ အကြို မဟာယာန (Proto-Mahayana) ဆိုင်ရာ သုတ်တစ်ခုလို့ဆိုနိုင်သည်။ ဤသုတ္တန်တွင် လူဥပသကာများ ကို ဒါနပြုကြရန် ရဟန်းတော်များကို လှူဒါန်းကြရန်သွန်သင်ထားသည်ကို တွေ့ရ၏။ ဒါနပြုခြင်းအားဖြင့် အနာဂတ်ဘ၀များအတွက် အနုဂါမိကဥစ္စာ မြုပ်နှံကြရန်တိုက်တွန်းထား ပုံမှာ ယခုခေတ်ကာလ ဘာသာရေး ဟောပြောမှုများနှင့်ခြားနားချက် မရှိလှချေ။

ဤသုတ္တန်တွင်ပါသော ဇာတ်လမ်းမှာ သူတောင်းစားအမေအိုကြီး တစ်ယောက်သည် ဘုရားရှင်ကို လှူဒါန်းစရာမရှိသော ကြောင့် မိမိကိုယ်ကို သတ်သေရန်ဆုံးဖြတ်ခဲ့ရာတွင် နတ်ဒေ၀တာတစ်ပါးက သူမကို လှူဒါန်းစရာပေး လေ၏။ ဘုရားရှင်က ဤသို့ လှူဒါန်းသည်မှာ ယခုမှမဟုတ်မူပဲ အတိတ်ကာလကလည်း ရှေးဘုရားရှင်များကို အခုလို လှူဒါန်းခဲ့ဖူးကြောင်း အတိတ်ကိုဆောင် ဟောပြောလေသည်။ သူတောင်းစားအမေအိုကြီး အား ဘုရားရှင်က နောင်ပွင့်မည့် ဘုရားလောင်း အဖြစ် ဗျာဒိတ်ပေးတော်မူခဲ့ သည်ဟု ဆိုပါသည်။

သုတ္တန်ထဲမှ အဓိကကျသော ဇာတ်ဆောင်တစ်ဦးမှာ ဘုရားရှင်၏ မဟာသာဝကတစ်ပါးဖြစ်သော အရှင်နန္ဒိမိတ္တ ဖြစ်၏။
ဘုရားရှင်က အရှင်နန္ဒိမိတ္တ ကို အဇိတသေနမင်းထံ ကလျာဏမိတ္တ အနေဖြင့်စေလွတ် တရားဟောစေခဲ့ ရာတွင် အရှင်မြတ်က ဒါနပြုကြရန် ရဟန်းတော်များကို လှူဒါန်းကြရန် ဒါနပြုခြင်းအားဖြင့် အနာဂတ်ဘ၀များအတွက် အနုဂါမိကဥစ္စာ မြုပ်နှံကြရန်တိုက်တွန်းဟောပြောခဲ့၏။  ထိုအခါမှာ သူတောင်းစားအမေအိုကြီး ကွယ်လွန်ပြီး အဇိတသေနမင်းထံမှာ သားတော်အဖြစ် ဖြင့် ပြန်လည်မွေးဖွား ခဲ့လေသည်။

နောင်ကာလတွင် အဇိတသေနမင်း နှင့် သားတော် တို့သည် လူဘောင်ကိုစွန့်ခွာပြီး သာသနာတော်မှာ ရဟန်းပြုကြလေ၏။ ရဟန်းခံနေစဉ်မှာပင် သားတော်သည် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်ခဲ့ များစွာသော သုခ၀တီ နှင့် အဘိရတိ စသော ဗုဒ္ဓခေတ် (Buddha-Fields) တို့ ကို အဘိညဉ်မျက်စိအားဖြင့် တွေ့မြင်ရ သည်ဟုဆို၏။
အရှင်နန္ဒိမိတ္တ ကိုလည်း မြတ်စွာဘုရားက နောင်ပွင့်လာမည့်ဘုရားလောင်းအဖြစ်ဗျာဒိတ်ပေးခဲ့လေ၏။
ဤသုတ္တန်မှာ ထေရ၀ါဒအမြင်နှင့် ခြားနားသော အချက်ကို ထင်ရှားစွာတွေ့ နိုင် ရဟန္တာဖြစ်ခဲ့ပြီးမှ ဘ၀မချုပ်ငြိမ်းပဲ ဘုရားလောင်းအဖြစ်ဗျာဒိတ်ပေးခံရခြင်း အယူအဆကို ထူးခြားစွာတွေ့ရပါသည်။ ထို့အပြင် ရှင်တော်ဘုရား၏ တန်ခိုး နှင့် ဗုဒ္ဓ၏ နာမတော်ကို ရွတ်ဆိုပွားများခြင်းဖြင့် အပယ်မှလွတ်ကင်းနိုင်ပုံ များကိုပါ ဆက်လက်ဖေါ်ပြထားသည်ကိုတွေ့ရ၏။
မဟာယာနသုတ္တန်များ၏ အစဉ်အလာအတိုင်း ဤသုတ္တန် ကို ဖြန်ဖြူးသူများ ကောင်းကျိုးခံစားရပုံ ဝေဖန်တိုက်ခိုက်သူများ အပယ်ငရဲသို့ လားရပုံ တို့ပါ တစ်ဆက်တည်းရေးသား ဖေါ်ပြထားပါသည်။

ဤသုတ္တန်တွင် ရဟန္တာအဖြစ်ထက် ဘုရားအဖြစ်က မြင့်မားသာလွန်ပုံ လူတိုင်း ဘုရားဆုကို ပန်ဆင်နိုင်ပုံ ကို ဖေါ်ပြခဲ့ သောကြောင့် အဇိတသေနဗျာကရဏနိဒ္ဒေသ သုတ္တန်သည် မဟာယာန ဝေါဟာရ မပါရှိသော်လည်း မဟာယာန အမြင်သို့ စတင်ကူးပြောင်းလာမှု၏ အစ အဖြစ်တွေ့ရကြောင်း ပညာရှင်တို့ သုံးသပ်ကြသည်။

ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှ ရှေးဦးမဟာယာနဗုဒ္ဓဘာသာ၏သွင်ပြင်
အေဒီ (၆) ရာစုတွင် မဟာယာနဗုဒ္ဓဘာသာသည် ပေါ်လွင်ထင်ရှားသော သီးခြားဂိုဏ်းကြီးအဖြစ်ရပ်တည်နိုင်လာသည့် တိုင်အောင် ၎င်း တည်ရှိနေသော ဒေသများမှာ ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းများ အားမကောင်းသည့် အရပ်ဒေသများ သာဖြစ်နေခဲ့သည် ကို တွေ့ရသည်။ရှေးဦးမဟာယာနဗုဒ္ဓဘာသာသည် မူလဗုဒ္ဓဘာသာ၏ ပဋိပတ္တိလုပ်ငန်း အစဉ်အလာကို ပြန်လည်ဖေါ်ထုတ်ရန်ကြိုးပမ်းသောလုပ်ရပ်ဖြစ်နိုင်သည်။  ရှေးဦးမဟာယာနဗုဒ္ဓဘာသာ ရဟန်းတော်များသည်ပဋိပတ္တိလုပ်ငန်းနှင့် ဘုရားဖြစ်ရေးလမ်းစဉ်ကို ပြန်လည်ထွန်းညှိသူများဖြစ်နိုင်ပေသည်။

ယင်းအချက်နှင့်ပတ်သက် ရှေးဟောင်းမဟာယာနသုတ္တန်များ ဖြစ်သော ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် ၂ ခု = စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် နှင့် မဟာ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် တွင့်လေ့လာတွေ့ရှိနိုင်လေသည်။
စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ အစဉ်အလာ ရှေးဦးဗုဒ္ဓ၀ါဒဆန်သော သင်ကြားမှုများသာတွေ့ရသည်။ ရဟန်းတော်များ ၀ိနည်းကျင့်ဝတ်ကိုလိုက်နာကြရန် ပဋိပတ္တိလုပ်ငန်း အားထုတ်ကြရန် သွန်သင်ဆုံးမချက်များကို တွေ့ရသည်။
မဟာ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ စူဠ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် ကို အခြေခံချဲ့ထွင်ထားဟန်ရှိပြီး
 ဗောဓိသတ္တ ရဟန်းများကို ရဟန်းကောင်းများအဖြစ်ဖေါ်ပြ အမွမ်းတင်ထားသည်ကိုတွေ့ရ၏။ယင်းသုတ္တန်တွင်
ဗောဓိသတ္တရဟန်းများ အတွက် တောရ ဆောက်တည်ကျင့်သုံးရန်ညွန်ကြားချက်များ-အပြစ်အာပတ်များ ကို ဖေါ်ပြထားပါသည်။ ထို့အပြင် ခေတ်ပြိုင် ဗုဒ္ဓဘာသာလောက၏ ယိုယွင်းပျက်စီးနေပုံများကို မီးမောင်းထိုးပြထားခဲ့ပြီး ရဟန်းဆိုး ရဟန်းညစ်တို့ ကြီးထွားနေဟန် ရဟန်းဆိုး ရဟန်းညစ်တို့၏ မှားယွင်းသော အကျင့်စရိုက်များ ကို ဖေါ်ပြထားပါသည်။ဈာန်မဂ်ဖိုလ်ကို ဆောက်တည်ကျင့်သုံးနေသော ဗောဓိသတ္တရဟန်းများ ကို ကျောင်းတိုက်မှနှင်ထုတ်ပုံ ရိုက်နှက်ပုံ ရဟန်းဆိုး ရဟန်းညစ်တို့ အပယ်ငရဲသို့သာလားကြရမည့်အကြောင်း ကိုလည်း တွေ့ရ၏။

မဟာ ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် မှာ ရှေးဟောင်း ဇာတက (ဇာတ်တော်) များကို ကိုးကား ဗောဓိသတ္တရဟန်းများ ကျင့်သုံးရန် ဘုရားလောင်းကျင့်ဝတ်များကို ဖေါ်ညွန်းထား ခဲ့သည့်အပြင်ဗုဒ္ဓအဖြစ်သည် ရဟန္တာအဖြစ်ထက် အလွန်အကျူး သာလွန်ထူးမြတ်ကြောင်း ကို ဖေါ်ပြထားလေသည်။သကျမုနိ အလောင်းလျာဗောဓိသတ္တ သည် မှားယွင်းသော အကျင့်စရိုက်များ ရှိသည့် ရဟန်းဆိုး ရဟန်းညစ်တို့ နှင့် မည်မျှခြားနားကြောင်းကို အသားပေးဖေါ်ပြထားလေသည်။
နောက်သုတ္တန်တစ်ခုဖြစ်သော သူရိယဂဗ္ဘသုတ္တန် တွင် မှားယွင်းသော အကျင့်စရိုက်များကျင့်ကြံနေသော ၀ိနည်းမလေးစားသော ရဟန်းဆိုးတို့ ကို နှင်ထုတ်ရန်အတွက် ဥပသကာများကို တိုက်တွန်းထားခဲ့လေသည်။ အကယ်ရွေ့
ဥပသကာများက ရဟန်းဆိုးတို့ ဖက်ကရပ်တည်ခဲ့လျှင် ဗောဓိသတ္တရဟန်းများ အနေဖြင့် ငြိမ်းချမ်းစွာ ထွက်သွားရန်နှင့် တောရဆောက်တည်ကြရန် ဖေါ်ပြထားသည်ကို တွေ့ရပါသည်။

ဂရီဂိုရီ ရှိုပင် (Gregory Schopen) ၏ သုံးသပ်ချက်အမြင်အတိုင်းဆိုရပါလျှင် ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် နှင့် ခေတ်ပြိုင် သံဃာအဖွဲ့အစည်း သည် ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်းမရှိလှပဲ  အလယ်ခေတ် ရောမကျောင်းတော်ကဲ့သို့ ပိုင်ဆိုင်မှုများဖြင့်ကြွယ်ဝလျှက် ကျောင်းတိုက်များတွင် ကျေးကျွန်များပါ အလုပ်အကျွေးပြုလျှက် ရှိ ခေတ်ပြိုင် သံဃာအဖွဲ့အစည်းသည် ကမ္မဋ္ဌာန်းတရား အလုပ်အားထုတ်ကြသော ရဟန်းများကို မျက်နှာသာပေးပုံမရပဲ လူပြိန်းကြိုက် ဘာသာတရားတစ်ခုအသွင် ဖြစ်နေကြောင်း သုံးသပ်ထားသည်။[5] ခေတ်ပြိုင် သံဃာအဖွဲ့အစည်း သည် ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်း ကိစ္စများထက် ပရိယတ္တိစာပေသင်ကြားခြင်း ဥပသကာတို့၏ ဘာသာရေးဆိုင်ရာလိုအပ်များ ကို ၀န်ဆောင်မှုပေးခြင်း စသောကိစ္စရပ်များတွင်သာ အချိန်ပေးလျှက်ရှိပြီး ကမ္မဋ္ဌာန်းတရား အလုပ်အားထုတ်ကြသော ရဟန်းများကို သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် တာဝန်မကျေပွန်သော ရဟန်းများ အဖြစ်သတ်မှတ်ခဲ့သောကာလလည်းဖြစ်ပေသည်။

ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင်လာသောလူဥပသကာ ဗောဓိသတ္တ၏ အခန်းကဏ္ဍ
ဥဂ္ဂပရိပုစ္ဆာသုတ္တန် မည်သော ရှေးဦးမဟာယာနဗုဒ္ဓဘာသာဆိုင်ရာ သုတ္တန်တစ်ခုတွင်မူ ရဟန်းမဟုတ်သော လူဥပသကာ ဗောဓိသတ္တ၏ အခန်းကဏ္ဍကို ရှေ့တန်းတင်ကာဖေါ်ပြလာသည်ကိုတွေ့ရ၏။ ဤနေရာတွင် လူဥပသကာ ဗောဓိသတ္တ ဟူသည်မှာ သာမန် ဗုဒ္ဓဘာသာဝင် ဥပသကာမဟုတ်မူပဲ ကမ္မဋ္ဌာန်းတရားအလုပ်အားထုတ်ခြင်း ကိစ္စများတွင် ဘ၀ကိုနှစ်မြုပ်လျှက် ကျင့်ကြံအားထုတ်နေသော လူသူတော်စင်ပုဂ္ဂိုလ်မျိုးကို ဆိုလိုဟန်တူလေသည်။ လူဥပသကာ ဗောဓိသတ္တသည် လူသားတစ်ဦးအနေဖြင့်လူ့ဘောင်လောကတွင် နေထိုင်လျှက်က မြတ်သောဗြဟ္မစရိယ အကျင့်ကိုကျင့်သုံးသူ ဖြစ်သောကြောင့် စင်စစ် အားဖြင့် ဇနီးမယားဟူသော မာတုဂါမသည် သူ့အတွက် ဗောဓိသတ္တ လမ်းစဉ်အတွက် အဟန့်အတားသဖွယ်ဖြစ်ရကြောင်း မိမိ၏ သားမယား အပေါ် စွဲလန်းနှစ်သက်တွယ်တာမှုအစား ဝေနေယျသတ္တ၀ါအားလုံး အတွက် တူညီသော မေတ္တာ ကရုဏာ ကိုသာထားရှိသင့်ကြောင်း ကို ထိုသုတ္တန်တွင် ဖေါ်ပြထားလေသည်။[6]

လူဥပသကာ ဗောဓိသတ္တသည် ရဟန်းတော်များကို ချဉ်းကပ်ကာ ဗောဓိသတ္တ လမ်းစဉ် ကို လေ့လာဆည်းပူးသင်ယူ လေ့ကျင့်လျှက် မိမိကိုယ်တိုင်လည်း ရဟန်းတော်ဗောဓိသတ္တတစ်ပါးအဖြစ်သို့ရောက်ရှိအောင် ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်းဥဂ္ဂပရိပုစ္ဆာသုတ္တန် က ညွန်ပြထားလေသည်။ အဘယ်ကြောင့်ဆိုသော် သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်သို့ရဟန်းတော်ဗောဓိသတ္တတစ်ပါးအဖြစ်မှ သာ ရောက်ရှိနိုင်သောကြောင့် ဖြစ်ပေသည်။ ဥဂ္ဂပရိပုစ္ဆာသုတ္တန်သည် နှောင်းကာလ မဟာယာနအယူအဆဖြစ်သော ဧကယာနအယူအဆ (သတ္တ၀ါအားလုံး သမ္မာသမ္ဗုဒ္ဓဘုရားရှင် အဖြစ်သို့ရောက်ရှိခြင်းလမ်းစဉ်) နှင့် မတူညီခြားနားသော အမြင်ရှိကြောင်းတွေ့ ရ၏။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ် သို့ရောက်ရှိခြင်းလမ်းစဉ်သည် သတ္တ၀ါအားလုံးအတွက်မဟုတ်မူပဲ ရှားပါးထူးချွန်ထက်မြက်သော လူနည်းစု အတွက် သာဖြစ်သည်ဟု တင်ပြထားလေသည်။

ဥဂ္ဂပရိပုစ္ဆာသုတ္တန် တွင် ရေးသားဖေါ်ပြချက်များအရ ကျောင်းအရာမ်တစ်ခုတွင် ဗောဓိသတ္တရဟန်းတော်များရှိသလို သာမန် သာဝကလမ်းစဉ်ကို ကျင့်သုံးသော ရဟန်းတော်များ ဓူတင်ဆောင်ရဟန်းတော်များလည်း အတူတကွ သီတင်းသုံးနေခဲ့ကြကြောင်းတွေ့ရ၏။ ဥဂ္ဂပရိပုစ္ဆာသုတ္တန် နှင့်ရဋ္ဌပါလပရိပုစ္ဆာသုတ္တန် တို့ ဖေါ်ပြသော ခေတ်ပြိုင် ဗုဒ္ဓဘာသာ၏ ပုံရိပ်များ ကွဲပြားနေပုံကို လေ့လာခြင်းအားဖြင့် မဟာယာနစတင်ပေါ်ပေါက်ခဲ့ချိန်မှာ မဟာယာန နှင့် မဟာယာနမဟုတ်သော ရဟန်းများ အတူတကွ နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်းကာလများတွင် ရန်လိုစောင်းမြောင်းမှု နှင့် အယူအဆရေးရာ ပဋိပက္ခများ ပေါ်ပေါက်လာခဲ့ပုံကို ထောက်ဆသိရှိနိုင်လေသည်။
မည်သို့ပင်ဖြစ်စေကာမူ ဥဂ္ဂပရိပုစ္ဆာသုတ္တန်၏ အမြင်မှာ သမ္မာသမ္ဗုဒ္ဓဘုရားရှင်အဖြစ်သို့ရောက်ရန်အတွက် လူ့ဘောင် လောကမှ စွန့်ခွာပြီး ရဟန်းအသွင်ဆောင်ယူလျှက် တောရဆောက်တည်ပြီး ကျင့်ကြံရမည်ဖြစ်ကြောင်း ဖေါ်ပြထားရာ
သကျမုနိဗုဒ္ဓရှင်တော်၏ လမ်းစဉ်အတိုင်း ထပ်တူဖြစ်ကြောင်းတွေ့ရလေသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သော ရှေးဟောင်း မဟာသံဃိကဂိုဏ်းမှ သက္ကဋဘာသာဖြင့်ရေးသားထားသော မဟာယာနသုတ္တန်တစ်ခု ဖြစ်သော သဗ္ဗဓမ္မပရ၀ီထိနိဒ္ဒေသသုတ္တန်တွင် ဗောဓိသတ္တကျင့်စဉ်ကို မကျင့်သော မဟာယာနအမည်ခံ ရဟန်းများကို ပြစ်တင်ရှုတ်ချထားသည်ကို တွေ့ရသည်။ သဗ္ဗဓမ္မပရ၀ီထိနိဒ္ဒေသသုတ္တန် သည် သမိုင်းစဉ်အရ နောက်ကျသော သုတ္တန်ဖြစ်ပြီး ထိုသုတ္တန်ပေါ်ပေါက်ချိန်တွင် အရည၀ါသီ တောရဆောက်တည်သော မဟာယာနဗုဒ္ဓဘာသာ သည် ကောင်းမွန်ထင်လင်းစွာ ရပ်တည်နေနိုင်ဟန်ရှိနေကြောင်းတွေးဆနိုင်လေသည်။

မဟာယာန ဗုဒ္ဓဘာသာ နွယ်သောသက္ကဋ ဗုဒ္ဓ၀င်ကျမ်းများ
မဟာယာနဗုဒ္ဓဘာသာ၏ တိုးတက်ဖြစ်ထွန်းမှုကို စေ့ငုကြည့်မည်ဆိုပါက မဟာယာန ဗုဒ္ဓဘာသာ နွယ်သောသက္ကဋ ဗုဒ္ဓ၀င်ကျမ်းများ ကို ချန်လှပ်ထား ၍ ဖြစ်ကောင်းသည်မဟုတ်ပေ။ ရှေးဟောင်း ဟီနယာနဂိုဏ်း အသီသီးတွင် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော ဗုဒ္ဓ၀င်ကျမ်းများ ရှိလေသည်။ ထေရ၀ါဒဂိုဏ်း တွင် အလေးအမြတ်ပြုအပ်သော ဗုဒ္ဓ၀ံသပါဠိတော် ရှိသလို ရှေးဟောင်း ဟီနယာနဂိုဏ်း တစ်ခုဖြစ်သော မဟာသံဃိကဂိုဏ်းတွင်လည်း မဟာဝတ္တု သို့မဟုတ် မဟာဝတ္တု အ၀ဒါန ကျမ်းသည် အသီသီးတွင် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို လေးနက်စူးရှသော ကြည်ညိုသဒ္ဓါ တရားအားဖြင့် သီကုံးရေးသားထားသည်ကိုတွေ့ ရလေသည်။

မဟာဝတ္တု အ၀ဒါန ကျမ်းသည် ရှေးဟောင်း ဟီနယာနဂိုဏ်း တစ်ခုဖြစ်သော လောကုတ္တရာဝါဒီဂိုဏ်း ၏ ဗုဒ္ဓရှင်တော်တို့ သည် လောကကို ကျော်လွန် ၍ မြင့်မားသော အဆင့်သို့ ရောက်ရှိပြီးသူများဖြစ်ကြ ၍ လောကီသားတို့ ကဲ့ သို့ မွေးဖွားရှင်သန်စားသောက်နေထိုင်ခြင်းမှာ အစစ်အမှန် မဟုတ်မူပဲ အပေါ်ယံဟန်ပြသဘောသာဖြစ်သည်ဟူသော အယူအဆကိုလည်း ထင်ဟပ်ပြထားလေသည်။ မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို ရေးဖွဲ့ဖေါ်ကျူးရာ ၌ သာမန်လူသားတို့ အတွက် မဖြစ်စဖူးထူးကဲလွန်းသော အံ့ဖွယ်သူရဲ အဖြစ်အပျက်များစွာဖြင့် ဝေေ၀ဆာဆာ တန်ဆာဆင်ရေးသားထား သောကြောင့် လောကုတ္တရာဝါဒီဂိုဏ်း ၏ တရားတော် တို့နှင့် လုံးဝ ကိုက်ညီနေပေသည်။ ဤ အယူအဆများသည်ကား ဗုဒ္ဓ၀ံသပါဠိတော် ကို ပင်လွမ်းမိုးဟန်ရှိခဲ့ ၍ မဟာယာနဗုဒ္ဓဘာသာ၏ လောကုတ္တရာဗုဒ္ဓ အယူဝါဒ၏ ရှေ့ပြေးအယူအဆ (Proto-Mahayanic Idea) အဖြစ် ပညာရှင်အများ လက်ခံထားကြလေသည်။

ဗုဒ္ဓ၀ံသပါဠိတော်နည်းတူ မဟာဝတ္တု အ၀ဒါန ကျမ်းသည် မြတ်ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်များကို ပဋိသန္ဒေနေတ်ာမူခြင်း၊ ဖွာမြင်တော်မူခြင်း တောထွက်တော်မူခြင်း ဘုရားအဖြစ်သို့ရောက်ရှိ ၍ သဗ္ဗညုတဥာဏ်တော်ကိုရရှိခြင်း တရားဟောကြားတော်မူခြင်း ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း စသည်တို့ ကို အပိုင်း (၃) ပိုင်းခွဲ ၍ ရေးသားထားလေသည်။ ပထမအခန်းသည် ဒီပင်္ကရာဘုရားရှင်လက်ထက်မှစတင် ၍ နိယတဗျာဒိတ် ပန်ဆင်ခြင်း နှင့် ရှေးဘုရားများ လက်ထက်တော်က ဖြစ်စဉ်များ ကို ဖေါ်ပြထားလေသည်။ ဒုတိယပိုင်းတွင် ဘုရားလောင်းနတ်သား တုသိတာနတ်ပြည်တွင်စံတော်မူသည်မှစတင် ၍ မယ်တော်မာယာ၏၀မ်းကြာတိုက်ဝယ် ပဋိသန္ဒေနေတ်ာမူခြင်း၊ တောထွက်ခြင်း မာရ်နတ်နှင့် စစ်သည်တို့ကိုအောင်နိုင်တော်မူခြင်း ဘုရားအဖြစ်သို့ရောက်ရှိ ၍ သဗ္ဗညုတဥာဏ်တော် ကိုရရှိခြင်း တို့ ကို ဖေါ်ပြထားလေသည်။ နောက်ဆုံးပိုင်းတွင် ဓမ္မစကြာတရားဟောတော်မူပုံ နှင့် သံဃာအဖွဲ့အစည်းတည်ထောင်ပုံ တို့ ကို မှတ်တမ်းတင်ထားပါသည်။ သံဃာအဖွဲ့အစည်းတည်ထောင်ပုံ ကို ဖေါ်ပြထားသောကြောင့် မဟာဝတ္တု အ၀ဒါန ကျမ်းသည် မဟာသံဃိကဂိုဏ်း၏ ၀ိနည်းပိဋကတ်တွင သွတ်သွင်းထားခဲ့သော်လည်း ရဟန်းတော်များလိုက်နာရန် ၀ိနည်းပညတ်များကိုမူ ဖေါ်ပြထားခြင်း အလျင်းမရှိချေ။

 မဟာဝတ္တု ၏ စာပေဖွဲ့စည်းမှု သည် ပါဠိစာပေမှ ဗုဒ္ဓ၀ံသ ကဲ့ သို့ ရှင်းလင်းပြတ်သားမှု မရှိပဲ ဇာတ်ကြောင်းများ ရှုပ်ထွေးနေ သောကြောင့် ကျမ်းဝင်္ကဘာဟုခေါ်နိုင် လေသည်။ ၀တ္တုကြောင်းများ ကို ထပ်ခါတလဲလဖေါ်ပြထားပြီးလျှင် အခြားသော အကြောင်းအရာ များ ထူးထွေများပြားလှသော ဇာတကများဖြင့် မွှေနှောက်ရေးသားစီရင် ထားသည်ကိုတွေ့ရ၏။ ရေးသားပုံမှာလည်း ဂါထာတစ်လှည့် စကားပြေတစ်လှည့် နှင့် လျော့ရဲသောဖွဲ့စည်းမှု ဖြစ်နေကြောင်း  ဖွားတော်မူခန်း  ဒဏ္ဍာရီကို လေးကြိမ်ခန့်ဖေါ်ပြထားကြောင်း တွေ့ရ၏။သက္ကဋ စာပေစစ်စစ်မဟုတ်ပဲ ရောနှော သက္ကဋ စာပေ ဆန် သည့် ရေးဖွဲ့မှုမျိုးဖြစ်၍ မဟာဝတ္တု တွင် ဓမ္မစက္ကပ၀တ္တနသုတ်-မဟာဂေါဝိန္ဒသုတ် (ဒီဃနိကာယ်) ဒီဃနခသုတ် (မဇ္ဈိမနိကာယ်) မာရသံယုတ် (သံယုတ္တနိကာယ်) ဓမ္မပဒ သဟဿဝဂ် ခုဒ္ဒကပါဌ သုတ္တနိပါတ် ၀ိမာန၀တ္တု ဗုဒ္ဓ၀ံသ စသော ရှေးပါဠိနိကာယ် စာပေ၏ သဲလွန်စများတွေ့ရသည် ကိုထောက်ချင့်၍ မဟာဝတ္တုသည် ဗုဒ္ဓဘာသာဂိုဏ်များစတင်ကွဲပြားပြီး မကြာမြင့်သေး
သော အချိန်တွင် ရေးဖွဲ့ခဲ့ဟန်ရှိလေသည်။

မဟာဝတ္တုသည် ဟီနယာနဂိုဏ်းလာ ကျမ်းစာဖြစ်၍ ထေရ၀ါဒပါဠိပိဋကတ်တွင်ပါရှိသော အချက်အလက် အမြောက်အများ ပါဝင်လျှက်ရှိသော်လည်း မဟာယာနဆန်သော ရေးအဖွဲ့များစွာကိုလည်းတွေ့ ရ၏။ ဤသို့ ရောနှောနေရခြင်းမှာ မဟာဝတ္တု သည် အကြိုမဟာယာနဂိုဏ်းများဖြစ်သော လောကုတ္တရာဝါဒီဂိုဏ်း နှင့် မဟာသံဃိကဂိုဏ်း တို့၏ အတွင်းမှ ထွက်ပေါ်လာသော ကျမ်းဖြစ်သောကြောင့် ဖြစ်နိုင်၏။ လောကုတ္တရာဝါဒီဂိုဏ်း နှင့် မဟာသံဃိကဂိုဏ်း ဗုဒ္ဓအယူအဆသည် လူသားဗုဒ္ဓ အဖြစ်မှ ဒေ၀တာဆန်သော ဗုဒ္ဓအဖြစ် စတင်ကူးပြောင်းနေခဲ့သော ကာလဖြစ်သောကြောင့် ဖြစ်တန်ရာ၏။ ထို့ကြောင့် ဗောဓိသတ္တ တစ်ယောက် ကျော်လွန်ဖြတ်သန်းရမည့် ဘူမိ (၁၀) ပါး ကိုလည်း ကျယ်ဝန်းစွာဖေါ်ပြ ထား သည် ကိုတွေ့ရ၏။

ကြည်ညိုသဒ္ဓါတရားကို နိုးထစေသော ရှေးဟောင်းဟိန္ဒူပူရာဏ်ကျမ်းများကဲ့သို့ ဗုဒ္ဓ၏ ဂုဏ်ဒြပ်များကို အမွန်းတင်ထား သည်ကို တွေ့ရလေသည်။ ဗုဒ္ဓသည် အလွန် သန့်ရှင်းစင်ကြယ်တော်မူသောကြောင့် ဗုဒ္ဓအား ရှိခိုးပူဇော်ခြင်းသည် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်သည် ဟူ၍၎င်း စေတီ ရုပ်ပွားတို့ကို ပန်းမာလ် နံ့သာတို့ဖြင့် လုပ်ကျွေးပူဇော်ရခြင်းသည် မရေမတွက်နိုင်သော ကုသိုလ်အကျိုးတရားများကို ပေးစွမ်းနိုင်သည် ဟူ၍၎င်း ဗုဒ္ဓ ပြုံးတော်မူရာမှ ထွက်ပေါ်လာသောရောင်ခြည်တော်တို့သည် ဗုဒ္ဓခေတ် တစ်ခုလုံး ကို ထွန်းလင်းစေသည် ဟူ၍၎င်း ဘုရားအလောင်းတော် ဗောဓိသတ္တ တို့ သည် လူသားမိဘနှစ်ပါး၏ သံဝါသပြုပေါင်းဖေါ်မှုကြောင့် မွေးဖွားလာရသည် မဟုတ်ကြပဲ မိမိတို့ ဖြည့်ကျင့်ဆည်းပူးခဲ့ကြသော ဘုန်း ကံ ပါရမီတော် တို့၏ အစွမ်းဖြင့်သာ လူ့ဘ၀ ကို ရခဲ့ကြောင်း ရေးသားထားပုံမှာ အမှန်ပင် မဟာယာနဆန်လှပေသည်။

မဟာဝတ္တုသည် ဟီနယာနဆန်သော ဗုဒ္ဓ၀င်ကျမ်းစာဟုဆိုပါလျှင် လလိတာဝတ္တာရကျမ်း (ဗုဒ္ဓမြတ်စွာ၏ လူလောကသို့ ဆင်းသက်ပျော်စံတော်မူခြင်း အကြောင်း) သည်ကား မဟာယာနဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထား ဦးခိုက်ရာ ဗုဒ္ဓ၀င်ကျမ်းတစ်ဆူပင် ဖြစ်လေသည်။ ဤကျမ်းတွင်ပါရှိသော ဗုဒ္ဓ၏ ရုပ်ပုံလွှာသည် ပကတိလူသားစစ်စစ် နှင့် လုံးဝ မတူတော့ပဲ ကောင်းကင်ဘုံမှ တန်ခိုးတော်ရှင် နတ်ဒေ၀ါတစ်ပါးအသွင် ဖြစ်နေလေသည်။ ဤကျမ်းသည် ပါဠိနိကာယ်လာ သုတ္တန်များကဲ့သို့ ဧ၀ံမေသုတံ စကားဖြင့် အစချီထားသော်လည်း အဖွင့်နိဒါန်း၌ ပင် ဗုဒ္ဓ၏ ရုပ်ပုံလွှာကို ရောင်ခြည်တော်များ တဖိတ်ဖိတ်တလက်လက် ကွန့်မြူးတောက်ပစေလျှက် အလင်္ကာစာပန်းချီ ရေးချယ်ထားလေ၏။ မြတ်ဗုဒ္ဓ၏ အနီးအပါးတွင် ရဟန်းတော်ပေါင်း (၁၂၀၀၀) ခန့်နှင့် ဗောဓိသတ္တပေါင်း (၃၂၀၀၀) ခန့်တို့က အမြဲတစေ ၀န်းရံထားလေဟန် ဖေါ်ပြ ရေးသားထားလေသည်။ ဗုဒ္ဓ၏ အတိုင်းမသိ ရေင်ဖြည်တော်များသည် ဒေ၀လောက ဗြဟ္မာလောက များသို့ အဆင့်ဆင့် ထွင်းဖေါက်၍ နတ်ဗြဟ္မာ အားလုံးကို လွန်ကဲသော ကြည်ညိုသဒ္ဓါတရားများ ဖြစ်ပေါ်စေကြောင်း နှင့် ဗြဟ္မဏတို့ ဆည်းကပ်ကိုးကွယ်ကြသော ဣဿရ (ဤရွှာရ)ဘုရားသခင်နှင့်တစ်ကွ သောင်းတိုက်စကြ၀ဠာများမှ နတ်ဗြဟ္မာတို့ သည် ရှင်တော်ဗုဒ္ဓ၏ ခြေတော်ရင်း၌ ၀ပ်တွားခယ ကြရလေဟန် ရေးသားသီကုံးထားလေသည်။

လလိတာဝတ္တာရကျမ်းလာ ဗုဒ္ဓ၏ ဘ၀ ဖြစ်တော်စဉ်သည် ပါဠိစာပေမှာ ဗုဒ္ဓ၀ံသ နှင့် များစွာ ဆင်တူသော အောက်ပါ ဖြစ်ရပ်များဖြင့် ဖွဲ့စည်းထားလေ၏။

o    ဘုရားအလောင်းတော်နတ်သား တုသိတာနတ်ပြည်၌ စံနေစဉ် နတ်ဒေ၀တာတို့က လူ့ပြည်သို့ ဆင်းသက် တော်မူ၍ ဘုရားအဖြစ် ပွင့်တော်မူပါရန်တောင်းပန် တိုက်တွန်းကြပုံ
o    ဘုရားအလောင်းတော်နတ်သား က လောကကို ကြည့်ဖြင်း(၅) ပါးဖြင့် ကြည့်တော်မူပြီး မယ်တော်မာယာထံ ကိန်းဝပ် စံပယ်ရန်ဆုံးဖြတ်ပုံ
o    မယ်တော်မာယာသည် ဇမ္ဗူဒိတ်ကျွန်းတွင်ပြိုင်စံမမီ ဆင်ပြောင်တစ်သောင်းအားကို ဆောင်သော အကျင့်သီလနှင့် ပြည့်စုံဖြူစင်သော တစ်ဦးတည်းသော မိန်းမမြတ်ဖြစ်ပုံ
o    မယ်တော်မာယာသည် အိပ်စက်နေစဉ် ဘုရားလောင်းသည် ဆင်ဖြူတော် အသွင်ဖြင့် မယ်တော့် ၀မ်းကြာတိုက် တွင် ၀င်စံကိန်းအောင်းတော်မူပုံ
o    ဘုရားလောင်း သည် မယ်တော့် ၀မ်းကြာတိုက်တွင် စံနေစဉ် အညစ်အကြေးတို့ မလိမ်းကြံစေနိုင်ရန် နတ်တို့က ရတနာပြဿဒ်အိမ်တစ်ခု ကို ဖန်ဆင်းပေးထားပုံ
o    ဤ ရတနာပြဿဒ်အိမ်၌ ဘုရားလောင်း၏ ရူပကာယတော် သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံစွာ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူပုံ
o    ဘုရားလောင်း၏ ရူပကာယတော်မှ ပေါ်ထွက်လာသော ရောင်ခြည်တော်တို့သည် အသွင်ဖြင့် မယ်တော့် ၀မ်းကြာတိုက် ကို ဖြတ်သန်း၍ ယူဇနာပေါင်းများစွာသို့ ပျံ့နှံ့ထွန်းလင်းနေပုံ
o    ဘုရားလောင်း၏ သန္ဓေကို လွယ်ထားစဉ်ကာလ၌ မယ်တော်သည် အနာရောဂါရှိသူတို့၏ ဦးခေါင်းကို ထိလိုက်လျှင် အနာရောဂါများပျောက်ကင်းချမ်းသာကြရပုံ
o    မယ်တော်သည် မိမိ၏ လက်ယာနံပါးကို ကြည့်သောအခါ ကြည်လင်သောမှန်ပြင်၌ မိမိ မျက်နှာကို ပြန်မြင်ရဘိသကဲ့သို့ သားအိမ်တွင်းမှာ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူသော ဘုရားလောင်းကို မြင်ရပုံ
o    ဖွားမြင်တော်မူချိန်တွင် မယ်တော်သည် မတ်တပ်ရပ်လျှက် အနေအထားဖြင့်သာ လက်ယာနံပါးမှ ဘုရားလောင်းကို ဖွားမြင်ပုံ
o    ဖွားမြင်တော်မူချိန်တွင် သောင်းတိုက်စကြ၀ဠာများမှ နတ်ဗြဟ္မာတို့ ရောက်ရှိလာ၍ အလုပ်အကျွေးပြုစုကြပုံ
o    ဘုရားအလောင်းတော် သည် မြောက်ဖက်သို့ ခြေ (၇) လှမ်း လှမ်းစဉ် ခြေဖ၀ါးအောက်မှ ကြာပန်းများ ဖူးပွင့်လာကြပုံ
o    မိမိသာလျှင် လောက၌ အကြီးဆုံး အမြတ်ဆုံး ဟု ဘုရားလောင်း က ကြုံးဝါးကြွေးကြော်ပုံ
o    ဖွားမြင်တော်မူချိန်တွင် မြေလှုပ်ခြင်း စသော ဖြစ်မြဲဓမ္မတာ အံ့ဖွယ်ထူးကဲမှုများ ဖြစ်ပွားပုံ

ဘုရားလောင်း ထီးနန်းစည်းစိမ် ကိုခံစားတော်မူပုံ၊ နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူပုံ၊ ဒုက္ကရစရိယ ကျင့်တော်မူပုံ၊ ဘုရားအဖြစ်သို့ရောက်တော်မူပုံ၊ တရားဦးဟောကြားတော်မူပုံ အစရှိသည်တို့မှာ ပါဠိ ဗုဒ္ဓ၀င် နှင့် များစွာ မထူးလှချေ။ ပါဠိ ဗုဒ္ဓ၀င် တွင် မပါဝင်သော အခြား ထူးခြားသော အဖြစ်အပျက်များ ( ဘုရားလောင်း ကို ကျောက်ရုပ်ထုများက ရှိခိုးပုံ၊ ဘုရားလောင်း ကို ပညာသင်ပေးမည့် ဆရာ ချော်လဲကျပုံ၊ ဘုရားလောင်း ကို မည်သူမျှ မသင်ကြားရပဲ ပညာရပ်များ တတ်မြောက်နေပုံ) တို့ ကို ပါ ထည့်သွင်းရေးဖွဲ့ထားလေသည်။

သို့ရာတွင် လလိတာဝတ္တာရကျမ်း သည် ဤမျှဖြင့် ကျေနပ်နှစ်သိမ့်ပုံမရသေးပဲ “ ငါဘုရားအား ဆည်းကပ်ယုံကြည်သူ အားလုံး ကို ငါဘုရားသည် အတုမဲ့သောကောင်းကျိုးကို ဆောင်တော်မူ၏။ ငါဘုရားအား ဆည်းကပ်ယုံကြည်သူ အားလုံး သည် ငါဘုရား၏ မိတ်ဆွေများဖြစ်ကြကုန်၏” စသဖြင့် ဖေါ်ကျူးရေးသားထားလေရာ ပါဠိ ဗုဒ္ဓ၀င် ထက်ပင် ပိုမို၍ ဗုဒ္ဓကိုးကွယ်ဆည်းကပ်မှု (ဘတ္တိ) ကို အလေးအနက်ထားဟန်ရှိလေသည်။ ပါဠိ ဗုဒ္ဓ၀င် နှင့် လလိတာဝတ္တာရကျမ်း သည် အချိန်ကာလခြင်း မရှေးမနှောင်းပေါ်ပေါက်ခဲ့ဟန်ဖြစ်ရကား ၎င်းတို့ထက် ရှေးကျသော ဗုဒ္ဓ၀င်စာပေ အစဉ်အလာ တစ်ခု ကို မှီငြမ်းပြုခဲ့ ကြ ရဟန်တူကြောင်း ပညာရှင်များက သုံးသပ်ကြပါသည်။ လလိတာဝတ္တာရကျမ်း သည် သုတ္တနိပါတ် ကဲ့ သို့သော ရှေးဟောင်းပိဋကတ်စာပေများမှ တိုက်ရိုက် ဆင်းသက်လှသည့် အလွန်လှပပြေပြစ်သော ဂါထာများဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ရှေးဟောင်းပိဋကတ်စာပေများ ၏ ဇစ်မြစ် ကို ထောက်လှမ်းလိုသော သုတေသီတို့ အတွက် ရတနာသိုက်သဖွယ်လည်း ဖြစ်နေပါ၏။

အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် မှ မဟာယာန အယူအဆများ
အေဒီ (၂) ရာစု ခန့်တွင် အိန္နိယပြည် မြောက်ပိုင်းတွင် ပညာပါရမိတာသုတ္တန်ကျမ်းများ ပေါ်ပေါက်လာခဲ့သည်။ မကြာခင်ကာလတွင် ယင်း ပညာပါရမိတာသုတ္တန်စာပေ များကို တရုပ်စာပေ သို့ ဘာသာပြန်ဆိုခဲ့ကြသည်။ နောက်ပိုင်းတွင် တိဗက်ဘာသာသို့လည်းပြန်ဆိုခဲ့သည်။ ပညာပါရမိတာသုတ္တန်များကို ဘုရားဟော ဗုဒ္ဓ၀စန အဖြစ် သတ်မှတ်ကာ ယုံကြည်ခဲ့ကြသည်။ ပညာပါရမိတာသုတ္တန်များ ကို ရှင်နာဂဇ္ဇုန က ပင်လယ်သမုဒ္ဒရာအောက်အရပ် နဂါးပြည်မှ သယ်ဆောင်ခဲ့သည်ဟူသော ဒဏ္ဍာရီဆန်ဆန် ဖေါ်ပြချက်မှတစ်ပါး ယင်းကျမ်းစာများကို မည်သူတို့က မည်သို့မည်ပုံစီရင်ခဲ့သည်ကို မသိရချေ။

ပညာပါရမိတာသုတ္တန်များနှင့်ပတ်သက် ၍ အထူးပြုလေ့လာခဲ့သောပညာရှင် အက်ဒ၀ပ် ကွန်ဇီ (Edward Conze) ၏ အလိုအရ ပညာပါရမိတာသုတ္တန်များ သည် နှစ်ပေါင်း တစ်ထောင်အတွင်း တစ်ဖြည်းဖြည်းတစ်ရွေ့ရွေ့ တိုးတက် လာခဲ့လေသည်။ ဘီစီ (၁) ရာစု မှ အေဒီ (၁) ရာစု အတွင်း ပညာပါရမိတာသုတ္တန်များ၏ အခြေခံ ကို စတင်ခဲ့၏။ နောက် နှစ်ပေါင်း (၂၀၀) အတွင်း ၎င်း အခြေခံသုတ္တန် ကို ကောင်းစွာတိုးချဲ့တည်ဆောက်လာခဲ့ကြောင်း ထို့နောက် အေဒီ (၅) ရာစုအထိ ကာလသည်  ရှည်လျားသော ပညာပါရမိတာသုတ္တန်များကို ပြန်လည် အတိုချုံးခဲ့ ဟန်ရှိကြောင်း အဖွင့် အဋ္ဌကထာ ဋီကာကျမ်းများလည်းဝန်းရံပေါ်ပေါက်ခဲ့ကြောင်း နောက်ဆုံးခေတ်ကာလ ဖြစ်သော အေဒီ (၆) ရာစု မှ အေဒီ(၁၂) ရာစုထိ ကာလတွင် ပညာပါရမိတာသုတ္တန်များ အတွင်းသို့ တန္တရယောဂ နှင့် မန္တရဆိုင်ရာ အယူအဆများ ၀င်ရောက်လာခဲ့ပုံရကြောင်း အက်ဒ၀ပ် ကွန်ဇီ က အနုမာန ပြုခဲ့ပါသည်။ အက်ဒ၀ပ် ကွန်ဇီ ၏ ခေတ်ပိုင်းခြားမှု ကို အောက်ပါအတိုင်းတွေ့ ရပြီး ပညာရှင်အများ လက်ခံ ကြပါသည်။

(၁) ရှေးအကျဆုံးဖြစ်သော အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် (ဂါထာ-၈၀၀၀) နှင့် ယင်း၏ အနှစ်ချုပ်ဖြစ်သော ရတနဂုဏသံစယဂါထာ ပေါ်ထွန်းခဲ့သည်။

(၂) ၎င်းအခြေခံသုတ္တန် ကို ကောင်းစွာတိုးချဲ့တည်ဆောက်လာသောအားဖြင့် ဂါထာတစ်သိန်းပါသော သတသာဟာရှရိကာ ပညာပါရမိတာသုတ္တန် ဂါထာ (၂၅၀၀၀) ပါသော ပဉ္စ၀ိံသတိသာဟာရှရိကာ ပညာပါရမိတာသုတ္တန် နှင့် ဂါထာပေါင်း (၁၈၀၀၀) ပါဝင်သော အဋ္ဌဒဿသာဟာရှရိကာပညာပါရမိတာသုတ္တန် တို့ ဖြစ်ပေါ်လာခဲ့၏။

(၃) စိန်သုတ္တန် (Diamond Sutra) ဟု နာမည်ကျော်ကြားသော ဂါထာ(၃၀၀) ပါ ၀ဇိရဆေဒိကာ ပညာပါရမိတာသုတ္တန် နှင့် ပညာပါရမိတာသုတ္တန်အားလုံး၏ အခြေခံ အဋ္ဌကထာ သဖွယ်ဖြစ်သော အဘိသမယလင်္ကာရ သျှတ္တရ ကျမ်းကြီး (ဗောဓီသတ္တမေတ္တေယျ ပြုစု) ပေါ်ပေါက်လာခဲ့၏။

(၄) နောက်ဆုံးခေတ်တွင် ပညာပါရမိတာသုတ္တန်စာပေ တစ်ခုလုံး ကို ဓါရဏီ မန္တာန် အနေဖြင့် အကျဉ်းချုပ်ထားသော ဂါထာ(၁၅၀) ခန့် ရှိသော အဒ္ဓါဓါသတိကာပညာပါရမိတာသုတ္တန် အသွင်ဖြစ်ပေါ်ခဲ့လေ၏။[7]

မည်သို့ပင်ဖြစ်စေ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် (တရုပ်ဘာသာပြန်) သည်ကား အစောဆုံးတွေ့ ရသော မဟာယာနဆိုင်ရာ ကျမ်းစာ တစ်ဆူဖြစ်ပေသည်။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် တွင် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ နှင့် အယူအဆရေးရာ အရ စတင်ကွဲပြားခြားနားမှု များကို တွေ့နိုင်သည်။ အယူအဆရေးရာ ခြားနားမှုများ အနက် (၁) သုညတ၀ါဒ နှင့် (၂) ဗောဓိသတ္တမဂ်လမ်းစဉ် တို့ မှာ အပေါ်လွင် အထင်ရှားဆုံးဖြစ်လေသည်။

ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ တွင် သတ္တ၀ါတို့၏ အရှိတရား ကို ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ အဖြစ် ခွဲခြမ်းစိတ်ဖြာဝေဖန်သည်။ ယင်း ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း စသော နည်းပေါင်းစုံဖြင့် ပုဂ္ဂလအတ္တ နှင့် အတ္တနိယ ကို ပယ်ရှားနိုင်ခြင်းသည် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများ၏ ပန်းတိုင်ဖြစ်လေသည်။ သတ္တ၀ါတို့၏ အရှိတရား ကို သမ္မုတိသစ္စာ အဖြစ်သတ်မှတ်ပြီး ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ် စသည်တို့၏ အရှိတရားကို ပရမတ္ထသစ္စာ အဖြစ်သတ်မှတ်သည်။

ပညာပါရမိတာသုတ္တန် တွင် ဟောကြားခဲ့သော သုညတ၀ါဒ အမြင်သည် ပုဂ္ဂလအတ္တ နှင့် အတ္တနိယ ကို ပယ်ရှားရာ တွင် ရှေးဦးဗုဒ္ဓ၀ါဒ နှင့် အဘိဓမ္မာ ကျမ်းများအလို နှင့် အမြင်ချင်းတူမျှပေသည်။ သို့ရာတွင် ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို ပကတိ သ-ဘာဝ အရှိတရားများ အနေနှင့်တော့ လက်မခံပါ။ ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ သည် အကြောင်း အခြေအနေတရားများ ကို မှီစွဲဖြစ်ပွားရသော တရားများဖြစ်သောကြောင့် ယင်း ခန္ဓာ၊အာယတန၊ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ တွင် ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ မြူမှုံမျှပင်မရှိ ဟူရွေ့ ဟောကြားပါသည်။ သုညတ၀ါဒ အမြင်တွင် အရာခပ်သိမ်းတို့၏ ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ ကင်းဆိတ်ခြင်းတည်းယူသော သုညတလက္ခဏာ သည်သာလျှင် ပရမတ္ထသစ္စာ အဖြစ်သတ်မှတ်ပါသည်။

ပညာပါရမိတာသုတ္တန် တွင် ဟောကြားသော ပညာပါရမီဟူသည်ရှေးခေတ် အဘိဓမ္မာကျမ်းတို့၏ ခန္ဓာ၊အာယတန၊ ဓါတု၊သစ္စာ စိတ် စေတသိက် ရုပ်တို့ ကို ပကတိ သဘာဝ အရှိတရားများအဖြစ်သတ်မှတ်ခွဲခြမ်းစိတ်ဖြာပြီး အရာခပ်သိမ်း၏ ပကတိသဘောကို အသိရောက်စေသော ယထာဘူတဥာဏ် (၀ါ) တရားသဘောများကို ပိုင်းခြားဝေဖန် စိတ်ဖြာသော ဓမ္မ၀၀တ္ထာန ဥာဏ် မျိုး မဟုတ်မူပဲအရာခပ်သိမ်းတို့၏ ကိုယ်ပိုင် ဂုဏ်သတ္တိ ကိုယ်ပိုင်လက္ခဏာ သဘာဝ ကင်းဆိတ်ခြင်း တည်းယူသော သုညတလက္ခဏာကို အမြင်ပေါက်ခြင်းသာ အဓိကဖြစ်လေသည်။

နောက်ထပ် အရေးကြီးလှသော အရွေ့တစ်ခုမှာကား ရှေးဦးဗုဒ္ဓ၀ါဒ၏ ပန်းတိုင် သည် ရဟန္တာ အဖြစ်သို့ ရောက်ရှိပြီး ဘ၀အသစ်ဖြစ်ပေါ်မှုအကြွင်းမဲ့ချုပ်ငြိမ်းခြင်း (အနုပါဒိသေသနိဗ္ဗာန်) ပင်ဖြစ် သော်လည်း ပညာပါရမိတာသုတ္တန် တွင် ဟောကြားခဲ့သော ဗောဓိသတ္တမဂ်လမ်းစဉ် မှာမူ ရှေးဦးဗုဒ္ဓ၀ါဒ၏ ပန်းတိုင် ဖြစ်သည့် ရဟန္တာ အဖြစ် ကို သေးသိမ် ကျဉ်းမြောင်းသော ပုဂ္ဂလိကဆိုင်ရာ ပန်းတိုင် အနေဖြင့် သတ်မှတ်ပြီး အတုမရှိသော အနုတ္တရသမ္မာသမ္ဗောဓိ ဥာဏ်တော် ကို ရရှိပြီး ဝေနေယျသတ္တ၀ါအများကို ထုတ်ဆောင် ကယ်တင်နိုင်စွမ်းသော ဗုဒ္ဓ အဖြစ် ကို ပန်းတိုင်အဖြစ် သတ်မှတ် ပါသည်။

ပညာပါရမိတာသုတ္တန် သည် ရှေးဦးဗုဒ္ဓ၀ါဒ၏ ပါဠိပိဋကတ်မှ သုတ္တန်များနည်းတူ ဧ၀ံ မေ သုတံ (ကျွန်ုပ် သို့ကြားနာ ခဲ့ရဖူးပါသည်။) ဟူသော ၀ါကျဖြင့် အစပြုသည်ကိုတွေ့ ရသည်။ သုတ္တန် ကို ဟောကြားရာ အရပ်ဒေသ တရားနာပရိသတ် စသည်တို့ ကို ဖေါ်ပြပုံမှာလည်း ပါဠိပိဋကတ်မှ သုတ္တန်များနည်းတူပင်ဖြစ်လေသည်။ သို့သော်လည်း ပါဠိပိဋကတ်မှ သုတ္တန်များနှင့် နိုင်းစာလျှင် အလွန်ရှည်လျှားဟန်ပေါ်လေသည်။ ရှေးဦးဗုဒ္ဓ၀ါဒ၏ ထင်ရှားသော ရဟန္တာ မထေရ် ကြီးတစ်ပါးဖြစ်သော အရှင်သုဘူတိ ကို လည်း ဗုဒ္ဓရှင်တော်နှင့် သုညတ၀ါဒ ရေးရာများ ပြန်လှန်ဆွေးနွေးသူ အနေနှင့် ဖေါ်ပြထားသည်ကို တွေ့  ရလေသည်။ အရှင်သုဘူတိ သည် သုညတာဓမ္မ နှင့် ပတ်သက် အသိရောက်အမြင်ပေါက်သူ သာဝကများအနက် အထူးမြတ်ဆုံးသော ဧတဒဂ်ပုဂ္ဂိုလ် အနေနှင့် သတ်မှတ်ခံရသူ လည်းဖြစ်ပေ၏။

ထို့ အပြင် ပညာပါရမိတာသုတ္တန် ကို ဟောကြားတော်မူသော ရှင်တော်ဗုဒ္ဓ၏ အတုမရှိသော ကျက်သရေ ဘုန်းတန်ခိုးတို့ကိုလည်း အလွန်အကျူးဖေါ်ပြထားသည်ကို ဤသို့ တွေ့ ရလေသည်။

“ကိုယ်တော်မြတ်သည် သမာပတ်ဝင်စားတော်မူရန် ကိုယ်ကို ဖြောင့်မတ်စွာ ပြုလျှက် ထက်ဝယ်ဖွဲ့ခွေ ထိုင်တော်မူ ၍  သမာပတ်အားလုံးကို အကြုံးဝင်သော သမာပတ်အားလုံးတို့၏ဘုရင် သာဂရမုဒြာသမာဓိ ကို ၀င်စားတော်မူ၏။ ထို့နောက်ထင်သော သတိကြည်လင်သော စိတ်တော်ဖြင့် သမာပတ်မှထတော်မူ ၍ ဒိဗ္ဗစက္ခုအဘိဥာဏ်ဖြင့် ဤဗုဒ္ဓခေတ် တစ်ခုလုံးကို သိမ်းကြုံးကြည့်ရှုတော်မူစဉ် ကိုယ်တော်၏ အင်္ဂါကြီးငယ် အားလုံးနှင့် အရေပြားမွေးတွင်းတော်တိုင်းမှ ရောင်ခြည်တော်ကို ကွန့်မြူးပျံထွက်စေတော်မူစေရာ ထိုရောင်ခြည်တော် များသည် စကြ၀ဠာများ အားလုံးကို ထွန်းလင်းတောက်ပစေကုန်၏။”

“ဤသို့ ကွန့်မြူးပျံထွက်စေသောရောင်ခြည်တော်များကို တွေ့မြင်ကြကုန်သော သတ္တ၀ါအားလုံးတို့သည် ထိုရောင်ခြည်တော်အလင်းဖြင့် ဥာဏ်အမြင် သန့်ရှင်းခြင်းသို့ ရောက်ကုန်လျှက် အတုမရှိသော သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် အဓိဋ္ဌာန်ပြုကြလေကုန်၏။ ထို့နောက် ဗုဒ္ဓသည် ဖွင့်ထားသော ခံတွင်းမှ လျှာတော်ကို မြင်စေလျှက် ပြုံးတော်မူလေရာ ရာပေါင်းများစွာ ထောင်ပေါင်းများစွာ သန်းပေါင်းများစွာ အသေခ်ၤယ် အပၸေမယ် ရောင်ခြည်တော်တို့သည် လျှာတော်မြတ်မှ ကွန့်မြူးပျံထွက်ကြကုန်၏။ ရောင်ခြည်တော် တစ်ခုစီတွင် အရောင်တလက်လက်ထွက်နေကုန်သော လှပတင့်တယ် ရှုချင်ဘွယ် ဖြစ်ကုန်သော သင်းပျံ့မွှေးကြိုင် ရနံ့လှိုင် ၍ ရွှေရောင် တောက်နေသော ကာစိလိန္ဒိက (ကာသိတိုင်းဖြစ်ပုဆိုး) ကဲ့သို့ နူးညံ့ပျော့ပြောင်းကုန်သော အထောင်မကသော ပွင့်ချပ်တို့ဖြင့် ရွှေရောင်ကဲ့သို့ ပြိုးပြိုးပြက် တောက်ပကုန်သော ရတနာ ကြာပွင့်တို့သည် ပေါ်ထွက်လာကြကုန်၏။”

“ ဤ ရတနာကြာပွင့်များပေါ်ဝယ် တထာဂတနိမ္မိတရုပ်ပွားတော်များသည် ထိုင်တော်မူကြကုန်လျှက် ပါရမီခြောက်ပါးတရားတော် ကို ဟောတော်မူကြကုန်၏။ ထိုတရားတော်ကို ကြာူနာကြရကုန်သော သတ္တ၀ါ အပေါင်းတို့သည် အတုမရှိသော သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် ဆုတောင်ပတ္တနာပြုကြလေ၏။ ရျင်တော်ဗုဒ္ဓသည် သီဟ၀ိဇမ္ဘိစာ ဟူသော သမာပတ်ကို တစ်ခါထပ် ၀င်စားတော်မူပြန်၏။ ဤခဏ ၌ မရေမတွက်နိုင်သော စကြ၀ဠာတို့တွင်ရှိကြကုန်သော ငရဲ တိရ စ္ဆာန် နှင့်ပြိတ္တာ ဘုံ အစရှိသည်တို့ ၌ ဒုက္ခခံစားနေရသော သတ္တ၀ါများ သည်ချမ်းသာရာရကြကုန်လေ၏။”

“နတ်လူအားလုံးတို့သည် မိမိတို့၏ ရှေးရှေးဘ၀များကို ပြန်ပြောင်းအောက်မေ့ သတိရကြကုန်လျက် ဗုဒ္ဓထံတော်သို့ ချဉ်းကပ် ၍ ရှိခိုးပူဇော်ကြကုန်၏။ ထိုခဏ ၌ ပင်လျှင် မရေမတွက်နိုင်သော စကြ၀ဠာတို့တွင်ရှိကြကုန်သော ပဋိသန္ဓေအားဖြင့် ကန်းသောသူ ပင်းသောသူ စိတ်မနှံ့သောသူ တို့သည် မြင်ကြ ကြားကြ လူကောင်းပကတိ ဖြစ်လာကြကုန်၏။”

အဿဃောသ ၏ ဗုဒ္ဓစရိတ နှင့် အ၀ဒါန စာပေများ ထွန်းကားလာခြင်း
မဟာယာနဗုဒ္ဓဘာသာ စတင် မြစ်ဖျားခံပေါ်ပေါက်ရာသည် အရင်းအမြစ်အားဖြင့် အထက်တွင် ဖေါ်ပြခဲ့ပြီးသော ဗုဒ္ဓ၀င်စာပေများ ဖြစ်ကြသည့် မဟာဝတ္တု နှင့် လလိတာဝတ္တာရ ကျမ်းများ ဖြစ်သော်လည်း ဤကျမ်းများတွင် ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်သည် အစီအစဉ်တကျမရှိသေးပဲ ရှုပ်ထွေးမှုများရှိနေသေးသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ် ကို သပ်ရပ်တိကျစွာ ကဗျာဥာဏ်ကွန့်မြူး၍ ရေးသားစီကုံး ခဲ့သည်မှာ ဗုဒ္ဓစရိတ ကျမ်းပြုဆရာ အဿဃောသ ပင်ဖြစ်၏။

ဗုဒ္ဓစရိတ ကျမ်းပြုဆရာ အဿဃောသ သည်ကား သက္ကဋစာပေ၏ အပြောင်မြောက် အထူးချွန်ဆုံးသော ကဗျာက၀ိများ အနက် ပါဝင်ကြောင်း စာပေပညာရှင်များ သဘောတူသတ်မှတ်ကြ၏။ ရှေးဟောင်း အိန္ဒိယနိုင်ငံ ၏ နေမင်းကြီးလေးဆူ (ကဗျာက၀ိအဿဃောသ၊ ဗုဒ္ဓဒဿနိကပညာရှင် နာဂဇ္ဇုန၊ သက္ကဋသဒ္ဒါပညာရှင်ပါဏိနီ နှင့် ယောဂသုတ္တကျမ်းပြုဆရာ ပတဉ္ဇလီ ) အနက် ထည့်သွင်းရေတွက်ခံရသူလည်းဖြစ်ပါ၏။ ရှေးဟောင်းသက္ကဋစာပေ၀ိဒူဖြစ်သော ကာလီဒါသ ဆရာကြီး အများဆုံး ကိုးကားရည်ညွန်းရသူ လည်းဖြစ်၏။

တိဗက်စာပေမှတ်တမ်းများ အရ အဿဃောသ သည် အေဒီ (၂) ရာစုတွင် ပေါ်ထွန်းခဲ့ ဟန်ရှိ၍ ကနိရှကဘုရင်ကြီးနှင့် ခေတ်ပြိုင်ဖြစ်သည်။ ပါသွ နှင့် ၎င်း၏တပည့် ပုဏ္ဏယသ ကို အဿဃောသ ၏ ဆရာများ အဖြစ် ယူဆကြလေသည်။
အဿဃောသ သည် အစဉ်အလာ အားဖြင့် မဟာယာနဗုဒ္ဓဘာသာ ကို စတင်တည်ထောင်သူများအနေနှင့် နာဂဇ္ဇုန အရိယဒေ၀တို့  နှင့်အတူယှဉ်တွဲဖေါ်ပြ ခြင်းခံရသူလည်းဖြစ်၏။ အဿဃောသ သည် မဟာယာနဗုဒ္ဓဘာသာဂိုဏ်း အားလုံးက လေးမြတ်ကြည်ညိုခြင်း ကို ခံရ ပညာရှင် ဖြစ်ပြီး မဟာယာနသဒ္ဓေါပါဒ ကဲ့ သို့ သော ကျမ်းမျိုးကို ပင် သူစီရင်ခဲ့ သည်ဟု (မှားယွင်းစွာ) အမည်တပ်ခြင်းခံ ရလောက်အောင်ပင် မဟာယာနစာပေလောကတွင် ကျော်ကြားသူဖြစ်ပါ၏။

အဿဃောသ၏ ဘ၀ဇစ်မြစ် စစ်စစ်ပေါက်ပေါက် ကို သိရန်ခဲယဉ်းသော်လည်းသူသည် အမျိုးမြတ်ပညာတတ်သော ဗြဟ္မဏ အနွယ်မှ ဆင်းသက်ပေါက်ဖွားခဲ့ ကြောင်း သူ၏ မွေးရပ်ဒေသ သာကေတ သို့မဟုတ ဗာရာဏသီ စသဖြင့်ဖေါ်ပြကြ ကြောင်း သူ့ မိခင်၏အမည်မှာ  သုဝဏ္ဏက္ခီ ဖြစ်ကြောင်းတို့လောက်သာ သိရှိနိုင်လေသည် ။
အဿဃောသ သည် မဟာယာနဗုဒ္ဓဘာသာ ၀င်ဖြစ်မလာမီ က ဗြဟ္မဏ စာပေကျမ်းဂန်များကို အကုန်အစင် လေ့လာသင်ကြားခဲ့ သည့်အပြင် မဟာယာနဗုဒ္ဓဘာသာ ၀င်ဖြစ်မလာမီ သဗ္ဗတ္တိဝါဒ ဂိုဏ်းသားတစ်ဦးဖြစ်ခဲ့ဟန်တူ၏။ နောက်မှ ဗုဒ္ဓမြတ်စွာ ကို အထူးလေးမြတ်ပူဇော်ကြည်ညိုသော ဗုဒ္ဓ ဘက္တိ ကို များစွာ တိမ်းညွတ်ခဲ့ သူဖြစ်လေသည်။
တိဗက်ကျမ်းများက အဿဃောသ၏ ပညာဥာဏ်ကို ချီးကျူးရာ၌ အဿဃောသအတွက် မဖြေရှင်းနိုင်သော အမေးပုစ္ဆာ ပြဿနာ ဟူသည်မရှိ  မကျော်လွှားနိုင်သော ပြစ်တင်စောကြောမှုမျိုးသည်မရှိ သစ်ဆွေးသစ်ခြောက်ပင်များကို အားကြီးသောလေမုန်တိုင်းသည် တစ်ခဏအတွင်း ချိုးဖဲ့ဖျက်ဆီးနိုင်ဘိသကဲ့သို့ မိမိ၏ ဆန့်ကျင်ဖက်များကို အမြဲတမ်း အောင်နိုင်လေ့ရှိသူ စသဖြင့် ချီးကျူးထားခဲ့သည်ကို တွေ့ရပါသည်။

အဿဃောသ သည် မိမိ ၏ အနုပညာစွမ်းအား ဖြင့် ဓမ္မဂီတများစွာ ရေးသားသီးကုံးလျှက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်၍ လူအများရှေ့မှောက် သီဆိုဖျော်ဖြေခဲ့ခြင်းဖြင့် ဂီတအနုပညာမီဒီယာမှ ဗုဒ္ဓသာသနာပြုခဲ့ ကြောင်းသိရ၏။ (ယခုခေတ် ခရစ်ယာန်ဧ၀ံဂေလိ သာသနာပြုများနှင့် များစွာခြားနားမည်မဟုတ်ချေ) အေဒီ ၆၇၁ မှ ၆၉၅ ကာလအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့သော တရုပ်ရဟန်းတော်ခရီးသည် ယိချင် (I-Tsing) ၏ မှတ်တမ်းတွင် အဿဃောသ သည် နာဂဇ္ဇုန အရိယဒေ၀တို့ နှင့်အတူ မဟာယာနလှုပ်ရှားမှုကို စတင်ခဲ့သူဖြစ်ကြောင်း ဤသို့သောပါရမီရှင် ပုဂ္ဂိုလ်ထူးများသည် တစ်ခေတ်တွင် တစ်ဦးစ နှစ်ဦးစသာပေါ်ထွန်းတတ်ကြောင်း အိန္ဒိယနိုင်ငံတစ်ဝှမ်းလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းတိုက်များတွင် အဿဃောသ၏ ဓမ္မဂီတများ ကို ကျူးရင့်ပူဇော်ကြကြောင်း မှတ်တမ်းပြုခဲ့ လေသည်။

အဿဃောသ၏ ဓမ္မစာပေလက်ရာမွန်များအနက် ရှင်တော်ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို ဖော်ပြရေးဖွဲ့သော ဗုဒ္ဓစရိတ အမည်ရှိ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် အပြောင်မြောက်ဆုံး အထင်ရှားဆုံးလက်ရာဖြစ်ခဲ့ ၏။တရုပ်ရဟန်းတော်ခရီးသည် ယိချင် ၏ မှတ်တမ်းတွင် ဖော်ပြရေးဖွဲ့သော ဗုဒ္ဓစရိတ အမည်ရှိ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် ကြီးမားကျယ်ဝန်းလှသော ကျမ်းကြီးဖြစ်ကြောင်း မြတ်စွာဘုရား၏ အရေးအကြီးဆုံးတရားတော်များ နှင့် မင်းစည်းစိမ်စံစား ခံစားချိန်မှစတင်၍ ကုသိနာရုံ အင်ကြင်းတော၌ မဟာပရိနိဗ္ဗာန်စံဝင်တော်မူသည့်အချိန်အထိ တစ်သက်တာကာလပတ်လုံး လုပ်ဆောင်ချက် များကို ရေးသားဖေါ်ပြထားကြောင်း ဗုဒ္ဓစရိတ ကို အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံး နှင့် ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားသော တောင်အာရှ နှင့် အရှေ့တောင်အာရှမှ တိုင်းနိုင်ငံများတွင် အနှံ့အပြား ရွတ်ဖတ်သီဆိုကြကြောင်း ဖေါ်ပြထားခဲ့ပါသည်။ တရုပ်ရဟန်းတော်ခရီးသည် ယိချင် အနေဖြင့် ဗုဒ္ဓစရိတ တရုပ်ဘာသာပြန်ကို ဖတ်ဖူးဘွယ်ရှိပြီး ဗုဒ္ဓစရိတ သည် တိဗက် နှင့် တရုပ်ဘာသာပြန်များတွင် အခန်း (၂၈) ခန်း ရှိ ၍ ယခုတွေ့ရှိရသော သက္ကဋမူရင်းတွင် အခန်း(၁၇)ခန်းသာ တွေ့ ရှိရသောကြောင့် မူလ ကဗျာ၏ နောက်ပိုင်းအခန်းများ သက္ကဋစာပေတွင် ပျောက်ဆုံးနေကြောင်းကို မှတ်သားမိပါ၏။

ပညာရှင်များ အလိုအရ ရှေးအကျဆုံး အခန်း (၁၃) ခန်းကို သာ အဿဃောသ၏ လက်ရာ အဖြစ် ယူဆကြလေသည်။ မည်သို့ပင်ဖြစ်စေ အဿဃောသ ကိုယ်တိုင်ရေးဖွဲ့ခဲ့ကြောင်း အခိုင်အမာအတည်ပြုနိုင်သော ရှေးအကျဆုံး အခန်း (၁၃) ခန်းကို ချင့်ချိန်ကြည်ခဲ့လျှင်ပင် အဿဃောသ၏ ဗုဒ္ဓစရိတ ဗုဒ္ဓ၀င်မဟာကဗျာကြီးသည် သက္ကဋစာပေ သဒ္ဒါနည်းစံနစ်များနှင့်ကောင်းစွာညီညွတ် အလင်္ကာ ဆန်းကျမ်းများ အရလည်း အနုပညာဂုဏ်မြောက်သော အရေး အဖွဲ့ဖြစ် လှပဆန်းကြယ်စွာ သီကုံးထားသော ဂါထာများတွင် လေးနက်သော တရား အမြိုက်ကိုလည်း အချိုးညီညီ ပေါင်းစပ်ပေးခဲ့ သော အနုကဗျာ စာပေလက်ရာမွန်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေပါသည်။

အဿဃောသ သည် ဗုဒ္ဓစရိတ အပြင် သုန္ဒရနန္ဒ (ညီတော်မင်းနန် ရဟန်းပြုခြင်းအကြောင်း) သာရိပုတ္တပကာရဏ (ရှင်သာရိပုတ္တရာ တရားသိမြင်ခြင်းကြောင်း) စသော ကဗျာ ပြဇာတ် များလည်း ရေးခဲ့ သိရပါသည်။ အခြေခံအားဖြင့်
အဿဃောသ၏ စာပေလက်ရာများ သည် ဗြဟ္မဏ၀ါဒ အယူကို စွန့်လျှက် ဗုဒ္ဓသာသာနာတော်ထံကူးပြောင်းခိုလှုံ လာပုံဇာတ်လမ်းများ ကို ရေးဖွဲ့ထားသောကြောင်း သူ့စာပေလက်ရာများ၏ ဦးတည်ချက်သည် ဗုဒ္ဓဘာသာ သာသနာပြုရေးအတွက်ဦးတည်ကြောင်းထင်ရှားနေပါသည်။

အဿဃောသ နှင့် မရှေးမနှောင်းသော ကာလတွင် မဟာယာနဗုဒ္ဓဘာသာဖြစ်ပေါ်ရန်အတွက် အရေးပါသော အ၀ဒါန (ပါဠိဘာသာ=အပါဒါန) အမည်ရှိသော စာပေပုံစံသစ် တစ်မျိုးပေါ်ပေါက်လာခဲ့ပါသည်။ အ၀ဒါနစာပေသည် ဟီနယာန တစ်ဝက် မဟာယာန တစ်ဝက်ရောယှက်နေသော စာပေဖြစ် သည်။ ရှေးဦးခေတ် အ၀ဒါနစာပေသည်ကား ပါဠိပိဋကတ်နှင့် ဟီနယာနဂိုဏ်းကွဲများ တွင် ပါဝင်၍ နှောင်းခေတ် အ၀ဒါနစာပေသည် မဟာယာနသန့်သန့် စာပေမျိုးဖြစ်ကြောင်း ပညာရှင်များသတ်မှတ် ကြပါသည်။

အ၀ဒါန ဟူသော ဝေါဟာရ “အထူးတလည် မော်ကွန်းတင်ထိုက်သော ပြုမူလုပ်ဆောင်ချက်များ” သို့တည်းမဟုတ်
“သူမတူအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်” စသော အနက်အဓိပ္ပါယ်များရှိပေသည်။ အ၀ဒါနစာပေ သည် ဗုဒ္ဓသာသနာတော်မှ ကြီးမြတ်သောပုဂ္ဂိုလ်ထူးတို့ အကြောင်းမှတ်တမ်းတင်ချက်များဖြစ် တစ်ခါတစ်ရံ ကျောင်းတိုက်ကြီးများ သမိုင်း နှင့် လူဥပသကာတို့ ၏ ဖြစ်ရပ်များပါ ပါဝင်နိုင်လေသည်။

အ၀ဒါနစာပေသည် ဘာသာရေးတန်ဖိုး နှင့် ကျင့်စဉ်များ ကို လက်တွေ့ ဘ၀ပတ်ဝန်းကျင်တွင် ကျင့်သုံးအောင် မြင်ခဲ့ ကြသော ပုဂ္ဂိုလ်မြတ်များ၏ ဘ၀အတ္တုပ္ပတ္တိများ ကို ချီးကျူးဂုဏ်ပြုရေးသားချက်များဖြစ်ကြ၏။ ကံ ကံ၏ အကျိုးတရားများ ဆန်းကြယ်စွာ ဆက်နွယ်နေပုံ နှင့် မြင့်မြတ်သောဆုကို ပန်ဆင်ခဲ့သူ ဆုကြီးပန် အလောင်းအလျာ ပုဂ္ဂိုလ်များ၏ အားထုတ် ကြိုးပမ်းချက်များ ကို အသားပေးဖေါ်ပြထား သော စာပေပုံစံ ဖြစ်လေသည်။ ခေတ်ပေါ် ၀တ္တုဇာတ်လမ်းများကဲ့သို့ပင် အ၀ဒါနစာပေလာ ပုဂ္ဂိုလ်မြတ်များ၏ ဘ၀ အတ္တုပ္ပတ္တိများ သည် ရသစုံလင်စွာ ပေးသော အနုပညာ လက်ရာများဖြစ်ကြ၏။
အ၀ဒါနစာပေသည် ဗုဒ္ဓ၀င်စာပေ ဇာတကစာပေ နိပါတ်တော်စာပေ ပိဋကတ်တော်လာ ထေရီထေရာများ၏ ဘ၀ အတ္တုပ္ပတ္တိများ အပြင် ရှေးဟောင်း အိန္ဒိယစာပေသိုက်ကြီးထဲမှ ပုံပြင် ဒဏ္ဍာရီ ၀တ္တုများ တွင် ပါရှိသော အကြောင်းအရာ ပေါင်းစုံ ကို ရောနှောပေါင်းစပ်ရေးသား ထားသော စာပေလက်ရာများဖြစ်သည်။


အ၀ဒါနစာပေခေတ်စားခဲ့ သည် ကာလ ကို ဘီစီ (၂) ရာစု မှ အေဒီ (၃) ရာစု အတွင်း နှစ်ပေါင်း (၅၀၀) ခန့် ရှိခဲ့ကြောင်း
အိန္ဒိယ နိုင်ငံပြင်ပ မှ ဗုဒ္ဓဘာသာယဉ်ကျေးမှု အလွှမ်းမိုးခံရသော အခြားအာရှ နိုင်ငံများသို့လည်း အ၀ဒါနစာပေ ပျံ့နှံ့ ရောက်ရှိခဲ့  ဘာသာရေးဆိုင်ရာ နံရံဆေးရေးပန်းချီပါ ဇာတ်လမ်းများကို အ၀ဒါနစာပေ က များစွာလွမ်းမိုးခဲ့ကြောင်း ကို သိရပါသည်။

အ၀ဒါနစာပေ၏ အတွင်းသာဖွဲ့စည်းပုံသည် ဇာတကစာပေပုံစံ ကဲ့သို့ ပင် ပစ္စုပ္ပန်ဝတ္တု အတိတ်ဝတ္တု ဇာတ်ပေါင်းခန်း
(သမာဝဒါန) ဟူ၍ အပိုင်း (၃) ပိုင်းဖြင့် ဖွဲ့စည်းထားလေသည်။ ဇာတ်ပေါင်းခန်း တွင် အဓိက ပြောဆိုသူဖြစ်သော ဗုဒ္ဓ နှင့် သာဝကတို့ က အတိတ်ဇာတ်ကြောင်းမှ မည်သူမည်ဝါသည် ပစ္စုပ္ပန်ဇာတ်လမ်းတွင် မည်သူမည်ဝါ ဖြစ်လာကြောင်း ကို ထပ်တူပြုဆက်စပ်ပြ ထားလေ၏။ အချို့ အ၀ဒါနဇာတ်လမ်းများတွင်မူ အဓိကပုဂ္ဂိုလ်ဖြစ်သူ၏ အနာဂတ် ဗျာဒိတ်ပေးချက် (ဗျာကရဏ) ကို ဖေါ်ပြ မည်သူမည်ဝါသည် အနာဂတ်ကာလတွင် မည်သို့သော ဘ၀ ကို ရရှိပြီးနောက် မည်သို့မည်ပုံ တရားထူးရ၍ ကျွတ်တမ်းဝင်လိမ့်မည်ဟူသော ဟောကိန်းများ ပါရှိလေသည်။

အကယ်စင်စစ်အားဖြင့် အ၀ဒါနစာပေသည် မကောင်းမှုတို့ သည် မကောင်းသောအကျိုးကို ပေး၍ ကောင်းမှုသည် ကောင်းကျိုးကိုပေးသည် ဟူသော အခြေခံ ကမ္မနိယာမ သဘောတရားကို ပြရန် နှင့် အတိတ် ပစ္စုပ္ပန် နှင့် အနာဂတ်ဘ၀ ဖြစ်စဉ် သံသရာ ကို အခြေခံထားသည့် ကမ္မ၀ါဒ ကို ဟောကြားသင်ပြရန် ရည်ရွယ်ထားသည်မှာ ထင်ရှားလေသည်။

ပါဠိပိဋကတ် ခုဒ္ဒကနိကာယ်တွင် သွတ်သွင်းထားသော ထေရီ ထေရာ အပါဒါန် ကျမ်းများသည် အ၀ဒါနစာပေခေတ် ၏ ရှေးအကျဆုံးသော လက်ရာများ ဖြစ်ဖွယ်ရှိပြီး ဘီစီ (၂) ရာစုဝန်းကျင်တွင် စုဆောင်းခဲ့ပုံရလေသည်။ ထေရီ ထေရာ အပါဒါန် ကျမ်းများသည် ရှင်တော်ဗုဒ္ဓ၏ အကြီးမြတ်ဆုံး ထိပ်တန်း မဟာသာဝကကြီးများ၏ အတိတ်ဇာတ်ကြောင်း ပါရမီဖြည့်ဆည်းခဲ့ကြပုံ နှင့် ပစ္စပ္ပန်ဘ၀တွင် ရှင်တော်ဗုဒ္ဓကို ဖူးတွေ့ ရပြီးနောက် အမြိုက်တရား ရပုံဇာတ်လမ်းများ ဖြစ်လေသည်။

နောက်ပိုင်းကာလ (အေဒီ ၁ ရာစု မှ ၄ ရာစု အတွင်း) ပေါ်ပေါက်ခဲ့သော အ၀ဒါနသတက (ပုဂ္ဂိုလ်ထူး ၁၀၀ ဇာတ်လမ်းများ) ကမ္မသတက (ကံ-ကံ၏ အကျိုးပြ ပုံဝတ္တု ၁၀၀) နျင့် ဒိဗျာဝဒါန (နတ်ဒေ၀လောကမှ ဇာတ်ဝတ္တုများ) တို့သည်ကား ရဟန်းရှင်လူ ပုဂ္ဂိုလ် အထူးထူးအထွေထွေ တို့၏ ဇာတ်လမ်းများ ပါဝင်နေ လေသည်။အ၀ဒါနသတက နှင့် ကမ္မသတက ဇာတ်လမ်းများ သည် အကျဉ်းချုပ် သဘော ဆန်သော အရေးအသားများ ဖြစ်လေသည်။

အ၀ဒါနသတက ကျမ်းတွင် ရှေးဟောင်းရောမခေတ်သုံး ဒင်္ဂါးတစ်မျိုး (ဒီနာရ) ၏ အမည်ကို ဖေါ်ပြထားသောကြောင့် အေဒီ (၂) ရာစုထက် မစောနိုင်ဟု ပညာရှင်များယူဆကြ၏။အ၀ဒါနသတက ကျမ်းသည် အ၀ဒါန (၁၀) ခုစီ ပါဝင်သော ၀ဂ် (၁၀)ခု ပါရှိပြီး ၀ဂ်တစ်ခုလျှင် အကြောင်းအရာတစ်မျိုးစီ ဖေါ်ပြထား၏။ ပထမ ၀ဂ် မှ စတုတ္တ ၀ဂ် အထိသည် ဗုဒ္ဓ နှင့် ပစ္စေကဗုဒ္ဓ တို့ နှင့် ဆိုင် သော ပါရမီဖြည့်ပုံ ဇာတ်လမ်းများဖြစ်ပါသည်။ ပဉ္စမ၀ဂ် မှာ ပေတ၀တ္တု ကဲ့သို့ အထူးထူး အထွေထွေ သော ပြိတ္တာမျိုးစုံတို့ ၏ ဇာတ်လမ်းများဖြစ် ပြီး ဆဋ္ဌမ၀ဂ်မှာမူ လူ နှင့် တိရစ္ဆာန် တို့ ဒါန သီလ မှု များကြောင့် နတ်ပြည်လားကြ ရပုံများ ကောင်းမှု ကုသိုလ်ကံ ၏ အကျိုးပေးပုံများ ကို ဖွင့်ဆိုထားလေသည်။ ဤကျမ်း၏ နောက်ဆုံး ၀ဂ် လေးခုမှာ ရဟန္တာ တို့ နှင့် သက်ဆိုင်သော ဇာတ်လမ်းများဖြစ်လေသည်။

ဒိဗျာဝဒါန (နတ်ဒေ၀လောကမှ ဇာတ်ဝတ္တုများ) မှာ မူ အလွန် ရှုပ်ထွေးသော ဇာတ်လမ်းဇာတ်ကွက်များဖြင့် တန်ဆာဆင် ရေးဖွဲ့ထားလေသည်။ (အေဒီ ၆ ရာစု မှ ၈ ရာစု အတွင်း) ပေါ်ပေါက်ခဲ့သော ပါဠိဘာသာ အဋ္ဌကထာကျမ်းများနှင့်  တရုပ်ဘာသာပြန် အ၀ဒါနကျမ်းများတွင် ဤ ဇာတ်ဝတ္တုများ ကိုတွေ့ရပါသည်။

ဟိန္ဒူကဗျာဆရာတို့ က မဟာဘာရတ ရာမယန တို့ ကဲ့ သို့သော မဟာကဗျာကျမ်းကြီးများ ရှေးဟောင်းပူရာဏ်ကျမ်းလာ ဇာတ်လမ်းဇာတ်ကွက်များ ကို မှီငြမ်း၍ ၎င်းတို့၏ သူရဲကောင်းဇာတ်လိုက်များကို ဖန်ဆင်းသည့်နည်းတူ အ၀ဒါနစာပေ ကို ရေးသားပြုစုကြောင်း ခန့်မှန်းရပေသည်။ အေဒီ (၂) ရာစုတွင်ပေါ်ပေါက်ခဲ့သော ကုမာရလာတ ရေးသားသော ကပ္ပနာမဏ္ဍိ ဋီကာ နှင့် ၄င်းနောက် ပေါ်ပေါက်သော အရိယသူရ ဟာရိဘတ္တ ဂေါပဒတ္တ စသည့် ပညာရှိများပြုစုခဲ့ကြသော ဗောဓိသတ္တာဝဒါနမာလာ ဇာတကမာလာ အစရှိသောကျမ်းများ သည် ဘုရားလောင်း၏ ရှေးဘ၀ ဇာတ်ကြောင်း များ ကို ရေးဖွဲ့ထားသော ကျမ်းစာများဖြစ်လေသည်။

ဤ ကျမ်းစာများ၏ အဓိကပစ်မှတ်မှာ သာမန်ပြည်သူလူထု၏ ဘာသာတရားအပေါ် ကြည်ညိုသဒ္ဓါစိတ် ကို တိုးတက် ဖြစ်ထွန်းစေရန် ဖြစ်သည်။ ဘုရားလောင်း နှင့် သာဝကလောင်းလျာတို့၏ ပါရမီဖြည့်ကျင့်ခဲ့ ရသော အတိတ် ဘ၀ ပေါင်းများစွာ ကို ရေးသားဖေါ်ပြခြင်းအားဖြင့် မြတ်စွာဘုရားနှင့် ရဟန္တာသာဝကများ အပေါ် အထူးလေးစား ကြည်ညိုစရာကောင်းအောင် ရေးသားထားခြင်းဖြစ်လေသည်။ ဤ ဇာတ်လမ်းများ ကို အခြေခံ၍ ဘ၀ပေါင်းများစွာ ပါရမီဖြည့်ကျင့်ရသော လမ်းစဉ် (မဟာယာန ပါရမိတာလမ်းစဉ်) ဆီ သို့ ဦးတည်ခဲ့သည်ဟု မှန်းဆနိုင်ပါ၏။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် မှ မဟာယာန အယူအဆများ

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ရှေးအကျဆုံးသော မဟာယာနဗုဒ္ဓဘာသာသုတ္တန်များ အနက်မှ တစ်ခုဖြစ်ပြီး ဤ သုတ္တန်မှ စတင်၍ မဟာယာန အယူအဆများ အပီအပြင် ထင်ရှားစွာ ပေါ်လွင်နေသည်ကို တွေ့ရလေသည်။ ဤသုတ္တန်သည် စကားပြေစုဏ္ဏိယတစ်ပိုင်း ဂါထာအဖွဲ့ တစ်ပိုင်း ရေးဖွဲ့ထားလေသည်။ မဟာယာနနွယ်သော ဗုဒ္ဓ၀င်ကျမ်းစာများ ဖြစ်သည့် လလိတာဝတ္တာရ မဟာဝတ္တု စသည်တို့ ပေါ်ပေါက်ပြီး အေဒီ (၁) ရာစု ၀န်းကျင်ခန့်ဖြစ်နိုင်ကြောင်း ပညာရှင်တို့ ခန့်မှန်းကြပါသည်။ အစောဆုံးတွေ့ရသော တရုပ်ဘာသာပြန်လက်ရာများကို အေဒီ(၂၈၆) တွင် ရဟန်းတော် ဓမ္မရက္ခ မှ ၎င်း  အေဒီ (၃၈၃) တွင် ရဟန်းတော် ကုမာရဇီဝမှ ၎င်း အေဒီ (၆၀၁) တွင် ဥာဏဂုတ္တ နှင့် ဓမ္မဂုတ္တ တို့က ၎င်း အသီးသီး ပြန်ဆိုခဲ့ကြလေ၏။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ၏ အရေးပါမှု ကို ၈ကြိမ်၉ကြိမ်မက အထပ်ထပ် ဘာသာပြန်ခဲ့ကြသည်ကို ထောက်ဆလျှင် သိနိုင်လေသည်။ ယနေ့ခေတ်ကာလတိုင် တင်းဒိုင် နိချိရင် ဇာန် စသော ဂျပန် ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးများတွင် နေ့စဉ် အလေးအမြေတ် ရွတ်ဆိုပူဇော်လျှက်ရှိနေသော သုတ္တန် ဖြစ်လေသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ဟီနယာန မှ မဟာယာနသို့ အပြီးသတ် အသွင်ကူးပြောင်းမှုကို ဖေါ်ပြနေသော သုတ္တန်ဖြစ်၏။ ရှင်တော်ဘုရားသည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာန ကို ဟောကြား ခဲ့ရကြောင်း ကို ရှည်လျားစွာ ဖေါ်ပြထားလေသည်။ ဟီနယာန လမ်းစဉ်သည် ဗောဓိပက္ခိယတရား (၃၇)ပါး ကို ကျင့်သုံး ခြင်းဖြင့် ကိလေသာရ၀ဏ (ကိလေသာ အတားအဆီး) တို့ကို ဖယ်ခွာနိုင်ပြီး အရိယသစ္စာ(၄)ပါးကို သိမြင်နိုင်ခြင်း ပုဂ္ဂလသုညတာ ကို သိမြင်နိုင်ခြင်း ပဋိစ္စသမုပ္ပါဒ် ကို သိမြင်နိုင်ခြင်း စသည့် အကျိုးတရားများ ရရှိနိုင်ပေသည်။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် အလိုအရ ဟီနယာန လမ်းစဉ်ကို ပေါက်ရောက်အောင်မြင်ပြီးသော သာဝကများသည် ဗောဓိသတ္တ မဟာယာန ပါရမီလမ်းစဉ် ကို ဆက်လက်ဖြည့်ကျင့်ခြင်းအားဖြင့် ဥေယျာဝရဏ (ဥာဏ်ပညာအတားအဆီး) ကို့ ဖယ်ခွာ နိုင်ပြီးလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိနိုင်သည်ဟု ဖေါ်ပြပါသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန်၏ အဓိကအကျဆုံး အယူအဆမှာ ဧကယာန=ဗုဒ္ဓယာန=မဟာယာန ဖြစ်သည်။ ရှင်တော်ဘုရား သည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာနလမ်းစဉ်များ (သာဝကယာန နှင့် ပစ္စေကဗုဒ္ဓယာန) ကို ဟောကြားခဲ့ရ သော်လည်း အဆုံးစွန်သော တစ်ခုတည်းသော လမ်းစဉ် သည် ဧကယာန=ဗုဒ္ဓယာန =မဟာယာန ဖြစ်သည်ဟုဆိုပါသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် အခန်း (၂၇) ခန်းပါဝင်သော ရှည်လျားသော သုတ္တန်ဖြစ်သည်။ ပထမအခန်းတွင် ဤသုတ်သည် ရှေး ဘုရားရှင် အဆက်ဆက်ဟောကြားခဲ့သော မဟာဝေပုလ္လသုတ္တန် ဖြစ်ကြောင်း ဒီပင်္ကရာဘုရားရှင်ထံ သို့ ၀ရပြဘာ ဗောဓိသတ္တထံမှ တစ်ဆင့် ရောက်ရှိခဲ့ကြောင်း ၀ရပြဘာ ဗောဓိသတ္တ မှာ မဉ္ဇူသိရီ ဗောဓိသတ္တ၏ ရှေးဘ၀ဖြစ်ကြောင်း တို့ ကို ဖေါ်ပြထားလေသည်။

ဒုတိယ အခန်းတွင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ ၏ တရားအသိ (ဓမ္မာဘိသယ) ကို ဗောဓိသတ္တ ပစ္စေကဗုဒ္ဓ သာဝကများ မည်သို့မှ အသိမရောက်နိုင်ကြောင်း တတိယ နှင့် စတုတ္တ အခန်းများတွင် ဘုရားရှင်တို့ ၏ ကရုဏာသည် ဝေနေယျတို့ အပေါ် တစ်ပြေးညီကျရောက် စေကြောင်းကို ပုံပြ၀တ္တုနှစ်ပုဒ်ဖြင့် တင်ပြထားလေသည်။

ပဉ္စမ အခန်းတွင် ရှင်တော်ဗုဒ္ဓသည် နေမင်း မိုးတိမ်တိုက် ကဲ့ သို့ ဝေနေယျတို့ အပေါ် တူမျှညီညာစွာ ကျင့်သုံးကြောင်း သာဝကတို့ ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု မဟုတ်ကြောင်း ဘုရားရှင်တို့ ၏ တရားအသိ နှင့် ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု ဖြစ်ကြောင်း ကို ဖေါ်ပြထားလေသည်။ သကျမုနိဘုရားရှင်က မိမိ၏ မဟာသာဝကများသည် တစ်ချိန်ကျလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရမည် ဖြစ်ကြောင်း ဗျာဒိတ်ပေးဟောကြားထားသည်ကို တွေ့ရသည်။ ရှင်တော်ဗုဒ္ဓက ဤ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ကို ရှေးဘ၀ဟောင်းတစ်ခုတွင် ဒေ၀ဒတ္တ အလောင်း ရသေ့ထံမှ ကြားနာခဲ့ဖူးကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အနာဂတ်ကာလတွင် ပေါ်ပေါက်လာမည်ကို ကြိုတင်မြင်သိခဲ့ကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အပယ်ငရဲသို့လားကြရမည့်အကြောင်း ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော်ထိုက်ကြောင်း စေတီများနှင့်အတူ ဦးညွတ်ရိုသေထိုက်ကြောင်း တို့ ကို ဖေါ်ပြထားပါသည်။

နောက် အခန်း နှစ်ခန်းတွင်မူ ဘုရားရှင်၏ သက်တမ်းသည် အကန့်အသတ်မရှိ အနန္တ-ထာဝရ ဖြစ်ကြောင်း လူ့လောကတွင် မွေးဖွား-ဘုရားဖြစ်-တရားဟော-ပရိနိဗ္ဗာန်ပြု သော ဖြစ်ရပ်များသည် ဘုရားရှင်၏ အမှန်တကယ်ဖြစ်သော အဖြစ်အပျက်များ မဟုတ်မူပဲ ဝေနေယျတို့ကို တရားပြလိုသောကြောင်း ဖန်းတီးထားသော မာယာဝိရူပမျှသာ ဖြစ်ကြောင်း ဒီပင်္ကရာမှ သည် ဂေါတမဗုဒ္ဓ ထိ ဘုရားရှင်ဟူသမျှသည် မိမိ၏ အသွင်များသာ ဖြစ်ကြောင်း ဟောကြားထားသောကြောင့် လောကီလွန် လောကုတ္တရာ ဘုရားရှင်မျိုးဖြစ်ကြောင်း အတည်ပြုပြောဆိုသော အခန်းများဖြစ်လေသည်။ ကျန်အခန်းများအားလုံးသည်ကား ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော် ခြင်းအားဖြင့်ရရှိနိုင်မည့် အကျိုးတရားများကို ၀ိတ္တာရချဲ့ ရှင်းပြထားချက်များဖြစ်လေ၏။

ထူးခြားချက်မှာ အခန်း (၂၄) တွင် ဗောဓိသတ္တ အ၀လောကိတေသွာရ ကို စတင်မိတ်ဆက်ဖေါ်ပြထားလေသည်။ ဗောဓိသတ္တ အ၀လောကိတေသွာရ ကို ရည်မှန်းဆုတောင်းပတ္ထနာပြုပါက ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်နိုင်ကြောင်း သူသတ်သမား၏ ဓါးသည်ပင် အစိတ်စိတ်အမြွာမြွာ ကျိုးပဲ့ ရကြောင်း လက်ထိတ် ခြေထိတ်တို့မှ ကျွတ်လွတ်ရကြောင်း သင်္ဘောပျက်ခြင်းဘေးဆိုး ကန္တာရခိုးသူတို့၏ဘေး စသည်တို့မှ လွတ်မြောက်ရကြောင်း ကို ဖော်ပြထားလေသည်။ ဤ အခန်းကို အခြေခံလျှက် ဗောဓိသတ္တ အ၀လောကိတေသွာရ၏ အကြောင်းသက်သက် ကို သာ တစ်ကျမ်းလုံးဖော်ပြထားသော ကာရဏ္ဍဗျူဟာ အမည်ရှိ ကျမ်းကြီးတစ်စောင် ပေါ်ပေါက်ခဲ့လေသည်။ ကာရဏ္ဍဗျူဟာ သည်ကား ဖန်ဆင်းရှင် ဣဿရ၀ါဒ ဆန်ဆန် ရေးသားထားဟန်ရှိလေသည်။

အေဒီ ၃၉၉ တွင် အိန္ဒိယသို့ရောက်လာခဲ့သော တရုပ်ရဟန်းတော် ဖာဟီယန်သည်  သီဟိုဠ်မှ တရုပ်ပြည်သို့ သင်္ဘောနှင့်အပြန်လမ်း မုန်တိုင်းမိရာတွင်  အ၀လောကိတေသွာရ ကို ဆုတောင်းရာ လှီုင်းလေများ ချက်ချင်းငြိမ်သက်သွားကြောင်း မှတ်တမ်းတင်ထားလေသည်။

အ၀လောကိတေသွာရ သည် လောကသားတို့ ကို ကရုဏာဖြင့်ငုံကြည့်တော်မူနေသော အရှင်ဖြစ်သောကြောင့် သတ္တ၀ါအားလုံးကို ကယ်တင်၍ မပြီးမချင်း နိဗ္ဗာန်သို့ မ၀င်စံရန် အဓိဋ္ဌာန်ပြု ထားသော အရှင ဖြစ်ပြီး ဘုရားရှင် ဟူသမျှတို့၏ မဟာကရုဏာဓါတ်ကို ကိုယ်စားပြုထားသော ဗောဓိသတ္တ လည်းဖြစ်၏။ ကာရဏ္ဍဗျူဟာ ရှေ့ပိုင်းတွင် အ၀လောကိတေသွာရ သည် အ၀ီစိငရဲ၌ အနှိပ်စက်ခံနေရသော သတ္တ၀ါများကို အပါယ်ဒုက္ခမှ ကင်းအောင် အ၀ီစိငရဲပြည်သို့ ဆင်းသက် အ၀လောကိတေသွာရ ရောက်သည်နှင့် ငရဲမီးတောက်များ ငြိမ်းခဲ့ကြောင်း ထိုမှတဖန် သူ၏ မဟာကရုဏာ အစွမ်းဖြင့်  ပြိတ္တာများ ကို ငတ်မွတ်ပြေစေခဲ့ ကြောင်း သီဟိုဠ်ကျွန်းမှလူများ ကို ဘီလူးရန် လွတ်စေခဲ့ ကြောင်း ရေးသားထားလေ၏။

ကာရဏ္ဍဗျူဟာ ကျမ်းက ချယ်မှုန်းပြသသော အ၀လောကိတေသွာရ သည် စကြ၀ဠာ ကမ္ဘာ မိုးမြေ ကို ဖန်ဆင်းရှင်ကြီးပင် ဖြစ်နေတော့ပါသည်။  သူ၏ မျက်လုံးမှ နေ နှင့် လ သူ၏ မျက်မှောင်မှ မဟေဿရ နတ်မင်း သူ၏ ပုခုံးမှ နတ်ဗြဟ္မာ ကြီးများ သူ၏ စွယ်တော်မှ သူရဿတီနတ်ဒေ၀ီ သူ၏ ခံတွင်းမှလေနတ်မင်း သူ၏ ခြေထောက်မှ မြေထု သူ၏ အစာအိမ်မှ ၀ရုဏနတ်မင်း တို့ မွေးဖွားခဲ့ကြောင်း အလင်္ကာတန်ဆာဆင် ရေးသားထား၏။

ကာရဏ္ဍဗျူဟာ ကျမ်းတွင် အရေးအပါဆုံးမှာ အ၀လောကိတေသွာရ ကို ရှိခိုးပူဇော်သော ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ အကြောင်း ဖြစ်လေသည်။ ဤ အက္ခရာ (၆) လုံးမျှပါသော ပါထာငယ်လေးသည် နှစ်ထောင်ချီ၍ မဟာယာနဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာ၏ နှလုံးသားများကို စိုးမိုးခဲ့သည်။ တိဗက်မဟာယာနဗုဒ္ဓဘာ ယဉ်ကျေးမှု လွှမ်းမိုးသော နေရာတိုင်းတွင် ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ ကို အမြတ်တနိုး အကြိမ် သိန်းသန်းချီ၍ ရွတ်ဆိုပူဇော်ကြသည်။ ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ နှင့် ပတ်သက်၍ ယင်း ဂါထာသည် အလွန် တန်ခိုးအာနုဘော်ကြီးမားကြောင်း အ၀လောကိတေသွာရ ၏ တိုက်ရိုက် ကောင်းချီးပေးမှု ကို ရနိုင်ကြောင်း မိမိ သွေးကိုမင် ပမာပြု၍ မိမိအရေကို ပုရပိုက် ပမာပြု၍ မိမိ အရိုးကို ကလောင်ပမာပြု၍ ရေးသားပူဇော်သင့်ကြောင်း ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ တစ်ကြိမ်ရွတ်ဆိုမှု သည် ဂင်္ဂါ သဲစုထက် ပိုများပြားသော ကောင်းမှု ကုသိုလ် အစုဖြစ်ကြောင်း ယုံကြည်ကြသည်။

မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် သုံးသပ်ချက်
မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် ငြင်းခုံစွပ်စွဲမှုများ ရှေးအခါကတည်း ရှိခဲ့လေသည်။
ယနေ့ခေတ်သုတေသီပညာရှင်တို့၏အမြင်တွင်လည်း မဟာယာနသုတ္တန်များသည် ဥာဏ်ပဋိဘာန်ထက်မြက်စူးရှသော က၀ိပညာရှိများ ရေးသားစီရင်ခဲ့ပုံပေါ်ကြောင်း သမိုင်းဝင်သကျမုနိ ဂေါတမဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့သော သုတ္တန် ဒေသနာများမဖြစ်နိုင်ကြောင်း ယူဆကြ၏။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် တွင်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ် စွပ်စွဲမှုများ ကို ခုခံချေဖျက်ရန် နှင့် ထိုသို့စွပ်စွဲသူများ ကို မာရ်နတ်၏ ကျော့ကွင်းတွင် သက်ဆင်းမိသူများဟုဆိုထား ပုံကိုထောက်ရှုကာ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် စွပ်စွဲမှုများငြင်းခုံမှုများ ပြင်းထန်ခဲ့ကြောင်း သွယ်ဝိုက်ဆင်ခြင်သိနိုင် ပေသည်။[1]

ထိုသို့ဆိုခြင်းဖြင့် မဟာယာနသုတ္တန် မဟုတ်သော ရှေးဦးဗုဒ္ဓဘာသာ၏ သုတ္တန်အားလုံးကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု အတည်ပြုပြောဆိုခြင်းမဟုတ်ပေ။ ပါဠိပိဋကတ်သည်ပင်လျှင် အလုံးစုံကို ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အခိုင်အမာပြောဆိုရန်ခက်ခဲလှပေသည်။ စင်စစ်အားဖြင့်ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ်သော သုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန)ကဲ့သို့ လက်ခံဆည်းကပ်ရန်မှာ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးရန်လိုပါသည်။ မက်ကွင်း၏အလိုအရ ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အတည်ပြုပြောဆိုနိုင်ရန် အခြေအနေ (၃)ခုရှိ၏။ ယင်းတို့မှာ--

·         သုတ္တန်ကို ဟောကြားပြီးသောအခါတွင် ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း
·         သုတ္တန်ကို မဟောကြားမီ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က ကြိုတင်ဗျာဒိတ်ပေးအတည်ပြုပေးခြင်း
·         သုတ္တန်ကို ဟောကြားသည့် ပုဂ္ဂိုလ်ကို ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း

ဤအခြေအနေများနှင့်ပြည့်စုံနိုင်ရန်မှာ ရှင်တော်ဗုဒ္ဓ သက်တော်ထင်ရှားရှိနေချိန်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ရှင်တော်ဗုဒ္ဓ နှင့်တစ်ကွ ထိပ်တန်းသာဝကမထေရ်မြတ်ကြီးများ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသောကာလတွင်မူ သဘောတရားအရ ပိဋကတ် သည် ထပ်မံဖြည့်စွက်ရန် မဖြစ်နိုင်တော့ချေ။

မဟာယာန ဗုဒ္ဓဘာသာဝင်များအနေဖြင့်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသော်လည်း ရှင်တော်ဗုဒ္ဓသည် အမိတာဘဈာနိဗုဒ္ဓ အမိတာယုဈာနိဗုဒ္ဓ စသည့် ရုပ်နယ်လွန်ဈာန်ဘုရားများ (Cosmic Buddhas) အသွင်ဖြင့် ဆက်သွယ်ဟောကြားခဲ့သည်ဟု ယုံကြည်ကြလေသည်။
မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း သကျမုနိရှင်တော်ဗုဒ္ဓကိုယ်တော်တိုင် တစ်ချိန်ချိန် တစ်နေရာရာတွင် အမှန်တကယ် ဟောတော်မူခဲ့ကြောင်း (ဧ၀ံ မေသုတံ) အစချီသော သုတ်နိဒါန်းများဖြင့် ဖေါ်ပြလေ့ရှိ သော်လည်း သုတေသီပညာရှင်များအနေဖြင့် သမိုင်းအထောက်အထား ပိဋကတ်စာပေအထောက်အထား မရှိသော ကြောင့် မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် ခက်ခဲပေလိမ့်မည်။
ဤသို့ဆိုသော်လည်း မဟာယာနသုတ္တန်များသည် နောက်ပိုင်း ရဟန်းတော်များ၏ ထွင်လုံးသက်သက် ဟုမယူဆသင့်ပေ။
ဥပမာ-မဟာယာန ဗုဒ္ဓဘာသာ ဒဿနဂိုဏ်းတစ်ခုဖြစ်သော မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း)၏ အခြေခံ အယူအဆများကို ပါဠိပိဋကတ်မှ သံယုတ္တနိကာယ် သုတ္တနိပါတ် စသည်တို့တွင် တွေ့ ရှိနိုင်သောကြောင့် ပညာပါရမိတာသုတ္တန်များက မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း) က အခြေခံခဲ့သော ပညာပါရမိတာသုတ္တန်များ သည် ဘုရားဟော (ဗုဒ္ဓ၀စန)နှင့် လျှော်ညီသော ဟောကြားသွန်သင်ချက်များဖြစ်ကြောင်းထောက်ဆနိုင်ပါသည်။


မဟာယာနသုတ္တန်များ၏ဇစ်မြစ်ကို ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သည်ဟုယူဆရသော ပစ္စုပ္ပန္နသုတ္တန်တွင် တွေ့ရ၏။ ဤသုတ္တန်တွင် အမိတာယုဈာနိဗုဒ္ဓ၏ ရူပါရုံကသိုဏ်း ကျင့်ပုံ  အမိတာယုဈာနိဗုဒ္ဓ၏ ဗုဒ္ဓခေတ္တ သို့ ကိန်းဝင် ရောက်ရှိပုံ အမိတာယုဈာနိဗုဒ္ဓထံတော်မှ တရားထူးများ နာကြားရပုံ များဖေါ်ပြထား လေသည်။
ဗောဓိသတ္တရဟန်းတော်သည် သမာဓိဝင်စားချိန်မှာ ရုပ်နယ်လွန် ဈာန်ဘုရားများနှင့် ဆက်သွယ်တွေ့ဆုံ ပြီးနောက် အဆင့်မြင့် မဟာယာနတရားတော်များ ကြားနာခဲ့ရပုံ ကို ဖေါ်ပြထားသည်။ ဤနည်းအားဖြင့် မဟာယာနသုတ္တန်များ သည် ဗောဓိသတ္တရဟန်းတော်၏ နက်ရှိုင်းသော သမာဓိစိတ်အတွင်းဝယ်ဓမ္မဗျာဒိတ်တော်များဆန်ဆန်ပေါ်ပေါက်လာဟန် တူပေသည်။ ထို့ကြောင့် ပေါလ် ဟာရစ်ဆန်၏ ထင်မြင်သုံးသပ်ချက်အရ မဟာယာနသုတ္တန်များသည် တောရ ဆောက်တည်နေသောအရည၀ါသီတောမှီ ဗောဓိသတ္တရဟန်းတော်များ၏ ဖေါ်ထုတ်မှုများဖြစ်နိုင်ပေသည်။[2]

ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သော အရိယာသုပိနသုတ္တန်တွင် အိပ်မက် (၁၀၈)ပါး ကို ဖေါ်ပြထားပြီး ယင်းတိုပအနက် အောက်ပါတို့မှာ မဟာယာနသုတ္တန်များ၏ဇစ်မြစ် ကို အိပ်မက်လောကနှင် ဆက်သွယ်ထားဟန်ရှိကြောင်း တွေးဆနိုင်ပေသည်။

(၂၂)-တရားတော်နာကြားရခြင်း
(၂၄)-မတွေ့ဖူးသော ရဟန်း ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း
(၂၅)-မိမိကိုယ်တိုင် ဓမ္မာသနပလ္လင်တွင်ထိုင်ပြီး တရားတော် ဟောာကြားခြင်း
(၂၉)-ရှင်တော်ဗုဒ္ဓ ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း
(၅၆)-ဓမ္မကျမ်းစာ လက်ခံ ရရှိခြင်း
(၆၂)- သုတ္တန်ကျမ်းစာများ ဖေါ်ထုတ်ရန် ပဏိဓါနအဓိဋ္ဌာန်ပြုခြင်း
(၆၃)- ဓမ္မကျမ်းစာ ရတနာတစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း
(၆၄)-အခြားသောလောကဓါတ်မှ ရှင်တော်ဗုဒ္ဓ တစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း
(၉၅)-မင်းပရိသတ်အစုံကို တရားတော် ဟောာကြားခြင်း
ပေါလ် ဟာရစ်ဆန်၏ သုံးသပ်ချက်မှာ စာပေကျမ်းဂန်းသုတ္တန်လေ့လာမှု နှင့် ကမ္မဋ္ဌာန်းကျင့်စဉ် ပေါင်းစပ်မှုကြောင့် မဟာယာနလှုပ်ရှားမှုကိုစတင်ခဲ့ကြသော ရဟန်းတော်များသည် ထူးခြားဆန်းကြယ်သော အိပ်မက်များ ရရှိကာ ဓမ္မကျမ်းစာ သစ်များ ဖေါ်ထုတ်နိုင်ခြင်းဖြစ်ကြောင်းယူဆလေသည်။[3]

ဤသို့ဆိုလျှင်မဟာယာနသုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မည်သည့်အထောက်အထားဖြင့် လက်ခံရမည်နည်းဟူသောမေးခွန်းဖြစ်ပေါ်လာခဲ့လေသည်။  အေဒီ (၈) ရာစုတွင် ပေါ်ထွန်းခဲ့သော မဟာယာန ရဟန်းတော် ဒဿနပညာရှင် သန္တိဒေ၀၏ သိက္ခာသမုစ္စယ ကျမ်းတွင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် အကြောင်းတရား (၄) ပါးကို ဖေါ်ပြထားခဲ့သည်ကို အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) သစ္စာဓမ္မကိုညွန်ပြ ခြင်း မိစ္ဆာဓမ္မကို ပယ်ရှားခြင်း
(၂) ဓမ္မ၀ါဒ ကို သင်ကြားခြင်း အဓမ္မ၀ါဒ ကို မဟောကြားခြင်း
(၃) ကိလေသာတရား ခေါင်းပါးရေးကိုညွန်ပြခြင်း ကိလေသာတရား ပွားစီးရေးကို မညွန်ပြခြင်း
(၄) နိဗ္ဗာန်နှင့် အလျှော်ဖြစ်ခြင်း သံသရာလည်မှုနှင့် ဆန့်ကျင်ခြင်း

ဤ လေးချက်နှင့် ကိုက်ညီလျှင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် လုံလောက်ကြောင်းကောင်းမွန်စွာ အပြစ်ကင်းစွာ အကျိုးရှိစွာ ဟောကြားအပ်သော သုဘာသိတ မှန်သမျှသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ဖြစ်လေရာ ထိုထိုသော မဟာယာနသုတ္တန်များကို ဤအချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံနိုင်ပေသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါက် မှ ဥတ္တရ၀ိပတ္တိသုတ် တွင် အလားတူဟောခဲ့ သည်ကိုတွေ့ရပါသည်။ ၀ိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု ယူဆနိုင်ဖွယ်ရာရှိပါသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါက်မှ မဟာပဒေသတရား(၄) ပါးတွင်လည်း ပေါ်ပေါက်လာသော တရားသစ် ဟူသမျှကို ချက်ချင်း လက်ခံခြင်း ငြင်းပယ်ခြင်းမပြုပဲ ဘုရားရှင်ဟောတော်မူခဲ့ပြီးသော ဓမ္မ၀ိနယ ပိဋကတ်များတွင် သွတ်သွင်းတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လက်ခံခြင်း ငြင်းပယ်ခြင်း ပြုကြရန် ဟောကြားချက် ရှိပါသည်။ မဟာယာနသုတ္တန်များကို ဤမဟာပဒေသတရား(၄) ပါး အချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်မဟုတ် ဆ၀ါးကြည့်နိုင်ပါသည်။

ဝိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မဟာယာန၀ါဒီတို့ ကခံယူခြင်းကြောင့် ကျယ်ပြန့်သော လွပ်လပ်သော အသစ်ဖန်တီးမှုများ ဖြစ်ခွင့်ရှိခဲ့ပုံပေါ်ပါသည်။ မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှုသည် တောရဆောက်တည် တရားကျင့်သုံးအားထုတ်ကြသော ဗောဓိသတ္တဆုပန်ရဟန်းတော်များ၏ အသစ်ဖန်တီးမှုများက ကာလရွေ့လျောသောအခါ ဘုရားဟော (ဗုဒ္ဓ၀စန) အဖြစ် ပြောင်းလဲလက်ခံခဲ့ကြဟန်တူ လေသည်။

မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှု ကို ဦးဆောင်ခဲ့သော ရဟန်းတော်များ သည် သမိုင်းဝင်ဗုဒ္ဓ(Historical Buddha) အပေါ် သက်ဝင်ယုံကြည်မှုမှ မှ ဈာနိဗုဒ္ဓများ (Cosmic Buddhas) အပေါ်သက်ဝင်ယုံကြည်မှုဆီသို့ ရွေ့လျှားခဲ့သောအခါ သမိုင်းဝင်ဗုဒ္ဓ မှ မဟာယာနသုတ္တန်များကို ဟောခြင်းမဟောခြင်းကိစ္စသည် အရေးမပါတော့ ချေ။ မဟာယာန၀ါဒီတို့ အတွက် သမိုင်းဝင်ဗုဒ္ဓ ၏ နိမ္မာနကာယထက် သမိုင်း နှင့် လောကီအချိန်ကာလ အတိုင်းအတာများ ကို ကျော်လွန်နေသော (ဈာန်သမာဓိစိတ်ကို အခြေခံသော ပညာဥာဏ်မျက်စိဖြင့်သာမြင်အပ်သော) ဗုဒ္ဓ၏ သမ္ဘောဂကာယ နှင့် ထာဝရတည်ရှိ နေသော ဗုဒ္ဓ၏ ဓမ္မကာယများ ကို ပိုလွန်ပြီး အလေးအမြတ်ထားခဲ့သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

မဟာယာနဗုဒ္ဓဘာသာ တိုးတက်ထွန်းကားလာခြင်း
ဗုဒ္ဓဘာသာ၏ အစောဆုံး နှစ် (၃၀၀) ကာလအတွင်းမှာ ဗုဒ္ဓဘာသာ သည် လူ့လောကနှင့် များစွာ မဆက်စပ်သော ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင်ဖြင့်ရှိခဲ့  မောရိယ အင်ပါယာကို ထူထောင်သော အာသောကမင်းကြီး လက်ထက်မှ စ တင် ဗုဒ္ဓဘာသာ သည် ပြန့်ပွား ရန် အားယူခဲ့နိုင်သည်ကို တွေ့ရသည်။ အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့် ထောက်ပံသော သာသနာ့ဒါယကာ မောရိယမင်းဆက် ပြုတ်၍ ဗြဟ္မဏ ဘာသာဝင် ဘုရင်များနန်းတက်ခဲ့သည် ။

အာသောကမင်းကြီး နောက် သုန်ဂမင်းဆက်များနန်းတက်လာသော ဗုဒ္ဓဘာသာ သည် မင်းချီးမြောက်မှုမခံရတော့ချေ။ ပုရှမိတြသုန်ဂမင်း (Pusyamitra Sunga) သည် ဗုဒ္ဓဘာသာ ကို များစွာဖိနှိပ်ခဲ့ လေသည်။   ဗြဟ္မဏ ဘုရင် တို့၏ နှိပ်စက်မှူကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း မှာ အိန္ဒိယအနောက် ပိုင်းသို့ပြောင်း ခဲ့ရ၍ ထေရ၀ါဒဂိုဏ်းမှာ အိန္ဒိယတောင်ပိုင်း ဆံချီသို့ ရွေ့ ခဲ့ရသည် ။ ဗြဟ္မဏ ဘုရင်တို့သည် သက္ကဋဘာသာကို ဦးစားပေးသောကြောင့် ဟီနယာန သဗ္ဗတ္တိ ၀ါဒဂိုဏ်း သည် ဘုရားဟောပါဠိတော်များကို သက္ကတ ဘာသာ ဖြင့်ပြောင်းလဲ မှတ်တမ်းတင်ခဲ့ကြသည်။

ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ပါသည်။ သုန်ဂမင်းဆက်ခေတ်ကာလတွင် ဗုဒ္ဓဘာသာ ကို ပြည်သူတို့၏ လှူဒါန်းပူဇော်မှု အထောက်အထား များစွာ တွေ့ ရှိရလေသည်။ဘာရွတ်ထူပါ ဆန်ချီထူပါ ကာလေ လှိုဏ်ဂူ စသော ကြီးမားသော သာသနိကအဆောက် အအုံများ သည် သုန်ဂမင်းဆက်ခေတ်ကာလတွင် ပေါ်ထွန်းခဲ့သည်ကို ထောက်ချင့်လျှက် ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ကြောင်းထင်းရှားသည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာ သည် တစ်ဖြည်းဖြည်း ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင် မှ လူထုအများကိုးကွယ်သော ဘာသာတရားတစ်ခုအဖြစ်သို့ရောက်ခဲ့သည်။ ဓါတ်တော် မွေတော် စေတီ ပုထိုး ဆင်းတု ကိုးကွယ်သော လူထုအများကြိုက်ဘာသာတရားဖြစ်လာခဲ့လေသည်။

အိန္ဒိယပြည်မြောက်ပိုင်းမှာ ဂရိ ဘုရင် မိလိန္ဒကဲ့သို့သော ပုဂ္ဂိုလ်များသည်ပင် ဗုဒ္ဓဘာသာ ကို လက်ခံခဲ့ကြချိန်ဖြစ်၏။
ဂရိ ဘုရင် မိလိန္ဒ သည် သာဂလနေပြည်တော် တည်ထောင်ပြီးသော် ဗုဒ္ဓဘာသာ ကိုများစွာ ထောက့်ပံ့ ချီးမြောက်ခဲ့သည်။
ပန်ဂျပ်ပြည်နယ် သာဂလမြို့ တော်တွင် ဂရိနွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင်နာဂသိန် ကဖြေဆိုသော မိလိန္ဒပဥှာ ပါဠိတော်ကျမ်းကြီးပေါ်ထွန်းခဲ့သည် ။ ဗုဒ္ဓဘာသာ ကို အိန္ဒိယပြည်မြောက်ပိုင်းမှာ နေထိုင်သောဂရိလူမျိုးများ ကိုးကွယ်ခဲ့ကြ ပါဠိစာပေ အထောက်အထားများအရ ကထာဝတ္တုကျမ်းပြု အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ယာဝနတိုင်း (ဂရိဒေသ) သို့ သာသနာပြုရန် အရှင်ဓမ္မရိက္ခိတမထေရ်ကို စေလွှတ်ခဲ့သည်။ ထိုမထေရ်သည် ယာဝနတိုင်း (ဂရိဒေသ) သာ မက အပန္တကတိုင်းတွင်လည်း သာသနာကိုထွန်းလင်းစေခဲ့ပါ၏။
အေဒီ (၁) ရာစု-ဂန္ဓာရတိုင်း ပက်သျှဝါမြို့ တွင် သကမင်းစိုးစံသည် ။ ထိုကာလ တွင် ဂန္ဓာရတိုင်းတွင်ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက လွှမ်းမိုးလာ သည်။ သကမင်းဆက်-သာတာဝါဟနမင်းဆက်တို့သည် အိန္ဒိယပြည် မထုရာ ၊ ဥဇေနီ ၊ ဒက်ကန်ဒေသ သို့တိုင်အောင် အာဏာစက်ပြန့်နှံ့ ခဲ့သည် သကမင်းဆက်၌ ကနိသျှကဘုရင်ကို ဒါယကာပြု၍ ဟိနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက ရဟန်းတော်(၅၀၀) ဖြင့် သင်္ဂါယနာတင်ခဲ့သည် ။ ဤ သင်္ဂါယနာတင်ပွဲကို အရှင်ဝသုမိတြ က ဦးဆောင် ကာ ကျင်းပခဲ့သည်ဟုဆိုပါသည်။ ကနိသျှကဘုရင် သည် အာသောကမင်းကြီး ထေရ၀ါဒသာသနာ ကို ချီးမြောက် သည့် နည်းတူ သဗ္ဗတ္တိဝါဒဂိုဏ်း ကို ချီးမြောက်ခဲ့သည်။ ထေရ၀ါဒဖက်က အသိအမှတ်မပြုသော်လည်း စတုတ္တသင်္ဂါယနာဟု ခေါ်တွင်ကြသော ပိဋကတ်တော်ကျမ်းစာများ နှင့် အဖွင့် ၀ိဘာသာကျမ်းကြီးများကို သဗ္ဗတ္တိဝါဒဂိုဏ်းဝင် ရဟန်းတော်များ က စီရင်ကြပြီး ကြေးပြားများပေါ်တွင်ရေးထွင်းကာ ပူဇော်ခဲ့ကြသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်တော်များကို တရုပ်ဘာသာ တိဗက်ဘာသာ တို့သို့ ပြန်ဆိုခဲ့ကြသောကြောင့် မဟာယာန ဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေ အခြေခံအုတ်မြစ်သည် သဗ္ဗတ္တိဝါဒဂိုဏ်းလာ စာပေများဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပေ။ တစ်နည်းအားဖြင့် မဟာယာနဗုဒ္ဓဘာသာ၏ အဆင့်မြင့် ဒဿနဂိုဏ်းများဖြစ်ကြသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များသည် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အခြေခံအယူဝါဒရေးရာများ ကို ဝေဖန်းဆန်းစစ်တိုက်ခိုက်ရင်း ပေါ်ထွန်း လာခဲ့လေသည်။ ထို့ကြောင့် တိဗက် မဟာယာနဗုဒ္ဓဘာသာ၏ သင်ရိုးတွင် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ ကျမ်းများလာ သော ဝေဘာသိကဒဿနအမြင် သည် အခြေခံသင်ရိုးဖြစ်၍ မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များကို အဆင့်မြင့် သင်ခန်းစာများ အဖြစ် သင်ယူရလေသည်။ ဤ အချက်သည် ရှေ့တွင် ရေးသားဖေါ်ပြလတ္တံသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များဆိုင်ရာ အခန်းများ ရောက်လျှင် ကောင်းစွာ ထင်ရှားလာပါလိမ့်မည်။
အေဒီ (၂) ရာစု ခန့်တွင် နာဂ္ဂဇ္ဖုန ရဟန်းတော်သည် နဂါးပြည်မှ ပညာပါရမိတာပိဋကတ်များရရှိပင့်ဆောင်ခဲ့ပြီး မဇ္ဈိမိက သုညတ ၀ါဒကျမ်းများကို ရေးသားသည် ။ နာဂ္ဂဇ္ဖုန ရဟန်းတော်သည်ကား အိန္ဒိယပြည်၏ နေမင်းကြီး လေးဆူဟု တင်စားခြင်း ခံရသော မဟာပညာရှိက၀ိအကျော်ပဂေးကြီး လေးပါးအနက်ပါဝင်သော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး  မဟာယာနဗုဒ္ဓဘာသာလောကတစ်ခုလုံးက ဒုတိယဗုဒ္ဓတစ်ဆူအနေဖြင့် အလေးအမြတ်ပြုခြင်း ခံရသူဖြစ်လေသည်။ ၎င်းမှ မဟာယနဂိုဏ်းပေါ်ထွန်းခဲ့သည်ပြီးလျှင် အိန္ဒိယပြည်တပြည်လုံးတွင် မဟာယာနဗုဒ္ဓဘာသာဝါဒပြန့်နှံသည် ။ သီဟိုဠ်ကျွန်းတွင်မူ မဟာယာနဗုဒ္ဓဘာသာသည် ကံမကောင်းခဲ့လှပဲ ဝေါဟရတိဿ မင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မပုဏ္ဍရိကကျမ်း)ကို မီးရှိ့ ဖျက်ဆီး၍ မဟာယနဂိုဏ်းကို တိုင်း ပြည်မှ နှင်ထုတ်ခဲ့ သည် ကိုတွေ့ရလေသည်။
အေဒီ (၄) ရာစု လောက်တွင် မဟာယာနဗုဒ္ဓဘာသာ၏ ယောဂစာရဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဓု တို့ညီနောင်နှစ်ပါးပေါ်ထွန်းခဲ့သည် ။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယာန တက္ကသိုလ် ကျောင်းကြီးများ တည်ထောင်ပေးသည် ။ ဂုတ္တမင်းများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြ ၍ ထိုခေတ်အိန္ဒိယပြည် ဗုဒ္ဓဘာသာမှာလည်းဟိန္ဒူဝါဒနှင့်ထွေးရောယှက်တင် ဖြစ်နေသည် ။ ဗုဒ္ဓဘာသာ၏ သုညတ၀ါဒ ၀ိဥာဏ၀ါဒတို့ က ဟိန္ဒူဘာသာ ကို လွမ်းမိုး သလို ဟိန္ဒူဘာသာ ထဲမှ ပူရာဏ်ကျမ်း အယူအဆများလည်း ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်ထိုးဖေါက် ၀င်ရောက်ခဲ့သည့်ကာလဖြစ်သည်။
မဟာယာန တက္ကသိုလ် ကျောင်းကြီးများ
မဟာယာနဗုဒ္ဓဘာသာ နှင့် ပတ်သက်၍ ရေးသားမည်ဆိုပါလျှင် မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ အကြောင်းကို ချန်လှပ်ထားဖို့ မဖြစ်နိုင်ချေ။ တရုပ်ရဟန်းတော် ရွှင်ကျန် အိန္ဒိယပြည်တွင် ရောက်ရှိခဲ့စဉ်က အထင်ကရ တည်ရှိခဲ့သော မဟာယာန တက္ကသိုလ် ကျောင်းကြီးနှစ်ခု မှာ အိန္ဒိယပြည် အရှေ့ပိုင်းတွင် နာလန္ဒာတက္ကသိုလ် နှင့် အိန္ဒိယပြည် အနောက်ပိုင်းတွင် ၀ါလာဗီတက္ကသိုလ် တို့ ဖြစ်သည်ဟုဆိုပါသည်။ တရုပ်ရဟန်းတော် ရွှင်ကျန်သည် နာလန္ဒာတက္ကသိုလ် တွင် ပါမောက္ခချုပ်ဆရာတော် သီလဘဒြ ထံတွင် မဟာယာနဗုဒ္ဓဘာသာ ယောဂစာရ အဘိဓမ္မာ နှင့် ပတ်သက်၍ လေ့လာသင်ကြားခဲ့လေသည်။

နာလန္ဒာတက္ကသိုလ်သည် စာသင်ခန်းမကြီးများ စာကြည့်တိုက်ကြီးများ နှင့်အတူ အဆင့်မြင့် စီမံအုပ်ချုပ်ရေး နှင့် နာလန္ဒာတက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများပါ ပြည့်စုံစွာ ရှိကြောင်း မှတ်တမ်းတင်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ် သည် ဆရာ ၁၅၀၀ ခန့် နှင့် ကျောင်းသာ ၁၀၀၀၀ ကျော်ရှိကြောင်း ဗုဒ္ဓဘာသာ (မဟာယာန နှင့် ဟီနယာနဂိုဏ်များ) ဗြဟ္မဏဘာသာ ဆိုင်ရာ စာပေကျမ်းဂန်များ အပြင် အခြား လောကီ သိပ္ပံ အတတ်ပညာများ (ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ အာထဗ္ဗဏဝေဒ စသည်) ကိုလည်း သင်ကြားကြောင်း ပါမောက္ခချုပ်ဆရာတော် သီလဘဒြ သည် ဥာဏ်အထက်မြက်ဆုံးနှင့် ပညာအကြီးဆုံးဖြစ်ကြောင်း တို့ ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင် ထားခဲ့လေသည်။

အခြား တရုပ်ရဟန်းတော်တစ်ပါးဖြစ်သော ယိချင် ၏ Record of the Buddhist Religion (Chapter XXXIV) ကျမ်းစာတွင်မူ မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် သက္ကဋသဒ္ဒါသင်ကြားရေး အခြေခံကျပုံအကြောင်း ကို အသေးစိတ်ချယ်မှုန်းထားသည်ကိုတွေ့ ရ၏။ သက္ကဋသဒ္ဒါသင်ကြားရေးတွင် ပါဏိနီ၏ သုတ္တကျမ်းများဖြစ်သော ဓါတုပါထ အဋ္ဌဓါတု ဥဏာဒိသုတ္တ ကာသိကာဝီထိ အပြင် ဝေဒန္တဒဿနပညာရှင်ကြီး ဘာတြီဟာရီ၏ သျှတ္တရကျမ်းများ ၀ါကျပဒီပ ဘေဒ၀ီထိ တို့ ကို လဲ လေကလာရသည်။ ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ ဆိုင်ရာကျမ်းများ သဗ္ဗတ္တိဝါဒ အဘိဓမ္မာပညာရှင် ၀သုဗန္ဓု၏ အဘိဓမ္မာကောသကျမ်း ညာယျ ဒွါရ တက္က သျှတ္တရ စသော ရှေးဟောင်းအိန္ဒိယ ယုတ္တိဗေဒ ကျမ်းများ ဇာတကမာလာ နှင့် ၀ိနယဘာသာရပ် များကို ပါ ကျယ်ပြန့်စွာလေ့လာသင်ကြားကြ ရလေသည်။

မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် အာဂုံ လေ့ကျက်ခြင်း နည်းကို သုံး သည်သာမက ဆင်ခြေလျှောက်လဲခြင်းပညာရပ်လေ့ကျင့် ကြရလေသည်။ ပညာရပ်များလေ့လာသင်ကြားပြီးဆုံးသွားပါက
ဘွဲ့အပ်နှင်ခြင်းလဲ ရှိသည်။ စာသင်ခန်းများတွင် ရေနာရီသုံး အချိန်မှတ်သား မောင်းတီး ၍ အချိန်ကို ကြေညာပေး တစ်နေ့တာ သင်ကြားချိန် (၈) နာရီခန့်ရှိသည်ဟုဆို၏။  နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်တွင် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်း ကို လေ့ကျင့်ကြဖြင်းအားဖြင့် နေ့တာတို သည်ဟူ၍ တောင်ထင်ကြရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားလေသည်။

နာလန္ဒာတက္ကသိုလ်၏ ပညာသင်ကြားပုံသည် ရှေးခေတ် ဘုန်းတော်ကြီးကျောင်းတိုက်များမှ အမေးအဖြေ (ကထာ) သင်ကြားနည်း ကို အတုယူဟန်ရှိလေသည်။ နယ်အသီးသီးမှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကျောင်းသားများ တက်ရောက် လေ့လာသင်ကြားကြခဲ့သောကြောင့် ဗုဒ္ဓဘာသာ ကို  ဗြဟ္မဏဘာသာနှင့်ထွေးရောယှက်တင် ပေါင်းစည်း စေရန် နာလန္ဒာတက္ကသိုလ် ပညာရေး က အခြေအနေပေးစေခဲ့ကြောင်း သမိုင်းပညာရှင်တို့က ကောက်ချက်ဆွဲကြ၏။

နာလန္ဒာတက္ကသိုလ် စာကြည့်တိုက်ကြီးများ အလွန်ကြီးကျယ်ကြောင်း တိဗက် ဆရာတော် လာမာ တာရာနာထ၏ မှတ်တမ်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရပြီး ယင်းတို့ အနက် စာကြည့်တိုက်ကြီး (၃) ခု ထင်ရှားလေသည်။ ၎င်းတို့၏ အမည်များမှာ ရတနဒါဓီ (ရတနာပင်လယ်)၊ ရတနသာဂရ (ရတနာ သမုဒ္ဒရာ)၊ နှင့် ရတနာရဉ္ဖက  (ရတနာ မျက်ချယ်) ဟူ ၍ အသီးသီးဖြစ်ကြ၏။

ထိုစာကြည့်တိုက်ကြီးများကို တပ်ခ်များ က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တိဗက်မှတ်တမ်းများက ဆိုရာတွင် လပေါင်းများစွာ မီးများလောင်နေခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျမ်းဂန်စာပေများ မီးသင့် ပျောက်ကွယ်ခဲ့ရကြောင်း သိရပါသည်။ နာလန္ဒာတက္ကသိုလ်ကြီးသည် (၆) ရာစု ခေတ်တွင် အကျော်ကြားဆုံးဖြစ်ခဲ့ပြီး နောက် နှစ်သုံးရာ အတွင်း အသစ်ပေါ်ပေါက်လာခဲ့သော ၀ိကြမသီလတက္ကသိုလ် မတိုင်ခင်ကာလထိ နာမည်ကျော် တက္ကသိုလ်ကျောင်းတိုက်ကြီး ဖြစ်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ်သည် အေဒီ (၁၁၉၇) ခုနှစ်တွင် ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက် သိမ်းပိုက်သည့် အခါတွင် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ရဟန်းတော် များ အသတ်ခံရပြီး လုံးဝပျက်သုဉ်းခဲ့လေသည်။

နာလန္ဒာတက္ကသိုလ် ၏ ဗိသုကာလက်ရာ (၇) ရာစုခေတ်၏ အခမ်းနားဆုံး သော လက်ရာအဖြစ် အသိအမှတ်ပြုကြရ လောက်အောင် ထည်ဝါခမ်းနားခဲ့လေသည်။ ဘုရင် ယသောဝါမာန် (Yasovarman) ရေးထိုးသော ကျောက်စာတွင် နာလန္ဒာတက္ကသိုလ် ၏ မြင့်မားလှသော ဘုံနန်းထွတ်ဆောင်များသည် မိုးကောင်းကင်မှ တိမ်လွှာညွန့်ဆိုင် များကိုပင် ထိတို့နမ်းရှုပ်နေလေဟန်ရှိကြောင်း ချီးကျူးရေးသားထားလေ၏။

နာလန္ဒာတက္ကသိုလ်နှင်ပတ်သက် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များတွင်ထူးခြားချက် တစ်ခုကိုတွေ့ ရ၏။  ၀င်္ဂတိုင်း ကို အုပ်စိုးခဲ့သော ပါလမင်းဆက်ဝင် တတိယမြောက် ပါလမင်းဖြစ်သော ဒေ၀ပါလမင်း (အေဒီ ၉၀၀ ခန့်) ရေးထိုးခဲ့သည်ဟုယူဆရသော ကြေးပုရပိုက် ထဲ တွင် သုဝဏ္ဏဘူမိ (သုမတြ) ကျွန်းကို စိုးစံသော ဘုရင် သိရိဗလပုတ္တဒေ၀မင်း သည် နာလန္ဒာတက္ကသိုလ် ကြီးတည်တံ့စေရန် ရဟန်းတော်များ ချမ်းသာစွာ ပညာသင်ကြား နိုင်ကျြေစရန် သီရိနာဂရခေါ် ပါဋလိပုတ် ခရိုင် နိုင်ငံအတွင်း ရွာ (၅) ရွာ ကို မိမိပိုင်ဆိုင်သည့် သုဝဏ္ဏဘူမိ မှ ရွာ (၅) ရွာ ဖြင့် အစားထိုး ပေးလှူကြောင်း ရေးထိုးထားသည်ကို ထောက်ချင့် ၍ နာလန္ဒာတက္ကသိုလ် သည် အိန္ဒိယနိုင်ငံတွင် သာမကပဲ သုဝဏ္ဏဘူမိ (သုမတြ) ကျွန်း ကဲ့ သို့ သော ဝေးလံသော တိုင်းနိုင်ငံများထိအောင် ကျော်ဇောသတင်းပျံ့ နှံ့ ခဲ့သော တက္ကသိုလ်ကြီး ဖြစ်ကြောင်းထင်ရှားလေသည်။

ဝိကြမသီလတက္ကသိုလ် သည်ကား နာလန္ဒာတက္ကသိုလ် နောက် ပေါ်ပေါက်လာသော ကျောင်းတိုက်ကြီးဖြစ်လေသည်။
ပိင်္ဂလတိုင်း (ဘင်္ဂလား) ကို စိုးစံခဲ့သော ပါလ မင်းဆက်များ ၏ အထောက်အပံ့ဖြင့် ပေါ်ထွန်းခဲ့ သော ဗုဒ္ဓစာပေတက္ကသိုလ်ကြီး ဖြစ်ပေသည်။ ၀ိကြမသီလတက္ကသိုလ် တည်နေရာ ကို ရှာဖွေ ရာတွင် ဂင်္ဂါမြစ် ယာဖက်ကမ်း မြစ်ကြီးမြောက်ဖက်အရပ်သို့ စီးဆင်းရာ မှာ တည်ရှိခဲ့ဟု ခန့်မှန်းသော်လည်း အတိအကျ မတွေ့ရ သေးချေ။ ရှေးဟောင်းမှတ်တမ်းများ အလိုအရ ၀ိကြမသီလတက္ကသိုလ် ကြီးဝယ်မုခ်တံခါး (၆) ပေါက် ရှိပြီးလျှင်  မုခ်တံခါးပေါက် အသီးသီး ၌ (ဒွါရ ပဏ္ဍိတ) ဟုခေါ်သော ပညာရှိက၀ိကြီးများ က စောင့်ရှောက်လျှက်ရှိခဲ့ကြောင် နှင့် စာသင်သားများ ပညာသင်ကြားပြီးမြောက်ခဲ့ပါက ပဏ္ဍိတ ဘွဲ့ ကို တက္ကသိုလ် မှ အပ်နှင်း ကြောင်း ဖေါ်ပြထားလေသည်။

ဝိကြမသီလတက္ကသိုလ် ၏ မွှေးပျံ့သောဂုဏ်သတင်းသည် တိဗက် သို့ သာသနာပြုကြွရောက်တော်မူခဲ့သော အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ (Dipankara Srijnana) (အေဒီ ၉၈၀-၁၀၅၃) နှင့် အဓိက ဆက်စပ်လျှက်ရှိခဲ့လေသည်။
အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် သြဒန္တပူရီ တက္ကသိုလ် တွင် ပညာလေ့လာဆည်းပူးခဲ့ပြီးနောက် (အေဒီ ၁၀၃၄-၁၀၃၈) တွင် ၀ိကြမသီလတက္ကသိုလ် ၏ ပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်လာခဲ့ပြီး တိဗက်ဘုရင် ၏ ပင့်ဖိတ်ချက်အရ တိဗက်ပြည်သို့ သာသနာပြုကြွရောက်ချီးမြှင့် ခဲ့သော သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါးဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် ကဒမ်ပဂိုဏ်း (Kadampa School) ကို တည်ထောင်ခဲ့ပြီး  တိဗက်ပြည်တွင် ဗုဒ္ဓဘာသာရောင်ဝါနေသို့လင်းစေခဲ့ သော ကျေးဇူးရှင် အဖြစ် တိဗက်ပြည်သူတို့ က အထူးလေးမြတ်ကြည်ညိုခြင်း ကို ခံရသူလည်းဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏသည် (၁၃) နှစ်တိုင်အောင် တိဗက်ပြည်တွင် သာသနာပြုပြီး တိဗက်ပြည်မှာပဲ ပျံလွန်တော်မူခဲ့ လေသည်။

ဝိကြမသီလတက္ကသိုလ်နောက် ထပ်မံပေါ်ပေါက်ခဲ့ သော ဇဂဒ္ဒလ နှင့် သြဒန္တပူရီ တက္ကသိုလ် များသည်လည်း ထိုစဉ်က ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ခဲ့ကြသည့် ပါလ မင်းဆက်များ ပင် ထူထောင်ပေးခဲ့သော တက္ကသိုလ်များ ဖြစ်ပေ၏။ အေဒီ ၁၀၈၄ မှ ၁၁၃၀ ထိ စိုးစံခဲ့သော ရာမာပါလမင်း (King Ramapala) သည် ဂင်္ဂါမြစ်ဆုံဒေသ (ကာရာတိုဝါ) တွင် မင်းနေပြည်တော်တည်ထောင် ရာမာဝတီမြို့တော် (Ramavati) ဟု အမည်ပေးခဲ့ ၏။ နေပြည်တော် ၌် ဇဂဒ္ဒလ တက္ကသိုလ် ကိုလည်း တည်ထောင်ပေးခဲ့သည်။ ဇဂဒ္ဒလတက္ကသိုလ်သည် နှစ်ပါင်း (၁၅၀) ခန့်သာ ရှင်သန် နိုင်ခဲ့ပြီး ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက်ချိန်တွင် အခြား ဗုဒ္ဓတက္ကသိုလ်ကြီးများ နည်းတူ ပျက်သုဉ်းခဲ့ ရပြန် လေသည်။

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း

အေဒီ (၆၀၀) ဘုရင် ဟာရှဝဒ္ဓန လက်ထက် အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ စတင်ကျဆင်းခဲ့ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ကြသည်။ ဟာရှဝဒ္ဓနမင်း သည် အာသောကမင်းကြီးကဲ့သို့ အိန္ဒိယပြည် ကို စုစည်းနိုင်ခဲ့သော ဘုရင်ဖြစ်၏။ ဗုဒ္ဓသာသာနာကို ချီးမြောက်ခဲ့ သလို စင်ပြိုင် ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာတို့ ကိုလည်းထောက်ပံခဲ့သူဖြစ်၏

တရုပ်ရဟန်းတော် ရွှင်ကျန်  အေဒီ ၆၃၃ တွင် အိန္ဒိယပြည် တစ်ဝှမ်းသို့ ရောက်ရှိခဲ့ရာဝယ် သာဝတ္ထိ ကပိလ၀တ် ကုသိနာရာ ဗာရာဏသီ ဝေသာလီ ပါဋလိပုတ် ဗုဒ္ဓဂယာ စသည့် နေရာများသို့ ဘုရားဖူးရောက်ရှိခဲ့လေသည်။ တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် စွန့်ပစ်ထားသော ဘုရားကျောင်းများစွာတွေ့ခဲ့ ကြောင်း ဗုဒ္ဓသာသာနာ ဆိုင်ရာ ကျောင်းတော်များ ထက် ဟိန္ဒူဘာသာဝင်တို့၏ နတ်ကွန်း (မန္ဒာလိ) များ ကို ပိုမိုများပြားစွာ တွေ့ခဲ့ ရကြောင်း ဟိန္ဒူဘာသာ နှင့် နိုင်းစာလျှင် ဗုဒ္ဓဘာသာ သည် များစွာ အင်အားချိနဲ့ နေခဲ့ပြီးဖြစ်ကြောင်း ရေးသားဖေါ်ပြထားလေ၏။

တရုပ်ရဟန်းတော် ရွှင်ကျန်  သည် ဗုဒ္ဓဂယာ မှာ မြေကြီးထဲ တစ်ဝက်နစ်မြုပ်ဝင်နေသော အ၀လောကိတေသွာရ ဗောဓိသတ္တ ရုပ်ပွားတော်တစ်ဆူတွေ့ခဲ့ ပြီး ယင်း ဗောဓိသတ္တ ရုပ်ပွားတော် ကွယ်ပျောက်ချိန်တွင် ဗုဒ္ဓဘာသာ လည်း ကွယ်ပျောက်လိမ့်မည်ဟူသော တပေါင်စာချိုးရှိခဲ့ကြောင်း ကို မှတ်တမ်းတင်ခဲ့ပါသည်။

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း သည် အဓိကအားဖြင့် ဟိန္ဒူဘာသာ၏ သိမ်းသွင်း ၀ါးမြိုမှုကြောင့် ဖြစ်ပြီး စစ်မက်ရေးရာနှင့် ပတ်သက်မှု မရှိလှကြောင်း ပညာရှင်တို့ ယူဆ ကြသည်။ အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း၏ ပင်မ အကြောင်းတရားများကို အောက်ပါ အတိုင်းလေ့လာတွေ့ရှိ ရပါသည်။

(၁) ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်း
တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် အေဒီ ၆-၇ ရာစု ကာလများတွင် အိန္ဒိယပြည်ရှိ ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်းအကြောင်း ကို မှတ်တမ်းတင်ထားလေသည်။ ဘိုလာ နှင့် ဘော်လတီ (Bolor and Balti) အရပ်တွင် ရှိသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ သည် ၀ိနည်းအကျင့်ကို မလေးစားကြကြောင်း စာပေပရိယတ် ကိုလည်းကောင်းစွာ သင်ယူလေ့လာမှု မရှိကြကြောင်း ဆင်းဒ် (Sindha) ဒေသမှာ သမ္မိတိယဂိုဏ်းသား ဗုဒ္ဓဘာသာ ရဟန်း သံဃာတို့သည် ရဟန်းတို့ နှင့် မအပ်စပ်သော လောကီကာမဂုဏ်တရားများကို ခံစားကြသည့်အပြင် သားသတ်ခြင်း အိမ်ထောင်သားမွေးအလုပ်များလုပ်ခြင်းတို့ ကိုပါ ရဲရဲဝံ့ဝံ့ကျူးလွန်သူများပင်တွေ့ခဲ့ရကြောင်း ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင်ထားလေသည်။

ရွှင်ကျန် နည်းတူစွာ ကသ္မီရမှ သမိုင်းပညာရှင် ကာလ်ဟာဏ (Kalhana) ၏ သမိုင်းမှတ်တမ်းတွင်လည်း မေဃ၀ါဟနမင်း၏ မိဖုရားယူကဒေ၀ီဆောက်လုပ်လှူဒါန်းသော ၀ိဟာရကျောင်းတော်တွင် သီတင်းသုံးသော ရဟန်းတော်များအနက် တစ်ဝက် ခန့်သည်သာ ၀ိနည်းအကျင့် ကို တင်းရင်းညီညွတ်စွာကျင့်သုံးကြကြောင်း ကျန်တစ်ဝက်မှာဝိနည်းအကျင့်ကို မလေးစားသော အလဇ္ဇီ ဒုဿီလ ရဟန်းများဖြစ်ကြကြောင်း မှတ်တမ်းတင်ခဲ့လေသည်။

အေဒီ ၇-၈ ရာစုများတွင် ပေါ်ပေါက်ခဲ့သော စာပေမှတ်တမ်းများအရလည်း လောကီရေး နိုင်ငံရေး ကိစ္စများ၌ တက်တက်ကြွကြွ ပါဝင်ခဲ့ကြကြောင်းသိရ၏။ ဘ၀ဘူတိ ရေးသားစီရင်သော မာလာတိမာဓ၀ ၀တ္တု တွင် ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး တစ်ပါးသည် ချစ်သူတို့ပေါင်းဖက်ရန် အောင်သွယ်တမန် လုပ်ခဲ့ကြောင်း ရေးသားထားသည် ကိုတွေ့ရ၏။ ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး အစစ်အမှန် ရှိခဲ့သည်ဖြစ်စေ စာရေးသူ၏ စိတ်ကူးယဉ် သက်သက် ဖြစ်သည် ဖြစ်စေ ထိုကာလ ၀န်းကျင်တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားနေပြီ ဖြစ်ကြောင်း ထောက်ဆ သိနိုင်ပေသည်။

ထို့အတူဒန္တီ ရေးသားသီကုံးသော ဒသကုမာရစရိတ တွင်လည်း ဘိက္ခူနီ တို့ အောင်သွယ်တမန်ပြုကြပုံ လောကီရေးတွင် ထွေးထွေးရှုပ်ရှုပ် ပတ်သက်ကြပုံ များ ကို ဖေါ်ပြခဲပလေသည်။ ကာလီဒါသ ဆရာ ၏ မာလ၀ိကာဂနိမိတ္တ တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ဖေါက်ပြန်ပျက်စီးပုံများ နှင့် ဗုဒ္ဓစာပေ နုတ်ငုံဆောင်ခြင်း (ဘာဏ) ဟူသော ဝေါဟာရ ကို ယုတ်မာ နိမ့်ကျသော ကာမဂုဏ်ခံစားမှုဖြင့် တင်စားရေးဖွဲ့ထားမှုများကိုပင်တွေ့ ရလေသည်။ အေဒီ ၈ ရာစုလက်ရာတစ်ခုဖြစ်သော စာတုဘာဏီ တွင် ကချေသည်ပြည့်တန်ဆာများထံ သို့ မင်းညီမင်းသားများ ဗြဟ္မဏပုရောဟိတ်များ အပြင် ဗုဒ္ဓဘာသာဝင် ရဟန်းများပင် သွားရောက်လည်ပတ်ကြကြောင်း ဖေါ်ပြထားလေ၏။

(၂)ဗုဒ္ဓဘာသာ ဂိုဏ်းကွဲပြားမှု များကြောင့် အင်အားချိနဲ့ခဲ့ရခြင်း
ဗုဒ္ဓဘာသာ၏ သမိုင်းသည်  ဂိုဏ်းကွဲပြားမှုများ၏ သမိုင်းဟု ဆိုရမလောက်ပင် သာသနာနှစ် ၃၀၀ အတွင်း ဂိုဏ်းများ အစိတ်စိတ်အမွှာမွှာ ကွဲထွက် ခဲ့ ရလေသည်။ ဗုဒ္ဓ လက်ထက်တော် ကတည်းက ယောက်ဖတော် ဒေ၀ဒတ်၏ ဂိုဏ်းခွဲထွက်မှု ရှိခဲ့သည်ကို ထောက်၍ ဂိုဏ်းကွဲပြားမှုများ၏ ဇာစ်မြစ်သည် ဗုဒ္ဓဘာသာ၏ အတွင်းသဏ္ဍာန်ဝယ် နက်ရှိုင်းစွာ သန္ဓေတည်ခဲ့ဟန်ရှိလေသည်။ ဒေ၀ဒတ်၏ နောက်လိုက်နောက်ပါ ရဟန်းများ အေဒီ (၇) ရာစုထိ ရှင်သန်တည်ရှိနေခဲ့ပြီး ကာဏှသုဝဏ္ဏ တွင် ဘိက္ခုနီကျောင်းများထူထောင်ခဲ့ကြောင်း မှတ်တမ်းများရှိလေသည်။[4]

ရှေးဦး ဗုဒ္ဓဘာသာမှ ထာဝီရ၀ါဒ (ရှေးဦးထေရ၀ါဒ) နှင့် မဟာသံဃိက ဂိုဏ်းများ စတင်ကွဲထွက်လေသည်။ မဟာသံဃိကဂိုဏ်း မှ ဂေါကုလိက၊ဧကောဗျာဟာရိက၊စေတိယ၊ ဗဟုသုတိယ၊ပညတ္တိဝါဒ၊ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထာဝီရ၀ါဒ မှ မဟိသာသက၊ သဗ္ဗတ္တ၀ါဒ၊ ဟေမ၀တ၊၀ဇ္ဇီပုတ္တက၊ ဓမ္မဂုတ္တက၊ ကဿပိယ၊ သုတ္တန္တိက၊သမ္မိတိယ၊ ထေရ၀ါဒ(၀ိဘဇ္ဇ၀ါဒ) စသည်ဖြင့် ၁၁ ဂိုဏ်း ကွဲ ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။

တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် ခေတ်ပြိုင် သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းတည်ရှိကြောင်းကို ဖေါ်ပြထား လေသည်။ ဗုဒ္ဓဘာသာတရားတော်၏ သန့်စင်မှု နှင့် ညစ်နွမ်းမှုတို့ သည် သက်ဆိုင်ရာ ဂိုဏ်းနှင့်သာ သက်ဆိုင်ကြောင်း သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းစလုံး က လည်း မိမိ တို့ ဂိုဏ်း တရားသည်သာ စစ်မှန်သော ဗုဒ္ဓဘာသာတရားတော် ဖြစ်ကြောင်း ၀န်ခံပြောဆိုကြကြောင်း အချင်းချင်းလည်း အညီအညွတ်မရှိ ငြင်းခုန်နေကြကြောင်း ဟီနယာနနှင့်   မဟာယာန ရဟန်းတော်များလည်း အယူအမြင် ကွဲပြားခြားနားနေကြကြောင်း ကို ပုံဖေါ်ရေးချယ် ခဲ့လေသည်။

ဟီနယာနဂိုဏ်းမှ ပညာဂုတ္တ အမည်ရှိသောရဟန်းတော်တစ်ပါးက ဂါထာ (၇၀၀) ပါရှိသော ကျမ်းတစ်စောင်ဖြင့် မဟာယာနအယူဝါဒ ကို တိုက်ခိုက်ခဲ့ကြောင်း မဂဓဒေသ မှ မဟာယာနရဟန်းတော်များ၏ အားပေးတိုက်တွန်းမှုကြောင့်
တရုပ်ရဟန်းတော် ရွှင်ကျန် က ဂါထာ (၁၆၀၀) ပါသော တန်ပြန်ကျမ်းတစ်ဆူ ရေးသားစီရင်၍ ဟီနယာနဂိုဏ်း အယူအဆ ကို နှိပ်ကွပ်ခဲ့ရကြောင်း မဟာယာနအယူဝါဒ ကို ထွန်းလင်းပြခဲ့ရကြောင်း မှတ်တမ်းပြုထားလေသည်။

မဟာယာနဗုဒ္ဓဘာသာ၏ ပညာရှိက၀ိအကျော်အမော်များ ဖြစ်ကြသော သန္တိဒေ၀ စန္ဒကိတ္တိ သန္တရက္ခိတ စသော ရဟန်းတော်များသည် ဟီနယာနဂိုဏ်း အယူအဆများ ကို ဝေဖန်ထိုးနှက်သော ဓမ္မကျမ်းစာများ စီရင်ရေးသား ခဲ့ကြလေသည်။ ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုသည် ဗုဒ္ဓဘာသာ နှင့် အခြား ဘာသာဝါဒများ အကြား ရှိသော ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုများထက် ပို၍ ပြင်းထန်ခဲ့ပါသည်။ ဤသို့ ဂိုဏ်းကွဲပြားမှု များကြောင့် ဗုဒ္ဓဘာသာ သည် အင်အားချိနဲ့ခဲ့ရခြင်းဖြစ်သည်ဟူ၍ သုတေသီများ တွေးဆခဲ့ကြပါသည်။

(၃) ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ အသွင်သဏ္ဍာန်ခြင်း ရောနှောလာခဲ့ခြင်း
မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ဟိန္ဒူဘာသာမှ နတ်ဒေ၀တာများ ကို ဗုဒ္ဓဘာသာ နယ်ပယ်သို့ သွတ်သွင်းခဲ့ လေသည်။ သီဝ ဗိဿနိုး ကာလီ စသော ဟိန္ဒူ နတ်ဒေ၀တာများ သည် အ၀လောကိတေသွာရ တာရာဒေ၀ီ စသော ဗုဒ္ဓဘုရားများ အသွင် ကို ဆောင်လာခဲ့လေသည်။ ကာလရွေ့လျားလာသောအခါတွင်
ဟိန္ဒူဘာသာဝင်လူထု က ဗုဒ္ဓဘာသာ ကို ဟိန္ဒူဘာသာ ၏ အကိုင်းအခက် တစ်ခုအနေနဲ့ သာမြင်ခဲ့ကြလေတော့သည်။
ဗုဒ္ဓသည် ဟိန္ဒူဘာသာ၏ ဗိဿနိုး ဆင်းသက်သော န၀မမြောက် အ၀တာရအသွင် ဘုရား အနေဖြင့် ကိုးကွယ်လာခဲ့ ကြလေသည်။ မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ကြိုးစားရင်း တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ၏ တန်ပြန်ဝါးမြိုခြင်းကို ခံခဲ့ ပုံရကြောင်း ဗုဒ္ဓဘာသာသမိုင်းပညာရှင်များက ကောက်ချက်ဆွဲ ကြပါသည်။

တန္တရယောဂ ကျင့်စဉ်များ မဟာယာနဗုဒ္ဓဘာသာ အတွင်း ရောနှောပေါင်းစပ်လာခြင်းသည်လည်း မဟာယာနဗုဒ္ဓဘာသာ ဆုတ်ယုတ်ခဲ့စေကြောင်း လူထုအများ ကိုးကွယ်သော မဟာယာနဗုဒ္ဓဘာသာ သည် ဗောဓိသတ္တများကိုယုံကြည်ကိုးကွယ်မှု နှင့် မဟာယာနသုတ္တန်များကို ရွတ်ဆိုပူဇော်မှု သက်သက်အဆင့်သို့ ဆုတ်ယုတ်ခဲ့ ကြောင်း ယိချင်၏မှတ်တမ်းတွင် ဖေါ်ပြထား လေသည်။

ရုပ်ပွားဆင်းတု ကိုးကွယ်မှု ဂါထာမန္တန်များ ရွတ်ဖတ်ဖြင်း ဆုတောင်းပတ္ထနာပြုခြင်း တို့ သည် မူလ ပါရမီ ကျင့်စဉ်များ၏ နေရာတွင် အစားယူလာကြကာ တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ နှင့် အသွင်သဏ္ဍာန် အားဖြင့် ရောနှောခဲ့ သည် မှာလည်း အကြောင်းတရားတစ်ခု ဖြစ်လေသည်။

(၄) ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု နှင့်  ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း ၏ ပြင်ပအကြောင်းတရားများ အနက် ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ရှင်တော်ဗုဒ္ဓ လက်ထက် အခါ ကတည်းက ဗြဟ္မဏ တို့ နှင့် ထိပ်တိုက်တွေ့ ရခြင်းများ ရှိခဲ့ လေသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်တွင် ပဉ္စသာလ ဟူသော  ဗြဟ္မဏ ရွာနိဂုံးသို့ ဆွမ်းခံကြွခဲ့ ရာဝယ် ဆွမ်းတစ်လုပ်စာမျှ မရခဲ့ကြောင်း မှတ်တမ်းရှိလေသည်။

ဗြဟ္မဏ တို့သည် ဗုဒ္ဓဘာသာ ရဟန်းများ ကို ဦးပြည်းယုတ် သူတောင်းစား စသဖြင့် နှိမ်ချခေါ်ဆိုမှု များရှိခဲ့ သည့် အပြင်
ဗုဒ္ဓ၏ အနတ္တ၀ါဒ ကမ္မ၀ါဒ အနိဿရ၀ါဒ နှင့် ပဋိစ္စသမုပ္ပါဒ၀ါဒ များ အပေါ် ဗြဟ္မဏ တို့ မျက်မုန်းကျိုးခဲ့လေသည်။ ဗုဒ္ဓ၏ အနတ္တ၀ါဒ သည် ဗုဒ္ဓ၏ အနတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ၏ အခြေအမြစ်မှ တူးဖြိုဖျက်စီး ခဲ့သောကြောင့် ဤမျှ မျက်မုန်းကျိုးခဲ့ ရခြင်းဖြစ်ပါ၏။ ဗြဟ္မဏ၀ါဒ တွေးခေါ်ရှင် ယာဇညဗာလကျ အလိုအရ ဗုဒ္ဓဘာသာ ရဟန်းများ ကို အိပ်မက်ထဲတွင် ဆုံတွေ့ရလျှင်သော်တောင် အမင်္ဂလာကြီးဖြစ်ကြောင်း ဆိုထားပါသည်။

ဗြဟန္နာရာဒီယ ပူရာဏ် ကျမ်း ဗြဟ္မဏတစ်ယောက် အတွက် အကြီးမားဆုံးသော အပြစ်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေအိမ်အတွင်းသို့ (အတိဒုက္ခ ရောက်ရှိချိန်တွင်၌ပင်) ၀င်ရောက်မိခြင်းဖြစ်သည်ဟု ဆို၏။ အဂ္ဂနိပူရာဏ် တွင် သုဒ္ဓေါဓနမင်း၏သား (ဂေါတမဗုဒ္ဓ) သည် ဗြဟ္မဏ၀ါဒီ များ ကို သွေးဆောင်၍ ဗုဒ္ဓဘာသာဝင်ဖြစ်စေခဲ့ကြောင်း ရေးသားပါရှိလေသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်တို့ ကို နှိမ်ချ၍ “ဖြူစင်သောသွား ထိန်းချုပ်သောမျက်လုံးများ အနီရောင်သင်္ကန်းကိုဝတ်ဆင်လျှက် ဦးပြည်းကတုံး တို့သည် ဘာသာရေး အမှုတို့ ပြုကြကုန်၏ ” ဟူ၍ ၀ါယုပူရာဏ် တွင် ရေးထား လေ၏။ ဗိဿနိုးပူရာဏ် တွင်မူ ဂေါတမဗုဒ္ဓ သည် ဖျားယောင်းလှည့်စားတတ်သူ ဟု စွပ်စွဲထားပေသည်။ ၎င်း ကျမ်းစာ၌ ပင် ဆက်လက်၍ ဂေါတမဗုဒ္ဓ သည် ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ဖြစ်သည်ဟူ၍ ရက်ရက်စက်စက် ထောမနာပြုထား လေ၏။ ဂေါတမဗုဒ္ဓသည် မညင်းဆဲမှု (အဟိံသာဓမ္မ) နှင့် ငြိမ်းအေးမှု (နိဗ္ဗာန) တရားများဟောကြား၍ ဝေဒ ယဉ်ကျေးမှု အစဉ်အလာများကို ဖျက်ဆီးသူ ဖြစ်ပြီး ဤ ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ၏ နောက်လိုက် (ဗုဒ္ဓဘာသာဝင်များ) ကို နတ်ဒေ၀တာများက အပြစ်ဒဏ်ခတ်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားသေး၏။

ဗြဟ္မဏ၀ါဒီ ကုမာရိလ သည် ဗုဒ္ဓဘာသာဝင်များ ကို အလွန်ရွံ့ရှာစက်ဆုပ်မုန်းတီးခဲ့ကြောင်း “ရှလောက၀ါတ္တိက” တွင် ဖေါ်ပြထား၏။ ကုမာရိလ သည် ဥဇ္ဇေနီမင်း ကို ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်သုတ်သင်ရန် တိုက်တွန်းခဲ့ကြောင်း (ဤအချက်နှင့်ပတ်သက်၍ ပညာရှင်အများ လက်မခံ-ခိုင်လုံသောသမိုင်း အထောက်အထား မတွေ့ ရကြောင်း) ကုမာရိလ နည်းတူ ဗုဒ္ဓဘာသာဝင်များ ကို ခါးခါးသီး မုန်းတီးသူမှာ ဝေဒန္တဒဿနပညာရှင် ရှန်ကာရ ဖြစ်၏။

ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ ကို နှိပ်စက်ခဲ့မမှု များ သမိုင်းတွင်ခဲ့၏။ သူသည် ဗုဒ္ဓဘာသာဝင်များ ကို မတရားလက်နက် ဓါးလက်နက် စကားလက်နက် များဖြင့် တိုက်ခိုက်ခဲ့သူဖြစ်၏။ ရှန်ကာရသည် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ ကို မင်းအမိန့် အာဏာဖြင့် အတင်းအဓမ္မ ၀ါဒပြိုင်စေ ရှုံးသူတို့ ကို ဗုဒ္ဓဘာသာအယူ ကို စွန့်လွှတ်စေ မလိုက်နာသူများ ကို ရာဇ၀တ်သားများပမာ သတ်မှတ်၍ ကျက်ကျက်ပူသော ထောပတ်ဆီအိုးတွင် နှစ်သတ်စေခြင်း စသော အကုသိုလ်များ ကျူးလွန်ခဲ့ လေသည်။ ထို့ကြောင့် တိဗက်အစဉ်အလာ မှတ်တမ်းများ အရ ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ သည် ရှန်ကာရ ၏ အသံကိုကြားရလျှင်ပင် လွန်စွာ ထိတ်လန့်တုန်လှုပ်ချောက်ခြားကြရကြောင်း ရေးသားထားသည်ကို ထောက်ချင့်၍ ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ အပေါ် ရက်စက်ကြမ်းကြုတ်ခဲ့မှုများကို သိရှိနိုင်ပါသည်။ ရှန်ကာရ ရေးသားသော “ဗြဟ္မသုတ္တဘာသ” တွင် ဂေါတမဗုဒ္ဓ သည် ပြည်သူတို့၏ ရန်သူ ဖြစ်ကြောင်း အတွင်းသဘော ၀ိရောဓိ ဆန့်ကျင်နေသာ ရှုပ်ရှုပ်ထွေးထွေးတရားများ ကို သာ ဟောပြောသူဖြစ်ကြောင်း ဖေါ်ပြထားလေသည်။

ဤသို့ ဗုဒ္ဓဘာသာဝင်များ ကို သတ်ဖြတ်နှိပ်စက်နေခဲ့ သည့် တစ်ချိန်တည်းမှာပင် ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း လည်း ဖြစ်ပေါ်နေခဲ့၏။ ဥဒ္ဒေါတကာရ ကုမာရိလဘဒ္ဒ ရှန်ကာရ ဥဒါယန ၀ါစာပတိ မိရှရ စသော အကျော်ဒေးယျ ဗြဟ္မဏပညာရှင်များ ထွန်းတောက် နေခဲ့ချိန်လည်းဖြစ်ရာ ဗြဟ္မဏ၀ါဒ ကို ပိုမို ခိုင်မာသော အခြေခံသစ်များဖြင့် အားယူတည်ဆောက်နေခဲ့သော ကာလ ဖြစ်၏။ ဗုဒ္ဓဘာသာ ကို လှောင်ပြောင်သရော်လေ့ရှိသော ပူရာဏ် ကျမ်းများ ကို မြင့်မြတ်သော မုက္ခပတ်ဘာသာရေး ကျမ်းစာများ အဖြစ် တရားဝင် အတည်ပြုပေးခဲ့ သည်ကိုတွေ့ရ၏။

ဂုတ္တခေတ် နှင့် နောက်ပိုင်းကာလတွင် ခေတ်စားလာခဲ့ ကြသော ဘဂ၀တ (ဗိဿနိုးဂိုဏ်း) နှင့် သီဝဂိုဏ်း တို့၏ လွမ်းမိုးမှု များကလည်း ဗုဒ္ဓဘာသာ ကို များစွာ မှေးမှိန်စေခဲ့၏။ ဗုဒ္ဓဘာသာ ၏ ဝေဒကျမ်းများအပေါ် မယုံကြည်မှု ဇာတ်ခွဲခြားရေး စံနစ် ကို လက်မခံမှု နှင့် ဗြဟ္မဏသျှတ္တရ ကျမ်းပြုဆရာတို့၏ စစ်မှန်သောတန်ဖိုးကို လက်မခံခြင်း များသည်  ဗုဒ္ဓဘာသာ အပေါ် ဗြဟ္မဏတို့ အနေဖြင့် ပို၍ မုန်းတီးစရာဖြစ်ခဲ့၏။ အသောက ကနိရှက ဟာရှဝဒ္ဓန စသော ဗုဒ္ဓဘာသာ သာသနာ ပြုမင်းများကြောင့် ဗုဒ္ဓဘာသာ ကောင်းစားခဲ့စဉ်က ဗြဟ္မဏတို့ အနေဖြင့် နောက်ဆုတ်ကာ ခပ်ရို့ရို့လေး နေခဲ့ ရသည်ကို မမေ့နိုင်ပဲ အသာစီးရခိုက်ဝယ် ဗုဒ္ဓဘာသာ ကို လက်စားချေတော့၏။ ဗုဒ္ဓဘာသာ နှင့် ဆန့်ကျင်သော ဝေဒကျမ်းများ အပေါ်အကြွင်းမဲ့ယုံကြည်မှု ဇာတ်ခွဲခြားရေးစံနစ် နှင့် အိမ်ရာထောင်သော လူ့ဘောင်ဘ၀၏ တာဝန် ကျေပွန်မှု တရားများ ကို အဓိက ပေါ်လွင်အောင် ဟောပြောခဲ့ကြလေသည်။ ဗြဟ္မဏ တို့၏ တရားဓမ္မ ကို ဆန့်ကျင်၍ သမဏလမ်းစဉ် (အိမ်ယာစွန့်ခွာရေးလမ်းစဉ်) ကို လိုက်နာကျင့်သုံးသူတို့အား ကြီးလေးသော ပြစ်ဒဏ်များ ပေးရန် သတ်မှတ်ခဲ့လေသည်။

(၅) ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှု
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း၏ အဓိကအကြောင်းတရားများ အနက် ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှုသည် အရေးပါသော အကြောင်းတရားတစ်ခုဖြစ်လေသည်။

ရွှင်ကျန် ၏ မှတ်တမ်းတွင် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု ၏ ဆရာ ဖြစ်သော မနောရဋ္ဌ ကို ဘုရင် ၀ိကြမာဒိတျ ၏ အနိုင်ကျင့် နှိပ်စက်မှု ကို ဖော်ပြထား၏။ တစ်ခါက မနောရဋ္ဌ သည် သူ၏ ဆတ္တာသည် ကို လုပ်အားခ အဖိုးတစ်သိန်း ပေးသည်ဟူ၏။ ထိုသတင်း ကို ဘုရင် ၀ိကြမာဒိတျ ကြားလတ်သော မနောရဋ္ဌ အပေါ် ကြီးစွာသော မနာလို စိတ် ဖြစ်လေသည်။ ၀ိကြမာဒိတျ သည် မနောရဋ္ဌ ၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေလျှက် ဗိုလ်ပုံအလည် တွင် အရှက် ရစေရန် မနောရဋ္ဌ ကို မင်းအမိန့်အာဏာဖြင့် နန်းတော်သို့ ဆင့်ခေါ်စေလျှက် မိစ္ဆာဝါဒီ (၁၀၀) ဖြင့် ၀ါဒ အခြေအတင် ပြိုင်ဆိုင် စေခဲ့၏။ အကယ်၍ ၀ါဒပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်ခဲ့ပါလျှင် အသတ်ခံရမည်ဖြစ်ကြောင်း မတရား အမိန့်ထုတ်လေ၏။ မနောရဋ္ဌ သည် မိစ္ဆာဝါဒီ (၉၉) ယောက်ကို အနိုင်ယူခဲ့ပြီးသော အခါ ကောက်ကျစ်ယုတ်မာသော ဘုရင် ၀ိကြမာဒိတျ သည် မိစ္ဆာဝါဒီ တို့ နှင့်အတူ ပွဲသဘင်ကို ပျက်အောင် ဆူညံသောင်းကျန်းနှောက်ယှက်စေ၏။ ထိုအခါ မနောရဋ္ဌ မိမိ လျှာကို ကိုက်ဖြတ်၍ တပည့်ဖြစ်သူ ၀သုဗန္ဓုအား ဂိုဏ်းဂဏ အားကိုးဖြင့် အနိုင်ကျင့်သူများအလယ်တွင် တရားမျှတစစ်မှန်မှုဟူသည် မရှိပေ-ဟု စာဖြင့်ရေးသားပြောခဲ့လျှက် ကွယ်လွန်ခဲ့ရလေသည်။ ရွှင်ကျန် က ထပ်လောင်းဖြည့်စွက်ရေးသားခဲ့ရာတွင် ဘုရင် ၀ိကြမာဒိတျ ထီးနန်းကျ၍ သူ့ အရိုက်အရာ ကို ဆက်ခံသော မင်းသစ် သည် ပညာရှိပဏ္ဍိတ များကို လေးစားမှု ရှိသူ ဖြစ်သောကြောင့် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု သည် ထို ဘုရင်၏ လက်ထက်တွင် ဗုဒ္ဓဘာသာ ၏ ဂုဏ်ကို ပြန်လည်ဆောင်ကြဉ်းခွင့် ရခဲ့လေသည်။
ဤ ဇာတ်ကြောင်းသည် ဒဏ္ဍာရီဆန်ဆန် ဖြစ်နေသော်လည်း တကယ်ဖြစ်ရပ်မှန် သမိုင်းနောက်ခံ အကြောင်းအရာများပေါ် အခြေခ့ခဲ့ပုံရ၏။ ဘုရင် ၀ိကြမာဒိတျ ဆိုသူသည် အေဒီ (၅) ရာစုကာလ က စိုးစံခဲ့သော ဂုတ္တမင်းဆက်မှ ဘုရင် ခန္ဒဂုတ္တ ဖြစ်နိုင်ကြောင်း မှန်းဆကြ၏။ ဘုရင် ခန္ဒဂုတ္တ သည် ဗုဒ္ဓဘာသာကို မုန်းတီးသူ အဖြစ်နာမည်ကျော်ခဲ့၍ သူ့ နန်းဆက်ကို ဟူဏ (ဟုဏ်း) လူမျိုးတို့က ဖျက်ဆီးခဲ့ပြီး နောက်တွင် ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ နန်းတက်ခဲ့လေသည်။ နရသီဟဂုတ္တ သည် ဟူဏ (ဟုဏ်း) လူမျိုးတို့ကို မောင်းထုတ်နိုင်ခဲ့၏။

ဗုဒ္ဓဘာသာ ကို နှိပ်ကွပ်ဖျက်စီးမှုအရာတွင် ဗြဟ္မဏဘုရင်များအနက် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် မိဟိရကုလ ဖြစ်၏။ ဤ ဘုရင်၏ ဗုဒ္ဓဘာသာ ကို ရက်စက်စွာ နှိပ်ကွပ်ဖျက်စီးမှု အကြောင်းများကို ကသ္မီရသမိုင်းပညာရှင် ကာဠာဏ က မှတ်တမ်းတင်းထားခဲ့သလို ရွှင်ကျန်၏ မှတ်တမ်းများ က လည်း ထောက်ခံအတည်ပြုနေ၏။ မိဟိရကုလ သည် ငရဲညပည်ကို အစိုးရသော ယမမင်းကြီးနှင့် အလားတူဖြစ်ကြောင်း ဤမင်းဆိုးမင်းညစ်၏ အကုသိုလ်ဒုစရိုက်မှုများကို ပြောဆိုရသော လျှာသည်ပင် ညစ်ထေးယုတ်ညံ့ရကြောင်း ကာဠာဏ က ရေးသားခဲ့၏။

ကသ္မီရသမိုင်းပညာရှင် ကာဠာဏ ၏ အလိုအရ မိဟိရကုလ သည် ဗြဟ္မဏဘာသာကို များစွာချီးမြောက်၍ ဗြဟ္မဏပညာရှိ များကို သူကောင်းပြုခဲ့၏။ မိဟိရကုလ သည် သီဝနတ်မင်း ကို ကိုးကွယ်၏။ သူ့အမည် မိဟိရ (=မိတြ) သည် နေမင်းနတ်ဘုရားနှင့် ဆက်စပ်မှုရှိကြောင်း ထောက်ဆ၍ ဤအချက်မှန်ကန်ကြောင်း သက်သေထူနေပါသည်။ တစ်ခါက ဘုရင် မိဟိရကုလ သည် ဗုဒ္ဓဘာသာကို လေ့လာသင်ကြားရန် ရဟန်းတော်တစ်ပါးစေလွှတ်ပေးရန် တောင်းဆိုရာ ၀ါနည်းသော ရဟန်းငယ်တစ်ပါးကို သာ စေလွှတ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာကို များစွာ အမျက်သိုခဲ့သည်ဟုဆိုပါသည်။ မိမိ အုပ်ချုပ်မင်းလုပ်သော အာဏာစက်ဖြန့်ကျက်ရာ တိုင်းပြည်မြို့ရွာ အနှံ့တွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ရှိရှိသမျှသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်မှန်သမျှ တစ်ပါးမကျန် သုတ်သင်သတ်ဖြတ်ရန် မင်းအမိန့်အာဏာပြဋ္ဌာန်း ခဲ့သည်ဟုဆို၏။

ထိုအခါ မဂဓတိုင်းမှ ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ က မိဟိရကုလ ၏ အမိန့် ကို ဆန့်ကျင်ကန့်ကွက်ခဲ့ သဖြင့် မင်းနှစ်ပါး စစ်မက်ဖြစ်ပွားခဲ့ရလေသည်။ မိဟိရကုလ စစ်ရှုံး၍ ဘုရင် နရသီဟဂုတ္တ ၏ အကျဉ်းစံဖြစ်ရလေသည်။ သို့သော်လည်း အချုပ်အနှောင်မှ လွတ်မြောက်၍ မိဟိရကုလ သည် ကသ္မီရတိုင်း သို့ရောက်ရှိခိုလှုံခဲ့၏။ ကျေးဇူးကန်းသော မိဟိရကုလ သည် ကသ္မီရ ဘုရင်ကို သတ်ဖြတ်၍ ထီးနန်းကို လုာူခဲ့ပြန်သည်။ ထိုအချိန်က ကသ္မီရတိုင်းတွင် ဗုဒ္ဓဘာသာထွန်းကားနေဆဲဖြစ်လေရာ မိဟိရကုလ သည် ဗုဒ္ဓဘာသာ ကို ဖျက်ဆီးရန် အခွင့်ရလေ၏။ ကျောင်းကန်ဘုရားစေတီပေါင်း (၁၆၀၀) ခန့် ကို မြေလှန်ဖျက်ဆီးခဲ့၏။ ဗုဒ္ဓဘာသာဝင် ဥပသကာပေါင်း သိန်းသန်းချီ၍ သုတ်သင်သတ်ဖြတ်ခဲ့၏။ မိဟိရကုလ သည် ဗုဒ္ဓဘာသာဝင် သုံးကုဋေခန့် သတ်ဖြတ်ပြီးနောက် မိမိကိုယ်လည်း အဆုံးစီရင်လျှက် ငရဲလမ်းသို့ ကြွမြန်းခဲ့လေတော့၏။ မိဟိရကုလ သည်
ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓ၏ သပိတ်တော် ကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ပုဏ္ဍရိကမုခ သုတ္တန်တွင် မှတ်တမ်းတင်ထားလေသည်။

မိဟိရကုလနည်းတူ ဥဇ္ဇေနီမင်း သုဓာဝန် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် တောရမာဏ ဂေါဍ ဘုရင် ရှရှန်က တို့သည်လည်း ဗုဒ္ဓဘာသာကို အငြိုးအတေးကြီးစွာ တိုက်ခိုက်ဖျက်ဆီးခဲ့ကြသော ဗြဟ္မဏဘုရင်များ ဖြစ်လေသည်။

(၆) ကျူးကျော်ဝင်ရောက်လာသော တူရကီတို့ ဗုဒ္ဓဘာသာ ကို သုတ်သင်ဖျက်စီးခဲ့ကြခြင်း
ခေတ်ပြိုင် သမိုင်းမှတ်တမ်းများအရ မိုဟာမက်ဂေါရီ ဟူသော အာဖဂန်စစ်ဗိုလ်ချုပ်သည် အေဒီ ၁၁၉၁ တွင် အိန္ဒိယထဲ ၀င်ရောက်တိုက်ခိုက် နယ်မြေများသိမ်းပိုက်ခဲ့ ၃ ပုံ ၂ ပုံ ခန့်သော နယ်မြေများ သိမ်းခဲ့ ရာတွင် ဗာရာဏသီ ထိ သိမ်းပိုက်ခဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားများစွာ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဗာရာဏသီမြို့ကြီး ၁၅ ရက် တိုင်တိုင် မီးတဟုန်းဟုန်းလောင်ကျွမ်းခဲ့ကြောင်း ဖေါ်ပြထား၏။

တူရကီစစ်သည်တို့ ဖျက်ဆီးခဲ့သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများမှာ
·         မိဂဒါဝုန်မှာ စေတီငယ် ၅၂ ဆူ ကျောင်းတိုက်ပေါင်း ၄၅
·         မိဂဒါဝုန်မှာ ကျောက် ခန္တီ စေတီ နှင့် ကစ်တိုးကျောင်းတော်ကြီး
·         မိဂဒါဝုန်မှာ ရှိသော ဓမ္မာရာဇိက စေတီတော်ကြီး
·         မိဂဒါဝုန်မှာ နန္ဒိယ ကျောင်းတော် ဓမ္မစက္ကဇိန၀ိဟာရ ကျောင်းတိုက်ကြီး
·         မိဂဒါဝုန်မှာ ရှိသော ဓမ္မေခ စေတီကြီး
·         ကုသိနာရုံ ကျောင်းတော်ကြီး
·         သာဝတ္ထိ နှင့် ပါဋလိပုတ် မှ ကျောင်းတိုက်များ
·         ရာဇဂြိုဟ် မှ ဝေဠုဝန်ကျောင်းတော် နှင့် ပိပ္ပလိလိုဏ်ဂူ

တူရကီစစ်သည်တို့၏ ကျူးကျော်စစ်ပွဲများ သည် ဟိန္ဒူဘာသာကြောင့် အင်အားချိနဲ့နေပြီဖြစ်သော ဗုဒ္ဓဘာသာ ကို အပြီးသတ်ထိုးနှက်ချက်ပေးခဲ့ လေသည်။ တူရကီတို့ ကျူးကျော်ဝင်ရောက်လာချိန် အေဒီ ၁၀၀၀ ၀န်းကျင်ခန့်တွင် ဗုဒ္ဓဘာသာ သည် အလွန်အားနည်းနေခဲ့ အဆုံးသတ်လုနီးအခြေကို ရောက်နေသော အနေအထားဖြစ်လေသည်။
အိန္ဒိယပြည် မြောက်ပိုင်းမှ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများသည် ထင်းရှားစွာတည်နေသော ပစ်မှတ်များဖြစ်ခဲ့ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရ၏။ စူလတန် မာမွတ် ရှာဘဒ္ဒင် ဂိုရီ (Mahmud Shabuddin Ghori (Muhammad Ghori-1162–1206) သည် ၁၁၉၇ တွင် နာလန္ဒာတက္ကသိုလ် ကို၎င်း ၁၂၀၃ တွင် ၀ိကြမသီလတက္ကသိုလ် ကို၎င်း မီးရှို့ဖျက်ဆီးခဲ့ ၏။ ဗုဒ္ဓဘာသာသည်  ဟိန္ဒူဘာသာကဲ့ သို့ ရပ်ရွာအခြေပြုဘာသာ မဟုတ်ပဲ တက္ကသိုလ်ကြီးများကို အခြေပြုသော ဘာသာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများ ပျက်စီးသည်နှင့် တမဟုတ်ချင်းချုပ်ငြိမ်းခဲ့ရ လေတော့၏။

အိန္ဒိယမဟာယာနဗုဒ္ဓဘာသာသမိုင်း အနှစ်ချုပ်သုံးသပ်ချက်
ဘီစီ (၂) ရာစုခန့်တွင် အစပျိုးခဲ့လျှက် အေဒီ (၂) ရာစုတွင် အထင်အရှားပေါ်ထွန်းလာခဲ့သော အိန္ဒိယမဟာယာန ဗုဒ္ဓဘာသာ သည် နှစ်ပေါင်း (၁၀၀၀) ခန့် တိုးတက်ထွန်းကားခဲပြီးနောက်တွင် အမျိုးမျိုးအဖုံဖုံသော အတွင်းရန်အပြင်ရန် တို့ကြောင့်ချုပ်ငြိမ်းခဲ့ ရလေသည်။ အိန္ဒိယ မဟာယာနဗုဒ္ဓဘာသာ ၏ နှစ်ပေါင်း (၁၀၀၀) သမိုင်း ကို အနှစ်ချုပ်သုံးသပ်ကြည့်ပါလျှင် အောက်ပါ အချက်များကို တွေ့ရပေမည်။

(၁) မဟာယာနဗုဒ္ဓဘာသာ သည် ရှင်တော်ဗုဒ္ဓ ထွန်းငြိတော်မူခဲ့သော သစ္စာအလင်းရောင် ကို ထောင်စုနှစ်တစ်ခုတိုင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ထွန်းလင်းတောက်ပစေနိုင်ခဲ့သည်။ ထေရ၀ါဒဗုဒ္ဓဘာသာ သည် သာသနာပြုမင်းများ မရှိသည့်နောက် ဘီစီ (၂) ရာစုဝန်းကျင်တွင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်မတောက်ပနိုင်တော့ပဲ များစွာ အားလျှော့ခဲ့သည်။ ရှင်မဟိန္ဒ အမှူးပြုသော သာသနာပြုရဟန်းတော်များစွာ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ဓမ္မလင်းရောင်ခြည် ကို ဆောင်နိုင်ခဲ့ပေသည်။ အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ကျန်ရစ်သော မဟာယာနဗုဒ္ဓဘာသာ သည် ရံဖန်ရံခါ သာသနာပြုမင်းများ နှင့် ကြုံတွေ့ခဲ့ရသလို ဗုဒ္ဓဘာသာ ကို နှိပ်စက်ဖျက်ဆီးသော မင်းဆိုးမင်းညစ်များ၏ ဓါးထက်မှု ကိုလည်းခံခဲ့ရသည်။ သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် သာသနာပြုမင်းများ နှင့် အဆက်မပြတ် ကြုံတွေ့ကာ ချီးမြောက်ထောက်ပံ့မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် များစွာစည်ပင်တိုးတက်ခဲ့ချိန်တွင် မဟာယာနဗုဒ္ဓဘာသာ သည် ဗြဟ္မဏပညာရှိပဏ္ဍိတများ၏ ထိုးနှက်ဝေဖန်မှုကို အလူးအလဲခံစားခဲ့ရပုံပေါ်သည်။
ဗြဟ္မဏဘာသာ နှင့် အပြိုင် သာသနာပြု ရင်း မဟာယာနဗုဒ္ဓဘာသာ သည် အပေါ်ယံကြောသဘော အရ မိမိ၏ ပြိုင်ဘက်နှင့် တစ်ဖြည်းဖြည်း ဆင်တူလာခဲ့သည်ကို တွေ့ရ၏။ ယင်းအချက်သည်ပင် မဟာယာနဗုဒ္ဓဘာသာ အတွက် အားနည်းချက်ဖြစ်စေခဲ့သည်ကို သမိုင်းအရ တွေ့ရပါသည်။

(၂) မဟာယာနဗုဒ္ဓဘာသာ သည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် များ ကို များစွာ တိုးတက်စေ ခဲ့ သည်။ အထက်တွင် ရေးသားဖေါ်ပြခဲ့ပြီးသော မဟာယာနဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတိုက်ကြီးများ အစီအရီ ပေါ်ထွန်းခဲ့ခြင်းက ဤအချက် ကို မီးမောင်းထိုးပြ နေလေသည်။ မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ သုတ္တန်များ ကို အဖွင့် အဋ္ဌကထာဋီကာများ ရေးသားပြုစုဖွင့်ဆိုတော်မူခဲ့ကြသော မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ ၏ အလွန်ကြီးမားသော ဥာဏ်ပညာနှင့် ဇွဲလုံ့လ ၀ီိရိယ တို့ကြောင့် မဟာယာနဗုဒ္ဓဘာသာ တိုးတက်ပွင့်လန်းခဲ့ ရသည်ဟုဆိုလျှင် မှားအံ့မထင်ပေ။  နာဂဇ္ဇုန၊အရိယဒေ၀၊ အသင်္ဂ၊ ၀သုဗန္ဓု၊ ဗုဒ္ဓပါလိတ၊ ဘာ၀၀ိဝေက၊ စန္ဒကိတ္တိ၊ ဒိန္နာဂ၊ ဓမ္မကိတ္တိ၊ သန္တိဒေ၀၊သန္တရက္ခိတ စသည့် မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ တို့၏ အမည်နာမ များသည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် ဆိုင်ရာ သမိုင်းကျောက်သားပြင်ထက် ကမ္ဗည်းတင်နိုင်ခဲ့သော အမည်နာမ များ ဖြစ်ကြပါသည်။ ဗြဟ္မဏဘာသာ သည်ပင် မဟာယာနဗုဒ္ဓဘာသာ နှင့် တိုးတိုက်ထိတွေ့ အားပြိုင်ခဲ့မှု များကြောင့်   များစွာ ပြောင်းလဲခဲ့ရပါသည်။ ရှန်ကာရာစာရိယ ကဲ့ သို့သော ဝေဒန္တပညာရှင် မျိုးသည် မဟာယာနဗုဒ္ဓဘာသာ ၏ အထောက်အပံ့ကျေးဇူးမရှိပဲ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ (ရှန်ကာရာစာရိယ ကို ဗြဟ္မဏဘာသာဝင်ယောင်ဆောင်ထားသော ဗုဒ္ဓ၀ါဒီ ဟု စွပ်စွဲခဲ့ကြသည်ကို ထောက်၍ ဤ အချက် မှန်ကန်ကြောင်း သိနိုင်ပါ၏) ထေရ၀ါဒဗုဒ္ဓဘာသာသည်  မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကို အထိခိုက်အပွန်းပဲ့မခံပဲ ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့ သည်ဟုဆိုပါလျှင် မဟာယာနဗုဒ္ဓဘာသာ သည် မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကိုအရင်းတည်၍ ဆပွားတိုးတက် ပြည့်စုံအောင် ထူထောင်ချဲ့ထွင်နိုင်ခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။ ဤအချက်သည် မဟာယာနဗုဒ္ဓဘာသာ၏ ဒဿနအမြင် နှင့် ဓမ္မ ကျင့်စဉ်များ အကြောင်း ဆက်လက်လေ့လာလျှင် ပိုမို၍ ပီပြင်ထင်ရှားလာပေလိမ့်မည်။

(၃) မဟာယာနဗုဒ္ဓဘာသာ လှုပ်ရှားမှု ကြောင့် ဗုဒ္ဓဘာသာ သည် သာမန် ကမ္မဋ္ဌာန်းအခြေပြုဘာသာတရား (Yogic/Ascetic Religion) အဖြစ်မှ လူအများနှင့်သက်ဆိုင်သော လောကီလွန်ဘာသာတရားကြီးတစ်ခု (Transcendental/Theistic Religion) အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသတွင် ဂရီဘုရင်ခံများ အုပ်စိုးခဲ့ချိန်က စ၍ ဂန္ဓာရတိုင်း တွင် ဗုဒ္ဓ ရုပ်ပွားဆင်းတုများ စတင် ထုလုပ်ကိုးကွယ်ခဲ့ကြလေသည်။ ရှင်တော်ဗုဒ္ဓ၏ ဘ၀ဖြစ်တော်စဉ် နှင့်တကွ ဇာတကစာပေ အ၀ဒါနစာပေ တို့ သည် ပန်းပု ပန်းချီ ပြဇာတ်စာပေ အနုပညာရှင် တို့ ကို ဆွဲဆောင်ခဲ့၏။

မဟာယာနဗုဒ္ဓဘာသာဝင် အနုပညာရှင်တို့၏ ဖန်တီးမှု လက်ရာကြောင့် မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာအယူအဆများ သည် သာမန်ပြည်သူများ အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပျံ့နှံ့ခဲ့ပါသည်။ စေတီတည်ထားကိုးကွယ်မှု  ဗုဒ္ဓရုပ်ပွားဆင်းတု တော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်မှုကြောင့် ပဋိမာသိပ္ပံပညာ (Buddhist Iconongraphy) လည်း များစွာ တိုးတက်ခဲ့လေသည်။ စေတီတည်ထားကိုးကွယ်မှု ဗုဒ္ဓပွားဆင်းတုတော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှုသည် ဗြဟ္မဏဘာသာဝင်များ အကြားတွင်ပင် ထိုးဖေါက်ကာ ဟိန္ဒူနတ်ကွန်းများ နတ်ဒေ၀တာ ရုပ်ပွားဆင်းတုများ ကို ထုလုပ်ကိုးကွယ်ကြလေသည်။

ဤသို့ သော ရုပ်ပွားတင်းတုများ ကိုးကွယ်ခြင်းနှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာ၏ ခက်ခဲနက်နဲသော ဓမ္မသဘောများတွင် ဥာဏ်ဖြင့် မသက်ဝင် မထိုးထွင်းနိုင်သော ဥပသကာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဘာသာရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ခွင့် ရခဲ့သည်။ သာသနာ့ ဒါယကာခံယူကြသော မင်းများ အနေနှင့်  မဟာယာနဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိ ရာတွင် ကြီးကျယ်ခမ်းနားသော သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ ကြလေသည်။ ဘာမီယန်ဒေသ မှ ဗုဒ္ဓဆင်းတုတော်ကြီး ဂျာဗားကျွန်းမှ ဗောရောဗုဓေါ ပုထိုးတော်ကြီး အိန္ဒိယနိုင်ငံမှ အာဂျန်တာ နှင့် ဧလိုရာ လိုဏ်ဂူကြီးများမှ နံရံဆေးရေးလက်ရာများ ကို ကြည့်လျှင် ထိုအချက်သည် အလွန်ထင်ရှားနေပါသည်။

(၄) မဟာယာနဗုဒ္ဓဘာသာ ထွန်းကားလာခဲ့ခြင်းသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး နှင့် လူမှုရေး အယူအဆများ အပေါ်များစွာ လွမ်းမိုးခဲ့ သည်ကို တွေ့ရပါသည်။ မူလဗုဒ္ဓ၀ါဒ သည် အိန္ဒိယ မြောက်ပိုင်းမှ ဂဏ ဒီမိုကရက်တစ် နိုင်ငံ ငယ်လေးများ၏ မိုဒယ် အတိုင်း နမူနာယူပြီး သံဃအဖွဲ့အစည်းကို ထူထောင်ခဲ့ သည့် အပြင် ရှင်တော် ဗုဒ္ဓ က အဖွဲ့အစည်းတို့ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ဖေါ်ထုတ်ခဲ့ သည်။ မိမိ ၏ သံဃအဖွဲ့အစည်း သည်လည်း မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ကျင့်သုံးကြလျှင် သာသနာ အဓွန့်ရှည်စွာ တည်နိုင်ကြောင်း ဟောကြားခဲ့သည်။ မူလဗုဒ္ဓ၀ါဒ သည် သီလ ဖြူစင်မှု ကို အခြေခံသော ဒါနအားဖြင့် ပိုင်ဆိုင်မှု ကို မျှဝေခံစားသော အဆင့်မြင့်လူ့ဘောင်အဖွဲ့အစည်းတစ်ခု ၏ စံနမူနာ ကို ပြသခဲ့ သည်။ နိုင်ငံရေး နှင့် လူမှုရေး ကဏ္ဍများ တွင်
ရာဇဓမ္မ (၁၀) ပါး နှင့် အတူ နိုင်ငံ အာဏာစီးဆင်းပုံ ကို အများတင်မြောက်သည့် သမ္မတ မင်း စနစ် အစပြုပုံ ကို ညွန်ပြခဲ့ ခြင်း အားဖြင့် ဗြဟ္မဏ၀ါဒ ၏ ဇာတ် (၀ဏ္ဏ) ခွဲဖြားရေးဝါဒ ကို ထိုးနှက်ခဲ့ သည်ကို တွေ့ရပါသည်။ မင်္ဂလသုတ် သင်္ဂါလောဝါဒသုတ် စသည်တို့တွင် လူမှုရေး လမ်းညွန်ချက်များ ကို ညွန်ပြခဲ့ ရာ နောက်ပိုင်ခေတ် နီတိ သျှတ္တရ ကျမ်းများ ကို လွှမ်းမိုးခဲ့လေသည်။

အမ္ဗတ္တသုတ်တွင် ဗြဟ္မဏ အနွယ်တို့၏ ယုတ်ညံ့သော မျိုးဆက် အကြောင်း ကို ဟောခဲ့သည့် အပြင် ဒေါဏပုဏ္ဏား ကို ဟောကြားရာတွင် ဗြဟ္မဏ (၅) မျိုး အကြောင်း နှင့် ခေတ်ပြိုင်ဗြဟ္မဏ များသည် အနိမ့်ဆုံး အဆင့် ကို ပင်မမှီကြောင်း ထောက်ပြခဲ့သည်။ ထူးခြားသော အချက်မှာ မွေးရာဇာတိအားဖြင့် လူသား၏ အလုပ်အကိုင်ကိုမသတ်မှတ်ပဲ မိမိ၏ စွမ်းဆောင်နိုင်ရည်ပေါ် အခြေခံ၍ အလုပ်အကိုင် အဆင့်အတန်းကွဲပြားမှု ကို သတ်မှတ်သော အယူအဆ ကို ဖေါ်ထုတ်ခဲ့ သည်။ ရှေးအကျဆုံးသော မယ်ရစ်တိုကရေစီ (meritocracy) ခေါ် တော်သူအုပ်စိုးရေးဝါဒ ကို စတင်ခဲ့သည်ဟုပင် ဆိုနိုင်လေသည်။

ဆုန်ဂမင်းဆက် ကို ထူထောင်ခဲ့သော ပုရှမိတြဘုရင်ကဲ့သို့သောဗြဟ္မဏဇာတ်အနွယ်ဝင်များပင် မင်းအဖြစ်ကို ရနိုင်လာခဲ့ ကောတိလျ ၏ အတ္ထသျှတ္တရ ရုဒြဒါမန်ဘုရင် ရေးထိုးသော ဂျူနာဂါရှ်ကျောက်စာ များ အရ အေဒီ ၁၂ ရာစုထိ အချို့သော ပြည်နယ်များတွင် အများတင်မြောက်သည့် သမ္မတ မင်း စနစ် ကျင့်သုံးဆဲဖြစ်ကြောင်း အထောက်အထားများ တွေ့ရ ပါသည်။

မဟာယာနဗုဒ္ဓဘာသာ ၏ ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် သည် ဘုရင်များစွာ ကို ဘုရားလောင်းများအဖြစ် သတ်မှတ်စေခဲ့ပြီး နိုင်ငံသားများ ကို တရားနှင့်အညီ စီရင်အုပ်ချုပ်စေနိုင်ခဲ့သည်။ မင်း အဖြစ် တာဝန်ယူရခြင်း သည် ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် ၏ အသွင်ဖြစ်ကြောင်းခံယူခဲ့ကြသည် ကို တွေ့ရသည်။ အသောကမင်းကြီးမှစ၍
ကနိရှက ကရိရှန ဗုဒ္ဓဂုတ္တ တထာဂတဂုတ္တ နရသီဟဂုတ္တဘာလဒိတျ ပုဏ္ဏ၀ါမန်(မဂဓတိုင်း) ရာဇဘာတ (၀င်္ဂတိုင်း) ရာဂျဝဒ္ဓန ဟာရှဝဒ္ဓန (ဌာနေသွာရ) ဒရူဝါသေန သီလဒိတျ (မာလ္လ၀) မေဃ၀ါဟန (ကသ္မိရတိုင်း) သုဘာကရ (သြရိဿ) စသော မရေမတွက်နိုင်သော မင်းအပေါင်းသည် မဟာယာနဗုဒ္ဓဘာသာ ၏ လမ်းပြဦးဆောင်မှု ဖြင့် တိုင်းနိုင်ငံ စည်ပင် သာယာဝပြောအောင် အုပ်ချုပ်နိုင်ခဲ့ကြသည့်အပြင် သာသနာကိုလည်း များစွာ ထောက်ပံ့ချီးမြောက်ခဲ့ကြလေသည်။

အသောကမင်းကြီးလက်ထက်မှစ၍ ဗုဒ္ဓဘာသာဝင် ဘုရင်များသည် လောကရေး နှင့် ဓမ္မရေးကို ခွဲခြားထားသော စံနစ်နှင့်  ဘာသာရေး အယူဝါးပေါင်းစုံ ကို တစ်ပြေးညီ သဘောထားကြီးစွာ မျှတစွာ အုပ်ချုပ်မှုကို စံပြဖေါ်ဆောင် သည်ကို တွေ့ ရသဖြင့် ဗုဒ္ဓဘာသာဝင် ဘုရင်များသည် ဘာသာရေးလွတ်လပ်ခွင့် ကို ကောင်းစွာကျင့်သုံးခဲ့ကြပုံရပါသည်။ ဘာသာရေး နှိပ်စက်သတ်ဖြတ်မှုများပြုခဲ့သော ဗြဟ္မဏဘုရင် မင်းဆိုးမင်းညစ်များ ကဲ့သို့သော ဗုဒ္ဓဘာသာဝင် ဘုရင် တစ်ပါးတစ်လေမျှ အိန္ဒိယနိုင်ငံ၏သမိုင်းမှတ်တမ်းတွင် မတွေ့ ရသည်ကိုထောက်ဆ၍ လွတ်လပ်ခြင်း မျှတခြင်း ချစ်ကြည်စွာ အတူတကွနေထိုင်ခြင်း အကြမ်းမဖက်ခြင်း စသော တန်ဖိုးများမှာ မဟာယာနဗုဒ္ဓဘာသာ ၏ မဟာကရုဏာတန်ဖိုး ကို အခြေခံခဲ့ကြောင်း ထင်ရှားနေပါသည်။

မဟာယာနဗုဒ္ဓဘာသာ ၏ အမြင်၌ သံဃာ အဖွဲ့အစည်း ဟူသည် အိမ်ရာမထောင်သော ရဟန်းတော်များ ကိုသာ ဆိုသည်မဟုတ်ပဲ ရတနား(၃)ပါး နှင့်တကွ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်သူအားလုံး ပါဝင် ကြောင်း ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုခဲ့သောကြောင့် ဘာသာရေးယုံကြည်မှု ကို အခြေခံ၍ ကောင်းမြတ်သော လူ့ဘောင်လောက တည်ထောင် နိုင်ကြောင်း လက်တွေ့ပြသနိုင်ခဲ့ ပါသည်။

ရှေးဟောင်း အိန္ဒိယနိုင်ငံမှ မဟာယာနဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်းသည် အိန္ဒိယနိုင်ငံ အတွက် ကြီးမာလှသော ဘာသာစာပေယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ ပျောက်ကွယ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ ပြင်ပတွင် မဟာယာနဗုဒ္ဓဘာသာ၏ မျိုးစေ့များ က ဆက်လက်ရှင်သန်ခဲ့၏။ အေဒီ(၁) ရာစုတွင် တရုပ်ပြည်သို့၎င်း အေဒီ (၄) ရာစုတွင် ကိုရီးယားပြည်သို့၎င်း အေဒီ (၆) ရာစုတွင် ဂျပန်ပြည်သို့၎င်း အေဒီ (၇) ရာစုတွင် အင်ဒိုနီးရှား (ဆုမားတြား နှင့်ဂျာဗား) သို့၎င်း အေဒီ (၈) ရာစုတွင် တိဗက်သို့၎င်း အသီးသီး ရောက်ရှိ ခဲ့ သော မဟာယာနဗုဒ္ဓဘာသာ သည် ဆိုင်ရာ တိုင်းပြည် အသီးသီးများ နောက်ခံအမျိုးသားယဉ်ကျေးမှု ဓလေ့များနှင့် လျှော်ညီစွာ ပေါင်းစပ်ဖွဲ့စည်း လျှက် မဟာယာနဗုဒ္ဓဘာသာ အသွင်သစ်များ ဖူးပွင့်ဝေဆာ ထွက်ပေါ်လာခဲ့ကြောင်းတွေ့ ရပါသည်။


[1] Williams, Paul. Buddhism. Vol. 3. The origins and nature of Mahāyāna Buddhism. Routledge. 2004. p. 50.

[2] Paul Williams, Mahayana Buddhism, p. 18
[3] Nattier, Jan (2003), A few good men: the Bodhisattva path according to the Inquiry of Ugra: p. 193-194
[4] Reginald Ray in his 1994 book Buddhist Saints in India, and Paul Harrison (1995: 67 ff.)

[5] (Schopen 2004a: 92–3)Monasteries . . . are presented here [in his sources] primarily not as residences for monks to live in but as potential and permanent sources of merit for their donors . . . monks [were] under heavy obligations . . . not determined by the religious life or needs of monks but by the religious needs of donors.(Schopen 2004a: 245). ‘For these monks . . . the primary role of their fellow Buddhist monks was not to “work out their own salvation with diligence” but to diligently generate merit for lay donors by using what they provided or what belonged to them’ (ibid.: 245–6).

[6] Nattier 2003a: 249–50
[7] Paul Williams, Mahayana Buddhism, P.41


[8] MacQueen 2005a: 313; 1981: 304

[9] Paul Harrison (2003: esp. 117–22)

[10] What I am suggesting here, then, is a convergence of meditation and textual transmission in the forest environment, stimulated into a new burst of creativity as a result of a technological development, the advent of writing. Here the specific circumstances of the real world combine with visions in deep states of meditation or dream to transform received oral tradition into a new kind of Buddhism. The resulting revelations are not completely novel, but deeply conditioned by context and by tradition. Although dismissed as poetic fabrications . . . or even demonically inspired nonsense by their opponents . . . they are in fact creative recasting of material already accepted as authentic buddhavacana [‘words of the Buddha’] by the wider community. (Harrison-2003: 142):

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်