နည်း လမ်း ကမ်း စမ်း


************
နည်းမှန်လမ်းမှန်၊ လမ်းမှန်ကမ်းမှန် ဆိုသော စကားများ သိ ကြားဖူးကြမှာပါပဲ
နည်းမှန်မှ လမ်းမှန်သို့ရောက်မည်ဖြစ်ပြီး၊
လမ်းမှန်မှ ကမ်းမှန် သို့ရောက်ရှိလိမ့်မည်
လမ်းဟူသည် ပါဠိပုဒ်အရပြောရင် မဂ္ဂ၊ မြန်မာလို လမ်း၊ လမ်းဟူသည် မိမိအပေါ်၌ သွားလာ နေသူတွေကို လိုရာ ခရီးရောက်အောင် ပို့ဆောင်ပေးတတ်သော သဘောရှိ သည်။ ထို့ကြောင့် လမ်းကောင်းမှ ကားကောင်းဝင်မည်၊ အလျင်လို လမ်းအိုလိုက်စသည်ဖြင့် လမ်းနှင့်စပ်ပြီး ပြောဆို ကြသည်။
လမ်းကောင်းတော့ သွားရလာရလွယ်ကူသည် သက်သာ သည်၊ ခရီးတွင်သည်၊ လမ်းဟု ဆိုလိုက်လျှင် မည်သည့် လမ်းမဆို ကောင်းဖို့တော့လိုသည်။ လှည်းလမ်းလည်း ကောင်းဖို့ လိုသည် ကားလမ်းလည်းကောင်းဖို့လိုသည်၊ ရထားလမ်းလည်း ကောင်းဖို့လိုသည်၊ လူသွား လမ်းလည်း ကောင်းဖို့လိုသည်၊ ထိုသို့သွားရာ၌ သက်သောင့်သက်သာ ရှိဖို့နဲ့ လမ်းမှန် ဖြစ်ဖို့ကတော့ တော်တော်ကို အရေးကြီး သည်။
လမ်းကောင်းဖို့လည်းလိုသည်၊ လမ်းညံ့လို့မဖြစ်၊ လမ်းမှန်ဖို့ လိုသည်၊ လမ်းလွဲလို့မဖြစ် လမ်းမှားလို့ တော့မဖြစ်၊ လမ်းမှန် မှသာ ကမ်းမှန်မည်၊ လမ်းမမှန်လျှင်တော့ ကမ်းလည်းမှန် လိမ့်မည် မဟုတ်တော့ပေ၊
ကမ်းဆိုတာ ဆိုက်ကပ်ရာ၊ ဆိုက်ရောက်ရာအရပ်ဖြစ်သည် ၊ မှန်သောလမ်းက သွားမှာသာ မှန်သောကမ်းကိုရောက် မည်၊ မိမိတို့ ယခုဘယ်နေရာရောက်နေသလဲ၊ ကြည့်လိုက်၊ မိမိတို့ ရောက်နေသည့် ရနေသည့်နေရာသည် ကောင်းသလား၊ ဆိုးသလား၊ မှန်သလား၊ မှားသလား၊ ဖြစ်သင့်တဲ့အရာလား၊ မဖြစ်သင့်တဲ့အရာလား သတိထားကြည့်၊ ကောင်းသည် မှန်သည်၊ ဖြစ်သင့်သည်ဟု ယူဆထားလျှင် မိမိလျှောက်ခဲ့ သောလမ်း၊ လျှောက်နေသောလမ်းသည် ၊ ကောင်းသည်၊ မှန်သည် ဖြစ်သင့်သည်ဟု ယုံကြည်လိုက်ပါ။
လမ်းသည် အဇ္ဈတ္တလမ်းခေါ် မိမိတို့ စိတ်ထဲကနေ ဖောက် လုပ်ကာ လျှောက်နေသည့် လမ်းနှင့်ဗဟိဒ္ဓ လမ်းခေါ် အပြင် မှာမြင်တွေ့နေရသည့်လမ်းဟူ၍ နှစ်မျိုးနှစ်စားသိနိုင်သည်။
မိမိတို့ စိတ်သည် အိပ်ချိန်မှအပ ကျန်အချိန်တွေမှာဆို တွေးတော ကြံဆနေကြသည်၊ နှုတ်ကလည်း ပြောဆိုနေကြ သည်၊ လက်ကလည်း လုပ်ကိုင်နေသည်၊ ထိုသို့ မနောကံ ၀စီကံ ကာယကံတွေ အချိန်ပြည့်ဖြစ်နေသည်၊ ထိုကံသုံးပါး သည် လမ်းဖောက်နေခြင်း၊ လမ်းထွင်နေခြင်းဖြစ်သည်။
လူတိုင်းကတော့ ကိုယ့်လမ်းကို ဖောက်လုပ်နေကြသည်၊ ထိုလမ်းသည်လည်း လမ်းကောင်းမှ ကမ်းကောင်းမည်ဟု တွေးထားရမည်ဖြစ်သည်။ လမ်းမှန်မှ ကမ်းမှန်မည်ဟု သိထားရမည်၊ ကိုယ့်လမ်းကိုဖောက်တော့ ကိုယ့်စခန်းကိုယ် ရောက်ကြမည်မှာ အမှန်ပင်ဖြစ်သည်၊
အရေးကြီး သည့်အချက်က ကိုယ်ဖောက်သည့်လမ်းနှင့် ကိုယ်လျှောက်သည့်လမ်းကို မှန်မှန်ကန်ကန်သိဖို့ လျှောက် ခဲ့သည့်လမ်းမှာလည်း မှန်ကန်နေခဲ့ဖို့လိုသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးမှတပါး ကိုးကွယ်ရာမရှိ၊ ကိုးကွယ်အခြားမှာ မရှာ ကောင်း၊ အခြားသော နတ်စသည် ပုဂ္ဂိုလ်ထူးများစသည် တို့ကို ပူဇော် ကောင်း၏၊ ပသကောင်းသည်၊ အားကိုးချင် သပဆိုလျှင်လည်း အားကိုးလို့ရသည်၊ သို့သော် မကိုးကွယ် ကောင်း၊ အထွက်အမြတ်မထားကောင်း၊ အထွက်အမြတ် ထားခဲ့လျှင်၊ ကိုးကွယ်ခဲ့ လျှင် အဲဒီကစပြီး မိမိလျှောက်နေ သည့် လမ်းကားမှားပြီ၊ လမ်းလွဲသွားလေပြီ၊
သရဏဂုံအစ အရဟတ္တဖိုလ်အကျ ဗုဒ္ဓလမ်းစဉ်ဆုံး၊ ဗုဒ္ဓ လမ်းစဉ်လျှောက်နေလျှင် လူတွင် အမြတ်ဆုံးဟု ရှေးဆရာ မြတ်တို့ဆိုခဲ့၊ မှာခဲ့ကြသည်။
ဗုဒ္ဓလမ်းစဉ်သည်
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊
ဓမ္မံသရဏံ ဂစ္ဆာမိ၊
သံဃံသရဏံ ဂစ္ဆာမိ ဟူသော
သရဏဂုံသုံးပါကစ၍ အရဟတ္တဖိုလ် တွင်ဆုံးသည်၊ ဗုဒ္ဓ ချမှတ်တော်မူခဲ့သော လမ်းစဉ်တွင် လျှောက်နေသူသည် အမြတ်ဆုံးလူသား လမ်းမှန်မှသည် ကမ်းမှန်သို့ ရောက်သွား မည်သာ။မြတ်ဗုဒ္ဓသည် ထီးနန်းကိုစွန့်ကာ ကမ်းမှန်ရောက် ရန် လျှောက်လှမ်းခဲ့စဉ်က အစာ အငတ်ခံ ၍လည်း ကျင့် ကြည့်သည်၊ အစွန်းထွက်နေ၏။ လမ်းလွဲနေသည်။ လမ်းမှား နေ၏။ ထို့ကြောင့် ဇိမ်ခံရာလည်းမရောက်၊ အငတ်ခံရာ လည်းမရောက်၊ အလယ်အလတ်၊ မျှမျှတတ၊ မဇ္ဈိမပဋိပဒါ ကျကျ လျှောက်လိုက်မှ လမ်းမှန်သို့ရောက်ရှိသွားသည် စခန်းမှန်ပေါက်ကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ သည်။
ဗုဒ္ဓ၏ ထိုမဇ္ဈိမပဋိပဒါလမ်းစဉ်သည် နေရာတိုင်း၊ ကိစ္စတိုင်း မှာ အသုံးဝင်၏၊ နေရာတိုင်း၊ ကိစ္စတိုင်းမှာလည်း မဇ္ဈိမ ပဋိပဒါ ကျကျ ကျင့်သုံးမှသာလျှင် အောင်မြင်နိုင်၏၊ ကမ်း မှန်နိုင်သည်။ လောကုတ္တရာလမ်းစဉ်သည် မဂ္ဂင်ရှစ်ပါး လမ်း စဉ်နှင့်ညီရမည်၊ လောကီလမ်းစဉ်သည်လည်း ထိုရှစ်ပါးနှင့် ညီရမည်သာ၊ လောကုတ္တရာလမ်းမှလျှောက်လျှင် နိဗ္ဗာန် တည်းဟူသော ကမ်းမှန် သို့ရောက်မည်၊ လောကီနိဗ္ဗာန် ကိုလည်း ထိုလမ်းပေါ်မှလျှောက်မှရမည်၊ နေရာအသီးသီး မှာ လမ်းဆုံ၊ လမ်းမ လမ်းလေးခွဟူသော လမ်းဆုံများကို တွေ့မြင်နိုင်သည်။
လူ့ဘုံဘ၀သည်လည်း သုံးဆယ့်တစ်ဘုံတည်းဟူသော လမ်းဆုံလမ်းခွဖြစ်သည်၊ အထက်သို့ တတ်ချင်သလား၊ အောက်အ၀ီစိကို ဆင်းချင်သလား၊ သွားလိုရာသွားလို့ရ သည်၊ မိမိတို့သည် ဘယ်လမ်းကိုဖောက်မလဲ၊ လယ်လမ်းကို လျှောက်ပြီး ကမ်းအမှန်ကိုရောက်မလဲဆိုတာ မိမိ အပေါ်မှာ ပဲ မူတည်နေသည်။ စိတ်စေတနာကောင်းဖြင့် လမ်းဖောက် လျှင် အထက်ကို တက်သွားမည်၊ အမြင့်ကိုရောက် သွား မည်မှာ သေချာသည်၊ စေတနာမပါ၊ စိတ်ကောင်းမရှိ၊ သစ္စာ မေတ္တာ နတ္ထိဆိုလျှင်တော့ အောက်ရောက်မည်မှာ သေချာ သည်။
ယခုဘ၀အချိန်၊ ယခုလက်ရှိ အနေအထားသည်ကား လမ်းဆုံ လမ်းခွဖြစ်ပါသည်၊ ကြိုက်ရာလမ်းကို ရွေးချယ်ပြီး လျှောက်သွားရုံသာ၊ သို့ပေမယ့် မိမိလျှောက်သည့် လမ်း သည် လမ်းမှန်ဖြစ်မှသာ မိမိလိုသည့် ကမ်းသည်လည်း မှန်မည်မှာဖြစ်သည်။
ဒါကြောင့်
နည်းမှန်သိဖို့လိုပါတယ်
လမ်းမှန်လျှောက်ဖို့ လိုပါတယ်
ကမ်းမှန်ရောက်ဖို့ သွားနေတယ်
စမ်းကြည့်ပါမှ သိနိုင်မယ်
လို့ အသိ သတိပေးရင်း……

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်