ပန်းပုဆရာကြီး ဦးဟန်တင်



ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်ရှေ့တွင် စိုက်ထူ ထားသည့် အလောင်းမင်းတရားကြီး၊ ဘုရင့်နောင် မင်းတရားကြီးနှင့် အနော်ရထာမင်းစော တို့၏ ရုပ်တု များမှာ အသက်ဝင်၍ အလွန်လက်ရာ မြောက်ကာ၊ ဇာတိသွေး ဇာတိမာန် အပြည့်ဖြင့် ကမ္ဘာတွင် မြန်မာဟု ဝင့်ကြွားနိုင်သော  ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ ၊ တတိယ မြန်မာနိုင်ငံတော်ကြီး ကို ထူထောင်ခဲ့သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝ သည့် မင်းကောင်းမင်းမြတ်သုံးပါးတို့၏ ကြန်အင် လက္ခဏာများ ပေါ်လွင်နေသော ရုပ်တုများပင် ဖြစ် သည်။ အဆိုပါ ရုပ်တုများကို ပုံစံထုတ်၍ ထုလုပ် ပေးခဲ့သူကား အခြားသူမဟုတ်၊ ပန်းပုဆရာကြီး ဦးဟန်တင်ပင် ဖြစ်သည်။ 

ပန်းပုဆရာကြီး ဦးဟန်တင်သည် ထားဝယ်သား ဖြစ်သည်။ ၁၉၂၆ ခုနှစ် ဧပြီလ ၃ဝ ရက် သောကြာ နေ့တွင် ထားဝယ်မြို့၊ လောင်းလုံမြို့နယ် ညင်းမော် အနောက်ဖက်ကမ်းရွာတွင် ဖွားမြင်ခဲ့သည့် ဗိသုကာ ပညာရှင်ကြီး ဦးငြိမ်းသွင်၊ ဒေါ်မင်းထိုက်ထိုက်တို့၏ သားသမီး (၇) ယောက်အနက် အငယ်ဆုံးသား ထွေး ဖြစ်သည်။ ဆရာသည် ငယ်စဉ်ကပင် အစ်ကို အစ်မများနှင့်မတူ  သူ့ဗီဇနှင့်သူ တမူထူးခြားသူ ဖြစ်သည်။ စကားများများ ပြောလေ့မရှိ။ တစ်ကိုယ် တည်း အေးအေးလူလူ နေထိုင်တတ်သည်။ ငယ်စဉ် ကပင် ပုံဆွဲဝါသနာထုံခဲ့ရာ ၊ ကျောင်းမနေခင်ကပင် အရွယ်နှင့်မမျှအောင် အရုပ်များ ရေးဆွဲတတ်နေပြီ ဖြစ်သည်။ 

ထို့နောက် အရွယ်ရောက်သော် မိဘ များက ဆရာ့ အား ညင်းမော် ရွာဦးဘုန်းတော်ကြီး ကျောင်းတွင် စတင်ပညာဆည်းပူးစေသည်။ ယင်းနောက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်သူ့အလွတ်ပညာ သင်ကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူးသည်။ ကျောင်းနေသော်လည်း ကျောင်းစာကို သိပ်စိတ် မဝင်စား၊ အားလျှင် ပုံဆွဲရန်ကိုသာ အာရုံစိုက်လေ သည်။ စာမရ၍ အရိုက်ခံရသည့်ကြားမှပင် ဆရာ သည် ဝါသနာပါသည့် ပုံဆွဲခြင်းကို လက်မလျော့ခဲ့ ပေ။ အရုပ်ရေးနေရလျှင် သူပျော်နေသည်။ အနီး ပတ်ဝန်းကျင်မှ မြင်သမျှကို ခဲတံတစ်ချောင်း စာအုပ် တစ်အုပ်ဖြင့် အချိန်ရသမျှ ပုံဆွဲလေ့ကျင့်ခဲ့ရာ များ မကြာမီအတွင်း ဘယ်အရာကိုမဆို တူအောင် ဆွဲနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုကြိုး ပမ်းမှု အဝဝသည် နောင်တွင် ဆရာအဖို့ ပုံဆွဲ အခြေခံပညာကို ခိုင်ခံ့စေခဲ့သည်။

အဆိုပါကျောင်း၌ သတ္တမတန်း အထိသာ ပညာ ဆည်းပူးပြီးလျှင် ကျောင်းမှ ထွက်လိုက်သည်။ ကျောင်းမှ ထွက်ပြီးနောက် မည်သည့်လခစား အလုပ်ကိုမှ မလုပ်ဘဲ အနုပညာလောကသို့ ခြေစုံ ပစ် ၀င်ရောက်ကာ ပန်းချီဆရာအဖြစ် အသက်မွေး ဝမ်းကျောင်း ပြုခဲ့သည်။

ဆရာသည် စာအုပ်မျက်နှာဖုံး၊ ခေါင်းစီး၊ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာ၊ ကဗျာသရုပ်ဖော်ပုံ၊ မျူရယ် (mural) ခေါ် နံရံကပ်ပန်းချီ၊ ပုံတူ၊ ရှုခင်း၊ သက်ငြိမ်၊ တောတောင်ရေမြေ သဘာဝ ပန်းချီကား များနှင့် ရာဇဝင်နောက်ကားများကို ထောင်နှင့်ချီ၍ ရေးဆွဲပေးခဲ့သည်။ထိုစဉ်က ပန်းချီဆရာဘဝမှာ ယခုခေတ်နှင့် မတူ ဝင်ငွေမကောင်းလှသဖြင့် ငွေကြေးဘက်တွင် အတော် ကသီလင်တ ဖြစ်ခဲ့ရ သည်။ မည်သို့ပင်ဖြစ်စေ ဆရာသည် ဝင်ငွေနည်း သည်များသည်ကို ပဓါနမထား ၊ ဆင်းရဲသည်ကို လည်း မတုန်လှုပ်၊ သူ့အနုပညာ လက်ရာများ ဖော် ထုတ်ခွင့်နှင့် သူ့အနုပညာလက်ရာများ အစဉ်တိုး တက်ဖို့ကိုသာ အဓိကထား၍ ဒုက္ခကိုခါးစည်းခံကာ ကြိုးစားရေးဆွဲခဲ့သည်။

ဝါသနာပါရာ အနုပညာလုပ်ငန်းကို လုပ်နေရလျှင် ပင် သူ့ဘဝကို သူရသမျှနှင့် ကျေနပ်ပျော်ရွှင်နေခဲ့ လေသည်။ဆရာကြီး ဦးဟန်တင်သည် ပန်းချီကို ရေဆေးရော၊ ဆီဆေးပါ နှစ်မျိုးစလုံးကို ကျွမ်းကျင် စွာ ရေးဆွဲနိုင်သူ ဖြစ်သည်။ ပန်းချီပညာ အခြေခံကို ဖခင်ဖြစ်သူထံမှ အမွေရခဲ့သည်ဟု ဆိုသည်။ ထင် ရှားခဲ့သော ပန်းချီဆရာကြီးများ ဖြစ်သည့် ဦးငွေ ကိုင်၊ ဦးသိန်းညွှန့်၊ ဦးစံဝင်းတို့ထံမှ ဆီဆေးရေးဆွဲ နည်းကို သင်ယူခဲ့သလို၊ ရေဆေးပန်းချီကို ဆရာမြ၊ ဆရာဆောင် (ရေဆေးမင်းသား) တို့ထံမှ လေ့လာ ဆည်းပူးခဲ့သည်။ သို့သော် ပန်းချီဆရာကြီးများ ထံ တွင် အစအဆုံး စနစ်တကျ လက်ထပ်သင် ယူခဲ့ ရသူ မဟုတ်ချေ။ အခြေခံပန်းချီပညာကို ဝါသနာ ဘာဂီ အထုံပါသည်နှင့်အညီ ငယ်စဉ်မှစ၍ ပန်းချီနှင့် ပတ်သက်သော စာအုပ်စာတမ်းများ ဝယ်ယူစု ဆောင်းကာ လေ့ကျင့်ရေးဆွဲခြင်း၊ စုတ်ရေးခြင်း အတတ်ကို မိမိဖာသာ မပြတ်မလပ် လေ့ကျင့်ခဲ့ပြီး နောက် ပုံဆွဲနိသျှည်းကို အတော်ကလေးပိုင်နိုင်မှ ဆရာကြီးများထံ ဝင်ထွက်သွားလာရင်း အတုယူ ကာ တစွန်းတစ လေ့လာဆည်းပူးခဲ့ခြင်းဖြစ်သည်။ ပန်းချီပညာနှင့် ပတ်သက်၍ မိမိ မသိသေးသည့် အချက်များလည်း မရှက်မရွံ့ ကျိုးနွံစွာ မေးမြန်းလေ့ လာ ဆည်းပူးခဲ့သည်။ ပန်းချီပညာ ဆရာကြီးများ အလျဉ်းသင့်ကြုံသလို ပြောဆိုချက်များကိုလည်း ဆရာသည်ကျိုးကျိုးနွံနွံ လေ့လာမှတ် သားခဲ့သည်။

ဤသို့ဖြင့် ဆရာသည် ပန်းချီဆရာကြီးများထံမှ ဆေးစပ်နည်း၊ အရောင်သုံးစွဲနည်းနှင့် အနီးအဝေး၊ အလင်းအမှောင် သုံးစွဲနည်းတို့ကို ရရှိခဲ့သည်။ ယင်း သို့ ဆည်းပူးရရှိခဲ့သော နည်းစနစ်များဖြင့် ပန်းချီ ကားပေါင်း မြောက်မြားစွာကို လေ့ကျင့် ရေးဆွဲခဲ့ သောကြောင့် ပန်းချီပညာကို ဆရာတဦးထံတွင် စနစ်တကျ လက်ထပ်မသင်ခဲ့ရသော်လည်း ဆရာ ၏ လက်ရာများသည် စနစ်တကျ ရှိလှသည်ဟု ပန်းချီဆရာကြီး ဦးငွေကိုင်က ချီးကျူးခဲ့လေသည်။

ထို့နောက် ဆရာသည် ပန်းချီဆရာကြီး ဦးငွေကိုင် နှင့်တွဲ၍ လက်ထောက်ပန်းချီဆရာအဖြစ် နှစ် အတော်ကြာအောင် လုပ်ကိုင်ခဲ့သည်။ ဤသို့ ဦးငွေကိုင်နှင့် လက်တွဲလုပ်ကိုင်ခွင့် ရခဲ့သည်မှာ  သူ့ အဖို့ များစွာ ကုသိုလ်ကံကောင်းသည် ဟု ဆိုရပေ မည်။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံဘက်ရှား သော ပန်းချီဆရာကြီး ဦးငွေကိုင်ထံမှ ခေတ်သစ်ဆီ ဆေး ရေးဆွဲနည်းနှင့် ပန်းပုပညာကို အနီးကပ် ဆည်းပူးခွင့် ရခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ ပန်းချီရေးဆွဲနည်းကို အတော်ကလေး တီးမိခေါက်မိ တော့မှ ပန်းပုပညာကို လေ့လာလိုက်စားခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင် ဖြစ်သည်။

ယင်းနောက် ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်ရှိ ဂျူဗလီဟော (ယခုတပ်မတော် စစ်သမိုင်းပြတိုက် ရှိရာ နေရာ) တွင် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ မှစ၍ ဖွင့်လှစ်ထားသော နိုင်ငံတော် အနုပညာ ကျောင်းတွင် ပန်းချီနည်းပြဆရာအဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။  ပန်းချီသင်တန်းတွင် ဆရာသည် မိမိလေ့လာ ဆည်းပူးခဲ့သော ပန်းချီအတွေ့အကြုံ များကို အခါခွင့်သင့်သလို ဟောပြောပို့ချခဲ့သည်။ ပန်းချီအနုပညာ၏ သဘောတရား၊ ပန်းချီ၏ အရသာ၊ ပန်းချီ၏တန်ဖိုး၊ ပန်းချီပညာ၏ အသုံးဝင်ပုံ နှင့် ပန်းချီပညာ ပြန့်ပွားရေးကိုပါ ပို့ချပေးခဲ့သည်။ သင်တန်းတွင် ဆရာသည် လူငယ်များအား ပန်းချီ ပညာတွင် ဝါသနာထုံစေလိုသောစိတ်၊ ထွန်းထွန်း ပေါက်ပေါက် ဖြစ်စေလိုသော စေတနာဖြင့် ဆရာ စားမချန် သင်ကြားပြသခဲ့ရာ တစတစဖြင့် အနုပညာလောကတွင် လူသိထင်ရှားခဲ့လေသည်။
သို့သော်ဆရာသည် မိမိကိုယ်ကို ဘဝင်မမြင့် စိတ်ကြီးမဝင်၊ မိမိပညာကို အားမရ၊ မိမိသည် ပန်းချီလောကတွင် လေ့လာဆည်းပူးသင်ယူစရာ တပုံကြီးကျန်ရှိနေသေးသည်ဟုခံယူကာ ခံယူထား သည့် အတိုင်း ကွယ်လွန်ချိန်အထိ လေ့လာ ဆည်း ပူးသွားသည်။ သို့ကလို နိုင်ငံတော် အနုပညာ ကျောင်းတွင် ပန်းချီနည်းပြအဖြစ် အမှုထမ်းနေစဉ် အတွင်း ၁၉၆၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ စီစဉ် မှုဖြင့် တစ်နှစ်ခန့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနုပညာသိပ္ပံကျောင်းသို့ သွားရောက်လေ့လာ ဆည်းပူးခွင့် ရခဲ့သည်။

တရုတ်နိုင်ငံတွင် ပန်းချီအနုပညာ လေ့လာဆည်းပူး နေစဉ်အတွင်း ပန်းချီပန်းပုနှင့် ပတ်သက်သော စာအုပ်စာတမ်း များစွာကိုလည်း မိမိအား နိုင်ငံတော် ထောက်ပံ့ပေးထားသော ထောက်ပံ့ငွေထဲမှ ချို့ချန် ကာ ဝယ်ယူခဲ့သည်။ နိုင်ငံတော် အနုပညာကျောင်း တွင် (၇) နှစ်ခန့် အမှုထမ်းခဲ့ပြီးနောက် ဆောက်လုပ် ရေး ကော်ပိုရေးရှင်း ဗိသုကာဌာန အနုပညာဌာန စိတ်တွင် ဌာနစိတ်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ သည်။

ထိုစဉ်အတွင်း သဘာဝသမိုင်းပြတိုက် ၊မြေပဒေသာ ကျွန်းရှိစိုက်ပျိုးရေးပြတိုက်များအတွက်ရုပ်တုရုပ်လုံးပေါင်း မြောက်မြားစွာကို ထုလုပ်ပေးခဲ့သည်။ ကန်တော်ကြီး ရေပြင်ပေါ်ရှိ ကရဝိတ် အဆောက် အဦကိုလည်း ဆရာဦးဟန်တင်သည် ပုံစံထုတ်လုပ် ပေးခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော လက်ရာ များမှာ သံလျင်စွန်းရတနာပုံ ရေတပ်စခန်းရှိ အမြင့် ၉ ပေရှိသော လှံစွပ်ထိုးနေဟန် ရေတပ်သား ရုပ်တု ကြီး၊ ဒလမြို့ ဗိုလ်ချုပ်အထိမ်းအမှတ် ပန်းခြံအတွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်း ခါးထောက်မတ်တပ်ရပ် နေဟန် ရုပ်တု၊ စိုက်ပျိုးရေးပြတိုက်ရှေ့ရှိ အလုပ် သမားများ ချီတက်နေဟန်ရုပ်တု၊ နတ်မောက် စက်မှုလက်မှုကျောင်းရှေ့တွင် စိုက်ထူထားသော အင်္ဂတေ ပလာစတာ ရုပ်တု၊ ရန်ကုန်ဘူတာကြီး ရှေ့ရှိ မြန်မာ့သင်္ကြန်သရုပ်ဖော် ရုပ်တု၊ ရွှေတိဂုံ ဘုရား မြောက်ဖက်မုခ်အနီးရှိ သွေးဆေးကန်တွင် ရှေးခေတ်စစ်သည်တစ်ဦး ဓါးဆေးနေဟန် ရုပ်တု၊ တော်လှန်ရေးပြခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း ခါးထောက်မတ်တပ်ရပ်နေဟန်ရုပ်တု၊ မကွေးနှင့် ပြည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေဟန် ရုပ်တု၊ မကွေးမြို့ ယင်းချောင်းတံတားထိပ်၌ စိုက်ထူထားသော သခင်ဘိုးလှကြီးနှင့် ဆရာစံ ရုပ်တု၊ရန်ကုန်တက္ကသိုလ်များလှေလှော်အသင်းရှေ့၌ စိုက်ထူထားသော လှေလှော်အသင်းတည် ထောင်ခဲ့သူများဖြစ် သော ဆာအေအဂ္ဂါစနိုးနှင့် ဗိုလ်မှူးချုပ်သန်းဖေ(ရေတပ်) တို့၏ ကိုယ်တပိုင်း ကြေးရုပ်တုများ၊ သက်ကြီးတက္ကသိုလ် အဆောက် အဦအတွင်း၌ တည်ဆောက်ထားသော သက်ကြီး တက္ကသိုလ် ဖခင်ကြီး ဦးစံရွှေ ရုပ်တု၊ ပြည်သူ့ ဥယျာဉ်အတွင်းရှိ အေးရိပ်ငြိမ် အဆောက်အဦရှေ့၌ စိုက်ထူထားသော ထင်းစီးချိုးဟန် သရုပ်ဖေါ်ရုပ်တု၊ ရန်ကုန်မြို့မြို့မကျောင်း (ယခုအထက(၂) ဒဂုံ) ကို တည်ထောင်ခဲ့သော မြို့မဦးဘလွင်ရုပ်တု၊ တာချီ လိတ်၊ လားရှိုးမြို့၌ ဘုရင့်နောင်မင်းတရားကြီး ရုပ်တု အပါအဝင် ရုပ်တုများ အမြောက်အမြား ထုလုပ်ပေးခဲ့သည်။

ဆရာကြီး ဦးဟန်တင်သည် ကန်တော်မင်္ဂလာ ပန်းခြံအနီးရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖောင်းကြွရုပ်တုများအပြင်တော်လှန်ရေးကောင်စီဥက္ကဌနှင့်မဆလပါတီဥက္ကဌဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဖခင် ဦးဖိုးခ၊ စာရေး ဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာကြီးနှင့် ရုပ်ရှင်ဒါရိုက်တာ ဦးသုခတို့၏ ပုံတူရုပ်ထုများ ကိုလည်း ထုလုပ်ပေးခဲ့သည်။ အထင်ရှားဆုံး လက်ရာကား တိပိဋကမင်းကွန်းဆရာတော်ကြီး၏
အသက်ဝင်လွန်းသော ပုံတူရုပ်ထုပင်ဖြစ်သည် ထို ရုပ်ထု အတွက် ဆရာတော်အား ခွင့်ပြုပါရန် လျောက်ထားပြီး ခွင့်ပြုချက်အရ ထုလုပ်ခဲ့ရာ နှစ်ချီ ကြာသည်ဟု လူထုဒေါ်အမာက ပြောပြသည် သူက ဆရာတော်ရဲ့ အတွင်းစိတ်ကိုပါ ဖမ်းယူပြီး ပေါ်လွင် အောင် အားထုတ်ခဲ့တာ ဒါကြောင့်ပဲ နှစ်ချီကြာခဲ့
တယ်

ပန်းပုပညာသည် အလျင်စလိုလုပ်၍ မရသောပညာ၊ မှားလျှင်ပြင်ရခက်သော ပညာဟူ၍ ဆရာကြီးက ပြောဆိုခဲ့ပါသည်။

ထို့ပြင် ပန်းပုပညာ လက်ရာပြောင်မြောက်ရန် အတွက် ပန်းပုပညာရှင်သည် သူမတူသော စိတ်ကူး စိတ်သန်းများ၊ အတွေးအခေါ် အယူအဆများ၊ သုတအကြားအမြင်နှင့် ကိုယ်တွေ့လေ့လာ ဆည်း ပူးထားသော မုတပညာ ပြည့်စုံရန်လိုပြီး စိတ်ရှည် လက်ရှည်ထား၍ စေ့စပ်သေချာစွာ ထုလုပ်နိုင်မှ လက်ရာကောင်းရနိုင်သည်ဟု ဆိုပါသည်။ 

ပန်းပုဆရာသည် ပန်းချီပညာနှင့် မကင်းကွာ စကောင်းပေ။ ပန်းချီပညာအခြေခံရှိမှသာ မိမိ ထုလုပ်သော ပန်းပုလက်ရာသည် လက်ရာကောင်း ဖြစ်ပေါ်နိုင်သည်ဟုလည်း ဖြည့်စွက်ပြောကြား သည်။ ပန်းချီပညာသည် သုံးဘက်သုံးတန် မြင်တွေ့ ရသော အရာကို အချိုးအစားမပျက် ဖန်တီးနိုင် သလို ပန်းပုပညာသည် လေးဘက်လေးတန် အထက်အောက် မြင်ရသော ရူထောင့် ၁ဝ မျိုး မြင်ကွင်းအား အချိုးကျစွာ သရုပ်ဖော်ရသော ပညာဖြစ်သည်။မြန်မာ့ပန်းပု အနုပညာတွင် ပေးသူနှင့် ယူသူနှစ်ဦးစလုံးတွင် တူညီသော အာရုံခံစားမှု ရရှိမှသာ ဖန်တီးသူ၏ လက်ရာကို အရသာ အပြည့်အဝ ခံစားနိုင်ပေသည်။ ရသခံစားရာတွင် တစ်ဦးနှင့်တစ်ဦး တူညီရန် ခဲယဉ်းလှသည်။ အနုပညာပါရမီ ဓါတ်ခံအနုအရင့်ကို လိုက်၍လည်းကောင်း၊ အတွေ့အကြုံ အနည်းအများအရ လည်းကောင်း ကွဲပြားခြားနိုင်လေသည်။မည်သို့ဆိုစေ ဆရာ့လက်ရာများကို လေ့လာကြည့်သောအခါပန်းပုဝေါဟာရ “ဆောက်ချက် နာသော လက်ရာ” ဟူ၍ ခေါ်ရလောက်အောင် အသက်ဝင်၍ လက်ရာမြောက်နေပေသည်။မည်သို့ဆိုစေ… နိုင်ငံနှင့် ပြည်သူတို့အတွက် တာဝန်ကျေပွန်စွာ အနုပညာလက်ရာများ မြောက်မြားစွာ ဖန်တီးသွားခဲ့သော ဆရာကြီး ဦးဟန်တင်သည် ၂ဝဝဝ ပြည့်နှစ်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ဖွားရှင်နှင့် သားသမီး ၉ ယောက် ကျန်ရစ်ခဲ့လေသည်။ 

ကျယ်ကျယ်ပြန်ပြန် လေ့လာလိုပါက ထားဝယ် ဇေယျဝတီတိုက် လောကမာရဇိန် ဘုရားဝင်း ရှင်မုတ္ထီး တို့ကို အလည်အပတ် လေ့လာရေး ထွက် ခဲ့ကြပါ ထိုနေရာများ သည် ဦးဟန်တင်၏ ပန်းပုပြခန်း ဦးငွေကိုင်၏ ပန်းချီ ပြခန်း များ အဖြစ် နာမည်မထိုးသော်လည်း ထင်ပေါ်လွန်းသော အံမခန်း မြားပြားလှသော ပန်းချီပန်းပုလက်ရာများ ကို တွေ့ရပေမည် ထိုနေရာများ ဆက်လက် တည် ရှိနေဦးမည် ထားဝယ်များက ထိမ်းသိမ်းရန် လည်း အထူး တာဝန်ရှိသည် ဖြစ်ပါကြောင်း


1 comment:

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်