ရခိုင် မြန်မာ အတူတူပါ

ရခိုင်နဲ့မြန်မာ အတူတူပါ
•••••••••••••••••••••••••••••••••••••••••••••••

ရက္ခိုင်သမိုင်းကျမ်း အစောင်စောင်နှင့် ကျောက်စာ တစ်ချို့ တွင် ရက္ခိုင်လူမျိုးများကို မြမ္မာဟူ၍လည်းကောင်း၊ ရက္ခိုင် ဟူ ၍လည်းကောင်း ခေါ်ဆိုကြောင်း တွေ့ရပါတယ်။

ရက္ခိုင်တို့ နေထိုင်ရာ တိုင်းပြည်ကို အာရက္ခဒေ့ရှ် (အာနန္ဒစန္ဒြားကျောက်စာ) ၊ရက္ခပူရ ပြည်၊ ဓညဝတီ တိုင်းပြည်ဟု အမည်တွင်ပါတယ်။

ရခိုင်သမိုင်းကျမ်းများရှိ တံဘောင်နိမိတ်များစွာအထဲမှ မြမ္မာဟူသော ဝေါဟာရနဲ့ ပတ်သက်သည့် တဘောင် တစ်ခုမှာ-``တရုတ်ကဖိ ပျူကအိ၊ မချိမြမ္မာ အနောက်မှာ''
ဟူ၍ ဖြစ်ပါတယ်။

ဤ တဘောင်ထဲတွင်ပါသော မချိမြမ္မာ အနောက်မှာ ဟူ သော စကားစုသည် အနောက်ဘက် တိုင်းပြည်တွင် နေထိုင်ကြသော ရက္ခိုင်များကို ဆိုလိုခြင်း ဖြစ်ပါတယ်။
ရှေးခေတ်ရက္ခိုင်များသည် မိမိတို့ ကိုယ်ကို အာရကန်ဟူ၍ လည်းကောင်း၊ မြမ္မာဟူ၍ လည်းကောင်း၊ ရက္ခိုင်ဟူ၍ လည်းကောင်း ခေါ်တွင်ခဲ့ကြသကဲ့သို့ ဗုဒ္ဓဂါယာရှိ မဟာဗောဓိကျောက်စာတွင်လည်း အာရကန်ဘုရင် မင်းထီးသည် မိမိကိုယ်ကို ``မြမ္မာဘုရင်´´ဟု သုံးနှုန်းထား သဖြင့် မြမ္မာလူမျိုး ၊မြမ္မာဟူသော ဝေါဟာရသည် ရက္ခိုင် လူမျိုးများကို ခေါ်ဆိုသည်မှာ သမိုင်းကျမ်းများအရ၊ ကျောက်စာ အထောက်အထားများအရ ထင်ရှားနေပါ တယ်။

ပုဂံခေတ်တွင်ရေးထိုးခဲ့သည့် မြမ္မာကျောက်စာပါ ဝေါဟာရ များမှာ ယနေ့ခေတ်ဗမာတို့ ပြောဆိုနေသော ဝေါဟာရများ နှင့် ရက္ခိုင်ဘာသာစကားများ တူနေသည်မှာလည်း ထင်ရှားတဲ့ အထောက်အထား တစ်ခုဖြစ်ပါတယ်။

ရက္ခိုင်တို့ ယနေ့ပြောဆိုနေသော ဘာသာစကားများသည် ရှေးခေတ်မြမ္မာကျောက်စာပါ ဝေါဟာရများနှင့် တစ်သွေ မတိမ်းနီးပါး တူနေသောကြောင့် ရက္ခိုင်သည် ဗမာပင် ဖြစ်သည် ဆိုတာ ထင်ရှားနေပြန်ပါတယ်။

ပြည်ပမှတ်တမ်းများအရလည်း နယ်ခြားဒေသကို ပြဆို ရာမှာ ဗရမ္မာဒေ့် ဆိုတာပဲ ရှိပါတယ်။ ကြားထဲမှာ အာရကန်ဒေ့် ရခိုင်ဒေ့် ဆိုပြီး သီးခြား ဖော်ပြတာတွေ မတွေ့ ရပါဘူး။

အောက်မှာ ရာဇကုမာရ်ကျောက်စာ၌ ပါဝင်သော ရခိုင်ဘာသာစကားများထဲမှ တစ်ချို့ကို ထုတ်နှုတ်တင်ပြ လိုက်ပါတယ်။

ခြုပ်မ =ချွေးမ(ဗမာ)=ခြုပ်မ(ရက္ခိုင်)
ခြာယ်မ=ခယ်မ(ဗမာ)=ခြာယ်မ(ရက္ခိုင်)
မြီ=မြေ(ဗမာ)=မြီ(ရက္ခိုင်)
ဇာတီ=စေတီ(ဗမာ)=ဇာတီ(ရက္ခိုင်)
အရှိအရပ်သို့လားသော်ဝ်=အရှေ့အရပ်သို့
သွားသော်(ဗမာ)=အရှိအရပ်သို့လားသော်(ရက္ခိုင်)
ဟိ=ရှိ(ဗမာ)=ဟိ(ရက္ခိုင်)
ရိယ်မှုတ်=ရေမှုတ်(ဗမာ)=ရီမှုတ်(ရက္ခိုင်)

ကျောက်စာပါ ဝေါဟာရများကို လေ့လာလိုက်လျှင် ရက္ခိုင်ဘာသာစကားက ဗမာဘာသာစကား နှစ်ခု  ဟူသည် ရခိုင်ကျောက်စာများကို အသာထား၍ ရာဇကုမာရ် ကျောက်စာတစ်ခုတည်းကို လေ့လာ ကြည့်ရုံ မျှဖြင့် သမိုင်းမှန်တစ်ခုကို သိနိုင်ပါလိမ့်မယ်။

နောက်ပေါက် သမိုင်းဆရာများ၏ သူတို့ခေတ် သူတို့အခါ က မတူဟူသော ခံယူမှု။ တွေ့ရှိသော အထောက်အထား အနည်းငယ်တို့ကြောင့်သာ ချွတ်ချော်ခဲ့ရလေခြင်း ဖြစ်ပြီး ညီအစ်ကိုခြင်း ရန်သူသဖွယ် ဖြစ်နေကြတာကိုလည်း များစွာ စိတ်မကောင်း ဖြစ်ရပါတယ်။

ပညာရပ်တစ်ခု၏ အသုံးချစနစ်ကို အခြားနယ်ပယ် ထဲ ကနေ ကြည့်တဲ့အခါမှာ ကမောက်ကမ ဖြစ်နေတတ်ပါတယ် ။ ဘာသာစကားက ထိုထက် သာ၍ သာ၍ ဆိုးပါတယ်။ ခံယူမှုကို ထိခိုက်စေတတ်ပါတယ်။ ဥပမာအားဖြင့် ကုလား ဟူသော ဝေါဟာရကို မြန်မာက ပြောသော စကားဖြစ်ရာ မြန်မာဘာသာဖြင့်သာ အနက်ဖွင့်ရမှာ ဖြစ်ပါတယ်။ ဒါကို အခြားဘာသာစကားဖြင့် အနက်ဖွင့် ကြလေသော် ပြဿနာများစွာ ဖြစ်လာပါတော့တယ်။

ဒေသိယျစကားကို ပြောမည်ဆိုလျှင် မြန်မာစကားသည် ရခိုင်စကား၏ ဒေသယျစကားဖြစ်သည် ရခိုင်စကားသည် မြန်မာစကား၏ ဒေသိယျစကားဖြစ်သည် ဒီဟာက ကြည့် တဲ့သူအပေါ် မူတည်ပြီး ဖြစ်တာပါပဲ။ အပြန်အလှန် ဆက် သွယ်မှု ရှိပါတယ်။ ကျွန်တော် ဒီလိုဆိုတာကို ဘယ်ဘာသာ ဗေဒ ပညာရှင်ကမှ ပယ်ချမည်မဟုတ်။ ဟုတ်မှန်ကြောင်း သာ ထောက်ခံကြပေလိမ့်မယ်။ 

ရခိုင်နဲ့ဗမာ မတူဟူသော ရပ်တည်ချက်ပေါ်ကနေ သမိုင်း တွေရေး စကားတွေ စစ်ထိုးနေကြ လေသောအခါ မည်သို့ ဖြစ်ခဲ့သနည်း။

ကျွန်တော်တို့ခေတ်သည် ဝေသာလီခေတ် ဗိဿနိုး ခေတ် မဟုတ်တော့ပေ။ များစွာပြောင်းလဲခဲ့ပါပြီ။ ထို့အတူပင် ရှေး ရခိုင် မြန်မာ ပညာရှိ ကျမ်းပြုဆရာကြီးတို့၏ ယုတ္တိတန် သော အဆိုအမိန့်များကို သွေဖီခြင်းမပြုကြဘဲ ရခိုင်နှင့်ဗမာ "မတူ" ဟူသော ရပ်တည်ချက်ကနေ "တူသည်" ဟူသော ရပ်တည်ချက်သို့ ပြောင်းလဲ ရပ်တည် ကြည့်သင့်လှပါပြီ။ ထိုသို့ ပြောင်းလဲရှုမြင်ခြင်းသည်သာ တိုးတက်ခြင်း ပြောင်း လဲခြင်း ညီညွတ်ခြင်း စသဖြင့် ကောင်းမွန်သော အကျိုးများ ကိုသာ ရလာနိုင်စရာ ရှိပါတယ်။

မြမ္မာစာပေတွင် ``ပင့်ရစ်မနိုင်၊ရက္ခိုင်မေး'' ``ပင့်ရစ်မသိ၊ရက္ခိုင်နှင့်ညှိ'' ဟူသော အလင်္ကာ ဆိုရိုးများ ရှိသည်ကို ထောက်ရှု၍ မြန်မာနှင့် ရခိုင်စာပေ တူကြောင်း သိနိုင်ပါတယ်။ ခေတ်ကာလ ကြာသည့်အလျောက် ကွဲပြား လာခဲ့ခြင်းသာ ဖြစ်ဟန်တူပါတယ်။

ပင့်ရစ်မသိ ရက္ခိုင်နှင့်ညှိ ဟူသည့် စာဆိုလင်္ကာ ရှိနေ သည်မှာ ဗမာတို့သည် ပင့်ရစ်သံနှင့် ရရစ်သံ၊ ရနှင့်ယ ကို လုံးဝ မကွဲပြားသောကြောင့် ဖြစ်သည် ဆိုပြီး ပြောဆိုကြတဲ့ ကောက်ချက် စကားအမှားတွေလည်း မြင်ဖူးပါတယ်။ ကြားနာ ဖတ်မှတ်ရဖူးပါတယ်။ ထိုသို့ ဆိုသူများဟာ သေသေချာချာ စနစ်တကျ လေ့လာထားတာ မဟုတ်ဘဲ ယနေ့ ရန်ကုန်သုံး စကားသံကိုသာ ကြည့်ပြီး ကောက်ချက် အမှား ချမှတ်ထားတာကို တွေ့ရပါတယ်။ ထိုသူတို့က အောက်ပါအတိုင်း သာဓက ထုတ်ပြလေ့ ရှိကြပါတယ်။

ဥပမာ- ကျား(Kyarr) ၊ကြား(Krarr)
ပျို(Pyo)၊ပြို
ကျ(Kya)၊ကြ
ကျက်(Kyatt)၊ကြက်(Kratt)
ပျံ(Pyan)၊ပြန်(Pran)
ဟူသော စကားလုံးများကို ဗမာတို့က

ပျိုကိုလည်းပျို ပြို(Pro)ကိုလည်းပျို၊
ပျံ(Pyan)ကိုလည်းပျံ(Pyan)၊ပြန်(Pran)ကို
လည်း ပျံ(Pyan)၊ကြား(Krarr)သည်ကိုလည်း ကျား(Kyarr)၊ကျား(Kyarr)တိရစ္ဆာန်ုကိုလည်း ကျား(Kyarr) စသည်ဖြင့်
အသံထွက်ရော သတ်ပုံပါရော ပြောဆို ရေးသားနေကြ သည်မှာ နေရာဒေသ အလျောက် နေထိုင်ရာ အုပ်စုများ၏ အယူအဆများကြောင့်သာ ဖြစ်ပေလိမ့်မည်။

ရနှင့်ယ တို့ကိုလည်း ထိုနည်းလည်းကောင်း မှား ပြောလေ့ ရှိသည်။
ဥပမာ ရန်ကုန်(Rangon)
ကို ယန်ဂုန်(Yangon)၊
ရန်အောင်(Ran Aung)ကိုယန်အောင်(Yan Aung)
ရက္ခိုင်(Rakhine)ကို ယခိုင်(Yakhine)ဟု ရသံ နှင့် ယသံကို အတူတူ သဘောဖြင့် ပြောဆို လေ့ ရှိကြသည်။

ဒီလိုတွေ ဆိုလေ့ ရှိကြပါတယ်။ ဒီလို ပြောဆိုသူတွေ အတွက် အညာဒေသတခွင် ပြဲပြဲစင် သွား၍  လေ့လာ ကြည့်ကြပါဦး လို့ ညွှန်းပေးလိုက်ပါတယ်။ ဒီစာအုပ်ရဲ့ တနေရာမှာ ရှင်းပြထားပြီးတာမို့လို့ ဒီမှာ ထပ်မပြောတော့ ပါ။

သမိုင်းမှတ်တမ်းများအရ ရက္ခိုင်အက္ခရာ
(ရက္ခဝဏ္ဏအက္ခရာ)သည် ဗြဟ္မီအက္ခရာမှ ဆင့်ကဲ ပြောင်းလဲလာခြင်းဖြစ်ပြီး ထိုရက္ခဝဏ္ဏအက္ခရာကို ရခိုင် ဝေသာလီခေတ် သီရိစန္ဒြားလက်ထက်တွင် အမတ်ကြီး ဓမ္မဇေယျမှ တီထွင်ရေးသားတယ် ဆိုပြီးလာတယ်။

မြမ္မာစာပေ ရခိုင်စာပေ လောကတို့တွင် ကဗျာ၊ လင်္ကာ၊ ရတု၊ဧခြင်းများသည် ရေးသားနည်း စီကုံးစပ်ဆိုပုံသည် တသားတည်း တပုံစံတည်း ဖြစ်ပါတယ်။ ဒါကိုကြည့်လျှင် လည်း ရခိုင် မြန်မာ အတူတူပါဆိုတာကို ရှုမြင်နိုင်ပါတယ်။

မြမ္မာစာပေ၊မြမ္မာအက္ခရာကို မည်သည့်ဒေသတွင် မည်သူ တို့က မည်သည့်ရာစုနှစ်တွင် စတင် သုံးစွဲခဲ့သနည်း။

ဒီမေးခွန်းအတွက် အဖြေကို ရှေ့ပိုင်းမှာ အကျယ်ပြောထား တာ ပါရှိပြီးဖြစ်ပါတယ်။

ဒီမေးခွန်းမေးတဲ့အတွက် ကျွန်တော် အကြုံပြုလိုတာက
ရခိုင်စာနှင့် မြန်မာစာ မည့်သည့်အချိန်တွင် စတင်ကွဲပြား ခဲ့လေသနည်း ဆိုတဲ့ လမ်းကြောင်းကို ရှာဖွေ စီစစ်သင့်ပါ တယ်။

သို့ဖြစ်၍ ယနေ့ခေတ် သုံးစွဲနေသော အဝိုင်းအက္ခရာ ပါ အစောဆုံး သမိုင်းအထောက်အထားများအား မည်သည့် ရာစုတွင် ပြောင်းလဲခဲ့သနည်း ဟူသော အကြောင်းကိုလဲ သိရန် လိုအပ်ပါသည်။

မြန်မာရာဇဝင်များဖေါ်ပြချက်အရ " ပု-ပင်း-အင်း-တောင်-ညောင်ရမ်းနောင်-ကုန်ဘောင် နှစ်ခေတ် တွဲ" ဟူသည်နှင့်အညီ မြန်မာတို့တွင်
(၁) ပုဂံခေတ်
(၂) ပင်းယခေတ်
(၃) အင်းဝခေတ်
(၄) တောင်ငူခေတ်
(၅)ညောင်ရမ်းခေတ
်(၆) အမရပူရခေတ်
(၇) မန္တလေးခေတ် ဟူ၍ ခေတ်ကြီး ခုနစ်ခေတ် ရှိခဲ့ပါတယ်။

ရခိုင်တို့တွင်" ဒွါ- ဝေ - ဓည- ပဒုတထား-ကျောက်လှေကား ဝေသာ- လေးမြို့လာ- သုံးဖြာမြောက်ဦးခေတ်" ဟူသည်နှင့် အညီ သမိုင်းမတင်မှီ
(၁) ဒွါရာဝတီခေတ်
(၂) ဝေသာလီခေတ်ဟူ၍ နှစ်ခေတ်
သမိုင်းတင်ပြီးနောက်
(၃) ပထမဓညဝတီခေတ်
(၄) ဒုတိယဓညဝတီခေတ်
(၅) တတိယဓညဝတီခေတ်
(၆) ကျောက်လှေကားဝေသာလီခေတ်
(၇) လေးမြို့ခေတ်
(၈) ပထမမြောက်ဦးခေတ်
(၉) ဒုတိယမြောက်ဥိးခေတ်
(၁၀) တတိယမြောက်ဦးခေတ် ဟူ၍ ရှစ်ခေတ်
စုစုပေါင်း (၁၀) ခေတ် ရှိခဲ့လေသည်။

ထိုခေတ်အဆက်ဆက်တို့တွင် မြန်မာနိုင်ငံပုဂံကို
"ကြာ-အိုး-အံ-ပုဂံတည်" ဟူသော ရာဇဝင်လင်္ကာ အရ ပျဉ်ပြားမင်းသည် မြန်မာသက္ကရာဇ်(၂၁၁) ခုတွင် စတုတ္ထပုဂံကို တည်ထားခဲ့ပြီး ထိုနှင့် ခေတ်ပြိုင် ရခိုင်ပြည်၌ ယင်းမတိုင်မှီ(၃၁)နှစ်အလို သက္ကရာဇ်(၁၈၀)ခုကပင် ခေတ္တသင်မင်းကြီးသည် လေးမြို့ခေတ်ဦး ပဉ္စာမြို့ကို တည်ထားခဲ့သည်။

ထိုပဉ္စာမြို့တည် ခေတ္တသင်မင်းကြီးနောက် သုံး ဆက်မြောက်ဖြစ်သော မင်းရင်ဖြူသည် သက္ကရာဇ် (၂၀၉) ခုတွင် ပဉ္စလောဟာရတနာ တို့ဖြင့် ဆင်းတုတော် တစ်ဆူကိုသွန်းလုပ် ပူဇော်ခဲ့ပြီး ပလ္လင်တော်စမ္မခဏ်၌ ရက္ခဝဏ္ဏအက္ခရာခေါ်
ရခိုင်စာပေအက္ခရာဖြင့် ကောင်းမှုရှင် စာတမ်း ထိုးထားခဲ့ပါသည်။

ဥာဏ်တော်မှာယခုအတိုင်းအတာဖြင့် ၁၄့ ၃လက်မ
မြင့်ကာ လက်ရှိ စစ်တွေမြို့ ခေါင်းလောင်းကျောင်း တွင် ပူဇော်ခံလျှက် ရှိနေပါသည်။

မူလစမ္မခဏ်စာမှာ

" သက္ကရာဇ်---၉ ခု ကဆုန်လဆန်း ၆ ရက် ၂လာ ၅နာရီကျော်----ရောက်-----ကြီးသွန်းအဲ
သည် ငင်္ရင်္မဖြူကောင်းမှု ပဉ္စလောဟာဖြင့် ပြီးပြည့်စုံသည် ဘုရားပြုသောအကျိုဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသောဝ် ဟူ၍ဖြစ်ပါသည်။

ဖြည့်စွက်အဓိပ္ပါယ်ဖေါ်ယူရလျှင်
"သက္ကရာဇ် ၂၀၉ ခုကဆုန်လဆန်း ၆ ရက် တနင်္လာနေ့ ၅ နာရီကျော်အချိန်ရောက် ဘုရားကြီးသွန်းအပ်သည် ပဉ္စလောဟာဖြင့်ပြီးပြည့်
စုံသည် ဘုရားပြုလုပ်ရသောအကျိုးအားဖြင့် ဘုရားမချွတ် ဖြစ်စေသော်ဝ်" ဟူ၍ ဖြစ်ပါသည်။

ဤကား ယနေ့ မြန်မာစာပေနှင့် ရခိုင်စာပေ တူ သည် ဟူသော ရခိုင်ဒေသ၌ တွေ့ရသော အထောက်အထား များစွာအနက်မှ တစ်ခုဖြစ် သည်။

ရခိုင်ပဉ္စာမြို့ (၁၂) ဆက်မြောက်ဘုရင် မင်းဘီလူး ကို ဝရောင်းငှက်ခေါ် အမတ်အသင်္ခယာ ပုန်စား သောကြောင့် အိမ်ရှေ့မင်းသား မင်ရဲဘယသည် မိဖုရားစောပေါက်ညို (ပေါက်ညိုမြ)နှင့် အမတ်ပညာ ရှိ အခြွေအရံပရိသတ်ကို အတူခေါ်လျှက် သက္ကရာဇ် (၃၄၆) (အေဒီ ၉၈၄)တွင် ဘူးရွက် မညှိုးလမ်းမှ ပုဂံပြည်သို့ရှောင်တိမ်းကာ အနော်ရ
ထာမင်းစောထံ ခိုလှုံ ခစားခဲ့ပါ၏။ (သက္ကရာဇ် ကွဲချက်ရှိ) အခြားတစ်ဖက်တွင်ကား ရခိုင်အိမ်ရှေ့ မင်းသား မင်းရဲဘယ နှင့်အတူ လိုက်ပါလာ ကြသော အမတ်ပညာရှိများသည် လကျာ်မင်းနံ ရွှေဂူသာတို့ကဲ့သို့ မင်းသားမင်းသမီးငယ်များ
နှင့် သားငယ်သမီးငယ်မျာကို မိမိတို့ ရခိုင်စာပေကို သင်ကြားမြဲ သင်ကြား လျှက်ရှိနေကြ၏။ ထို အမတ်
ပညာရှိများသည်ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော
ကြောင့် ပိဋကတ်သုံးပုံကို ကျွမ်းကျင်စွာတတ် မြောက်ကြသူများ ဖြစ်၏ ဟု ဖော်ပြထားသည်
ထို အကြောင်းကို ထောက်သော် မြန်မာတို့အကြား ပုဂံမတိုင်မီခေတ် ကွင်းဆက်ပြတ် ပျောက်ကွယ် လျက် ရှိသော နှစ် ပေါင်း AD-9-11 ကာလ အတွင်း သမိုင်း အထောက် အထားများကို များများ ပြောလာနိုင်ချိန် မှ သေသေချာချာ ဖြစ်ရပေမည် ဤကာလများ ကြား မည်သို့ဖြစ်ခဲ့လေသနည်း

ိထိုကာလများသည် နိုင်ငံသမိုင်း စာပေ သမိုင်းတို့၏ ကြီးစွာသော အပြောင်းအလဲပင်ဖြစ်သည်

-----
ကျမ်းကိုး
(၁) သမန္တစက္ခုဒီပနီ(မုံရွေးဇေတဝနဆရာတော်ကြီး)
(၂) ရခိုင်ရာဇဝင်သစ်ကျမ်း (အရှင်စန္ဒမာလာလင်္ကာရ)
(၃) မြစေတီကျောက်စာ(လှသမိန်)
(၄) ပုဂံခေတ်နိုင်ငံရေးသမိုင်း(ဒေါက်တာသန်းထွန်း)
(၅) တနေ့တလံ ပုဂံဘယ်ပြေးမလဲ(ဒေါက်တာသန်းထွန်း)
(၆) ကျောင်းသုံးမြန်မာရာဇဝင် (ဦးဘသန်း)
(၇) မင်းရင်ဖြူကောင်းမှု စမ္မခဏ်စာ
(၈) သာသနာလင်္ကာရစာတမ်း(မဟာဓမ္မသင်္ကြန်)
(၉) အေဒီ (၆)ရာစု မတိုင်မီ ရခိုင်ပြည်သုံးအက္ခရာ များ(သုတေသနပညာသျှင်ပါမောက္ခ ဦးစံသာအောင်)
(၁၀) ရခိုင်စာပေခရီး(သုတေသီ အရှင်စက္ကိန္ဒ)
(၁၁) ရက္ခိုင်သမိုင်းအလင်းပြကျမ်း(ဆရာကြီး ဦးရွှေဇံ)
(၁၂)ရခိုင်စာပေမှ မြန်မာစာပေအဖြစ်ဖြင့် မြန်မာ နိုင်ငံ အနှံ့ရောက်ရှိသွားရပုံ သမိုင်း အကျဉ်း


မြန်မာစာနဲ့ ရခိုင်စာ ဘာကြောင့် ဆင်တူ နေရတာလဲ
************************************

မြန်မာစာဟာ ရခိုင်စာကနေလာတယ်ဆိုတဲ့ အယူအဆ တစ်ရပ်ကို ဟုတ် မဟုတ် စီစစ်ကြည့်သင့်တယ်။

မြန်မာစာကို ဘယ်အချိန်မှာ တီထွင်ခဲ့တာလဲ။

ဒီမေးခွန်းကို ဖြေကြည့်ဖို့ လိုပါတယ်။ နောက်ဆုံးတွေ့ရတဲ့  ခိုင်မာတဲ့ ကျောက်ထက်တင် စာပေအရ မြန်မာစာကို အစောဆုံးတွေ့ရချိန်မှာ မှတ်တမ်း အားဖြင့် (AD 2-4) မှာ စတင်ပြီး သဒ္ဒါနည်းကျကျ သုံးစွဲနေခဲ့ပြီဆိုတာ တွေ့ရတယ် သို့သော်လည်း ထိုအချိန်က သဒ္ဒါ ပေါ်မပေါ် မသိရသေးပါ။ ဘယ်သူ ဘယ်ပညာရှိက တီထွင်ခဲ့တယ်ဆိုတာလည်း မသိ ရသေးပါဘူး။

ရခိုင်စာကို ဘယ်အချိန်မှာ တီထွင်ခဲ့တာလဲ။

ဒီမေးခွန်းအတွက် အဖြေက ရခိုင်စာပေကို AD-6 မှာ အမတ်ကြီးဓမ္မဇေယျက စတင်တီထွင်ခဲ့တယ်လို့ ရခိုင် ရှေးဟောင်းကျမ်းတွေမှာ မှတ်တမ်းတင်ထားတာ တွေ့ရပါ
တယ်။ သို့သော်လည်း ခေတ်ပြိုင်မှတ်တမ်းမျိုးတော့ မတွေ့ ရဖူးသေးပါ။ လတ်တလော ယာယီအားဖြင့် ရခိုင်ရာဇဝင် ကျမ်းတွေက ထွက်တာကိုပဲ ရည်ညွှန်းပြောရတာ ဖြစ်ပါ တယ်။ မှန်တယ် မှားတယ် မငြင်းခုံလိုပါ။

အထက်ပါ အဖြေနှစ်ခုအရ မြန်မာစာပေါ်ပေါက်ချိန်ဟာ ရခိုင်စာထက် ပေါ်လာချိန် နှစ်ပေါင်း လေးရာ-ငါးရာ လောက် စောနေတယ်လို့ တွေ့ရပါတယ်။

ဒီတော့ မြန်မာစာဟာ ရခိုင်စာကနေလာတယ် ဆိုတဲ့ ယူဆချက်ဟာ အသေအချာ စီစစ်လေ့လာထားတာ မဟုတ်ဘဲ အထင်အမြင်မျှနဲ့ မှားယွင်းစွာ ကောက်ချချမိ ထားတဲ့ အယူအဆတစ်ရပ်သာ ဖြစ်တယ်ဆိုတာ ရှင်း လင်းစေပါတယ်။

အက္ခရာတွေ စာတွေ ဘာကြောင့် ဆင်တူနေရတာလဲ ဆိုတဲ့ မူလ ခေါင်းစဉ်ကို အဖြေ ရှာ ထုတ်ဖော်သင့်လှ ပါ တယ်။

ဒါကြောင့် သတိထားမိသလောက် တွေ့ရှိချက်တွေ အပေါ် သုံးသပ် ပြောရရင် ရှေးက ရခိုင်တွေဟာ ကိုယ့်ကိုယ်ကို မြမ္မာလို့လဲ ခေါ်တယ် ဆိုတာ ရှေ့ကရေးထားတဲ့ ရခိုင်နဲ့ မြန်မာအတူတူပါဆိုတဲ့ စာမှာ ကျောက်စာအထောက် အထား ကျမ်းအထောက်အထားတွေနဲ့ တင်ပြထားခဲ့ ပြီးပါပြီ။

အခု နောက်ဆုံးတွေ့ရှိချက်များအရ မြန်မာစာက စောနေ တယ် ဆိုတာလည်း သိရပါပြီ မြန်မာစာနဲ့ ရခိုင်စာ ဆင်တူ ရတဲ့ အကြောင်းအရင်းကို ဖော်ထုတ် ကြည့်တဲ့ အခါ တွေ့ရ တာက

၁။ မြန်မာနိုင်ငံသားတွေဖြစ်ကြတယ်
၂။ ရခိုင် မြန်မာနှစ်မျိုးလုံးဟာ ပျူမြန်မာတွေ ဖြစ်တယ်
၃။ ကျမ်းဟောင်းတွေအရ ရခိုင်ကို မြန်မာကြီး မြန်မာကို ပျူ လို့ ရေးသား မှတ်တမ်းတင်ထားတာကို ရခိုင် မြန်မာ နှစ်ဖက်စလုံးက ကျမ်းတွေမှာ တွေ့မြင်ရပါတယ်။

အဓိကကျတဲ့ အချက်တစ်ခုက လူတွေဟာ စာပေ မပေါ် ထွန်းမီက ဆက်သွယ်ပြောဆိုကြတာ စကားနဲ့ ကိုယ် အမူအရာနဲ့ သင်္ကေတပြသုံးစွဲကြတယ် နောက်တော့ စာပေ အဖြစ် တီထွင် သုံးစွဲလာကြပါတယ်။

အဲဒီအချိန်မှာ မြန်မာနိုင်ငံသားတွေ ဘာလုပ်ခဲ့ကြမလဲ

၁။ ကိုယ်ပိုင် စွန်ဦးတီထွင်ခဲ့တာလား
၂။ ပြန်လည်ဆန်းသစ်ခဲ့တာလား

ဆိုတဲ့ ဒီနှစ်ချက်ကို စီစစ်ဖို့ လိုပါတယ်

တိုက်ဆိုင် စစ်ဆေးကြည့်တဲ့အခါ ရခိုင် မြန်မာ အက္ခရာ တွေရဲ့ ဘုံစာပေဟာ ဗြဟ္မီစာဆိုတာ တွေ့သိထားကြ ပြီးပါပြီ နောက်တစ်ချက်က ပြည်တွင်း နေရာ တော်တော် များများမှာ ဗုဒ္ဓခေတ် BC-6  အသောက ခေတ် BC-3 ရာစုတွေနဲ့ ခေတ်ပြိုင်အက္ခရာတွေ သုံးစွဲခဲ့ကြတယ် ဆို တာလဲ သိနေရပြီ ဖြစ်ပါတယ်

မြန်မာပြည်တွင်းနေ တိုင်းရင်းသား အတော်များများရဲ့ အခြေခံအက္ခရာတွေကို လေ့လာကြည့်တဲ့ အခါမှာ အက္ခရာ လုံးရေ မတူတာပဲ ကွဲပြားပါတယ် မူလ ပင်မ အက္ခရာတွေက အတူတူပဲဆိုတာကို တွေ့ပါတယ်

အက္ခရာ စာပေဆိုတာ ဘယ်ကလာတာလဲ ဆိုရင် စကားကနေ လာပါတယ် စကားသံတွေကို သင်္ကေတပြု သုံးစွဲရာက အက္ခရာဆိုတာ ပေါ်လာပါတယ် ဒါကို အက္ခရာ တီထွင်ဖန်တီးတယ်လို့ ခေါ်ကြတယ် မြန်မာတိုင်းရင်းသား အတော် များများ ဖန်တီးတီထွင် ထားခဲ့ကြတဲ့ စာတွေဟာ ဘုံစာပေ ဗြဟ္မဟီအက္ခရာကနေ ဆင့်ပွား ခွဲထွက်လာတာ ဖြစ်တယ်

ဒီတော့ မူလစာပေရဲ့ ပုံစံကွဲ အနေနဲ့သာ ရပ်တည်ကြတယ် လုံးဝ ခွဲထွက်သွားတဲ့ ပုံစံ အသစ်တစ်ခု အဖြစ် ပေါ်ထွက် လာတာ မဟုတ်ဘူးဆိုတာ အက္ခရာ ပြောင်းလဲလာပုံ အဆင့်ဆင့်ကို လေ့လာကြည့်ရင် တွေ့ကြပါမယ်

မူလစာပေကနေ အက္ခရာ ဖန်တီးတီထွင်ချိန်မှာ မိမိတို့ ပြောဆိုသုံးစွဲတဲ့ စကားသံနဲ့ ကိုက်ညီအောင် အမှတ်အသား ပြုတယ်ဆိုတဲ့ အက္ခရာတီထွင်ချိန် ကွာဟမှုဟာ အရေးပါတဲ့ စာပေအပြောင်းအလဲကို ဖြစ်စေတယ် အချက်ကို တွေသိခဲ့ ရပါတယ်

နောက်ကျရင် နောက်ကျတဲ့ အလျောက် ဘန်းစကားတွေ ပေါ်လာတယ် ဒေသိယျစကားတွေ ပေါ်လာတယ် ဒါတွေကို ဖြည့်တင်းနိုင်ဖို့ အက္ခရာဟာ မူလရှိရင်းစွဲမှာ ပါချင်မှ ပါပါလိမ့်မယ် မပါတာတွေ အများအပြား ရှိပါတယ်
ပြည်တွင်းက တိုင်းရင်းသား စာပေတီထွင် သူတို့ရဲ့ ခေတ် ကာလအလျောက် လိုက်လျောညီထွေ ဖြစ်စေမယ့် စာကို တီထွင်ရတယ် ဆိုတာကို သတိထား ကြရပါလိမ့်မယ်

ဒီလို တီထွင်ခဲ့ကြတာနဲ့ အလျောက် အက္ခရာ တွေဟာ တီထွင်ခဲ့ချိန် နောက်ကျတဲ့ အလျောက် ပိုများလာကြတယ် ဆိုတာကို ကျွန်တော် တွေ့ခဲ့ပါတယ် ဒီဟာက ကျွန်တော် တွေ့မြင်ရတဲ့ အချက်ကို တင်ပြတာ ဖြစ်ပါတယ် ကျွန်တော် က Phd  ဘွဲ့ရတစ်ယောက် မဟုတ်ပါဘူး ဒါကြောင့်   ဆရာကြီးတွေပြောတာ မဟုတ်လို့ အရာမထင်လောက်
တဲ့ စကားဖြစ်မယ်ဆိုတာ သိပြီးသား ကြိုတင်မျှော်လင့် လက်ခံ ထားပြီးသားပါပဲ။

ဒီသဘောကို တိုက်ဆိုင်လို့ သခင်ကိုယ် တော်မှိုင်းရဲ့ ဖြစ်စဉ်တစ်ခုကို ပြောပြပါမယ် ဘာလဲဆိုရင် ရှေးကျောက်  တစ်ချပ်ကို ကြည့်ပြီး ဒိုးဒိုးဒေါက်ဒေါက် လက်တန်း ဖတ်ပြ သွားပြီး အဲဒါ ရှေးဟောင်းမြန်မာစာကွ မသိကြရင် မှတ် ထားလို့ ပြောပါတယ် ဒါကို ထိုခေတ်က သမိုင်းပညာရှင် လောကက ဆရာကြီးဆိုသူတွေ အတော်များများ အများစု ပေါ့လေ လက်မခံကြပါဘူး မြန်မာစာမဟုတ်ဘူးလို့ ဆိုကြပြီး အဘိုးမှိုင်းရဲ့စကားကို အလေးဂရုမပြုခဲ့ကြသလို မှတ်တမ်း ဝင်သင့်တဲ့ မိန့်ဆိုချက်တစ်ခုကို လေထဲပျောက်ပြယ် စေခဲ့ ကြဖူးပါတယ်

ဒီအဖြစ်အပျက်တွေဖြစ်ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာတဲ့ အခါမှာ သမိုင်းပညာရှင်တစ်ဦးက ဒီကျောက်စာက စာတွေ က ရှေးဟောင်းမြန်မာစာဖြစ်တယ်ဆိုတာ ပြန်လည် ဖော် ထုတ်နိုင်ခဲ့ပါတယ် ဒီအခါမှာတော့ ဘယ်သူကမှ မငြင်းနိုင် တော့သလို ငြင်းလဲ မငြင်းရဲရှာကြပါဘူး ဟုတ်တယ် ဆိုပြီး ထောက်ခံခဲ့ကြတယ်

အဘိုးမှိုင်းလဲ မရှိတော့ပြီ အဘိုးမှိုင်းဟာ စာပေပညာ နှံ့စပ် လွန်းလို့ အဲဒီခေတ်က ဦးနုတို့လို လူတွေကို မိန်ခွန်းပြော ရာမှာ သတင်းစာမှာ ခွေးလို့ ပြောတာတောင် စိတ်မဆိုးရဲ ချစ်ကြောက်ရိုသေရတဲ့ အင်မတန် သြဇာကြီးသူတွေရဲ့ စကား ဖြစ်တာတောင်မှ သူ့နယ်ပယ်မဟုတ်ရင် အဲဒီ နယ်ပယ်က လူတွေရဲ့စကားမဟုတ်ရင် လေထဲ ပျောက်ရ ရှာတယ် ပယ်ချခံရရှာပါတယ် သမိုင်းပညာရှင် လုစ် မဟုတ် တာတွေ ပေါက်တတ်ကရ ပြောတာကိုတော့ လက်ခံ ယုံကြည်ခဲ့ကြပါတယ် ဒါက ရွှေရှိမှ ဘုရားထင်တတ်တဲ့ လူ့တွေရဲ့ သဘောသဘာဝ ပါပဲ

ကျွန်တော်နဲ့ကတော့ တိုက်ရိုက်သက်ဆိုင်တဲ့ ဘာသာရပ် ပါပဲ သို့သော်လည်း ကျွန်တော် အားနည်း နေပါသေးတယ်
သူ့လို ပြောချင်သလား သူ့လိုဖြစ်အောင် အရင်လုပ်တဲ့ ကျွန်တော် ငါးတန်းအရွယ်က စာအုပ်တစ်အုပ်ထဲ ဖတ်ခဲ့ရ ဖူးတယ် စာအုပ်နာမည် မမှတ်မိတော့ပါဘူး ဒီ စကား အတိုင်းပဲ ကျွန်တော် အားပြည့်အောင် ဖြည့်ဖို့ လိုပါသေး တယ် အခု အချိန်မှာတော့ Phd သမားတွေရဲ့ တလွဲ စကားကို ကျွန်တော်မှန်တဲ့ စကား ဖြစ်ကြောင်း ဘယ် လောက် သက်သေပြပြ အင်မတန် ချင့်ချိန်နိုင်တဲ့သူ အချို့က လွဲရင် လက်ခံဖို့ မလွယ်ဘူးဆိုတာ သိပါတယ် ဒါကြောင့်ပဲ ကျွန်တော် မျှော်လင့်ထားခဲ့ပြီးဖြစ်တဲ့ အခြေအနေလို့ ပြောတာပါပဲ ကိုယ့်ရှေ့က ဆရာ့ဆရာကြီး တွေသော်မှ ဒီသဘောကို မလွန်နိုင်ခဲ့ကြတာ အများအပြား ပဲ မဟုတ်လား ကျွန်တော်လည်း အခြေအနေကို နားလည် ထားတတ်ဖို့ လိုအပ်တာပဲပေါ့

ပြန်ဆက်ကြရအောင် မြန်မာစာနဲ့ ရခိုင်စာ ဘာကြောင့် ဆင်တူတာလဲ ဆိုရင် မူလ မှီငြမ်းတဲ့ ဝေါဟာရတူလို့ ပင်မ စကားသံတူလို့ တူနေကြတာပါပဲ Main Source တူနေ မှတော့ သီးခြားကွဲပြားစရာ အကြောင်းရယ်လို့ ထူးထူးခြားခြား မရှိပါဘူး

ကျွန်တော်တို့ သတိထားသင့်တဲ့အချက်က အဆိုအမိန့် တစ်ရပ်ဟာ ဘယ်သူပြောခဲ့တာလဲ ဘယ်အချိန်မှာ ပြောခဲ့သလဲ ဘယ်လိုနောက်ခံရှိလဲ ဆိုတဲ့ အချက်တွေ အပေါ် သေသေချာချာ စီစစ် ပြီးမှ ဟုတ် မဟုတ် ဆိုတာကို လက်ခံဖို့ရာ ဆုံးဖြတ်သင့်ပါတယ် ဓမ္မလောက စကားအရ ပြောရင် ကာလာမသုတ်ရဲ့ သွန်သင်ချက်က အလွန် တန်ဖိုးကြီးပါတယ် လို့ ပြောရင်း နိဂုံးချုပ်အပ်ပါတယ်





0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်