ပြဒါးလင်းဂူအားရှာဖွေတွေ့ရှိပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်
ကျောက်ခေတ်ဟောင်းလူသားတို့နေထိုင်ခဲ့ကြောင်းလုံးဝပင်
ခိုင်မာသွားခဲ့လေပြီ။
ခေတ်အားဖြင့်ပိုင်းခြားမည်ဆိုပါကလွန်ခဲ့သောနှစ်ပေါင်း
၂သောင်း၅ထောင်(25000)ကပင်သက်ရှိလူသားမျိုးရင်း
တို့နေထိုင်ခဲ့ကြသည်။
ကိုယ်ပိုင်အတွေးအခေါ်၊ကိုယ်ပိုင်တီထွင်လာခြင်း၊
ကိုယ်ပိုင်အနုပညာဖွေရှာလာခြင်းသည် ယဉ်ကျေးမှုကို
တစတစတိုးတက်မြင့်မားလာစေခြင်း၏အကြောင်းတရား
များဖြစ်သည်။
ပြဒါးလင်းဂူအတွင်းမှဆေးရေးနံရံပန်းချီကို အနီ၊အဝါ၊နီညိုအရောင်ဖြင့်
ရေးဆွဲခဲ့သည်။ မြေနီကိုသားကောင်အဆီဖြင့်ရောစပ်လျှက်
အပူပေးအသုံးပြုခဲ့သည်ဖြစ်ကာနှစ်သောင်းချီကြာသော်လဲ
ယနေ့တိုင်မပျက်မယွင်းတွေ့ရှိနိုင်ခြင်းက ပြဒါးလင်းဂူနေပန်းချီဆရာ
အားဂုဏ်ယူလေးမြတ်ဘွယ်၊ကျေးဇူးတင်ဘွယ်ဖြစ်သည်။
ထိုပန်းချီကားကို ဂူ၏အမှောင်ပိုင်းအန္တရာယ်များသောနေရာ
အမိုးမျက်နှာကျက်ဖြစ်သောမြေပြင်အထက်ပေ၁၂လောက်တွင်
ရေးဆွဲထားပေရာ အများကိုသိမြင်စေလိုခြင်းထက်သူ၏
တကိုယ်တော်ခံစားကြည့်ရူလိုစိတ်သက်သက်များလားဟု
ကျမတွေးမိသည်။
ကျောက်ခေတ်ဦး၊ကျောက်ခေတ်လယ်၊ကျောက်ခေတ်နှောင်း
တို့၏ ကျောက်လက်နက်ကိရိယာများရှာဖွေတွေ့ရှိခြင်းအားဖြင့်
ဤမြေရေလေထုတွင်ကျမတို့၏ ရှေးလူသားတို့မှီတင်းနေထိုင်ခဲ့
ကြပြီတည်း။
ထို့အတွက် နေရာပိုင်ဆိုင်မှုဓလေ့ရှိခဲ့မည်။ အလုပ်အကိုင်ခွဲဝေ
ဆောင်ရွက်မှုဓလေ့ရှိမည်။ ယဇ်ပူဇော်သောဓလေ့ရှိမည်။
မွေးမြူစိုက်ပျိုးသောဓလေ့ဖြစ်ထွန်းမည်။လူသားတို့မျိုးဆက်ဖြန့်ဖြူး
သောဓလေ့အားအခြေခံမည့်ချစ်ခြင်းမေတ္တာတရားရှိမည်။
ထို့ကြောင့်ကိုယ်ပိုင်မိသားစုရှိကြမည်။
မိသားစုနှင့်ချစ်ခြင်းမေတ္တာကိုနှောင်ဖွဲ့လာတတ်လျှင် အနုပညာ
ဖန်တီးလာတတ်သောဓလေ့ရှိလာရပေမည်သာ။
ဆက်လက်၍ သတ္တုခေတ်ကို ကူးပြောင်းခဲ့ကြသည်။
ကြေးခေတ်၊သံခေတ်တွင်စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသည်။
ကြေးလက်နက်ကိရိယာများကိုအလားတူတွေ့ရှိတူးဖော်
လာရပြန်သည်။ထိုကိရိယာများကပြန်ပြောပြနေသောသမိုင်းသည်
ကျမတို့၏ ဘဝအခြေအမြစ်များဖြစ်၏။
မန်းဝိုင်ရွာ၊တပိန်မြစ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊သံလွင်တကြော၊ရှမ်းပြည်
နယ်တောင်ပိုင်း၊ညောင်ကန်ရွာဘုတလင်မြို့၊စစ်ကိုင်းတိုင်း၊
စမုံမြစ်ဝှမ်း၊ဘိန္နကလွင်ပြင်၊ပျော်ဘွယ်၊ရမည်းသင်းတို့တွင်
ကြေးလက်နက်ကိရိယာများတွေရှိ့ခဲ့သည်။
ကြေးခေတ်သချိုင်းတို့ကမြန်မာ့မြေရှိ ကြေးခေတ်ယဉ်ကျေးမှု
ကိုပြသခဲ့သည်။
ဟန်လင်းဒေသတွင် ကျောက်ချောခေတ်လက်နက်ကိရိယာများ၊
ကြေးခေတ်ကြေးလက်နက်များ၊ကြေးစည်ထုပ်များ၊သံခေတ်
သံလက်နက်များ၊ပျူစာပါတံဆိပ်တုံးများ၊ပျူအရိုးအိုးများ၊
လက်စင်းရာပါအုတ်ချပ်များ၊ကျောက်ကွင်းများ၊လက်ကောက်
များ၊အောက်ခြေတိုင်ပါမြေဆီမီးခွက်များ၊အိုးများကလူနေမှု
အဆက်ဆက် ခေတ်အဆက်ဆက်၏ ကွင်းဆက်ကိုဂဃနဏ
ပြခဲ့သည်။
သံဖျော်သည့်အတတ်ပညာကိုကမ္ဘာတွင်BC2800ခန့်ကဆီးရီးယား
သို့မဟုတ် ဝေဒနှင့် ဒြာဗီဒီယန်တွင်စတင်တွေ့ခဲ့ကြသည်။
မြန်မာနိုင်ငံရှိသံသင်းချိုင်းကိုအမရပူရမြို့တောင်သမာန်အင်းစောင်း
မှာတွေ့ခဲ့ကြပြီးဗိဿနိုးအားနှစ်ပေါင်း၂၂၀၀ဟုသတ်မှတ်ပါက
တောင်သမာန်ကာလသည်၂၂၀၀အထက်ထက်အစောပိုင်း
တွင်ရှိရခြင်းဟုဆိုသည်။
တောင်သမာန်၏သံထည်တွေ့ရာအထောက်အထားအရ
လူနေထိုင်မှုကိုBC4ထက်စောမည်ဟုသုတေသနမှတ်ချက်ရပြီး
ဖြစ်၏။
တောင်သမာန်နှင့်အလားတူစွာ သံခေတ်ဦးသင်းချိုင်းမှာ
ရမည်းသင်းရှိမြို့လှကျေးရွာအနောက်ဘက်သံချက်ဖိုကြီး
၃ခု၊ချော်ခဲများ၊သံကျွတ်ရောချော်တုံးများအရ၄င်း၊ဆက်လက်၍
ရှေးဟောင်းသုတေသနဌာနမှတူးဖော်ခြင်းဖြင့်ပျူပုတီးစေ့များ၊
ပုတီးတောင့်များ၊သံမြားခေါင်း၊သံတူရွင်းများ၊အိုးခြမ်းကွဲများ
(ကြေးမုံသတင်းစာ၊ရှေးဟောင်းသုတေသနတူးဖော်မှုလုပ်ငန်း
များ )တွေ့ရလျှက် ပျူခေတ်သို့တဖန်ရောက်ရှိခရီး
နှင်ခဲ့ကြလေ၏။
AD1တွင်ဗိဿနိုးဟု စတင်သည်။မြို့တည်ရာအခင်းအကျင်း၊
မြို့ခင်းမြို့တာမြို့အစီအမံနှင့်ဗိဿနိုးသည် ပျူခြေရာပျူလက်ရာ
အတိဖြစ်သည်။
နာမည်ကျော်ပန်ထွာဘုရင်မက ဗိဿနိုးအားနှောင်းလူတို့
စိတ်အလျှင်အမျှင်မပြတ်စေရန်အတိတ်မြေသို့ထာဝရခေါ်ဆောင်
နေသော ဒွတ္တဘောင်၏အချစ်ခံဘုရင်မတပါးအဖြစ်သမိုင်း
စာမျက်နှာဝယ်ကျော်စောသူဖြစ်လေသည်။
ဒွတ္ထဘောင်ဟုဆိုလျှင်သရေခေတ္တရာ၏ဘုန်းရှိကံရှိမင်းဟု
ရာဇဝင်ကဖော်ကျူး မြဲဖြစ်ကာ စစ်ရေးအမြင်ရှိယုံမက ကျမ်းစာ
အစောင်စောင်၏အလိုအရသူသည် လှံလက်နက်ဆွဲကိုင်သော
မင်းတပါးဖြစ်သည်။
မြန်မာရာဇဝင်ကြီး၏အလိုအရ သရေခေတ္တရာမင်းဆက်ကိုတကောင်း
မျိုးတို့စိုးစံသည်။ မဟာသမ္ဘဝ၊ယင်း၏ညီစူဋ္ဌာသမ္ဘဝ၊သားဖြစ်သူ
ဒွတ္ထဘောင်(တ္ဒးဗံး)၊ထို့နောက်ဒွတ္ထရန်၊ရန်ပေါင်၊ရန်မန်၊ရက္ခန်ဟူသည်
ကျမ၏ ငယ်စဉ်အိမ်ရာဝင်ကြားနေကြနာမည်၊သိနှင့်သောတကောင်း
မျိုး၊ထာဝစဉ်မမေ့သောငယ်ချစ်တကောင်းဘုရင်များဖြစ်သည်။
ကန်ဝက်ခေါင်ကုန်းကျောက်စာအရ ဇယစန္ဒြဝရ်မန်နှင့်ဟရိဝိကြမသည်
ညီရင်းအကိုဟူ၏။
မည်သို့ ဆိုစေကာမူ ...အာဒိစ္စဝံသ သာကိယ အနွယ်တော်လျှင်
အမွန်ရှိသောမြန်မာမင်းတို့တည်ရင်းအစ ပဌမဖြစ်သော
တကောင်းပြည်ကြီးကို အစမူသဖြင့် ထိုထိုသောပြည်ထောင်ထီးဆောင်း
မင်းအပေါင်း၏ အနွယ်အလာသာသနာတော်မြတ်၏ အမြစ်အခြေ
မွေတော်ဓာတ်တော်စသောအလုံးစုံသောမြန်မာမင်းတို့အကြောင်း
အရာကိုဆိုပေအံ့....ဟူသည့်မှန်နန်းအဖွင့်စာမျက်နှာအပေါ်
ယခင်ထက်ယနေ့တွင်သဘောအတွေ့ကြီးတွေ့နေကာ
စာရေးသူဦးကုလားကို အပြစ်မြင်လိုက်၊ အချစ်ဝင်လိုက်
ဖြစ်နေရလေသည်။
ရှေးရာဇဝင်အဆက်ဆက် အရ မြန်မာအစတကောင်းက
ဟူသည် ကျောက်ချောခေတ်၊ကြေးခေတ်၊သံခေတ် ကို
ဖြတ်သန်းစီးဆင်း၍ တကောင်းနှင့်ပျူသည်မြန်မာ ၊
ထိုမှသည် ပျူနှင့်ပုဂံ...ပုဂံမှလာသော်မြန်မာ ဤသို့သာ
မုန့်လုံးစက္ကူကပ်လျှက် သမိုင်းအထောက်အထားအဆက်ဆက်ဖြင့်
ရင့်ကျက်ခြင်းအိနြေ္ဒတွင် ရပ်တည်နေသည့်အတွက်
ကျမ ဘာကျမအလိုလိုပင်သမိုင်းဘဝင်မြင့်နေသည်ကိုတော့
ဘာများတတ်နိုင်ပါမည်နည်း။
Chaw Yin Minn
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်