မြေန်မာ့ခေတ်ဦး

မြန်မာနိုင်ငံ ကျောက်ခေတ် ကြေးခေတ် သံခေတ် အကျဉ်း
(သွေးသစ် စုစည်းတင်ပြသည် / အပြည့်အစုံ) Attached photos of Han Lin

သုတေသီတို့သည် အက္ခရာတင်ပြီး ကမ္ဗည်းကျောက်စာ မရှိသေးသောကာလကို အကြိုသမိုင်းကာလ (Prehistory) ဟုသတ်မှတ်ခဲ့ကြသည်။ စာရေးနည်းပေါ်ပေါက်လာမှသာ သမိုင်းခေတ်ကို ရောက်ရှိသည်ဟု ဆိုကြသည်။ တစ်နည်းအားဖြင့်ဆိုသော် လူ့ယဉ်ကျေးမှု (Civilization) စတင်ပြီဟုပြောနိင်သည်။
မြန်မာနိုင်ငံ၏ အကြိုသမိုင်းကို လေ့လာလိုလျင် ကျောက်ခေတ် ကြေးခေတ် သံခေတ် တို့ကို လေ့လာမှကောင်းမည်။
မြန်မာ့ရှေးဟောင်းသမိုင်းသည် ကမ္ဘာ့ရှေးဟောင်းသမိုင်းများလိုပင် ထိုခေတ်သုံးခေတ် ဖြစ်ပေါ်လာခဲ့ပြီး ဗိသာနိုး သရေခေတ္တရာ ဟန်လင်း တို့လိုမြို့ပြအိမ်ရာများ တည်ထောင်ခဲ့သလို ယဉ်ကျေးမှု တစ်ဖြည်းဖြည်းထွန်းကားလာသည် ဟု မှတ်တမ်းမှတ်ရာများကဆိုသည်။
မြန်မာနိုင်ငံ တွင် ရှေးဦးလူတို့ နေထိုင်သွားခဲ့သော ကျောက်ခေတ်ကာလသည် အလယ်ပိုင်းဧရာဝတီမြစ်ကမ်းတစ်လျှောက် မြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်အခြမ်းတို့တွင် နေထိုင်သွားခဲ့ကြသည်ကို တွေ့ရှိခဲ့သော ကျောက်လက်နက်များကြည့်ကာ သိရှိရပါသည်။
သို့သော် ယနေ့အချိန်အခါအထိ ကျောက်ခေတ်လူသားရုပ်ကြွင်းကိုမူ မတွေ့ရှိရသေးပါ။ ပြဒါးလင်းဂူ မှ ခန့်မှန်း လူသားအရိုး အနည်းငယ်ကို နွားရိုး ရုပ်ကြွင်းများနှင့်ရောလျက် တွေ့ရှိခဲ့ရပါသည်။
၁၉၁၄ ခုနှစ်တွင် ပခုက္ကူခရိုင် မြိုင်မြို့နယ် ဖန်ကန်ကျေးရွာ အနီးတွင် ပုံတောင်ဂျီးယား အံသွားပရိုင်းမိတ်ကို အိန္ဒိယ လူမျိုး ဘူမိဗေဒပညာရှင် ဂျီဒီ ပီ ကော်တာမှ စတင်တွေ့ရှိခဲ့သည်။
အဆိုပါ ပရိုင်းမိတ်သည် လူသားမျိုးနွယ်အစ ဖြစ်မည့် ပရိုင်းမိတ် အဆင့်မြင့် ရောက်ကြောင်း ကမ္ဘာသို့ တင်ပြနိုင်ခဲ့သည်။
ဒါသည် လူသားအစဖြစ်တည်ရာ အစကနဦးသာဖြစ်ပြီး ပီကင်းလူနှင့် ဂျာဗားလူများကဲ့သို့ အဆင့်ဆင့်ပြောင်းလဲခဲ့သည့် ဆင့်ကဲဖြစ်စဉ်တော့ မဟုတ်ပေ။
၁၉၃၂ ခုနှစ်တွင် T.O MORRIS ဆိုသူက မြန်မာ့ကျောက်ခေတ် အကြောင်းကို သုတေသနပြုပြီး စာတမ်းဆောင်းပါး အချို့ကို ရေးသားဖော်ပြခဲ့သည်။
အထက်မြန်မာနိုင်ကျောက်ခေတ်ဟောင်း ( A PALAEOLITH from Upper Burma) ၁၉၃၅ ခုနှစ်တွင် မြန်မာ့ အကြိုသမိုင်း ကျောက်လက်နက်များ (Prehistoric stone implements of Burma) ၁၉၃၆ ခုနှစ်တွင် ရေနံချောင်းဒေသ ကျောက်ခေတ်ကာလ ( A Palaeolith of Yenan Gyaung) ဟူ၍ အစရှိသည့် သုတေသန ဆောင်းပါးများကို ပြုစု ရေးသားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ကျောက်ခေတ်ကာလကို
ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း အခြားနိုင်ငံများနည်းတူ နှောင်းသုတေသီများ ဖော်ထုတ်ရေးသားလာနိုင်ခဲ့သည်။
အိန္ဒိယ နိုင်ငံ၏ အကြိုသမိုင်းကာလကို မြစ်ကမ်းဆင့်သဘောတရားဖြင့် ဖေါ်ထုတ်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် အမေရိကန်သုတေသန အဖွဲ့တစ်ဖွဲ့မှ ဒေးတာရာနှင့် မိုဗီယက်တို့သည် ရေနံချောင်းဝန်းကျင် မြစ်အထက်ပိုင်းတစ်လျှောက် ချောက် စလေ စဥ့်ငူ ညောင်ဦး မင်းကွန်းနှင့် သပိတ်ကျဉ်းအထိ မှတ်တမ်းရှာဖွေပြုစုခဲ့ကြသည်။
အညာသားဓလေ့ဟူ၍ အမည်ပေးခဲ့သဖြင့် မြန်မာ့ကျောက်ခေတ်အကြောင်း ကမ္ဘာက သိရှိလာခဲ့ရသည်။
မြစ်ရိုးတစ်လျှောက်မြေအပေါ်ယံတွင်သာ ရှာဖွေခြင်းဖြစ်ပြီး တွေ့ရှိရသည်များမှာ ကျောက်လက်နက်များသာဖြစ်သည်။
လူနှင့်ပက်သက်သော အစိပ်အပိုင်းများ မပါဝင်ပေ။
ထိုတွေ့ရှိရသော ကျောက်ပုဆိန် များကို အင်ကြင်းကျောက်( Silicified tuff wood) များဖြင့်ပြုလုပ်ထားသည်ကို တွေ့ရသည်။
မြန်မာ့ကျောက်ခေတ်အကြောင်း ရေးသားလျင် ပြဒါးလင်းဂူ အကြောင်းမပါလျင် ပြည့်စုံမည်မဟုတ်ပေ။ ပြဒါးလင်းဂူကို ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်မှ ၁၉၆၀ ခုနှစ်တွင် စတင်တွေရှိခဲ့သည်။
၎င်းမှ ပြဒါးလင်းဂူသည် ထုံးကျောက်ဂူ နှစ်ခုဖြစ်ပြီး ကျောက်လက်နက်များကို လေ့လာစရာနေရာအဖြစ်တွေ့ခဲ့ရကြောင်း စာရေးတင်ပြခဲ့သည်။
၁၉၆၉ တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အထက်ဗမာပြည် မန္တလေးရှေးဟောင်း အဖွဲ့တို့က စတင်တူးဖော်ရာ ကာဗွန်သက်တမ်းအရ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀၀ ကျော်မှ ၁၀၀၀၀ အတွင်း လူများနေထိုင်ခဲ့သော ကျောက်ဂူများဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။
တူးဖော်ရရှိသော တိရစ္ဆာန်အရိုးများနှင့် မီးသွေးစများကို စစ်ဆေးရာမှ အထက်ပါအတိုင်းပြောနိုင်ခြင်းဖြစ်မည်။
ထို့အပြင် ဂူ နံပါတ် ၁ အတွင်းရှိ နံရံပေါ် ရေးဆွဲခဲ့သော အရုပ်များနှင့် လူသုံးကျောက်လက်နက် ၁၆၀၀ ကျော်ကိုပါ တွေ့ရှိခဲ့ကြသည်။
၁၉၆၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ဒေါက်တာသန်းထွန်းကလည်း ပြဒါးလင်းဂူသည် ကျောက်ခေတ်ဟောင်းကာလမှ သမိုင်းဖြစ်ရပ်တစ်ခုဟုတင်ပြခဲ့သည်။
ကျောက်ခေတ်ဟောင်း ကုန်ခါနီးကာလဟု ပိုမိုယူဆကြတာဖြစ်သည်။ သို့သော် လူအရိုးစုရုပ်ကြွင်းကိုမူ ယနေ့တိုင်မတွေ့ရှိရသေးပါ။
စာရေးသူအမြင်မှာ မြန်မာနိုင်ငံတွင်လည်း ကျောက်ခေတ်ဦး ကျောက်ခေတ်လည်နှင့် ကျောက်ခေတ်နှောင်း ဟူ၍ ဆက်တိုက်ဖြစ်ခဲ့မယ် ထင်သည်။
ဒါသည် မိမိ၏ ထင်မြင်ချက်သာ ဖြစ်သည်။
ပြဒါးလင်းဂူ သည် ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံ မြို့နယ် ။ ရွာငံမြို့ အနောက်ဘက် ၁၀ မိုင်ခန့်အကွာနှင့် မြစ်သားမြို့နယ် ကင်းတားဆည်၏ အရှေ့စူးစူး ၄ မိုင်ခန့် အကွာတွင် တည်ရှိပါသည်။အဆိုနေရာ တွင် ကျောက်ခေတ်လူသားများ ( CAVE DWELLERS )
နေထိုင်ခဲ့ကြောင်း ဂူ အမှတ် ၁ နှင့် ၂ တို့ရှိ တွေ့ရသော အထောက် အထား များအရ သိနိုင်သည်။
အမှတ် ၁ ဂူသည် အလျားပေ ၉၀ အမြင့် ၇ ပေခွဲခန့် လောက်သာရှိပြီး အမှတ် ၂ ဂူမှာ အလျားပေ ၈၀၀ကျော် အမြင့် ပေ ၈၀ ကျော် ရှိကာ အတွင်းလိုဏ် အူကြောင်းရှည်သော လိုဏ်ဂူဖြစ်သည်။
အမှတ်နှစ် ဂူကြီးအတွင်းရှိ ကျောက်ခက်ကျောက်ပန်းဆွဲများသည် ရေစက်များစိမ့်ထွက်ကျနေ၍ပြဒါးအရောင်ကဲ့သို့တစ်ဖျပ်ဖျပ် လင်းလက်နေသည်ကိုကြည့်ပြီး စတင်တွေ့ရှိခဲ့သူ ဦးခင်မောင်ကျော်မှ ပြဒါးလင်း ဂူ ဟု အမည်ပေးခဲ့ကြောင်းသိရသည်။
အမှတ် ၁ ဂူတွင် လူများနေထိုင်ခဲ့ကြကြောင်းသိရသည်။ ၄င်းဂူထဲတွင် ကျောက်နံရံ ဆေးရေးကို တွေ့ရ၏။ ဆေးရေးတွင် နွား ပြောင် ကင်းခြေများ နှင့် တောဝက်ပုံ စသည့် တိရစ္ဆာန်ပုံများ ရေးဆွဲထားခဲ့သည်။
ထို့ကြောင့်ပင် ကျောက်ခေတ်နှောင်း ကာလ ဖြစ်သည်ဟု သုတေသီများကဆိုသည်။
မြန်မာနိုင်ငံ၏ ကြေးခေတ် သံခေတ်တို့ ဆင့်ကဲဖြစ်ပေါ်လာကြောင်း တင်ပြပါဦးမည်။
ထိုကြေးခေတ် သံခေတ်ကို တနည်းအားဖြင့် သမိုင်းမတိုင်ခင်ကာလ သတ္ထုခေတ် ( Metal Age) အဖြစ်ခြုံငုံပြီး ခေါ်ဆိုခဲ့ကြပါသည်။
ထိုအကြောင်းကို သမိုင်းသုတေသန ဋ္ဌါနမှ ဆရာ ဦးစိုးမြင့်က " မြန်မာ့ သတ္ထခေတ် ကာလ" စာအုပ်ရေးသားပြုစု ထုတ်ဝေခဲ့ပြီး မြန်မာနိုင်ငံဒေသ တစ်ချို့ကို တူးဖော်စဉ်တွင် တွေ့ရှိရသည့် အထောက်အထားများအား
ဓါတ်ပုံများဖြင့် တင်ပြထားခဲ့သည်။
ထိုစာအုပ်အရ မြန်မာနိုင်ငံတွင် ကြေးခေတ်ဦး ကြေးခေတ်လည် နှင့်ဆက်စပ်သော အထောက်အထားကို မတွေ့ရသော်လည်း ကြေးခေတ်နှောင်းပိုင်းကိုသာတွေရှိခဲ့ကြောင်းသိစေပါသည်။
မုံရွှာ ခရိုင် ဘုတလင်မြို့နယ် အတွင်းရှိ ရွာသာရွာတွင်တူးဖော်တွေ့ရှိရသည့် ညောင်ကန်ကြေးခေတ် ယဉ်ကျေးမှု ဇုံသည် ကြေးခေတ်နှောင်းပိုင်း အထောက်အထားဖြစ်မည်ဟုဆိုသည်။
ညောင်ကန် ကြေးခေတ် သည် မြန်မာနိုင်ငံတွင်းတွင် ကြေးခေတ်လူသားများ အမှန်နေခဲ့ကြောင်းကို သက်သေပြစရာ တစ်ခုထဲသော တွေ့ရှိချက်ဖြစ်ပါသည်။
ညောင်ကန်ဒေသ ကြေးခေတ်အထောက်အထားများအား မန္တလေး ရှေးဟောင်း သုတေသနမှ ၁၉၉၈ ဇန္နဝါရီလမှ ၁၉၉၉ ခုနှစ် အထိ ပထမ အကြိမ် ၁၉၉၉ ခုနှစ် မတ်လ တွင် ဒုတိယအကြိမ် တူးဖော်ခဲ့ပါသည်။
ဒီ တူးဖော်တွေ့ရှိမှု မတိုင်ခင်က မြန်မာနိုင်ငံတွင်ကျောက်ခေတ်နှင့် သံခေတ် ကိုသာ တွေ့ရသည်။ ကြေးခေတ်ရှိခဲ့သည်ဟု မထင်ခဲ့ကြပေ။
ညောင်ကန်တူးဖော်ကုန်းမှာ ကုန်းမြင့်
ပေါ်တွင်တည်ရှိပြီး မြောက်မှတောင် အကျယ် ၂၅၀ ပေ အရှေ့မှ အနောက် အကျယ် ၁၃၀ ပေရှိသည်။ လူ အရိုးစု ရုပ်ကြွင်းများကို အစုလိုက်တွေ့ရသည်။
ပြည့်စုံသောရုပ်ကြွင်း ၂၀ ခု မပြည့်မစုံ ၁၉ ခု ဦးခေါင်းခွံ ၄ ခု စုစုပေါင်း ၄၃ ခု တွေ့ရှိထားသည်။
အဘယ့်ကြောင့် ကြေးခေတ်နှောင်းပိုင်း ခေတ်လို့ ယူဆသနည်းဆိုသော် ထိုရုပ်ကြွင်းများရှိသည့် သင်္ချိုင်းရာတွင်
လူသေရုပ်ကြွင်းမှာ ခန္ဓာအပေါ်နှင့် ဘေးပတ်လည်တို့တွင် မြေအိုးများ ကြေးမြှားခေါင်း ကြေးပုဆိန် ကျောက်လက်ကောက် အရိုးလက်ကောက် နှင့် တိရစ္ဆာန် အရိုးစု များ ဝိုင်းရံလျက်တွေ့ရှိရသောကြောင့်ဖြစ်နိုင်ပါသည်။ လူသေနေရာ လူတွေနေရာကို ကောင်းစွာ ခွဲခြားတတ်နေပြီ။ မွေးမြူရေးနှင့် ကောင်းစွာ ထွန်ယက်စိုက်ပျိုးတတ်နေပြီဟု ယူဆ နိုင်သလို အဖွဲ့အစည်းလိုက်နေတတ်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်သည်။
အရှေ့တောင်အာရှ ဒေသများမှ ကမ္ဘောဒီးယား လော ဗီယက်နမ် ထိုင်းနိုင်ငံ တို့၏ ကြေးခေတ်များနှင့် နိုင်းယှဉ်လေ့လာကြည့်လျင် ညောင်ကန်ကြေးခေတ်သည် ကြေးခေတ်နှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေချိန်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အခြေခံကျသော နောက်တစ်ချက်မှာ ဆန်စပါးစိုက်ပျိုးခြင်းစတင်ခြင်းနှင့် ထိုစနှစ်ပြန့်နှံ့ခဲ့သည်မှာ တရုပ်နိုင်ငံ ယန်စီမြစ်ဝှမ်းလွင်ပြင် ဒေသမှသည် အရှေ့တောင်အာရှသို့ရောက်ခဲ့သည့်နှစ် အရင်က နှစ်၅၀၀၀ ဝန်းကျင်ကို ထည့်တွက်စဉ်းစားလျင် ထိုင်းနိုင်ငံသို့ ဆန်စိုက်ပျိုးရေး ရောက်ခဲ့သည်မှာ လွန်ခဲ့သော နှစ် ၄၀၀၀ ဝန်းကျင်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းသို့ ဧရာဝတီမြစ်နှင့်
သံလွင်မြစ်ကြားလွင်ပြင်ဒေသများတွင် အလျင် နှစ်ပေါင်း ၃၅၀၀ ခန့်ကစပါးစိုက်ပျိုးနေပြီဟုခန့်မှန်းခဲ့ကြပါသည်။စိုက်ပျိုးရေးနှင့်အတူ အိုးဖုတ်လုပ်ငန်းအတတ် မွေးမြူရေးအတတ်တို့သည်ဖွင့်ဖြိုးလာခဲ့
ပြီးနောက်တွင် အကြီးအကဲ၏အောက်တွင် အစုလိုက်ဖွဲ့ကာနေတတ်လာမှုတို့သည် သတ္ထုခေတ်ကာလကို သေချာစွာ ရောက်လာခဲ့သည်ထင်သည်။ ယခု ညောင်ကန်ဒေသတွင် အဆိုပါဖြစ်စဉ်များနှင့် ကိုက်ညီသည်ကို တွေ့ရှိရသည်။

မြန်မာ နိုင်ငံ၏ သံခေတ်ကာလကို ဖော်ပြရာတွင်
၁ ။ အမရပူရ တောင်သမန်အင်းအနီး သချိင်္ုင်းတူးဖော်ရာနေရာ
၂။ မိတ္ထီလာခရိုင် မလှိုင်မြို့နယ် နှောကန်ရွာရှိ တူးဖော်ရာကုန်း
၃။ ပျော်ဘွယ်မြို့အနီးရှိ ရွာထင်ကုန်းတူးဖော်ရာနေရာ နှင့်
၎။ ရမည်းသင်းမြို့နယ် အတွင်းရှိ မြို့လှ တူးဖော်ရာနေရာ တို့ကို ဖော်ပြသင့်သည်ဟုထင်ပါသည်။ ကြေးခေတ်ကာလအပြီး သံခေတ်ကာလ အထောက်အထားများကို အဆိုပါဒေသများတွင် တူးဖော်တွေ့ရှိခဲ့ရသောကြောင့်ဖြစ်သည်။
အမရပူရနှင့် နှောကန် တို့ကို သံခေတ်ဦး ရွာထင်ကုန်း ကို သံခေတ်လည် နှင့် မြို့လှ ကို သံ ခေတ် လည်- နှောင်းဟူ၍ယူဆခဲ့ကြပါသည်။
၁၉၇၀ ပြည့်နှစ်တွင် အမရပူရမြို့ တောင်သမန် ဝန်းကျင်ရှိ လူသချိင်္ုင်းတူးဖော်ရာတွင် မြေအိုးများ ကျောက်လက်နက် ပုတီးစေ့များ နှင့် လူရုပ်ကြွင်း ၄၄ ခု တို့ကိုတွေ့ရှိခဲ့ကြသည်။ Thermoluminesence နည်းပညာဖြင့် စမ်းသပ်ရာတွင် တောင်သမန်လူတို့သည် ဘီစီ ၉၀၀ မှ ၄၀၀ အတွင်း ကျောက်ခေတ်ဦးနှင့် အလယ်လောက်တွင် နေထိုင်ခဲ့ကြသောသူများဖြစ်မည်ဟုယူဆခဲ့ကြသည်။
ကြေးခေတ်ကို
လွန်ခဲ့သော နှစ် ၃၀၀၀ ကျော်ကဖြစ်မည် ကျောက်ခေတ်ကို နှစ်ပေါင်း ၂၈၀၀ အထက်ဟု ထင်မြင်ခဲ့ကြသည်။
နှောကန်ရွာ တူးဖော်ကုန်းသည် မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင်ဖြစ်သည်။ ရှေးဟောင်းဌာနမှ ၂၀၀၁ ခုနှစ်တွင် တူးဖော်ခဲ့သည်။ ခရုခွံနှင့်ကြွေစေ့များ သံ လှံသွား သံဓါး လက်နက် သံတူရွင်းတို့ကို အရိုးစုများနှင့်အတူတွေ့ရသည်။
အရှေ့တောင်အာရှ နိုင်ငံများမှာလို ဤခရုခွံလိုမျိုး ကြေးခေတ် သံခေတ်မှာ မြုပ်နှံတတ်သည်။
အလှအပ တန်ဆာကဲ့သို့ သုံးစွဲခြင်းဖြစ်သည်။
လှံသွားများနှင့် သံနားကွင်းတို့ကိုတွေ့ရ၍ သတ္ထုသွန်းလောင်းသည့်အတတ်ကို ကောင်းစွာတတ်နေပြီဟု ယူဆရသည်။
နှောကန်ရွာ တူးဖော်ရာမှ လူရပ်ကြွင်း ၇၆ ခု တွေ့ရသည်။ ပျုတွေ တွေနောက်ပိုင်းဝင်လာသူများဖြစ်နိုင်သည်။ ပစ္စည်း အသုံးအဆောင် မြုပ်နှံပုံမှာ ညောင်ကန်တွေ့စနှစ်လိုမျိုးမဟုတ်ပါ မြေအိုးလှဲချ မြုပ်နှံတာခြင်းနှင့်သာတူသည်။
ထို့ကြောင့် Protohistoric time သံခေတ်ဦးအတွင်းမှ အဖွဲ့အစည်းတစ်ရပ်ဖြစ်နိုင်သည်ဟုဦးစိန်မြင့်က ရေးသားခဲ့သည်။
ပျော်ဘွယ်မြို့အနီးမှာရှိသော ရွာထင်ကုန်းတူးဖော်မှုကို ၂၀၀၂ ခုနှစ်တွင်စတင်တူးဖော်ခဲ့ကြသည်။
သံခေတ်ပင်ဖြစ်သော်လည်း ကြေးလက်နက်များကိုလည်းတွေ့ရသည်။ လူရုပ်ကြွင်းများ ထဲမှ တစ်ခုမှာ သစ်ခေါင်းထဲ ထည့်သွင်းမြုပ်ထားခဲ့သည်မှာ ထူးခြားသည်။ ကျောက်ချောလက်နက် မြေအိုး ပုတီးစေ့ နှင့် ကြေးလှံတို့ကို တွေ့ရှိခဲ့ရသည်။
မြေအိုးကြီးများ လှဲလျက် တစ်ခုနဲ့တစ်ခုဖင်နှင့်ခေါင်းတေ့ချထားပြီး လူကို အောက်မှာထားမြုပ်တာကိုတွေ့ရပြန်သည်။
သံလက်နက်များ ၇ချောင်း ကြေးလက်နက် ၅ ချောင်း ကြေးစ များကိုပါ တွေ့ခဲ့ကြသည်။
မြို့လှ တူးဖော်ရာနေရာသည် မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မြို့လှရွာတွင်ရှိသည်။ ၂၀၀၃ ဒီဇင်ဘာတွင် တူးဖော်ခဲ့သည်။
လူရုပ်ကြွင်းများကို အတန်းလိုက်မြုပ်နှံထားခဲ့ကြသည်။
ခန့်မှန်း ၈ ယောက်မှ ၁၀ ယောက်ခန့်ဖြစ်သည်။
မြို့လှ တူးဖော်မှုတွင် ရုပ်ကြွင်းများမှာ တိရစ္ဆာန်အရိုးလက်ကောက် ဝတ်ဆင်ထားခြင်း ကြေးဖလားခွက်များ ရှိနေခြင်း သေသူကို မမြုပ်နှံခင် အဝါရောင်ရွှံ့စေး သုတ်လိမ်းပေးပြီးမှ မြုပ်နှံခဲ့တာကို တွေ့ရှိရသည်မှာ ဆန်းပါသည်။
မြို့လှကုန်း၏ အရှေ့ဘက် ဗောဓိကုန်းတွင် ကြေးလက်ကောက်များ တံတောင်ဆစ် အထိ ဝတ်ထားသည့် ရုပ်ကြွင်းကိုလည်းတွေ့ခဲ့ကြသည်။
သေသူကို မြုပ်နှံရာတွင် သေပြီးနောက် တမလွန်ဘဝကို လက်ခံသည့် အယူအဆရှိကြောင်း သေသူ၏ နံဘေးမှာ တွေ့ရသော အသုံးအဆောင်များကို ကြည့်ပြီးထင်မြင်ယူဆနိုင်သည်။

အထက်ပါ တူးဖော်ရေးလုပ်ကွက် လေးခုတို့ကို ကြည့်ုပြီး မြန်မာနိုင်ငံတွင်လည်း ကျောက်ခေတ် ကြေးခေတ် သံခေတ် တို့ အဆင့်ဆင့် ဖြစ်ပေါ်ခဲ့ကြောင်းကို သုံးသပ်နိုင်မည်ထင်ပါသည်။
ဆရာ ဒေါက်တာ သန်းထွန်းမှ
ဗိသာနိုး မြို့ ဟောင်း သရေခေတ္တရာ နှင့် ဟန်လင်း တိုသည်လည်း သံခေတ်နှောင်း ကာလ တို့တွင်ပါဝင်သည်။ သို့သော် အထက်တွင်ဖော်ပြခဲ့သော နေရာတို့ထက် မြို့ပြ တည်ထောင်နိုင်လာပြီး လူ့ယဉ်ကျေးမှု ပိုမို ကောင်းမွန်တိုးတက်ခဲ့သော ပျုမြို့သုံးမြို့ဖြစ်ကြောင်း ရေးသားမှတ်ချက်ချခဲ့ပါသည်။


0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်