ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေး - ဒေါက်တာသန်းထွန်း



ရှေးဟောင်းပစ္စည်းကို ရှာတယ်ဆိုတာက အရင်က အဖြစ်အပျက်တွေကို ဖော်ထုတ်ချင်လို့ ဖြစ်ပါတယ်။ ရှေးပစ္စည်းတွေက ကုန်ခဲ့တဲ့ခေတ်ကလူတွေ ဘယ်လို အဝတ်အစားတွေကို နှစ်သက်မြတ်နိုး ​စားသောက်ကြတယ်။ ဘယ်လို အဝတ်တန်ဆာ ကို ဝတ်ဆင်ကြတယ်။ ဘယ်လိုနေကြတယ်။ ဘာကို ယုံကြည်တယ်ဆိုတဲ့အချက်သုံးချက်ကို ဖော်ထုတ်ချင်လို့ ဖြစ်ပါတယ်။ အဲဒီလို ရှာဖွေလို့ တွေ့တဲ့ ပစ္စည်းတွေကို တယုတယ ထုပ်ပိုးပြီး သိမ်းထားလိုက်တာကတော့ အလွယ်ဆုံးပေါ့။ ဒါပေမဲ့ ပြတိုက်၊ စာကြည့်တိုက်နဲ့ပညာရှင်တွေကတော့ ရှေးပစ္စည်းတစ်ခု ရလာရင် လုပ်ရမယ့်အလုပ်က လေးမျိုး ပေါ်လာတယ်။



(၁) ဘာပစ္စည်းလဲလို့ ဖော်ထုတ်ရမယ် (identification)

(၂) ဘယ်တုန်းက ဘယ်သူက၊ ဘာအတွက် လုပ်သွားသလဲလို့ ရှာရမယ် (dating)

(၃) ဒီပစ္စည်းကို ရထားတဲ့အတိုင်း ဆက်ပြီး ထိန်းရမယ် (conservation)

(၄) ဒီပစ္စည်းကို မပျောက်မပျက်ရအောင် ထိန်းရမယ် (preservation)

(၅) ပျက်သလောက်ပဲ ပြင်ရမယ် (renovation)



(၁) ဘာပစ္စည်းလဲလို့ ဖော်ထုတ်တဲ့အခါ လွယ်တာရှိသလို၊ ခက်တာလည်း ရှိပါတယ်။ ခပ်လွယ်လွယ် နမူနာပြရင် တုတ် ချောင်းတွေ့တဲ့အခါ ကနုတ်တံလား၊ တူလား၊ သိဖို့လိုတယ်။ ပေစာတွေ့တဲ့အခါ လောကီလား၊ လောကုတ္တရာလား သိဖို့လို တယ်။ ဇာတာတွေ့တဲ့အခါ ဖွားတာလား၊ သေတာလား၊ ဥကင်သ ဖွင့်တာလား သိရမယ်။ စာရင်းဇယားတွေ့ရင် ဖွားသေ စာရင်းလား၊ အိမ်ထောင်စာရင်းလား၊ အရောင်းအဝယ်လား၊ အကောက်အခွန်လား၊ အပေါင်အနှံလား၊ ခွဲပြီး သိဖို့လိုပါ တယ်။ မြေပုံတွေ့ရင် သာသနာမြေ၊ မင်းမြေ၊ အသည်မြေ၊ ခွဲပြီး သိဖို့လိုပါတယ်။ အင်္ဂ္လိပ်မြေပုံမှာ ထိပ်က မြောက်၊ မြန်မာ မြေပုံမှာ ထိပ်က အရှေ့ ဖြစ်ပါတယ်။ ပုရပိုက်မှာ ဝမ်း(verso)၊ ကျော(recto) ခွဲရပြန်တယ်။ အသုံးပြုတဲ့အခါ ကျောက်စာ ရဲ့ဘယ်မျက်နှာ၊ စာကြောင်း ဘယ်လောက်မှာ ပါတယ်လို့ အတိအကျဖော်ပြရပါတယ်။ လူတွေ့မေးမြန်းချက်ဆိုရင် အပို အလိုတွေ ရှိတတ်တယ်။ ယှဉ်ပြိုင် မစစ်ဆေးဘဲ မသုံးဝံ့ပါ။ ရက်စွဲ အပိုအလို၊ ရှေ့နောက် မညီမညွှတ် ဖြစ်တတ်တယ်။ သူ ပြောတာကို ပြန်စစ်မယ်ဆိုရင် အမေးခံရသူက စိတ်ဆိုးလိမ့်မယ်။ သူမသိအောင် လုပ်ပါ။

(၂) ပစ္စည်းတစ်ခု ရလာရင် ဘယ်သူ ဘယ်တုန်းက ဘာအတွက် လုပ်တာလဲ ဆိုတာ သိရမယ်။ သိပ်ဟောင်းတဲ့ပစ္စည်းဆို ရင် ဓာတ်ခွဲခန်း တင်ရမယ်။ ပြတိုက်တွေ သွားပြီး အလားတူပစ္စည်းမျိုး ရှာရမယ်။ သဲလွန်စ ရှာရမယ်။ သဲလွန်စ ဆိုတဲ့ နာမည်ကပဲ မခိုင်မမြဲ အရှာရခက်တဲ့ပစ္စည်းလို့ ဆိုလိုတယ်။ အင်မတန် ပင်ပန်းတယ်။ အချိန်ကုန်မယ်။ ပင်ပန်းရကျိုးနပ် သလို၊ အကျိုးမဲ့ အချည်းအနှီး ဖြစ်သွားတာလည်း ရှိတတ်ပါတယ်။ ရှာပါတယ်၊ မတွေ့ဘူးဆိုရင် ခွင်လွှတ်မယ်။ မရှိလို့ မသိဘူးဆိုရင် ခွင့်မလွှတ်ပါ။ ရှက်ဖို့လည်း ကောင်းပါတယ်။

(၃) ကိစ္စတစ်ခု ဘယ်တုန်းက ဖြစ်သလဲ၊ ပစ္စည်းတစ်ခု ဘယ်တုန်းက လုပ်သလဲ သိဖို့လိုပါတယ်။ radio carbon dating တို့၊ thermo-luminecent dating ဆိုရင် ပြည်တွင်းမှာ မရ၊ အဖြေကို နည်းနည်း စောင့်ရမယ်။ ဒေါ်လာနည်းနည်း သုံးရ မယ်။ ရက်စွဲဖော်တဲ့အခါ relative dating နှိုင်းယှဉ်ချက်နဲ့ ဖော်တာလည်း ရှိတယ်။ absolute dating အတိအကျ ဖော်နိုင် တာလည်း ရှိတယ်။ နှိုင်းယှဉ်ချက် လုပ်ရရင် အောက်ကျမခံဘဲ၊ ဒါက studied guess ချင့်ချင့်ချိန်ချိန် မှန်းတာလို့ ပြော လေ့ရှိကြတယ်။ ဒါက ကျောက်ခေတ်ဟောင်းကလို့ ပြောရင်၊ အရင်နှစ် ၂ဝဝဝဝ ဝန်းကျင်လို့ ပြောတာ ဖြစ်လေတော့ ဒါထက်ပိုပြီး အနုမစိပ်နိုင်တော့ပါ။ သမိုင်းသမားရော တူးဖော်ရေးသမားပါ သတိထားရမယ့်အချက်က၊ "လိုချင်တာ မရှာ နဲ့၊ တွေ့တာမှတ်" ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က သိပ်ရှေးကျတဲ့ အကြိုသမိုင်း(prehistory) ဆိုရင်၊ အရှေ့အာဖရိက တွေ့ရှိချက်တွေကို စံတင်ပြီး၊ တခြားဒေသက လူတွေက အလုပ်လုပ်ကြရပါတယ်။ ငွေကုန်ကြေးကျ များ လို့ ချမ်းသာသူတွေရဲ့အထောက်အပံ့ မပါဘဲ လုပ်လို့ မဖြစ်သလောက် ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ နှစ်ပေါင်း ရာနဲ့​ ထောင်နဲ့ချီပြီး မြေကြီးထဲမှာ ​ရှိနေတာ၊ ​မင်းတို့ ဆပ်ဆော့လို့ အခုပျက်စီးကုန်ပြီလို့ အပြောမခံရအောင်၊ ရှေးဟောင်းသုတေ သနသမားတွေက အလုပ်စခန်းမှာ သိပ်ပြီး စေ့စပ်သေချာပါတယ်။ အဲဒါအတွက် သူတို့ကို အများကြီး ချီးကျူးရပါတယ်။ အင်ဂျင်နီယာက ပိုက်ဆံ ဘယ်လောက်ကုန်တယ်။ ဒီမှာ တိုက်အိမ်ပြီးပြီလို့ လက်ညှိုး ထိုးပြသလို၊ ရှေးဟောင်းသုတေသန သမားကလည်း ပိုက်ဆံ ဘယ်လောက်ကုန်တယ်၊ ဒီမှာ ပုဆိန်အကျိုးလို့ ပြရတဲ့လူတွေပါ။

(၄) ရှေးဟောင်းသုတေသနမှာ နှိုင်းယှဉ်ချက် အမြဲလုပ်ရပါတယ်။ ဒီနေရာက တူးကွက်နဲ့၊ ဟိုနေရာက အလားတူ တူး ကွက် နှိုင်းယှဉ်ကြည့်သင့်သလို၊ ဒီနိုင်ငံက တူးကွက်နဲ့ဟိုနိုင်ငံက အလားတူတူးကွက် နှိုင်းယှဉ်သင့်ပါတယ်။ အခု မြန်မာ နိုင်ငံရဲ့အခက်အခဲက တခြားနိုင်ငံက တိုးတက်ပုံနဲ့ ကွာလွန်းတယ်။ နှိုင်းယှဉ်ကြည့်ဖို့လည်း မလွယ်ပါ။ ဒါကို လွန်မြောက်ဖို့ နည်းက ပြည်ပဆက်သွယ်ရေး လွယ်ကူဖို့နဲ့ငွေကြေး ပြည့်စုံဖို့ လိုပါတယ်။ ဒါကို အကျယ်တဝင့် စဉ်းစားဖို့ မလိုပါ။ အခု အခြေအနေအရ ခက်ခဲနေတာသာ ဖြစ်ပါတယ်။ လွန်မြောက်နိုင်စရာ အကြောင်း ရှိပါတယ်။

(၅) နောက်ဆုံးအခက်အခဲက တူးဖော်ရေးမှာ အရည်အချင်းရှိတဲ့ ကွပ်ကဲမယ့်လူ၊ မလုံလောက်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံကြီးတွေရဲ့ ကြီးမားတဲ့ တူးဖော်ရေးစခန်းတွေမှာတောင်၊ ဒီအခက်အခဲမျိုး ရှိတာကြောင့် မြန်မာနိုင်ငံမှာ ပိုပြီး ကြီးကျယ်မယ် ထင်ပါတယ်။ နိုင်ငံခြားနဲ့ ပူးတွဲပြီး ဆောင်ရွက်ရင် ဖြစ်နိုင်စရာ ရှိတယ်။ ပူးတွဲ ဆောင်ရွက်တာလည်း ရှိပြီ လို့သိရပါတယ်။

(၆) တူးဖော်ရေးက ပစ္စည်းထွက်လာတဲ့အခါ၊ အားကိုးလောက်တဲ့ ဓာတ်ခွဲခန်း ရှိဖို့လိုပါတယ်။ တူးဖော်တဲ့အလုပ်(lab work) မှာ ထူးချွန်တဲ့လူ လိုပါတယ်။

(၇) စစ်ဆေးပြီးတဲ့အခါ အကျိုးအကြောင်း ပြည့်စုံအောင် ပြန်ပြောရတယ်။ အကောင်းဆုံးကတော့ အစီရင်ခံစာ ရေးပြီး၊ ပုံနှိပ် ဖြန့်ဝေရပါတယ်။ ဒါကို မလုပ်ဘဲ မနေသင့်ပါ။ အထူးသဖြင့် ပညာရှင်တွေက သိချင်လို့၊ စောင့်ရပါတယ်။

အခုပြောတဲ့ အချက်တွေကို မလုပ်နိုင်ကောင်းလားလို့ အပြစ်ရှာတဲ့ သဘော မပါပါ။ မပျက်မကွက် လုပ်သင့်တယ်။ ပူးပေါင်းဆောင်ရွက်ရင် ဖြစ်နိုင်စရာ ရှိတယ်လို့ ဆွေးနွေးခြင်းသာ ဖြစ်ပါတယ်။

၂ဝဝ၄၊ စတိုင်သစ်၊ ဩဂုတ်လ၊ ၁၆-၂​ဝ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်