အဘယ်သို့နည်း....မဟာစည်ရယ်....
မဟာသတိပဋ္ဌာန်သုတ္တန် အတွက် ကျမ်းစာအုပ် အလှုရှင်တဦးပေးလာတဲ့ "မဟာစည်-မဟာသတိပဋ္ဌာန သုတ်နိဿယ" စာအုပ်ကို ရရှိတာ ၂ဝဝ၉ ခုနှစ်လောက် ကတည်းကလို့ မှတ်မိတယ်။ လက်ဆောင်ရတဲ့ စာအုပ်က ဆဋ္ဌမအကြိမ် ပုံနှိပ်မူဖြစ် ပါတယ်။ အကုသိုလ် မှာ ပဉ္စမအကြိမ်ပုံနှိပ်မူစာအုပ်ရှိနှင့်ပြီးသား ဖြစ်ပါတယ်။ စာအုပ် ၂ အုပ်ရှိတော့ အသစ်ဖတ်လိုက် ၊ အဟောင်း ဖတ် လိုက် လုပ်နေခဲ့ရာက အသစ် စာအုပ် တနေရာမှာတွေ့ ရတဲ့ စာ တစ်ခုကြောင့် အံ့သြသင့်သွားရတယ်။ 
အဲဒါကတော့………………………
"ဤ သတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမ ကဲ့သို့ ပင် ပရိဒေဝ ကိုလည်း လွန်မြောက်နိုင်ပေ၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများမှာ သတိပဋ္ဌာန် နည်းဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ် ရှိ၍ ထိုသို့  မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့  ရှင်းလင်းပြထားလေပြီ။"
အထူးသတိပြုသင့်တဲ့ ဝါကျဟာ " ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်သောသူများမှာ သတိပဋ္ဌာန် နည်းဖြင့်ပင် ကိစ္စပြီး သွားသည်ဟု ထင်မှတ်ဖွယ် ရှိ၍ ထိုသို့  မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့  ရှင်းလင်းပြထားလေပြီ။"
တရားနာတဲ့ တထိုင်အတွင်း မဂ်ဖိုလ်ဉာဏ်၊ ဝိပဿနာဉာဏ်ကို ဆိုက်ရောက်သွားကြတဲ့ သူတော်စင်တွေဟာ သတိပဋ္ဌာန်တရား ၄ ပါး ထဲက တပါးပါးကို ရှုပွားနေရင်း ရောက်သွားကြတာဖြစ်တယ်။ သတိပဋ္ဌာန်တရားကို ပွားများ အားထုတ်တဲ့ လုပ်ငန်းစဉ် မပါဘဲ ဒီလို တရားထူး၊ တရားမြတ်ကို မရနိုင် မရောက်နိုင်ပါဘူးဆိုတာ အဲသည် သတိပဋ္ဌာန်သုတ် အဋ္ဌကထာမှာ ပြောထားပြီးသားပါ။ 
မဟာစည်ဆရာတော်ကြီးကိုယ်တိုင်လည်း အဋ္ဌကထာထဲက
"ကာယဝေဒနာစိတ္တဓမ္မေသု ကိဉ္စိ ဓမ္မံ အနာမသိတွာ ဘာဝနာနာမ နတ္ထိ= ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိပဋ္ဌာန်၏ အာရုံလေးပါးထဲက တပါးပါးကိုမျှ မသုံးသပ်၊ မရှုမှတ်မူ၍ ဝိပဿနာဉာဏ်-မဂ်ဉာဏ်ကိုဖြစ်စေနိုင်သော ပညာဘာဝနာ မည်သည်ဖြစ် ရုံးမရှိချေ" ဆိုတဲ့ ဖော်ပြချက်ကို ကိုးကားပြီ့း ဝိပဿနာရှုနည်းကျမ်း၊ သတိပဋ္ဌာန်တရားစတာတွေမှာ အကြိမ်ကြိမ် အဖန်ဖန်ဟောတော် မူတာ လေ့လာတွေ့ ရှိရပါတယ်။ ဒီလိုဖြစ်နေပါလျက် အခုကောက်နုတ်ပြတဲ့ ဝါကျဟာ မဟာစည်ဆရာတော် ဆိုလိုတဲ့ အာဘော် မဟုတ်နိုင်ဘူးလို့  သံသယဖြစ်လာပါတယ်။
သံသယအခြေခံတော့ ပဉ္စမအကြိမ်ပုံနှိပ်တဲ့ မဟာစည်သတိပဋ္ဌာန်သုတ်နိဿယစာအုပ်နဲ့  တိုက်ဆိုင်ဖတ်ကြည့်တယ်။ ပဉ္စမအကြိမ် ပုံနှိပ်မူမှာ တွေ့ ရတာက……..
"ဤသတိပဋ္ဌာန်လမ်းဖြင့် သန္တတိအမတ်ကြီးကဲ့သို့ ပင် သောကကိုလည်း လွန်မြောက်နိုင်၏။ ပဋာစာရာထေရီမကဲ့သို့ ပင် ပရိဒေဝ ကိုလည်း လွန်မြောက်နိုင်၏။ ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြသောသူများမှာ သတိပဋ္ဌာန်နည်းဖြင့် မရှုရတော့ ဘဲ နာကြားရသော တရားကို သဘောကျရုံ မျှဖြင့်ပင် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်းကို အဋ္ဌကထာ၌ ဤသို့  ရှင်းလင်းပြထားလေပြီ……." လို့ သာ  ဖြစ်နေတယ်။
ဒီဆန့် ကျင်ဘက် ဝါကျ ၂ ကြောင်းကို ဇယားကွက် ချကြည့်တော့ အခုလိုတွေ့ ရပါတယ်။
ပဉ္စမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၉
ဆဋ္ဌမအကြိမ်ပုံနှိပ်မူ၊ စာမျက်နှာ- ၈
ဤအရာ၌ တရားနာစဉ်တွင် မဂ်ဖိုလ်သို့ ရောက်ကြ
သောသူများမှာ သတိပဋ္ဌာန်နည်းဖြင့်မရှုရတော့ဘဲ နာကြားသောတရားကို သဘောကျရုံမျှဖြင့် ကိစ္စပြီးသွားသည်ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ဤအရာ၌ တရားနာစဉ်တွင်မဂ်ဖိုလ်သို့ ရောက်သော
သူများမှာ သတိပဋ္ဌာန်နည်းဖြင့်ပင်ကိစ္စပြီးသွားသည်
ဟု ထင်မှတ်ဖွယ်ရှိ၍ ထိုသို့ မထင်သင့်ကြောင်း
ပဉ္စမအကြိမ်ပုံနှိပ်မူက "တရားနာရုံ၊ တရားသိရုံနဲ့ ကိစ္စပြီးတယ်၊ တရားကို အကူးတက အားထုတ်နေစရာ မလိုဘူး"
လို့  အမှားပြောနေသူတွေရဲ့  အဓမ္မဝါဒကို အမှန်တရားဓမ္မနဲ့ တိုက်ဖျက်တယ်။ ဓမ္မကို  ပြတယ်။ဆဋ္ဌမအကြိမ်ပုံနှိပ်မူ ကတော့ သူတပါးအမှားကို  ပြင်ဖို့ အသာထား၊ သူကိုယ်တိုင်က အဓမ္မဝါဒဖြစ်နေပါတယ်။
မဟာသတိပဋ္ဌာန်သုတ်နိဿယမှာ အခုပြောခဲ့တဲ့ အမှားအပြင် အခြားပြင်ဆင်စရာတွေလည်း အများအပြား ရှိနေပါတယ်။ အရင့် အရင်နှစ်တွေက ထုတ်ဝေခဲ့တဲ့ ပုံနှိပ်မူတွေနဲ့ တိုက်ဆိုင်ကြည့်ရင် သိသာနိုင်တာမို့ လို့  အကျယ်တဝင့် မပြောတော့ပါ။ မဟာစည် ဆရာတော်ကြီး အမှန်ရေးခဲ့တာကို ငါတို့ လက်ထက်ရောက်မှ အမှားဖြစ်ရင် ငါတို့ ညံ့လို့ ပဲ၊ ငါတို့ မညံ့အောင် ဆရာတော်ကြီးရဲ့ စာအုပ်တွေကို စီးပွားဖြစ်ထုတ်တာမဟုတ်ဘဲ သာသနာပြုတဲ့အနေထုတ်ဝေတာမျိုးဖြစ်အောင် ငါတို့ ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ် ရှိဖို့ လိုအပ်ပါတယ်။
0 comments:
Post a Comment
သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်