ပညာအနုဂါမိက







 “ အသညသတ်ဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေဟာ လူ့ပြည် နတ်ပြည်တုန်းက နာမ် တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာဟာ တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ”
 

“မှန်ပါတယ် .. ”
 
“အရူပဗြဟ္မာ့ဘုံကို ရောက်ကြမယ့် ဈာန်ရပုဂ္ဂိုလ်ကြီးတွေရဲ့ လူ့ပြည် နတ်ပြည်တုန်းက ရုပ်တရားကို ငြီးငွေ့ကြ စက်ဆုပ်ကြတာကော တရားဉာဏ်နဲ့ ကြည့်ရင် လမ်းမှန်ပဲ မဟုတ်လား ”
 
“မှန်ပါတယ် ... ”
 
“ ဒါဖြင့်ရင် အဲဒီ အမှန် နှစ်ခုကို ပေါင်းစပ်ပြီးတော့ ‘ဓီ နာမရူပံ၊ ဓီ နာမရူပံ။ နာမရူပံ-နာမ်ရုပ် တရား နှစ်ပါးသည်။ ဓီ-စက်ဆုပ်ရွံရှာ ကြောက်မက်ဖွယ်ရာတွေပါတကား’ 
 အဲဒီလိုများ နှလုံးသွင်း ရရင် အမှန် နှစ်ချက် စပ်မိပြီးတော့ ကောင်းမယ် မဟုတ်လား ”
  
“ဟာကွာ .. ပေါက်ပေါက်ရှာရှာ၊ သံယုတ်ပါဠိတော်မှာ လာတဲ့ ခုနစ်နှစ်အရွယ် ‘ဝဇိရာ’ လို့ ခေါ်တဲ့ ရဟန္တာထေရီမလေး ရွတ်ဆိုတဲ့ -

ဒုက္ခမေဝ ဟိ သမ္ဘောတိ၊
ဒုက္ခံ တိဋ္ဌတိ ဝေတိ စ။
နာညတြ ဒုက္ခာ သမ္ဘောတိ၊
နာညံ ဒုက္ခာ နိရုဇ္ဈတိ။

အဲဒီ ဂါထာ ရှိတယ်။

သူတို့ ရဟန္တာ အရှင်မြတ်တွေ အဖို့ ခန္ဓာငါးပါး-နာမ်ရုပ်တရား နှစ်ပါး တို့ကို အမြဲတမ်း ‘ဒုက္ခ’ လို့   မြင်နေတော့ ‘ဒုက္ခမေဝ ဟိ သမ္ဘောတိ’ စသည်ဖြင့် မိန့်ဆိုကြတယ်။

ငါတို့ အဖို့ရာကျတော့ နာမ်ရုပ်ကို ပထမ  မြင်ဖို့ အရေးကြီးနေတယ်။
ဒါကြောင့် အဲဒီ ဂါထာလာ ‘ဒုက္ခ’ ရဲ့ အစား ‘နာမရူပ’ ပါဠိနဲ့ ပြောင်းလဲပြီး -

နာမရူပံဝ ဟိ သမ္ဘောတိ၊
တံဝ တိဋ္ဌတိ ဝေတိ စ။
နာညတြ တမှာ သမ္ဘောတိ၊
နာညံ တမှာ နိရုဇ္ဈတိ။

အဲဒီလို နှလုံးသွင်း “ အရှင် အကုသိုလ်က ဒုက္ခကို မဖြစ်,ဖြစ်အောင်  ပြုလုပ်ပြီးမှ ဉာဏ်နဲ့ ငါက ဖြစ်လာ တဲ့ ဝေဒနာကို အချည်းနှီး ချုပ် မသွားစေရပါဘူး” လို့ ပဲ ပြောချင်တာ

အဲဒီ နာမရူပံဝ သမ္ဘောတိ အစရှိတဲ့ ဂါထာကို အနက်ပေးကြည့်ကြရင်။

ဣမသ္မိံ ကာယေ= ဤ ကိုယ်ကာယ တစ်လံမျှ၌
နာမရူပံဝ= ရုပ်နာမ်တရား ဤ နှစ်ပါးသည်သာလျှင်
သမ္ဘောတိ= ဥပါဒ်ထင်ရှား ဖြစ်ပွား၍ နေ၏
တံဝ= နာမ်ရုပ်တရား ထို နှစ်ပါးသည်သာလျှင်
တိဋ္ဌတိ စ= ဌီခဏ အနေဖြင့် တည်လည်း တည်နေပေ၏
ဝေတိ စ= ဘင်ခဏသို့ ရောက်၍ ချုပ်လည်း ချုပ်ပျောက်၏
 
ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ နာမ်တရား ရုပ်တရား နှစ်ပါးသာလျှင် ဖြစ်ကြ တည်ကြ ချုပ်ကြတယ်။

တမှာ= နာမ်ရုပ်တရား ထိုနှစ်ပါးကို
အညတြ ဌပေတွာ= ချန်လှပ်ဖယ်ရှား အလွတ်ထား၍
အညံ= တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ဆိုတဲ့ သဘောသည်
န သမ္ဘောတိ= ဥပါဒ်ထင်ရှား ဖြစ်ပွားသည် မဟုတ်
တမှာ= နာမ်ရုပ်တရား ထိုနှစ်ပါးမှ
အညံ= တပါးသော ‘ပုဂ္ဂိုလ်’ ‘သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ ဆိုတဲ့ သဘောသည်
န နိရုဇ္ဈတိ= ချုပ်သည် မဟုတ်။
ထိုသဘောများသည် တရားသား အနေနဲ့ ရှိလည်း မရှိ လို့ - အနက် အဓိပ္ပာယ် အဲဒီလို ရှိပါတယ်။

တရားတော်ကို ကိုယ်တော်ရဲ့ဘိက္ခု ဘိက္ခုနီ ဥပါသကာ ဥပါသိကာ= လေးဦးစလုံး နားလည် ရမည် ဖြစ်ပါတယ်။ အဲ ဥပါသကာ ဥပါသိကာတို့ နားမလည်ရင် သာသနာဘက်က သားတော်ဖြစ်ကြတဲ့ ရဟန်းတော်များက ပြောပြကြရပါမယ်။

နားလည်အောင် ပြောရမည့် ဝတ္တရား ရှိတဲ့အတိုင်း -

ဤ ကိုယ်ကာယ တစ်လံမျှ၌
နှစ်ဝရုပ်နာမ် ဖြစ်၍ ချုပ်၏
နာမ်ရုပ်နှစ်ပါး အလွတ်ထား၍
ဤကား လိပ်ပြာ ဤကား ငါနှင့်
ဤမှာ ဇီဝ ဤ အတ္တဟု
ညွှန်ပြဖွယ်ရာ မရှိပါသည်
ခန္ဓာ နာမ်ရုပ် မျှပါတကား ...

ဤ ကိုယ်ကာယ၊ တစ်လံမျှ၌၊ နှစ်ဝရုပ်နာမ်၊ ဖြစ်၍ ချုပ်၏၊
သြော် .. ဤ တစ်လံမျှလောက်သော ငါ၏ ကိုယ်မှာ နာမ်တရား ရုပ်တရား ဤနှစ်ပါးတို့သာ ဖြစ်၍ ဖြစ်၍ ချုပ်နေပါတကား .. ။

နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍၊ ဤကား လိပ်ပြာ၊ ဤကား ငါနှင့်၊ ဤမှာ ဇီဝ၊ ဤ အတ္တဟု၊ ညွှန်ပြဖွယ်ရာ၊ မရှိပါသည်၊
နာမ်ရုပ်နှစ်ပါးကို ဖယ်ရှားပြီးတော့ ဟောဒါက လိပ်ပြာ၊ ဒါက ငါ၊ ဒီမှာက ဇီဝ၊ ဟောဒါက အတ္တ - လို့ ပြစရာ နာမ်ရုပ်က လွဲရင် အဲဒီတရားမျိုးဟာ ရှိကို မရှိ။

ခန္ဓာ နာမ်ရုပ် မျှပါတကား။
ဒီ တစ်လံမျှလောက်သော ခန္ဓာကိုယ်မှာ အမှန်တကယ် ရှိနေတာဟာဖြင့် နာမ်ရုပ် နှစ်ပါးပဲ ရှိနေပါတကား .. လို့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နှလုံးသွင်း ဆင်ခြင်နိုင်ပါတယ်။

အဲဒီလို အောက်မေ့နှလုံးသွင်းလို့ အလေ့အထ ရလာတဲ့အခါမှာ “ဒီတစ်လံ မျှလောက်သော မိမိတို့ရဲ့ ကိုယ်မှာ အနမတဂ္ဂ အစမထင် အတိတ်သံသရာ တခွင်က မိမိတို့ ထင်မှားခဲ့တဲ့ ‘ပုဂ္ဂိုလ်’ သတ္တဝါ’ ‘ငါ’ ‘သူတပါး’ ‘ယောက်ျား’ ‘မိန်းမ’ ‘အတ္တ’ ‘ဇီဝ’ ‘လိပ်ပြာ’ လို့ မရှိဘဲနဲ့ ရှိတယ် လို့ ထင်မှားခဲ့တဲ့ ပညတ် တရား နဲ့ အစစ်အမှန် တကယ်ရှိနေတဲ့ နာမ်ရုပ် တရား ဒီနှစ်ပါးကို ခွဲခွဲခြားခြား သိသွားတယ်။

အဲဒီလို ခွဲခွဲခြားခြား သိတဲ့ ဉာဏ်ကို ‘နာမရူပဝဝတ္တာနဉာဏ်’ လို့ ခေါ်ပါတယ်။
ဝိပဿနာဉာဏ် သို့ မရောက်သေးပါဘူး။

ဝိပဿနာဉာဏ် ရောက်အောင် ဆိုပြီးတော့ ဆက်စပ်ကြည့်ရင် ဒီ ဂါထာနဲ့ ဒီလင်္ကာက နာမရူပဝဝတ္တာန ဉာဏ်လောက်ပဲ အဆင့် ရှိသေးတယ်။ လက္ခဏ သမ္မသန ဆိုတဲ့ ပထမ ဝိပဿနာ ရောက်အောင် ဂါထာကို အဖြည့်ခံ သဘောထားပြီး ထပ်ဖြည့်ရင်

တဉ္စ ဟုတွာ အဘာဝေန
ဥဒယဗ္ဗယပီဠနာ။
အဝသဝတ္တနာ နိစ္စံ
ဒုက္ခာ နတ္တာဝ ကေဝလံ။

ဆိုတဲ့ ဂါထာနှင့် -

နာမ်ရုပ်တရား ဤနှစ်ပါးလည်း
ရှည်လျားကာလ မတည်ကြဘဲ
ခဏဖြစ်လျက် ခဏပျက်၍
နှိပ်စက်ခြင်းရာ လိုမပါဘူး
သဘာဝအား ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ အနိစ္စသည်
ဒုက္ခ အနတ္တ ချည်းပါတကား ...

ဖော်ပြပါ  ‘တဉ္စ ဟုတွာ အဘာဝေန’ ဂါထာ၏ အနက်ကား -

တဉ္စ= နာမ်ရုပ်တရား ထိုနှစ်ပါးသည်လည်းပဲ
ဟုတွာ အဘာဝေန=  ဖြစ်ပြီးလျှင် ပျက်တတ်သော အနက်သဘောကြောင့်
ကေဝလံ အနိစ္စံဝ= သက်သက်ဧကန် အနိစ္စမှန်စွာ့တကား
ဥဒယဗ္ဗယ ပီဠနာ= ဖြစ်ခြင်း ပျက်ခြင်း တို့ဖြင့် အတင်းအကြပ် နှိပ်စက်အပ်ရကား
ကေဝလံ ဒုက္ခံဝ= သက်သက်ဧကန် ဒုက္ခမှန်စွာ့တကား
အဝသဝတ္တနာ= အလိုသို့ မလိုက်ပါသောကြောင့်
ကေဝလံ အနတ္တာဝ= သက်သက်ဧကန် အနတ္တ မှန်စွာ့တကား ...

လို့ အဲဒီလို ပါဠိနဲ့  မြန်မာ အနက် အဓိပ္ပာယ် ရှိပါတယ်။

လင်္ကာအတွက် အနက် အဓိပ္ပာယ် စဉ်းစားကြည့်ကြရအောင်။

နာမ်ရုပ်တရား၊ ဤနှစ်ပါးလည်း၊ ရှည်လျားကာလ၊ မတည်ကြဘဲ -
နာမ် တရား ရုပ် တရား ဒီနှစ်ပါးဟာ ကာလ ရှည်ရှည် မတည်ကြဘူး။
ဘာကို ကြည့်ရမလဲ။ ကိုယ့်အသံတွေကို  ပြန်ပြီး ဉာဏ်နဲ့ ဆင်ခြင်ကြည့်။
‘သြကာသ သြကာသ’ လို့ ဆိုတဲ့အခါမှာ ‘ကာ’ ရောက်တော့ ‘သြ’ ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
‘
သ’ ရောက်တော့ ‘ကာ’ ဆိုတဲ့ အသံ ချုပ်ပျောက်ပြီ။
နောက် ‘သြ’ ရောက်တော့ ‘သ’ အသံ ချုပ်ပျောက်၊ ‘ကာ’ ရောက်တော့ ‘သြ’ အသံ ချုပ်ပျောက်၊ ‘သ’ ရောက်တော့ ‘ကာ’ အသံ ချုပ်ပျောက်၊

တသံပြီး တသံ ချုပ်ပျောက်ကြပုံကို ဉာဏ်နဲ့ ဆင်ခြင်ကြည့်ပါ။
အင်မတန် သိသာပါတယ်။ ကာလရှည်ရှည် မတည်ကြဘူး။

ကိုယ့်ဟာကိုယ် ကာလရှည်ရှည် တည်အောင်  ပြုလုပ်ကြည့်ပါ။
ဥသြ ဆွဲသလို ‘သြ’ ဆိုတဲ့ အသံကို အကြာကြီး ဆွဲကြည့်။
ဘယ်တော့မှ ‘သြ’ ဆိုတဲ့ အသံအတိုင်း ကြာကြာ မတည်ဘူး။
နောက်ပိုင်းလဲ ကျရော ‘ဝေါ ..’ ဆိုတဲ့ အသံပဲ ရှိတော့မယ်။ ‘သြ’ သံ မဟုတ်တော့ဘူး။
အမှန်တကယ်တော့ ‘သြ’ ဆိုတဲ့ အသံဟာ ‘လျှပ်စီးနှစ်ပြက်’ ‘လက်ဖျောက်နှစ်တွတ်’ ‘မျက်တောင်နှစ်ခတ်’ အချိန်လောက်ပဲ ရှိတယ်။ သူ့အချိန်ကျရင် သူက ချုပ်သွားတာပဲ။
အရှည်ကြီး  ဖြစ်နေအောင် ဆိုမယ် ဆိုပေမယ့် ‘သြ’ ကတော့ မရှည်ဘူး။
ဒါကြောင့် ‘ရှည်လျားကာလ၊ မတည်ကြဘဲ’ လို့ နှလုံးသွင်း ခိုင်းတာပါပဲ။

ဒီ ‘သြ’ ဆိုတဲ့ အသံဟာ ဘာကြောင့် ကြာကြာ မတည်သလဲ လို့ မေးရင် အဖြေကတော့ အသံ ရုပ်သာ မဟုတ်ဘူး၊ ကံကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ ဥတုကြောင့်ဖြစ်တဲ့ ရုပ်တွေ၊ အာဟာရကြောင့် ဖြစ်တဲ့ ရုပ်တွေ ရုပ်လေးမျိုး စလုံးရော၊ စိတ် စေတသိက် ဆိုတဲ့ နာမ်တရားများပါ အားလုံး နာမ်ရုပ်တရား နှစ်ပါးတို့ ကြာကြာ မတည်ကြပါဘူး။

ကြာကြာ မတည်ကြတာကတော့ သူတို့ကို ဖြစ်စေတဲ့ ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဝတ္ထုအာရုံ ဆိုတဲ့ သူတို့နဲ့ အကြောင်းတရားတွေကိုက ကြာကြာ မတည်တဲ့ အနိစ္စ အကြောင်းတရားတွေ ဖြစ်လို့ အနိစ္စ အကြောင်းတရားတွေကြောင့်ဖြစ်တဲ့ ရုပ်နာမ်နှစ်ပါးလည်းပဲ အနိစ္စပင် ဖြစ်ပါတော့တယ်

“
အနိစ္စ သမ္ဘူတံ ဘိက္ခဝေ ရူပံ ကုတော နိစ္စံ ဘဝိဿတိ”  စတဲ့ ဒေသနာတော် အတိုင်းပါပဲ 

လင်္ကာထဲမှာ ‘ခဏဖြစ်လျက်၊ ခဏပျက်၏’ လို့ ဆိုတာက အနိစ္စဉာဏ် ပေါ်အောင် အခြေခံ ဉာဏ် ပျိုးပေးတာ ဖြစပ်ါတယ်။

နှိပ်စက်ခြင်းရာ-ဆိုတာက ဒုက္ခဉာဏ်ပေါ်အောင် အခြေခံ ဉာဏ်ကို ပျိုးပေးခြင်း  ဖြစ်ပါတယ်။

ရုပ်နာမ်တရားတို့ရဲ့ ဖြစ်-တည်-ပျက် ဆိုတဲ့ ခဏငယ် သုံးချက် အသက်တည်နေရာမှာ -
ဖြစ်တယ် ဆိုတဲ့ ဥပါဒ်ခဏမှာ ဇာတိမီး တညီးညီး တပြောင်ပြောင် အတောက်လောင် ခံနေရတယ်။
တည်တယ် ဆိုတဲ့ ဌီ ခဏမှာ ဇရာမီး၊ ပျက်တယ် ဆိုတဲ့ ဘင်ခဏမှာ မရဏမီး တညီးညီး တပြောင် ပြောင် အတောက်လောင် ခံနေရတယ်။

ဥပါဒ်ခဏမှာ ဇာတိမီးက နှိပ်စက်၊
ဌီခဏမှာ ဇရာမီးက နှိပ်စက်၊
ဘင်ခဏမှာ မရဏမီးက နှိပ်စက်
အဲဒီလို ခဏငယ်သုံးချက် အသက် ရှိနေသမျှ မီးသုံးပါး အနှိပ်စက် ခံရပြီး ချုပ်ပျောက်သွားရတဲ့ ဒီ ရုပ်နာမ် တရားကို ဘယ်မှာ သုခ လို့ ဆိုသင့်တော့မလဲလေ။ဒုက္ခ လို့သာ ဆုံးဖြတ်ချက် ချရမှာပဲပေါ့

လိုမပါဘူး- ဒါက အဝသဝတ္တနဌေန- အလိုသို့ မလိုက်ပါခြင်း ဟူသော အနက်သဘောကြောင့် အနတ္တ ပါတကား .. လို့ အကြောင်းအကျိုး လုံလောက်စွာ နှလုံးသွင်းနိုင်အောင် ဖော်ပြတာ ဖြစ်ပါတယ်။

ခဏဖြစ်လျက်ခဏပျက်၏
နှိပ်စက်ခြင်းရာလိုမပါဘူး
သဘာဝအား ဤသုံးပါးကြောင့်
ဖြစ်ပွားသမျှ အနိစ္စသည်
ဒုက္ခ အနတ္တ ချည်းပါတကား ...

ခဏတွင်း  ဖြစ်၍ ခဏအတွင်း ပျက်တတ်သော အနက် သဘောကြောင့် အနိစ္စ ပါတကား ...
အဖြစ်အပျက် တို့ဖြင့် အနှိပ်စက်ခံရသော အနက် သဘောကြောင့် ဒုက္ခ ပါတကား ...
အလိုသို့ မလိုက်ပါသော အနက်သဘောကြောင့် အနတ္တ ပါတကား ...
အဖြစ်အပျက်တို့ဖြင့် အနှိပ်စက်ခံရသော အနက်သဘောကြောင့် အနတ္တ ပါတကား ...
ဤကဲ့သို့ နှလုံးသွင်းကြပါ။

ဤကဲ့သို့ နှလုံးသွင်းလျှင် သမ္မသနဝိပဿနာဉာဏ် အစ ထူထောင်မိပြီး အဲဒီ သမ္မသနဉာဏ် ထူထောင်မိလျှင် နောက်မဆုတ်နဲ့ ရှေ့ကို အဆင့်ဆင့် ဥဒယဗ္ဗယဉာဏ်၊ ဘင်္ဂဉာဏ်၊ ဘယဉာဏ် အစရှိတဲ့ ဝိပဿနာဉာဏ်တွေ တဆင့်တက်ပြီး တဆင့် သမ္မသနဉာဏ် လှေကားက တက်သွားရင် ရောက်သွားလိမ့်မယ်တဲ့ အဲဒီ သမ္မသနဉာဏ် လှေကားကို ရောက်အောင် တက်ကြစမ်းပါ သွားကြစမ်း ပါ လို့ပဲ တိုက်တွန်းပါရစေ။

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်