ဆရာကြီးဦးဖိုးလတ်၏ " မြန်မာလူမျိုး မူလအစ " သမိုင်းစာတမ်း


ဆရာကြီးဦးဖိုးလတ်၏ " မြန်မာလူမျိုး မူလအစ " သမိုင်းစာတမ်း

The Origin and Advent of the Burmese Race စာတမ်း


"မြန်မာအစ" သမိုင်းအယူအဆ နှင့် ပတ်သက်၍ ကွဲလွဲချက် အငြင်းထွက်ခဲ့ရာမှာ တစ်ဖက်က ရန်ကုန်တက္ကသိုလ် ပါမောက္ခ လူ့စ် ဖြစ်ပြီး အခြားတစ်ဖက်မှာတော့ ဦးဖိုးလတ် ဖြစ်သည်။

ပါမောက္ခ လူ့စ် သည် တက္ကသိုလ်၏ ဂုဏ်သြဇာကြီးမှု သုတေသနပြုစရာ မှတ်စုမှတ်တမ်းစသဖြင့် ကရိယာ စုံလင်စွာ ရရှိမှု၊ လုပ်ငန်းတာဝန်အဖြစ် လုပ်ပိုင်ခွင့်ရရှိမှု့နှင့် အစိုးရ အခွင့်အာဏာရှိမှု့ စသော ပြည့်စုံမှုနှင့် အခွင့်အရေး ရရှိမှုတို့ကြောင့် " မြန်မာအစ - ကျောက်ဆည် မြစ်သားက " ဆိုသော အယူအဆအသစ် တစ်ရပ်ကို အတည်ပြုခွင့် ရရှိထားသည့်အပြင် ရန်ကုန်တက္ကသိုလ်တွင် အတည်ပြု သင်ကြားပို့ချခွင့်လည်း ရထားသူလည်း ဖြစ်သည်။

ဦးဖိုးလတ် သည် "စာပေနှင့် အမျိုးသားရေး မြန်မာမှုအယူအဆရေးရာ ဆိုလျှင်တော့ ကျွန်တော့်မှာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ ဆွေမျိုးမရှိ ဘဲဗျ။ မှန်တယ်လို့ ထင်တဲ့ဘက်က ပြောင်ပြောင် ရပ်ရမှာဘဲ။ မုန်းချင်မုန်း၊ ချစ်ချင်ချစ် ဘဲဗျ" ဟု ပြောတတ်သလို သူ့စကားနှင့်အညီလည်း နေထိုင်တတ်သူ တစ်ဦးဖြစ်သည်။

ကွဲလွဲချက် ပြဿနာသည် "မြန်မာအစ - တကောင်းက" ဆိုသည့် မျိုးရိုးစဉ်ဆက် ယူဆချက်အစား "မြန်မာအစ - ကျောက်ဆည်က" သာ ဖြစ်ရမည်ဆိုသော ပါမောက္ခ လူ့စ်၏ အယူအဆအသစ် တီထွင်မှု ဖြစ်သည်။ ပါမောက္ခ လူ့စ်၏ ရာဇ၀င်အယူအဆသစ်သည် မြန်မာပြည်၏ စွယ်စုံကျမ်းကြီးနှင့် စာပေဗိမာန်ထုတ် ကျောင်းသုံး သမိုင်းရာဇ၀င် စာအုပ်စသည်တို့တွင် အတည်ပြု သင်ကြား သုံးစွဲနေခဲ့ပြီ ဖြစ်သည်။ မည်သူမျှ ဆန့်ကျင် ဆွေးနွေးမှု့မျိုးကို မပြုလုပ်ရဲ ခဲ့ကြပေ။ ဦးဖိုးလတ် တစ်ယောက်သာ လူမိုက်ကြီး လုပ်၍ ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခ လူ့စ်၏ "မြန်မာအစ - ကျောက်ဆည်က" အဆိုကို ပြန်လည်ချေပထားသော "မြန်မာအစ (The Origin and Advent of the Burmese Race)" စာတမ်း တစ်ခုကို ရေးသားပြီး ရဲရဲဝင့်ဝင့်ပင် စာတမ်းဖတ်ပွဲ တစ်ခုကို ပြုလုပ်လိုက်သည်။ သို့သော် ... စာတမ်းဖတ်ပွဲ ဖိတ်စာများ ကမ်းလှမ်းကျေညာပြီးနောက် ရက်သတ္တတပတ်မျှ အလို (၁၉၆၅ခု၊ သြဂုတ်လ၊ ၂၉ရက်) တွင် ဦးဖိုးလတ် ကွယ်လွန်သွားသည်။ ဦးဖိုးလတ် ရေးသားခဲ့သော စာတမ်းကို ဖတ်ရန် လူတိုင်းမ၀ံ့ရဲ၍ နောက်ဆုံးမှ မြန်မာစာပေပညာရှင် ဆရာကြီး ဦးအုံးရွှေ က ဖတ်ကြားခဲ့ရ သည်။


နောက်ဆုံးတွင် အခက်အခဲတွေ များစွာကြားမှ ဦးဖိုးလတ်၏ "မြန်မာအစ" စာတမ်းဖတ်ပွဲကို ၁၉၆၅ခု၊ စက်တင်ဘာ လဆန်းတွင် ရန်ကုန်မြို့ ရာမာခရစ်စ္စန အသင်းတိုက်တွင် အောင်မြင်စွာ ဖတ်ကြားနိုင်ခဲ့သည်။ စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆရာဦးသိန်းဖေမြင့် နှင့် အခမ်းအနားမှူး အဖြစ် ဦးအောင်သိန်း (ဆရာ နန်းညွန့်ဆွေ) က ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ခရီးဆုံးမရောက်ခင် ကွယ်လွန်သွားသော ဦးဖိုးလတ် အားလည်း ပါမောက္ခ ဦးအေးမောင်နှင့် ဦးထွန်းဖေ(ထွန်းနေ့စဉ်) တို့မှ ဂုဏ်ပြုချီးကျူးစကား ပြောကြားပေးခဲ့ကြသည်။ (ဦးဖိုးလတ်၏ "မြန်မာအစ" စာတမ်းဖတ်ပွဲလေးသည် စာတမ်းဖတ်ပွဲအပြင် ဂုဏ်ပြုချီးကျူးပွဲလေး တစ်ခုပါ ဖြစ်သွားခဲ့ လေသည်။)

 စကားချပ် - မြန်မာသမိုင်းကို စိတ်ဝင်စားသူများ ပြန်လည် ဖတ်ရှု့နိုင်ရန်၊ မြန်မာသမိုင်းပညာရှင်များ ဆက်လက်၍ သုတေသနပြုလုပ်နိုင်ရန် နှင့် ဝေဖန်စီစစ် အဆုံးအဖြတ်ပေးနိုင်ရန် ဦးဖိုးလတ်၏ "မြန်မာအစ" စာတမ်းကို အောက်တွင် ဒေါင်းလုဒ်ရယူနိုင် ပါသည်   ရယူရန်  ဤမှာ နှိပ်ပါ။ 


ဦးဖိုးလတ် (၁၂၅၈ - ၁၃၂၇)

ဦးဖိုးလတ်ကို ကြည့်မြင်တိုင် တဘက်ကမ်း အေးရွာတွင် ၁၂၅၈ ခုနှစ်တွင် ဖွားမြင်သည်။

ဦးဖိုးလတ်သည် ကွယ်လွန်သူ အမျိုးသား ပညာဝန် ဦးဖိုးကျားနှင့် အလွန် ခင်မင်ရင်းနှီးပြီး မြန်မာ စာပေနှင့် မြန်မာမှုကို ကျောင်းသားဘဝ ကတည်းက အထူး လိုက်စားခဲ့သူ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ် ကျောင်းသား သပိတ်ကြီး ပေါ်လာသော အခါ ဦးဖိုးလတ်၊ ဦးဖိုးကျား၊ ဦးမြင့်ဆွေ (နေရှင်နယ်) တို့သည် ဂျပ်ဆင် ကောလိပ်ဘက်မှ ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည်။ ဦးဖိုးလတ်သည် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့လေသည်။ ထိုသို့ သပိတ်ကြီးကို အကြောင်းပြု၍ အမျိုးသား ကျောင်းများ ပေါ်ပေါက် ခဲ့လေသည်။ အမျိုးသား ကျောင်းများကို စတင် တည်ထောင်သူ လေးဦးတွင် တဦး အပါအဝင် ဖြစ်လေသည်။

ထို့ပြင် ပထမဦးဆုံး အမျိုးသားကျောင်း၏ ပထမ ဦးဆုံးသော ကျောင်းအုပ်လည်း ဖြစ်ခဲ့ပေသည်။ ဦးဖိုလတ်သည် ရန်ကုန် အမျိုးသားကျောင်းတွင် ကျောင်းအုပ် လုပ်ပြီးနောက် မအူပင်၊ ညောင်လေးပင် မြို့များရှိ အမျိုးသား ကျောင်းများတွင် ကျောင်းအုပ် လုပ်နေစဉ် ဘီအေ စာမေးပွဲကို အလွတ်ပညာသင် အနေဖြင့် ဝင်ရောက် ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ထို့နောက် ဘီစီအက်(စ်) မြန်မာနိုင်ငံ ဝန်ထမ်း စာမေးပွဲကို ဝင်ရောက် ဖြေဆိုရာ ဒုတိယ အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ အစိုးရဘက်တွင် ဝင်ရောက် အမှုထမ်းရာ မြို့အုပ်၊ ဝန်ထောက်၊ အရေးပိုင်၊ ညွှန်ကြားရေးဝန်၊ အတွင်းဝန် စသည်ဖြင့် ရာထူး အဆင့်ဆင့် တိုးမြှင့် ခန်ထားခြင်း ခံခဲ့ရလေသည်။

ဦးဖိုးလတ်သည် အရာရှိ အလုပ်ဖြင့် လုပ်ကိုင် နေရသော်လည်း ဂုဏ်၊ ပကာသန ထားတတ်သူ တယောက် မဟုတ်ပေ။ သူ့မှာ ရည်ရွယ်ချက် တခု ရှိသည်။ ယင်းရည်ရွယ်ချက်ကား မြန်မာ စာပေနှင့် မြန်မာမှုကို လိုက်စားကာ အကျိုးဆောင်လိုခြင်း ဖြစ်ပေသည်။

အစိုးရ အလုပ်တာဝန် များပြားနေသည့် ကြားမှပင် သူ ဝါသနာ ပါသော သုတေသန လုပ်ငန်းများကို အပင်ပန်းခံ ရှာဖွေပြီး ရရှိသော သုတေသန ရှာဖွေချက်များကို မဂ္ဂဇင်းများတွင် ဆောင်းပါးအဖြစ် ရေးသား တင်ပြခဲ့လေသည်။ ဂန္ဈလောက မဂ္ဂဇင်းတွင် ဦးဖိုးလတ်၏ ဆောင်းပါး အများအပြားကို တွေ့မြင်ရလေသည်။ ထို့ပြင် စာအုပ် စာတမ်းများနှင့် ကျမ်းများ ရေးသား ပြုစု၍လည်း တင်ပြ ခဲ့ပေသေးသည်။

ကျောင်းသား ဘဝက သင်အံ လေ့ကျက် ခဲ့ရသော ‘သီချင်းပဒေသာ’ စာအုပ်မှာ ဦးဖိုးလတ် စုဆောင်း စီစဉ်ခဲ့သော စာအုပ်ဖြစ်သည်။ ထို့ပြင် ‘နောက်တွေ့ ရှေးသီချင်းကြီးများ’ မှာလည်း ဦးဖိုးလတ် စုဆောင်း ထုတ်ဝေသော စာအုပ် ဖြစ်သည်။ ယင်းစာအုပ်တွင် က္ဆွန်တော်တို့ မတွေ့၊ မမြင်၊ မဖတ်ရှုရသေးသော သီချင်းကြီး ၃၅ ပုဒ်ကိုလည်း တွေ့မြင်ရပေသည်။ ဦးဖိုးလတ် ကျောက်ဆည်၌ အလုပ်ဝတ္တရားနှင့် ရှိစဉ် သူ၏ သုတေသန ပြုစု ရှာဖွေရာမှ ဘုန်းတော်ကြီးကျောင်း ပိဋိကတ်တိုက် စာပေထဲမှ တွေ့မြင် ရရှိခဲ့ခြင်း ဖြစ်ပေသည်။

ဦးဖိုးလတ်သည် သထုံ၌ အရေးပိုင် ဘဝနှင့် ‘ဓမ္မပဒ’ ကျမ်းကို မြန်မာပြန်ဆို ထုတ်ဝေ ခဲ့သေးသည်။ အတွင်းဝန် ဘဝ၌ ရှိစဉ်ကလည်း ‘အာသောက ကျောက်စာ’ ကို မြန်မာပြန်ဆို ထုတ်ဝေ ခဲ့သေးသည်။ မြန်မာစာ စာလုံးပေါင်း သတ်ပုံကို ရဲဝံ့စွာ ဦးစွာ ဦးဆောင် ရေးသားခဲ့သူလည်း ဖြစ်သည်။

ဦးဖိုးလတ်သည် ယဉ်ကျေးမှု ဌာန အတွင်းဝန်ဘဝမှ အငြိမ်းစား ယူခဲ့ပြီးနောက် သုတေသန လုပ်ငန်းရပ်များကို မနားမနေ ကြိုးစား လုပ်ဆောင်ကာ ‘မြန်မာအစ ဘယ်ကလဲ’ စာအုပ်ကို ရေးသားပြီး ‘မြန်မာ ဝေါဟာရ ဇာစ်မြစ်ရှာ ကျမ်းသုံးစောင်’၊ ‘ရှေးခတ် မြန်မာ ရာဇဝင်နှင့် ယဉ်ကျေးမှု သုတေသနကျမ်း’ များလည်း ရေးသား ပြုစုပြီး ဖြစ်သည်ဟု သိရသည်။

ဦးဖိုးလတ်သည် သုတေသန ပြုချက်များကို ထပ်မံ ရှာဖွေနေရာမှ ၁၃၂၇ ခုနှစ်၊ သြဂုတ်လ ၃ဝ တွင် ကွယ်လွန်ခဲ့လေသည်။

ဦးဖိုးလတ် ပြုစု ရေးသားခဲ့သော စာအုပ်များမှာ မြန်မာအမည်များ၊ မြန်မာနေ့နှင့် နှစ်အမည်များ၊ မြန်မာစကား အဖွင့်ကျမ်း သုံးတွဲ၊ မနုဿပဋိသန္ဓေ၊ ကမ္မ၊ ဇောတိဘုံ၊ ဒေဝဋ္ဌာန်ဘုံ၊ မြန်မာအစ ဘယ်ကလဲ စသည်တို့ပင် ဖြစ်လေသည်။

ကျမ်းကိုး

     မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ သြဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်

    မင်းယုဝေ၏ ‘စာလေက လူလောက’၊ မျက်နှာ ၂၂၂ မှ ၂၂၇။  

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်