ဘုရားသစ္စာ အရိယာ


************
``အနာဂတ်၌ တစ်ကမ္ဘာလုံး ကိုးကွယ်သော ဘာသာကြီး တစ်ခု ဖြစ်ပေါ်လာလတ္တံ့။ ထိုဘာသာကြီးသည် လောက ဓမ္မဆိုင်ရာ ပြဿနာ တို့ကိုလည်းကောင်း၊ စိတ်ပိုင်းဆိုင် ရာပြဿနာတို့ကိုလည်းကောင်း ကောင်းစွာ ဖြေရှင်းနိုင် လတ္တံ့၊ လူသားအားလုံး၏ လောကအတွေ့အကြုံ၊ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အတွေ့အကြုံတို့သည် အကျိုး ယုတ္တိ လျော်ကန်သင့်မြတ်စွာ ပေါင်းစပ်ပြီး မှန်ကန်သော အသိပညာကိုသာ အခြေခံ၍ ထိုဘာသာကြီးသည် ပေါ် ထွန်းလတ္တံ့။
ဗုဒ္ဓဘာသာသည် ထိုဘာသာကြီး၏ အဖြေကိုပေးခဲ့ပြီး ဖြစ် ပါသည်။ အကယ်၍ ကမ္ဘာပေါ်တွင် မျက်မှောက် သိပ္ပံ၏ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်သည့် ဘာသာတရား တစ်ခုရှိသည်ဆိုလျှင် ၄င်းဘာသာသည် ဗုဒ္ဓဘာသာမှလွဲ၍ တခြားမရှိနိုင်ပေ။
``အိုင်းစတိုင်း နှစ်ဆယ်ရာစု အထင်ရှားဆုံး သိပ္ပံ ပညာရှင် ကြီး``
သမိုင်းစဉ်တစ်လျှောက်ရှိ ဘာသာ ကြီးများအနက် ကျွန်ုပ် သည် ဗုဒ္ဓဘာသာကို ပို၍နှစ်သက် ပါသည်။ ဗုဒ္ဓဘာသာ သည် သိပ္ပံ၏ နည်းစနစ်ကျနမှု မျိုးစုံ ရှိပြီး ဓမ္မဓိဠာန်ကျကျ သုံးသပ်လက်ခံသည့် ဆင်ခြင်ဉာဏ် နေရာမျိုးကိုလည်း ဗုဒ္ဓဘာသာက မွှေနှောက်ရှင်းပြနိုင် ကြောင်း တွေ့ရပါသည်။ တကယ်တော့မူ သိပ္ပံ၌ ကိရိယာ တန်ဆာပလာ ကန့်သတ် ချက်၇ှိနေရာ ဘောင်ကျဉ်းတစ်ခု အတွင်းသာ အစွမ်းပြနိုင်ပါ လိမ့်မည်။ သိပ္ပံဘောင်က မဆိုက် ရောက်နိုင် သည့် စိတ် ဝိညာဉ်၏ အရေးအခင်းများနှင့် ပတ် သက် ၍မူ ဗုဒ္ဓတရား တော်သည် အောင်လံလွှင့်သိမ်းပိုက်ပြီး ဖြစ်ပါသည်။
``ဘထရန်ရပ်ဆဲလ်နိုဗယ်ဆုရှင်နှင့် နှစ်ဆယ်ရာစု၏ အထင်ရှားဆုံး ဒဿနိကပညာရှင်``
ကျွန်ုပ်သည် ဘာသာအယူဝါအမျိုးမျိုးကို ကျောင်းတော်သား တစ်ဦးအဖြစ် လေ့လာဖူးပါ၏။ ကျွန်ုပ်ယုံကြည်ပါသည်။ ကမ္ဘာလောကကြီးက လက်ဆောင်အဖြစ် ရရှိခဲ့သောအရာ တို့ အနက် ဗုဒ္ဓဝါဒထက်ပြည့်စုံသော အရာဟူ၍ မရှိနိုင်ပါ။ လူသားတို့၏ ကနဦးအစနှင့် ဆင့်ကဲဖြစ်စဉ်ဗေဒ၊ ကံ၊ ကံ၏ အကျိုးနှင့်စပ်လျဉ်းသော ဗုဒ္ဓ၏အတွေးအခေါ်သည် မည် သည့် ဝါဒကမှ လိုက်၍မမီအောင် အထက်တန်းကျလှပါ သည်။ ကျွန်ုပ်၏ အလုပ်မှာ စိတ်ဝေဒနာခံစားနေရခြင်းကို ကုသပေးရသော အလုပ်ပင်ဖြစ်ပါသည်။ ထိုအလုပ်သည်ပင် ကျွန်ုပ်အား ဗုဒ္ဓ၏ အမြင်နှင့် သြဝါဒနည်းလမ်းများကို အကျွမ်းတဝင် ဖြစ်လာစေရန် တိုက်တွန်းပေးသော အဓိက အကြောင်းအရာ ဖြစ်ပါသည်။ ဗုဒ္ဓဝါဒဆိုသည်မှာလည်း ဇရာ၊အနာရောဂါနှင့် သေခြင်းတရားတို့၏ ဒုက္ခသံကြိုး ကွင်းဆက်ကြီးမှ လွတ်မြောက်ရေးပင် မဟုတ်ပါလော
``ဒေါက်တာစီ၊ ဂျီ၊ ဂျွမ်း ခေတ်သစ်စိတ်ပညာရှင်' '
ဤကား ထင်ရှားသော ပညာရှင်ကြီးများ၏ ဗုဒ္ဓ၏အယူဝါဒ တစ်နည်းအားဖြင့် ဗုဒ္ဓဝိဘဇ္ဇဝါဒအပေါ် ကြည်ညိုမှုသဒ္ဓါ ပြည့်ဝစွာဖြင့် ဗုဒ္ဓဂုဏ်တော်ကို ပုံဖော်ပူဇော်မှုသာ ဖြစ်ပေ သည်။ အမှန်မှာ ဗုဒ္ဓသည် မဟာကရုဏာရှင်ပင် ဖြစ်သည်။ ဗုဒ္ဓ၏ မဟာကရုဏာတော်သည် စကြာဝဠာအနန္တ ဖြန့် ကြက် သိမ်းကျုံး ဖုံးလွှမ်းခဲ့၏။ အင်းဆက်ပိုးမွှားမှအစ သတ္တဝါ မှန်သမျှ ကြီးငယ်ရွယ်လတ် ညီတူမျှတူ အခွင့် အရေး မျှစွာ ခံယူရရှိစေသည်သာဖြစ်၏။ ဗုဒ္ဓသည် စစ်ရေး ထက် ငြိမ်းချမ်းရေးကိုသာ လိုလားတော်မူခဲ့သည်။ ပထမ ရောဟဏီမြစ်ရေ အရေးအခင်းတွင် နှစ်ပြည်ထောင်သွေး ချောင်းစီးမှု မဖြစ်အောင် စေ့စပ်ဖြန်ဖြေပေးတော်မူခဲ့သည် မှာ အကြမ်းမဖက်ငြိမ်းချမ်းမှုသက်သက်ကိုသာ ရှေးရှု ကြောင်းမှာ ပမာပြ သာဓက ထင်ရှားလှပေပြီ။ ဗုဒ္ဓသည် ဤသို့သာပင် ဆုံးမတော်မူခဲ့သည်။
``အောင်နိုင်သူ၌ အမုန်းတရားဟူသော ဗျာပါဒသည် ပွားစီး ၏။ ရှုံးနိမ့်သူအား ပရိဒေဝမီးသည်လောင်မြိုက်၏။ ဤလော က၌ အောင်မြင်ခြင်းကိုရော၊ ရှုံးနိမ့်ခြင်းကိုပါ ယတိပြတ်စွန့် လွှတ်နိုင်သူသာလျှင် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့နိုင် သူဖြစ်ပေ၏။`` ဟူ၍ပင် ဖြစ်၏။ မှန်ပါသည်။ အတိုက် အခိုက် ဆိုသည်မှာ အစွဲအလမ်းကြီးမှု၏ ရလဒ်ပင်ဖြစ်ပြီး အနိုင်အရှုံးဖြင့် အဆုံးသတ်ရသည်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာ သည် မည်သည့်စွဲလမ်းမှုကိုမှ လက်မခံ ငြင်းပယ်သည့် တစ်ခုတည်းသော ဘာသာဖြစ်သည်။ဗုဒ္ဓရှင်တော်မြတ်သည် ဒုက္ခငြိမ်းကြောင်း တရားကောင်း၊ တရားထူးကို ပိုင်နိုင်စွာ ရရှိထား၏။ သတ္တဝါတို့ကို ရှု့စားတော်မူ သောအခါ မဆုံး နိုင်အောင်ခံရမည့် သံသရာဒုက္ခတို့ကိုမြင်ရ၍ လွန်စွာ ကရုဏာ သက်ကာ ကယ်တင်တော်မူလိုသော ဆန္ဒဖြစ် တော် မူ၏။ သတ္တဝါများအပေါ်ဝယ် တကယ်ကောင်းစားချမ်း သာစေလိုသော မဟာကရုဏာရှင် ပညာရှင်ဖြစ်တော်မူ သော မြတ်စွာဘုရားသည် လာဘ်လာဘ၊ အကျော်အစော စသည်တို့ကို ဘယ်မှာ လိုလားငဲ့ကွက်ပါအံ့နည်း။ သတ္တဝါ များ အတွက် အကောင်းဆုံးအကျိုးစီးပွားကို ပေးသနားလို သည်သာ ဖြစ်၏။ နိဗ္ဗာန်ထက်ပို၍ ကောင်းမြတ်သော အကျိုး စီးပွား ဟူ၍ မရှိတော့ပေ။ ထို့ကြောင့် ရှင်တော် ဘုရားတရားဟော ရခြင်းမှာ နိဗ္ဗာနဓာတ် အမြတ်ဆုံး အကျိုးစီးပွားအလို့ငှါသာ ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်၏ ဒေသနာတော်သည် ကိလေသာစင်ကြယ်ရန် နိဗ္ဗာန်အလို့ငှါ ဖြစ်၏။ ထိုနိဗ္ဗာန် သို့ရောက်ကြောင်းလမ်းကား ``ဧကာယနော မဂ္ဂေါ`` အရ တစ်လမ်း၊ တစ်ကြောင်းတည်းသာ ဖြစ်၏။ ထိုလမ်းကို လိုက်ရေး၌ ဝေနေယျတို့၏ အဇ္ဈာသယအလိုက် နည်း အမျိုးမျိုးဖန်ကာ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ သတိပဠာန်၊ သမ္မပ္ပဓာန်စသော နည်းအမျိုးမျိုးတို့ဖြင့် ဟောတော်မူခဲ့သည်မှာ အလွန်ဝေဝေဆာဆာရှိလှ၏။
အဓိကအားဖြင့် ဗုဒ္ဓဟောကြားမြတ်တရားကား အရိယသစ္စာ တည်း။ အရိယသစ္စာဟူသည်ကား ဤသို့ပင် အဓိပ္ပာယ်အားဖြင့် ဖွင့်ဆို၏။
အရိယ=မချွတ်မယွင်းသော၊ မှန်ကန်သော၊
သစ္စ=သစ္စာ၊
အရိယသဒ္ဒါကား မချွတ်မယွင်း၊ မှန်ကန်သောအနက်ကို ဟောရာ မှန်ကန်သော၊ မမှားသောသစ္စာဟု အနက်ရသည်။
မျက်လှည့်သမား တို့သည် ခဲကိုရွှေလုပ်ပြ၏။ မသိသူတို့က အဟုတ်ရွှေမှတ်ရ၏။ သမ္မုတိပညတ်များကား ထိုမျက်လှည့် ကဲ့သို့ပင် တကယ်အဟုတ်မရှိဘဲ မဟုတ်ကို အဟုတ်ထင် သည့် မသိသူတို့၏ ထင်မြင်မှုသာဖြစ်၏။ သစ္စာတရား တို့ သည်ကား ပညာမျက်စိဖြင့်ကြည့်သော် တကယ်ရှိသော တရားများအဖြစ်တွေ့ရ၍ မျက်လှည့်ကဲ့သို့ အမှားမဟုတ်။ အမှန်သင်္ကေတ များသာ ဖြစ်ကြ၏။
တံလျှပ်သည်မသိသူတို့အဖို့ ရေထင်မှတ်ရသော်လည်း အမှန်တကယ်အသိဖြင့် ကြည့်သောအခါ ထင်တိုင်းမဟုတ်။ ဘာမှမတွေ့ရ။ တိတ္ထိတို့၏ ကြံဆအပ်သော အာဏာရှင် အတ္တသည် ဉာဏ်ဖြင့်ကြည့်က တံလျှပ်ပမာ ဘာမျှမဟုတ် သောအရာ ဖြစ်၏။ ဒုက္ခသစ္စာ (ဆင်းရဲ အမှန်ရုပ်နာမ်) သည်လည်းကောင်း၊ သမုဒယသစ္စာ (ဆင်းရဲဖြစ်ကြောင်း အမှန်တဏှာ)သည်လည်းကောင်း၊ ဝိပဿနာဉာဏ်ဖြင့် အမှန်တွေ့ရသော တရားများ ဖြစ်၏။ နိရောဓသစ္စာ (ချုပ်ငြိမ်း ခြင်းအမှန်နိဗ္ဗာန်) မှာ မဂ်ဉာဏ်ရလျှင် တကယ် အမှန် ရှိသော တရားဟု သိရှိ ခံစားရမည်ဖြစ်သည်။ မဂ္ဂသစ္စာ(နိဗ္ဗာန်ရောက်ကြောင်းအမှန် မဂ္ဂင်ရှစ်ပါးတရား)မှာ မိမိသန္တာန်၌ အထင်အရှားဖြစ်လာသော တရားဖြစ်ရာ အမှန်ရှိသော တရားဖြစ်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် အရိယသစ္စာမှန်ကန်သော သစ္စာများဟု ဆိုရ၏။
တစ်နည်းအားဖြင့်
အရိယသဒ္ဒါမှာ ပရိသုဒ္ဓ=စင်ကြယ်သောအနက်ကို ဟောရာ စင်ကြယ်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ သဝကတို့ကို အရိယ ဟု ဆိုရ၏။ သစ္စာလေးပါးသိမှ ထိုအရိယအဖြစ်မျိုး ရမြဲဖြစ် ရာ အရိယာတို့သိအပ်သော သစ္စာဟုလည်း အနက်ဖွင့်ပြန် ၏။ လောက၌ မြတ်စွာဘုရားသည် အရိယမည် ကြောင်း ဟောသော ပါဠိအရ ဘုရားရှင်သည် အရိယအမည်ရခဲ့ရာ အရိယဖြစ်သော ဘုရားရှင်၏သစ္စာဟုလည်း အနက်ဆိုရပြန် သည်။ မြတ်စွာဘုရားသည် ဆရာမရှိ။ မိမိကိုယ်တိုင် ထိုး ထွင်းသိပြီးနောက် ဝေနေယျတို့အား ဟောပြ၏။ ဘုရား ဟောပြ၍ သာဝကများ သိကြရ၏။ ထို့ကြောင့် ဘုရား၏ သစ္စာဟု ဆိုရ၏။
ဤသစ္စာများသိမှ အရိယာဖြစ်ရသည်ဖြစ်ရာ အရိယာအဖြစ် ကို ပြီးစေတက်သောသစ္စာဟုလည်း ဆိုနိုင်၏။ သစ္စာကို သိရာ၌ အနုဗောဓသိ၊ ပဋိဝေဓသိဟု နှစ်မျိုးရှိ၏။ ဆရာများ ထံမှဖြစ်စေ၊ ကျမ်းဂန်မှဖြစ်စေ မိမိဉာဏ်ဖြင့် နှစ်သက် ဆုံး ဖြတ်ခြင်းများကို အနုဗောဓသိဟု ဆို၏။ အနု=ထပ်တလဲလဲ၊ ဗောဓ=သိခြင်း။ သိမှုမပြီးသေး၍ ထပ်ကာထပ်ကာသိနေရခြင်းဟု ဆိုလိုသည်။
ထိုသို့ သိမှု မပြီးသေး၍ ထပ်တလဲလဲသိနေရခြင်း မဟုတ် ဘဲ တစ်ကြိမ် တည်းနှင့် ထွင်းဖောက်သိခြင်းကို မဋိဝေဓသိ ဟု ဆိုသည်။ မဂ်ဉာဏ်၏သိခြင်းပင် ဖြစ်သည်။ မဂ်ဉာဏ်သည် ကိစ္စအားဖြင့် သစ္စာလေးပါးကိုတစ်ပြိုင် တည်း သိ၏။ ဒုက္ခကိုပိုင်းခြားခြင်း၊ သမုဒယကိုပယ်ခြင်း၊ နိရောဓကိုမျက်မှောက်ပြုခြင်း၊ မဂ္ဂပွားခြင်းဟု ကိစ္စလေးပါးရှိ ရာ ထိုကိစ္စလေးပါးကို တစ်ပြိုင်တည်းပြုခြင်းဖြင့် မဂ်ဉာဏ် အား သစ္စာလေးပါး ထင်ရှားလာရသည်။
သင်္ခါရတို့ကို မလွှတ်နိုင်သေးသော ဉာဏ်များမှာ ဤကိစ္စ လေးချက်ကို တစ်ပြိုင်တည်းမပြုနိုင်သေးပါ။ မဂ်ဉာဏ်ကမူ သင်္ခါရတွေကို လွှတ်ကာသင်္ခါရတို့ကင်းရာကို အာရုံပြုနိုင်၍ ဤလေးချက်ကို တစ်ခါတည်းပြုနိုင်ခြင်း ဖြစ်၏။ မှန်ပါသည်။ မဂ်ဉာဏ်ဖြစ်ရန် ပုဗ္ဗဘာဂဝိပဿနာမဂ်ကို ပွားရသည်ဖြစ်ရာ ထိုပုဗ္ဗဘာဂမဂ်သည် ဒုက္ခကိုသိလျက် သမုဒယကို ပယ် လျက်ရှိ၏။ သို့သော် မိမိ၏မဂ္ဂဘာဝနာ(မဂ်ကိုမိမိသန္တာန်၌ ဖြစ်စေခြင်း) လည်း မပြည့်စုံ၊ အပြီးမသတ်သေး၍ နိဗ္ဗာန် ကို မမြင်ရသေးပါ။ ဒုက္ခသိမှု၊ သမုဒယပယ်မှုကလည်း အပြီး မသတ်သေး၍ ကိစ္စမပြီးသေး။ မဂ်ရောက်မှ အားလုံးကိစ္စ ပြီး ရာ မဂ်က သိမှုကိစ္စပြီးသောအားဖြင့် အားလုံးကို တစ်ပြိုင် တည်း မတွေမဝေ ရှင်းလင်းစွာ သိနိုင်တော့သည်။
ဤ၌ ဒဿနဟူသည် အနုဗောဓအသိမဟုတ်။ မဋိဝေဓ အသိ ဖြစ်သော မဂ်၏ ဖောက်ထွင်းမြင်ခြင်းပင်တည်း။ သစ္စာလေးပါးမြင်ရခြင်းထက် ထူးခြားသောကောင်းမှုမျိုး မရှိနိုင်ပါ။ လွန်စွာအကျိုးကြီးမြတ်လှသော သစ္စာသိရခြင်းမှာ တန်ဖိုးအနဂ္ဃ ဖြတ်မရသည့်အပြင် မဂ္ဂဘာဝနာကို ပွားများ သူသည် မဂ်အခိုက်၌ အငြိမ်းဓာတ်ကို ဆိုက်တွေ့ရ၏။ ထိုအခိုက်၌ပင် ခန္ဓာချုပ်ငြိမ်းမှု၊ ခန္ဓာကိုဖြစ်စေတက်သော အဘိသင်္ခါရဝိညာဉ်တို့၏ ချုပ်ငြိမ်းမှုများလည်း ပြီးစီး၏။ ထိုအငြိမ်းဓာတ်ကား ပျောက်သွားသည်မရှိ။ ထာဝစဉ်တည် နေတော့၏။ ဤသည်ကို နိဗ္ဗာန်ချမ်းသာဟု ဆို၏။သို့်သော် ရုပ်နာမ်သင်္ခါရတို့၏ချုပ်ငြိမ်းရာကို နိဗ္ဗာန်ဟုဆိုလျှင် ထို ချုပ်ငြိမ်းမှုကို ချမ်းသာဟု အဘယ်သို့ဆိုနိုင်မည်နည်း။
``ငါ့ရှင်တို့… ဤနိဗ္ဗာန်ကား ချမ်းသာပေတည်း`` ဟု မိန့်တော်မူသော အရှင်သာရိပုတ္တရာမထေရ်ကို အရှင် ဥဒါယီ က ``ခံစားဖွယ်မရှိသောနိဗ္ဗာန်မှာ အဘယ်သို့သော ချမ်းသာ ဖြစ်ပါသနည်း`` ဟုမေးသော် အရှင်သာရိပုတ္တရာ က
``ငါ့ရှင်.. ဤခံစားမှု ဝေဒယိတမရှိခြင်းသည်ပင် ချမ်းသာ ဖြစ်တော့သည်`` ဟု မိန့်တော်မူ၏။ မှန်ပေသည်။ ခံစား မှုဝေဒယိတမရှိခြင်းသည် ချမ်းသာခြင်းပင်ဖြစ်၍ တစ်နည်း အားဖြင့် နိဗ္ဗာန်ကိုသာ ညွှန်းပေတည်း။
ထို့ကြောင့်ပင်
``ဥပ္ပါဒေါ သင်္ခါရာ၊ အနုပ္ပါဒေါ နိဗ္ဗာနံ`` = ဖြစ်သော တရားမျိုးကား သင်္ခါရဖြစ်သဖြင့် နိဗ္ဗာန်မဟုတ်။ သင်္ခါရ မဖြစ်သောတရားမျိုးသာ နိဗ္ဗာန်တည်း။
ဤသို့သော ပါဠိအရ နိဗ္ဗာန်နှင့်သင်္ခါရတို့ကား ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်ဘက်တို့သာတည်း။ ဆန့်ကျင်ဘက်ဖြစ် သောကြောင့်ပင် အဖြစ်တရားမျိုးဖြစ်သော သင်္ခါရတို့၌ အငြိမ်းဓာတ်ကို ရှာမတွေ့ခြင်းဖြစ်သည်။ ထို့အတူ မဖြစ် တရားမျိုးဖြစ်သော နိဗ္ဗာနဓာတ်၌လည်း သင်္ခါရတို့၏ အဖြစ် သဘောမျိုး လုံးဝရှာတွေ့လိမ့်မည်မဟုတ်ပေ။ သင်္ခါရတို့ ကား အဖြစ်တရားမျိုးဖြစ်၍ ဖြစ်ပေါ်မှု ဥပါဒ်ရှိ၏။ ဖြစ်တက်၍ ချုပ်မှုဘင်လည်းရှိ၏။ ဖြစ်ပြီးလျှင် ချုပ်မြဲဖြစ်၍ ၄င်းတို့ကား `` မတ=သေ`` ဓာတ်တို့သာတည်း။
နိဗ္ဗာန်ကား မဖြစ်တရားဖြစ်၍ ဖြစ်ပေါ်မှုဥပါဒ်မရှိ။ ဥပါဒ်မရှိ သောကြောင့် ချုပ်မှု ဘင် လည်းမရှိ။ အမြဲတမ်းမပျက် တော့ ဘဲ တည်ရှိနေသော ထာဝရိနစ္စဓာတ်ဖြစ်၍ ``အမတ=မသေဓာတ်`` ဟုဆို၏။ နိဗ္ဗာန်ရလျှင် မသေ ရတော့ပြီ။ သို့ဖြစ်လျှင် နိဗ္ဗာန်ကား မသေခြင်း၏အကြောင်း တည်း
ထို့ကြောင့်ပင် ``အမတဟေတုတာယ ဘင်္ဂဘဝတော စ အမတံ ``= မသေခြင်း၏အကြောင်းဖြစ်သောကြောင့် လည်းကောင်း၊ ဘင် မရှိသောကြောင့်လည်းကောင်း ``အမတ``မည်၏။ (နေတ္ထိအဠကထာ-၁၉၉)
ဤ၌ ``အမတ``ခေါ် ``နိဗ္ဗာန်`` ကိုသိရသည်မှာ အရမ္မဏ အာရုံပြုသောအားဖြင့်သိသော အသိမျိုးဖြစ် သည်။ အချုပ်အားဖြင့်ဆိုရသော ဗုဒ္ဓသည် သစ္စာလေးပါး တရားကို သိသည်။ သိစေသည်။ ဤကား ဗုဒ္ဓ၏ ဆိုလိုရင်း အဓိပ္ပာယ်တည်း။
တစ်နည်းအားဖြင့် `` သဗ္ဗဓမ္ဓေ ဗုဇ္ဇျတီတိ ဗုဒ္ဓေါ``= အလုံးစုံသောတရားတို့ကို သိတော်မူသောကြောင့်လည်း ``ဗုဒ္ဓ``ဟု ဆိုနိုင်၏။ သို့သော် ``စတုသစ္စ ဝိနိမုတ္တောဓမ္ဓော နာမ နတ္တိ``= သစ္စာလေးပါးမှ လွတ် သော တရားမည်သည် မရှိ ဟူသည် အရ တရားအားလုံး သစ္စာလေးပါး၌ ပါဝင်သည်ချည်းဖြစ်ရာ သစ္စာလေးပါးကို သိသည်ဆိုသဖြင့် တရားအကုန်သိသည် ဟူသောအနက် လည်း ပြီး၏။ သစ္စာမသိဘဲ အရိယာ ရဟန္တာ၊ ပစ္စေကဗုဒ္ဓါ၊ ဗုဒ္ဓဟူ၍ ဖြစ်သည်မရှိ။ သစ္စာအားလုံးသိခြင်းဖြင့်သာ ဖြစ်ကြ ရသည်။ နိဗ္ဗာန်သို့သာ အာရုံပြုနိုင်ကြရသည်။
ထို့ကြောင့်ပင် ဂေါတမဘုရားသာသနာ၌ သုပ္ပယုတ္တ (နည်းမှန်၊ လမ်းမှန် ကြိုးစားမှု)ရှိ၍ မဂ္ဂသမ င်္ဂီ(မဂ်၊နှင့် ပြည့်စုံသောပုဂ္ဂိုလ်) တို့ဖြစ်ကာ ကိလေသာမှလွတ်မြောက် မျက်မှောက်နိဗ္ဗာန်ပြုစေရာ၏ ဟူ၍ တိုက်တွန်းနှိုးဆော်ရင်း ဗုဒ္ဓသစ္စာ မြတ်ဓမ္မာကို သဒ္ဒါထုတ်ဖော် သရုပ်ပေါ်အောင် ပူဇော်သက္ကာ ပြုလိုက်ရပါပေတည်း။
သဗ္ဗေသတ္တာ သန္တိသုခါ

0 comments:

Post a Comment

သင့် Comment တစ်ခုသည် ကုသိုလ်တော် အသိ ပိုရှိသွားနိုင်ပါသည်